အညာဒေသ တော်လှန်ရေးအခြေအနေ၊ ရင်ဆိုင်ကြုံနေကြရသည့် အခက်အခဲများအပါအဝင် တော်လှန်ရေး ရှေ့အလားအလာများနှင့်ပတ်သက်ပြီး ABSDF ဥက္ကဋ္ဌရဲဘော်သံခဲနှင့် တွေ့ဆုံမေးမြန်းချက်။
၂၀၂၅ ခုနှစ်၏ အဓိက ပြည်တွင်းစစ်မျက်နှာပြင်သည် အညာဒေသဖြစ်လာနိုင်သလို စစ်အာဏာရှင်ဖြုတ်ချရေးကို အဆုံးအဖြတ်ပေးနိုင်မည့် တိုက်ပွဲများလည်း ပေါ်ပေါက်လာနိုင်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌရဲဘော်သံခဲက ပြောဆိုလိုက်သည်။
အညာဒေသဟုလူသိများသည့် မြန်မာပြည်အလယ်ပိုင်း အညာခရီးစဉ်ကို သွားရောက်ခဲ့သည့် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲကို အညာဒေသ တော်လှန်ရေးအခြေအနေ၊ ရင်ဆိုင်ကြုံနေကြရသည့် အခက်အခဲများအပါအဝင် တော်လှန်ရေး ရှေ့အလားအလာများနှင့်ပတ်သက်ပြီး ABSDF ဥက္ကဋ္ဌရဲဘော်သံခဲကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ အညာဒေသရဲ့ အာဏာရှင်တော်လှန်မှုပုံစံက အရင်က တော်လှန်မှုပုံစံနဲ့ ဘာကွာပါလဲ။
ဖြေ။ ။ ဒီနေ့အညာဒေသတော်လှန်ရေးဟာ အိမ်ပေါ်ကဆင်းပြီး အိမ်အောက်ကတော်လှန်တာ ဖြစ်ပါတယ်။ နောက်တခုကတော့ ဒီနေ့အညာဒေသရဲ့တော်လှန်မှုပုံစံသည် ပြောင်းလဲသွားပြီလို့ ကျနော်အတိအလင်းယုံကြည် တယ်။ အတိအလင်းလည်း ပြောလိုတယ်။ ဒီနေ့နွေဦးတော်လှန်ရေးဟာ တောင်တန်းမြေပြန့် စစ်အာရှင်စနစ်ကို ရရာလက်နက်ဆွဲကိုင်တိုက်ပွဲဝင်ရသလို ပုံသဏ္ဍာန်မျိုးစုံနဲ့ မဆုတ်မနစ်တိုက်ပွဲဝင်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ဟာ အောင်ပွဲကိုလှမ်းမယ့်လမ်းညွှန်မှုလို့လည်း ကျနော်မြင်တယ်။
မေး။ ။ အညာဒေသကပြည်သူတွေ တော်လှန်ရေးကို ဘယ်လိုဆင်နွဲနေကြပါလဲ။
ဖြေ။ ။ ဒီနေ့ဖြစ်နေတဲ့အခြေခံတွေထဲမှာ ကျနော်တို့တိုင်းပြည်၊ ဒေသ ဒီဒေသရဲ့အခြေအနေ ထူးခြားချက်တွေ ကတော့ ကျနော်တို့တတွေမှာ တော်လှန်လိုစိတ်ရှိတယ်။ ကျနော်တို့ ဒီတော်လှန်ရေးမှာလိုအပ်ချက်တွေကို ကိုယ်ကိုယ်တိုင် ဖြည့်ဆည်းနေကြတာဖြစ်ပါတယ်။ ရိက္ခာကိုပဲပြောမလား၊ ကျည်ကိုပဲပြောမလား၊ လက်နက်ကိုပဲ ပြောမလား။ ကျနော်တို့တတွေဟာ ရရာရှာဖွေစုဆောင်းပြီးတာ့မှ မိမိကိုယ်တိုင်တော်လှန်ရေးသမားတွေအဖြစ် ခံယူပြီး တော်လှန်နေကြရတဲ့အုပ်စုဖြစ်ပါတယ်။
မေး။ ။ အညာဒေသကပြည်သူတွေ တော်လှန်ရေးမှာ ဘာကြောင့် ပါဝင်ခဲ့ကြတာပါလဲ။
