ခါမ်းပါတ်မြို့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့်ဖြစ်စဉ်နှင့် လက်ရှိအခြေအနေတို့နှင့်ပတ်သက်ပြီး ခါမ်းပါတ်မြို့ခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း မြန်မာ – အိန္ဒိယနယ်စပ် တမူးမြို့နှင့် ကလေးမြို့ကြားက ခါမ်းပါတ်မြို့ကို စစ်ကောင်စီတပ်က တစ်ပါတ်အတွင်းမှာပင် နှစ်ရက်တိုင် လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
နှစ်ကြိမ်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက် လူနေအိမ်အဆောက်အဦများ ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုများလည်း ရှိခဲ့တာကြောင့် ဒေသခံပြည်သူများ မြို့တွင်မနေရဲတော့ဘဲ အိန္ဒိယနိုင်ငံဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင် သွားကြသည်။
ခါမ်းပါတ်မြို့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည့် ဖြစ်စဉ်နှင့် လက်ရှိအခြေအနေတို့နှင့် ပတ်သက်ပြီး ခါမ်းပါတ်မြို့ ဒေသခံတစ်ဦးဖြစ်သည့် ကိုမှိုင်း (အမည်လွှဲ) ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ခါမ်းပါတ်ကို လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ကို သိရသလောက်ပြောပြပေးပါဦး။
ဖြေ။ ။ ဒီလထဲမှာပဲ ၁၆ ရက်နေ့က တခါ၊ ၂၀ ရက်နေ့ကတခါ ကြဲတာ။ ၂၀ ရက်နေ့မှာ ည ၇ နာရီကျော်မှာ သုံးကြိမ်ဆက်တိုက် ကြဲသွားတာ။ လူနေအိမ်တွေဘေး တစ်လုံးကျတယ်။ ကျောက်မီးသွေးတွင်းနား တစ်လုံး ကျတယ်။ နောက်ပြီး မြို့အဝင်ဆိုင်းဘုတ်နားမှာ လေးလုံးကျတယ်။ အဲ့ဒီမှာက လူအသေအပျောက်တော့ မရှိခဲ့ဘူး။ ဘာလို့လဲဆိုတော့ ရှေ့မှာတခါ ကြဲထားတော့ သတိထားပြီး နေကြတော့ လေကြောင်းသံကြားပြီ ဆိုတာနဲ့ ဗုံးခိုကျင်းတွေထဲ အမြန်ဝင်လိုက်နိုင်ကြတယ်။ အဆောက်အဦးတွေတော့ ပျက်ဆီးသွားတာ ရှိတာပေါ့။
မေး။ ။ ၁၆ ရက်နေ့ လေကြောင်းဗုံးကြဲတာမှာ သေဆုံးမှုဘယ်လောက်ရှိလဲ။ သေဆုံးသူတွေထဲ ဘယ်သူတွေ ပါဝင်ပါလဲ။
