“ဒေါ်အောင်ဆန်းစုကြည်ကို ကလိမ်ကကျစ်နဲ့ အသုံးချတယ်ဆိုတာ လူတိုင်းလည်းသိတယ်။ မြန်မာပြည်သူ အကုန်လုံးလည်း သိတယ်။ ဒီကိစ္စကသူတို့ လုပ်ရပ်က လုံးဝမအောင်မြင်ဘူး။ လူရယ်စရာကြီး ဖြစ်နေတယ်” အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်

0
444
ပုံစာ - NUG သမ္မတရုံး ပြောခွင့်ရဦးကျော်ဇော်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရဦးကျော်ဇော်နှင့်အမေးအဖြေ

ထောင်ဒဏ်အနှစ် ၃၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်မှာ တွေ့ဆုံခွင့်ရခဲ့တယ်လို့ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံ ခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒွန်ပရာမွတ်ဝီနိုင်း (Don Pramudwinai) က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း သူတို့နှစ်ဦးတွေ့ဆုံမှု မှန်ကန်ကြောင်းနဲ့ ဘာတွေ ဆွေးနွေးကြလဲဆိုတာ အသေးစိတ်မသိရဘူးလို့ ဇူလိုင် ၁၃ ရက်နေ့က အတည်ပြုထားပါတယ်။

စစ်ကောင်စီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်သုံးလာတဲ့အပေါ် ဘယ်လိုအမြင်တွေရှိလဲ၊ ဒီအခြေအနေမှာ NUG အနေနဲ့ တော်လှန်ရေးအပေါ် ဘယ်လိုတွေ ဆက်လုပ်သွားဖို့ရှိမလဲ၊ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရဦးကျော်ဇော်ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ စစ်ကောင်စီက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတဲ့အပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက လျှို့ဝှက်သွားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ် ဆိုပြီးတော့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးဌာန အစည်းအဝေးမှာ တင်ပြပြောဆိုခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးကလည်း တွေ့ဆုံခဲ့တာမှန်ကန်ကြောင်း ပြောဆိုတယ်လို့လည်း သိရှိရပါတယ်။ ဒီဟာက စကစနဲ့ နိုင်ငံရေးကောက်ကျစ်မှုပေါ့နော်။ နိုင်ငံရေး လုပ်ကြံမှု၊ နိုင်ငံရေး အသုံးချမှုလို့ သုံးသပ်မိပါတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့တယ်၊ မတွေ့ခဲ့ဘူးက သူတစ်ဦးတည်း အပြောပေါ် မူတည်ပြီး သတင်းထွက်ခဲ့တာ ဖြစ်တယ်။

ဒေါ်အောင်ဆန်းစုကြည်ဘက်က ဘာမှတုံ့ပြန်ပြောကြားနိုင်ခြင်းလည်း မရှိဘူး။ တွေ့ဆုံခဲ့တာ ဖြစ်ပြီးတော့ ဆွေးနွေးခဲ့တာ ရှိရဲ့လား။ တကယ်တွေ့တာရော ဟုတ်ရဲ့လား။ အဲဒီလို မေးစရာအမျိုးမျိုးတွေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ သက်သေအထောက်အထားလည်း ဘာမှပြသနိုင်တာ မရှိဘူး။ စစ်ကောင်စီရဲ့ပြောစကားနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကားတစ်ခုပဲ ရှိတယ်။ သက်သေ အထောက်အထား ဘာမှမရှိဘူး။ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးတယ်ဆိုရင် နှစ်ဦးနှစ်ဖက်က ပူးတွဲထုတ်ပြန်တာ ရှိသလို နှစ်ဦးနှစ်ဖက်က တစ်ဖက်ချင်း ထုတ်ပြန်တာတွေလည်း ရှိတယ်။

အခုကတော့ တဖက်တည်းက ပြောနေတယ်ဆိုတာ ဒါကတော့ အဓိပ္ပါယ်မရှိဘူးလို့ သုံးသပ်မိပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအရေးမှာ တကယ်အကျိုးရှိရှိနဲ့ ကူညီဖြေရှင်းချင်တဲ့ဆန္ဒရှိရင် စစ်ကောင်စီရဲ့ အကွက်ထဲကိုမဝင်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ချက်ချင်းလွှတ်ဖို့အတွက် သူဆောင်ရွက်ပေးသင့်ပါတယ်။ တောင်းဆိုသင့်ပါတယ်။ သူနဲ့တွေ့လို့ ဒေါ်အောင်ဆန်းစုကြည် လွတ်သွားရင် သူ့ရဲ့လုပ်ဆောင်ချက်က အဲဒီလိုမျိုး ပြောလို့ရတယ်ပေါ့။