ဖြေ။ ။ စစ်အာဏာစနစ်ကိုတော်လှန်ကြတဲ့နေရာမှာ တချိန်က တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ တန်းတူရေးနဲ့ ဖက်ဒရယ်ပြဌာန်းခွင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ တိုက်ပွဲ တွေကသာ လက်နက်ကိုင်တော်လှန်ရေးတွေမှာ ဦးစားပေးပြီးတော့မှ တိုက်ပွဲဝင်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ အခြေအနေမှာတော့ ဧရာဝတီ၊ ချင်းတွင်း မြစ်ဖျားဒေသကြီးမှာရှိတဲ့ အညာဒေသသားတွေကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဝင်ခဲ့ကြတာဖြစ်တယ်။ တဆက်တည်းမှာပဲ စစ်အာဏာရှင်ဆန့်ကျင်ရေး သာမကဘူး၊ ဒီမိုကရေစီရေးတွေသာမကဘူး၊ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာဟာ မလွှဲမသွေတွဲပြီး ရယူရမယ်ဆိုတဲ့ နိုင်ငံရေးအသိစိတ်က အင်မတန်မှအရေးကြီးတဲ့ ကျနော်တို့ကြားထဲက စည်းလုံးညီညွှတ်မှုပဲဖြစ်ဖြစ် ယုံကြည်မှုပဲဖြစ်ဖြစ် အခိုင်အမာတည်ဆောက်နိုင်တဲ့ အချက်ကြီးတစ်ခုလို့ ကျနော်ယူဆတယ်။
နွေဦးတော်လှန်ရေးဟာ အဓိကအောင်မြင်မှုအချက်ရဲ့ အဓိကဟာ အဲ့ဒီအချက်လို့ပဲ ကျနော်ထင်တယ်။ အဲ့ဒီအချက် လို့လည်း ကျနော်မြင်တယ်။ ဒါကြောင့်မို့ ဒီနေ့နွေဦးတော်လှန်ရေးဟာ ကျနော်တို့ နှစ်ပေါင်း ၇၀ ကျော် ကြိုးပမ်းခဲ့ ကြတဲ့ ဖက်ဒရယ်ရေးအတွက်ဖြစ်စေ ကျနော်တို့ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးက ပေါ်ပေါက်ခဲ့တဲ့ ဒီမိုကရေစီတော်လှန်ရေးအတွက် မျှော်မှန်းချက်တွေဖြစ်စေ အာလုံးလိုလားတဲ့ စစ်အာဏာရှင် ဆန့်ကျင် တော်လှန်ရေးအတွက်ဖြစ်စေ၊ ပေါင်းစည်းမှုတစ်ခုကိုတော့ ကျနော်တို့ရယူလိုက်ပြီ။ ရယူနိုင်ပြီလို့ ကျနော် အလေးအနက် ခံယူပါတယ်။
မေး။ ။ အညာဒေသကတော်လှန်ရေးနဲ့ တိုင်းရင်းသားဒေသက တော်လှန်ရေးက ဘယ်လိုဆက်စပ်နေပါလဲ။
ဖြေ။ ။ အညာဒေသရဲ့ ဒီနေ့နွေဦးတော်လှန်ရေးမှာပါဝင်မှုဟာ လက်ရှိတိုင်းရင်းသားတော်လှန်ရေးတွေနဲ့လည်း ဆက်စပ်ပေါက်ဖွားခဲ့ပြီလို့ ပြောရမှာဖြစ်ပါတယ်။ ဒီနေ့အောင်မြင်နေတဲ့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ တိုက်ပွဲဟာ အညာဒေသက ပေါင်းစပ်မှုကလည်းမနည်းမနှောပါ။ ယနေ့ အညာဒေသသွားတိုင်း ရွာအဝင်၊ မြို့အဝင် တိုင်းမှာတွေ့နေရတဲ့ အုတ်ဂူနီနီလေးတွေ အာဇာနည်သူရဲကောင်းတွေ နွေဦးမှတ်တိုင်တွေဆိုတာဟာ ကျနော်တို့ အားလုံးရဲ့အရင်းအနှီးတွေ ဖြစ်ပါတယ်။ ဒီအရင်းအနှီးတွေဟာ အညာဒေသမှာတိုက်ပွဲဝင်ခဲ့လို့ ကျဆုံးတဲ့ရဲဘော် တွေအပြင် တိုင်းရင်းသားဒေသတွေမှာပေးဆပ်စွန့်လွှတ်ရင်းနဲ့ အတွေ့အကြုံတွေယူ အကူအညီယူရင်းနဲ့ စစ်အာဏာရှင်စနစ်ကို ဒူမထောက်တန်းတိုက်ပွဲဝင်ခဲ့ကြတဲ့ အညာသားတွေဖြစ်ပါတယ်။