ဖြေ။ ။ ၁၆ ရက်မှာလဲ ညပိုင်းပဲကြဲတာ။ ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက်နဲ့ ခမ်းပတ်မြို့နားက ကနန်ရွာ ဘုန်းကြီးကျောင်းကိုကြဲတာမှာ သေဆုံးမှုက သုံးနှစ်ကလေးနဲ့ နောက်ပြည်သူ့လုံခြုံရေး (ပလဖ) ရဲဘော် တစ်ယောက် ကျတယ်။ ထိခိုက်သူကတော့ ကျောင်းထိုင်ဘုန်းကြီး အပါအဝင် နှစ်ဆယ်ကျော်တယ်။ အခုထိ ဆေးကုသမှု ခံယူနေရသူတွေ ရှိနေတုန်းပဲ။ တချို့ကြ ကလေးမြို့မှာ သွားကုကြတယ်။ အိမ်ခြေကတော့ နှစ်ဆယ်ကျော်လောက် ထိသွားတယ် ပျက်ဆီးသွားတယ်။ ပြီးတော့ ဇန်နဝါရီ ၁၈ ရက်နေ့ကလည်း ခါမ်းပါတ် မြို့နဲ့ ကပ်လျက်မှာရှိတဲ့ ကလေးမြို့နယ်တောင်ပိုင်းထဲက စော်ဘွားရေရှင်ရွာကို လေကြောင်းဗုံးကြဲခဲ့သေး တယ်။ အဲ့ဒီမှာလည်း ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျခဲ့သေးတယ်။ ထိခိုက်ဒဏ်ရာရသူလည်း ၁၀ ယောက် ကျော်တယ်။
မေး။ ။ အခုလက်ရှိမှာ ဒေသခံတွေကရော စစ်ရှောင်နေကြလား။
ဖြေ။ ။ ပြေးကြရပြီပေါ့။ ဒီရက်ထဲမှာ ဆက်တိုက်ဆိုသလို ဗုံးတွေ လေကြောင်းကနေ လာကြဲနေတော့ အိန္ဒိယဘက်ကို တော်တော်များများ ရှောင်ကြပြီ။ နောက်ထပ်လာကြဲမှာကို အရမ်းစိုးရိမ်နေကြတယ်။ ခါမ်းပါတ်၊ ကနန်၊ ကျွန်းတောရေရှင်၊ ဖက်ယားရေရှင်၊ ကံမ္မကြီး၊ ဝိတုတ်၊ စော်ဘွားရေရှင် အဲ့ဒီရွာတွေက ရွာပေါင်း ၁၄၊ ၁၅ ရွာလောက် ရှိတယ်။ ကလေး – တမူး လမ်းမကြီးတလျှောက် ရွာတွေကပဲ ရှောင်နေကြ ရတယ်။

မေး။ ။ ခါမ်းပါတ်မှာ တိုက်ပွဲတွေရော ဖြစ်နေတာမျိုးရှိပါလား။
ဖြေ။ ။ တိုက်ပွဲကတော့ လောလောဆယ်မရှိသေးဘူးလို့ပဲ ပြောရမှာပါ။
မေး။ ။ တိုက်ပွဲလည်းမရှိဘဲနဲ့ ဒီရက်ထဲက စစ်ကိုင်းထဲကရွာတွေကို စစ်အုပ်စုဘက်က လေကြောင်းဗုံးကြဲ တာ များလာတယ်။ စိပ်လာတယ် ဒါဘာကြောင့်လို့ သုံးသပ်ပါလဲ။
ဖြေ။ ။ ဒါကတော့ စစ်အုပ်စုဘက်က သိတဲ့အတိုင်းလေ။ သူတို့က ပြည်သူကိုကြောက်အောင် အမြဲတမ်း ခြိမ်းခြောက်ချင်တဲ့သူတွေဆိုတော့ တိုက်ပွဲရှိရှိ မရှိရှိ ပြည်သူကို ဦးတည်ကြဲနေတာ။ ပစ်နေတာ။ နောက်တခု က ဒီဘက်မှာက NUG က ရုံးထိုင်မယ်ဆိုပြီး သတင်းတွေ ထွက်လာတော့ ဒါကိုလည်း သူတို့ဂရုစိုက်ပုံရတယ်။ ဒါကြောင့် သိမ်းထားတဲ့၊ ထိန်းထားတဲ့ နေရာတွေကို အကုန်လုံး လျှောက်ပစ်တာပေါ့။ ဒါပေမယ့် မည်သို့ပင် ဆိုစေကာမူ စစ်အုပ်စုရဲ့ အရပ်သားပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုက အရင်ကရောအခုရော ပြောင်ပြောင်တင်းတင်း သိသိသာသာပါပဲ။ သူ့ဘာသာ ဟိုအကြောင်းပြ ဒီအကြောင်းပြပြောပြီး တကယ်တမ်းက အရပ်သားပြည်သူကို ဦးတည်တိုက်ခိုက်တာပါပဲ။
ရှမ်းနီအသံ ပေးပို့သည်။