အခုကတော့ ဒေါ်အောင်ဆန်းစုကြည် မတရားထိန်းသိမ်းခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ သောင်းနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို့အတွက် သူထုတ်ဖော်ပြောကြားတာ မရှိဘူး။ ဆောင်ရွက်ဖို့ရော တိတ်တဆိတ် ပြောကြားခဲ့လား မသိဘူးပေါ့နော်။ ပြောကြားမယ်လို့လည်း မထင်ဘူးပေါ့။ အခုလက်ရှိဖြစ်သင့်တာက အာဆီယံဥက္ကဌ (သို့) အထူးပြောခွင့်ရ တစ်ယောက်နဲ့ တရားဝင်တွေ့ခွင့်ရပြီး ဖြစ်သင့်တာပေါ့။ ဒီလိုဖြစ်သင့်တာတွေ တစ်ခုမှမတွေ့ရ၊ ဒါတွေလိုက်နာတာ မတွေ့ရတော့ မေးခွန်းထုတ်စရာတွေပါ။

မေး။ ။ ဒီလိုတွေ့ဆုံခွင့်ပေးတဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ဘာမှတ်ချက်ပေးလိုပါလဲ။

ဖြေ။ ။ ဒီဟာက စစ်ကောင်စီက ကလိမ်ကကျစ် ဒေါ်အောင်ဆန်းစုကြည်နာမည်ကို အသုံးချပြီးတော့ ကလိမ်ကကျစ် လှည့်ဖျားပြီးလုပ်တဲ့ နိုင်ငံရေးလှည့်ကွက်တစ်ခု၊ နိုင်ငံရေးအရ လုပ်ကြံမှုတစ်ခု လုပ်ခဲ့တာ။ ဒေါ်အောင်ဆန်းစုကြည်ကို ကလိမ်ကကျစ်နဲ့ အသုံးချတယ်ဆိုတာ လူတိုင်းလည်းသိတယ်။ မြန်မာပြည်သူ အကုန်လုံးလည်း သိတယ်။ ဒီကိစ္စကသူတို့ လုပ်ရပ်က လုံးဝမအောင်မြင်ဘူး။ လူရယ်စရာကြီး ဖြစ်နေတယ်။ သူတို့ရဲ့မရှိတော့တဲ့သိက္ခာ ထပ်ပြီးကျသွားတဲ့ အနေအထားပဲရှိတယ်ဆိုတာ တွေ့ရှိရပါတယ်။

မေး။ ။ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပြီး သူတို့နိုင်ငံရေးအကျိုးအမြတ်အတွက် နိုင်ငံရေး ဆွေးနွေးမှုမှာ ပြန်သုံးလာခဲ့ရင် NUG အနေနဲ့ တော်လှန်ရေးအပေါ် ဘယ်လိုတွေ ဆက်လုပ်သွားမလဲ။

ဖြေ။ ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူနဲ့အရင်က တွေ့ခွင့်ရခဲ့တဲ့ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တခြားသူတွေကနေ ပြောနေတဲ့စကားအရ သူကပြည်သူလူထုနဲ့ တသားတည်း ရှိတယ်ဆိုတာ သူပြောတယ်ဆိုတာ သိရတယ်။ လူငယ်တွေရဲ့လုပ်ဆောင်ချက်ကို သူက ချီးကျုးတယ်ဆိုတာ သိရတယ်။ အဲဒါ သူ့ရဲ့အရင်ကတည်းက လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ သူကပြောခဲ့တာရှိတယ်။ ပြည်သူလူထုနဲ့ တသားတည်း ရှိမယ်ဆိုတာ အခုလည်း သူပြောတယ်။

ပြည်သူလူထုနဲ့ တသားတည်းရှိမယ်ဆိုရင် ဘာမှသူက စိုးရိမ်စရာ မရှိဘူး။ ပြည်သူလူထုရဲ့ တော်လှန်ရေးကို ထောက်ခံနေမှာပဲ။ သူမတရားတဲ့ အဓမ္မဝါဒီ အကြမ်းဖက်သမားတွေနဲ့ ပြည်သူလူထုတော်လှန်ရေးသမားတွေရဲ့ ကြားထဲမှာ သူဘယ်လိုရပ်တည်မလဲဆိုတာ လူတိုင်းသိပါတယ်။ ခန့်မှန်းလို့ ရပါတယ်။ ဒါကြောင့် လူထုနွေဦး တော်လှန်ရေးအတွက် ဘာမှ စိုးရိမ်စရာမရှိဘူး။ စစ်ကောင်စီကတော့ ကလိမ်ကကျစ် အမျိုးမျိုးလုပ်မှာပဲ။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်တို့ကို လွှတ်ကောင်းလည်းလွှတ်မယ်။ အကျယ်ချုပ် ပို့ချင်လည်းပို့မယ်။