မေး။ ။ ABSDF အနေနဲ့ အညာဒေသ တော်လှန်ရေးမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်လုပ်ဆောင်နေပါလဲ။
ဖြေ။ ။ ကျောင်းသားတပ်မတော်အနေနဲ့ ၂၀၂၅ ဟာ ကျနော်တို့တိုင်းပြည်အတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ အချိုးအကွေ့ကြီးတစ်ခုကိုပေးနိုင်တဲ့ အချိန်တခုလို့လည်းကျနော်တို့မြင်ပါတယ်။ အဲ့ဒီဟာနဲ့အတူ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေးမှာ ကျနော်တို့တွေ အဓိကစစ်မျက်နှာဟာ ပြည်တွင်းစစ်မျက်နှာဖြစ်လာ လိမ့်မယ်လို့ ကျနော်တို့မြင်တယ်။ အဲ့တော့ ပြည်တွင်းစစ်မျက်နှာလို့ပြောရင် ဧရာဝတီ၊ ချင်းတွင်းဒေသကြီးဟာ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူလူထုနဲ့ တကယ့်ကိုလေထဲမိုးထဲ ကျနော်တို့အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲတွေလည်း ပေါ်ပေါက်လာနိုင်ပါတယ်။
ဒါကြောင့်မို့ အညာဒေသမှာရှိတဲ့ ဒီမိုကရေစီအင်အားစုတွေ ဒေသန္တရကာကွယ်ရေးတပ်ဖွဲ့တွေ မကဒသ ကျောင်းသားတပ်မတော်ဟာ ရင်းရင်းနှီးနှီးလက်တွဲတိုက်ပွဲဝင်မှာဖြစ်သလို ကျနော်တို့နားလည်ခဲ့တဲ့ နိုင်ငံရေး အသိတွေ၊ ကျနော်တို့နားလည်ခဲ့တဲ့ လူထုစည်းရုံးရေးအသိတွေ၊ စစ်ရေးအသိတွေကို ပေါင်းစပ်မယ်၊ ဖလှယ်မယ်။ မျှဝေမယ်။ ကျနော်တို့အာလုံးအကြားမှာ ထိန်းညှိပြီးတော့မှ အားလုံးစည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်နိုင်ဖို့အတွက် ကြိုးပမ်းသွားမယ်လို့ ဒီနေရာကနေပြီးတော့မှပြောလိုပါတယ်။
မေး။ ။ အညာဒေသမှာ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပူးပေါင်းမှုတွေက ဘယ်လိုရှိပါလဲ။ တစုတစည်းတည်းရှိနေပြီလို့ ပြောလို့ရပါလား။ ဘယ်လိုအခြေအနေ ရှိနေပါလဲ။
ဖြေ။ ။ ဒီနေ့နွေဦးတော်လှန်ရေးဟာ အဖွဲ့အစည်းတခု၊ အစုအစည်းတခု၊ ကျေးရွာတခု၊ မြို့ရွာတခုကနေ ပေါက်ဖွားခဲ့တာမဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကိုချုပ်ငြိမ်းရမယ့် ဒီမိုကရေစီလိုချင်ရင် ကျနော်တို့အားလုံးဟာ လူ့အဖွဲ့အစည်းဂုဏ်သိက္ခာရှိရှိ ကျနော်တို့နေထိုင်ချင်တဲ့ အညာဒေသအညာသားတွေဖြစ်ပါတယ်။ ဒီလို အခြေခံ အောက်မှာ ကျနော်တို့တတွေဟာ စစ်အာဏာရှင်စနစ်ကို ရရာပုန်ကန်တော်လှန်ခဲ့ရတဲ့အတွက် ပုံစံမျိုးစုံနဲ့ စုဖွဲ့ တော်လှန် ခဲ့ကြတာဖြစ်ပါတယ်။ စစ်နည်းပညာမှာ ကျနော်တို့အားနည်းခဲ့တာမှန်ပေမဲ့ ဒီအစုအစည်းတွေဟာ နေရာတိုင်းမှာပေါ်ပေါက်လာတော့ ဒီအစုအစည်းတွေကြားထဲမှာ ညှိနှိုင်းမှုတွေပေါင်းစပ်မှုတွေ ဆက်စပ်မှုတွေ ကတော့ လိုအပ်နေဆဲဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ဒီအစုအစည်းပေါင်းစပ်မှုတွေအတွက် လုံလောက်တဲ့ ဦးဆောင်မှုတွေ စုပေါင်းခေါင်းဆောင်မှုတွေလည်း လိုအပ်နေဆဲဖြစ်ပါတယ်။