ဒီဆွေးနွေးပွဲလုပ်သလို ဟန်ဆောင်ဆွေးနွေးပွဲတွေ အခု NCA ထိုးထားတဲ့အဖွဲ့တွေနဲ့ ဟန်ဆောင်ဆွေးနွေးပွဲတွေ လုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်မှာပဲ။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က အင်မတန်မှ လူထူအပေါ်မှာ သစ္စာရှိတယ်။ တိုင်းပြည်အပေါ်မှာ သစ္စာရှိတယ်။ သူ့အနေနဲ့ လူထုနဲ့ကင်းကွာတဲ့လုပ်ရပ် လုပ်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချပြီး နိုင်ငံရေးလှည့်ကွက်တွေနဲ့လုပ်ရင် အောင်မြင်မှာ မဟုတ်ဘူး။ လူထုကလည်း လက်ခံမှာမဟုတ်ဘူး။ လူထုကလည်း စကစရဲ့ မဟုတ်မမှန် နိုင်ငံရေး လှည့်ကွက်တွေကို လက်ခံမှာ မဟုတ်ဘူးဆိုတာ ပြောကြားချင်ပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ဘာတွေများ ဖြည့်စွက်ပြောကြားလိုပါလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က နောက်သူပြောခဲ့တဲ့ စကားတွေလည်း ရှိတယ်။ နိုင်ငံရေးဆုံးဖြတ်ချက်က သူ့ရဲ့ CEC တွေ အကုန်လုံး လွတ်လွတ်လပ်လပ် တွေ့ခွင့်ရပြီးတဲ့အခါ လုပ်မယ်။ လူထုနဲ့ တသားတည်းရှိမယ်ဆိုပြီး ပြောကြားတယ်။ NLD CEC တွေရဲ့ ထုတ်ပြန်ပြောကြားချက်လည်း သိပါတယ်။ NLD ကလည်း ဒီနွေဦး တော်လှန်ရေးမှာ ရှေ့ဆုံးကနေပြီး NLD ပါတီဝင်တွေက ပါဝင်နေကြတယ်။ ဆိုတော့ ဒီဟာက ဘာမှစိုးရိမ်စရာ မရှိဘူး။ လူထုတော်လှန်ရေးက လက်နက်ကိုင်တော်လှန်ရေး တခုတည်း မဟုတ်ဘူး။

လူထုရဲ့လက်နက်ကိုင် တော်လှန်ရေးက နိုင်ငံရေး၊ စီးပွားရေး၊ သံတမန်အရေး၊ ဆက်ဆံရေး၊ စစ်ရေးကဏ္ဍ ပေါင်းစုံကနေပြီးတော့ ခုခံတော်လှန်တိုက်ပွဲဝင်နေကြတာ ဖြစ်တယ်။ လူထုနွေဦးတော်လှန်ရေးအတွက် ဘာမှ အနှောင့်အယှက် ဖြစ်စရာ မရှိဘူးလို့ ကျွန်တော်သုံးသပ်မိပါတယ်။ လူထုကလည်း စကစရဲ့လိမ်လည်လှည့်ဖျားတဲ့ နိုင်ငံရေးလှည့်ကွက်တွေကို သိပြီးသား၊ နားလည်ပြီးသား။ စကစရဲ့လုပ်ဆောင်ချက်တွေ မယုံကြည်ဘူး။ ဒေါ်အောင်ဆန်းစုကြည်သာ တကယ်လွတ်ခဲ့လို့ လွတ်လပ်စွာ သုံးသပ်ခွင့်ရမယ်ဆို အခြေအနေမှန်တွေကို သူမြင်ပြီးတော့ သူလူထုနဲ့တသားတည်း ရှိမယ်ဆိုတာလည်း ပြောကြားလိုပါတယ်။ အဲဒီလိုပဲ ယုံကြည်တယ် ဆိုတာ ပြောကြားလိုပါတယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here