သို့သော်လည်းပဲ ၃ နှစ်ကျော် ၄ နှစ် အတွင်းဝင်လာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးမှာ တစုတဖွဲတည်း၊ တဗိုလ်တမိန့် လုပ်လို့မရဘူးဆိုတာ အားလုံးနားလည်လက်ခံ တဖြည်းဖြည်းနဲ့နားလည်လက်ခံလာကြပြီလို့ ကျနော်ယူဆတယ်။ NUG အမျိုးသားညီညွှတ်ရေး အစိုးရဆိုတာ ဒီနွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ အဓိကအခန်းကဏ္ဍကနေ စစ်အာဏာရှင်စနစ်ကိုတော်လှန်နေတဲ့ အစုအစည်းကြီးတစ်ခုဖြစ်တယ်။ ဒီတော့ NUG မှာ တာဝန်ကြီးမားပါတယ်။ နိုင်ငံရေးအားဖြင့်၊ စစ်ရေးအားဖြင့် ပြည်သူလူထုအတွက် စီမံခန့်ခွဲမှုတွေ ပြည်သူလူထုအတွက် အကျိုးပြုတဲ့ လုပ်ငန်းတွေ ဒါတွေအားလုံးပေါ်မှာ လူထုကာကွယ်ရေးတွေနဲ့အတူ ကျနော်တို့ NUG အစိုးရက ကြီးလေးတဲ့ တာဝန်ကိုထမ်းဆောင်နေကြရတာ ဖြစ်တယ်။ ဒီတော့ NUG အစိုးရက ဒီလို စစ်ကိုင်းဒေသကို အခြေပြုမယ်ဆိုတဲ့ဆုံးဖြတ်ချက်ဟာ ပထမဆုံးပြောချင်တာကတော့ ကြိုဆိုရမှာပဲဖြစ်တယ်။
NUG အစိုးရဟာ ကျနော်တို့တနည်းအားဖြင့်ပြောရင် တိုင်းဒေသကြီးတွေမှာရှိတဲ့ မြေပြန့်ဒေသတွေမှာရှိတဲ့ ကျနော်တို့အင်အားစုအားလုံး ပြည်သူလူထုအပေါ်မှာ လွှမ်းခြုံစဉ်းစားပြီးတော့မှ အလုပ်လုပ်ရမယ့် အဖွဲ့အစည်း ကြီးတစ်ခုဖြစ်သလို ဒီဒေသမှာရောက်လာမယ်ဆိုရင် အုပ်ချုပ်ရေးလုပ်ငန်းတွေအပြင် ပြည်သူလူထုအကျိုးပြု လုပ်ငန်းတွေကိုလည်း လက်တွေကျကျလုပ်နိုင်ရမှာဖြစ်တယ်။ လက်တွေ့ကျကျ အခြားသောဒေသန္တရ အဖွဲ့အစည်းတွေနဲ့အတူ ဆက်စပ်ညှိနှိုင်းပူးပေါင်းပြီးတဲ့အခါကြတော့မှ အထောက်အကူပြုကြရမယ်။ လက်တွေ့ လည်း လက်တွေ့အတွက် အလုပ်လုပ်နိုင်တဲ့ အစီမံတွေရှိဖို့လိုတယ်လို့ ကျနော်ယူဆပါတယ်။ တနည်းအားဖြင့် ပြောရရင် အမျိုးသားညီညွှတ်ရေးအစိုးရဆိုတဲ့ဟာနဲ့အညီ အားလုံးကိုစုစည်းညီညွှတ်နိုင်တဲ့ နိုင်ငံရေးအမြင်တွေ နိုင်ငံရေးအတွေးအခေါ်တွေ နိုင်ငံရေးစည်းရုံးမှုတွေကိုလည်း ပြည့်ပြည့်ဝဝနဲ့လုပ်မယ်ဆိုရင်တော့ ကျနော်မြင်တာ ကတော့ အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ ဒါတွေဟာလုပ်သင့်ထိုက်တဲ့အလုပ်တစ်ခုလို့ပဲ ကျနော်မြင်ပါတယ်။
မေး။ ။ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲနဲ့ လက်ရှိ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအပေါ် ဘယ်လိုမြင်ပါလဲ။
ဖြေ။ ။ တိုတိုနဲ့ရှင်းရှင်းပြောရရင် ဒီနေ့စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဖြစ်စေ စစ်ကောင်စီလုပ်မယ့် တွေ့ဆုံဆွေးနွေးပွဲဖြစ်စေ ဒီနှစ်ခုစလုံးဟာ ကျနော်တို့လိုချင်တဲ့ ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မယ့် ရည်မှန်းချက်တွေကိုရောက်မယ့် ရလဒ်တွေကိုဖော်ဆောင်နိုင်ဖို့ ဒီရွေးကောက်ပွဲရော ဒီဆွေးနွေးပွဲရောဆိုတာက အခုကျနော်တို့ ပြောင်းလဲအောင်လုပ်နိုင်ဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကိုပဲ ပြန်သွားမယ့် အခင်းအကျင်းတစ်ခုဖြစ်တယ်။ တော်လှန်ရေးလုပ်နေကြတယ်ဆိုတာက စနစ်ဟောင်းတစ်ခုကို ပြန်သွားဖို့ မဟုတ်ဘူး။ စနစ်သစ်တစ်ခုကိုတည်ဆောက်ဖို့ ဖြစ်တယ်။ ဒီတော့ ရွေးကောက်ပွဲကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာလုပ်မှာ၊ တွေ့ဆုံဆွေးနွေးပွဲဆိုတာကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာ လုပ်မယ်ဆိုတာဟာ ကျနော်တို့အတွက် ဘာမှမျှော်လင့်စရာမရှိဘူး။ ဒီနှစ်ခုစလုံးကို ကျနော်တို့ မကဒသ ကျောင်းသားတပ်မတော်အနေနဲ့ ဝိုင်းဝန်းဆန့်ကျင်ကြဖို့ တိုက်တွန်းတယ်။
တနည်းအားဖြင့်ပြောရရင် ဒီနေ့တိုက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရောက်အောင်ပြန်သွားမယ့် ရွေးကောက်ပွဲဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်က ပေါ်ပေါက်လာခဲ့တဲ့ NCA အပါအဝင် တွေ့ဆုံဆွေးနွေးမှုဖြစ်စေ ကျနော်တို့တွေအနေနဲ့ နောက်ပြန်လှည့်ဖို့ဆိုတာတော့ မရှိတော့ဘူးလို့ယူဆပါတယ်။ ဒီယူဆချက်ကလည်း ကျနော်တို့ အဖွဲ့အစည်းနဲ့အတူ ဒီနေ့တိုင်းရင်းသားအဖွဲ့အစည်းတွေ ဒီနေ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အားလုံးကြားထဲမှာ ရှင်းရှင်းလင်းလင်း သဘောပေါက်နားလည်နေပြီလို့ယူဆပါတယ်။ ဒါကြောင့်မို့ ဒီနေ့ ဒီနှစ်ခုစလုံးကိုဆန့်ကျင်မယ်။ ဒီနေ့အလုပ်က စစ်အာဏာရှင်စနစ်ကို မြန်မာ့နိုင်ငံရေးကနေပြီးတော့မှ ဖယ်ရှားရေးအလုပ်ဟာ ဒီနေ့ကျနော်တို့ အားလုံးရဲ့တာဝန်လို့ ယူဆပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအင်အားစုတွေအားလုံးက ဝိုင်းဝန်းဖြေရှင်းရမယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ နိုင်ငံရေးပြဿနာကို စစ်တပ်ကဦးဆောင်ပြီး ဖြေရှင်းမယ့် အခင်းအကျင်းဟာတော့ ဗမာပြည်သမိုင်းမှာ ရပ်တန့်သင့်ပြီလို့ ကျနော်ယူဆပါတယ်။
NMG ပေးပို့သည်။