ချင်းရေးရာအဖွဲ့ချုပ် (ICA) လက်ထောက်ညွန်ကြားရေးမှူး Salai Van Sui San နှင့် ဆက်သွယ်မေးမြန်းချက်။
စစ်အာဏာသိမ်းမှု ၂ နှစ်ခွဲကျော် ကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ နည်းလမ်းမျိုးစုံနဲ့ သတ်ဖြတ်ခံရမှုကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေ အပါအ၀င် ချင်းလူမျိုး ၅၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ချင်းရေးရာအဖွဲ့ချုပ် (ICA) က အောက်တိုဘာလ ၁၀ ရက်နေ့က အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။
ခုခံတော်လှန်စစ်အားကောင်းတဲ့ ချင်းပြည်နယ်မှာ ဘာကြောင့် အရပ်သားနဲ့ ချင်းလက်နက်ကိုင်တပ်ဖွဲ့ သေဆုံးမှု မြင့်တက်နေရတာပါလဲ။ လက်ရှိချင်းပြည်နယ်က စစ်ရေးအခြေအနေနဲ့ အလားအလာ ဘယ်လိုဖြစ်လာနိုင်ပါသလဲ၊
ဒီကိစ္စနဲ့ပတ်သက်ပြီး ချင်းရေးရာအဖွဲ့ချုပ် (ICA) လက်ထောက်ညွန်ကြားရေးမှူး Salai Van Sui San ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ စစ်ကောင်စီကြောင့် ချင်းပြည်နယ်က အရပ်သားပြည်သူသေဆုံးမှုတွေဟာ ဘယ်လိုဖြစ်ပွားခဲ့ရပါလဲ။
ဖြေ။ ။ အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်းမှာ ချင်းအမျိုးသားတွေ သေဆုံးမှုက ၅၂၈ ဦး ရှိတယ်။ အရပ်သား ပြည်သူတွေ သေဆုံးမှုက ၂၇၁ ဦး အထိ ရှိတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် စစ်တပ်က သေနတ်နဲ့ပစ်သတ်တာ ၁၀ ဦး ရှိတယ်။ သာမန် အရပ်သား၊ တိုက်ပွဲမှာ မပါဘဲနဲ့ တောင်ယာသွားရင်၊ အလုပ်လုပ်ရင်း စစ်တပ်စစ်ကြောင်းနဲ့ တိုးလို့ အသတ်ခံရတာက ၇၈ ဦး ရှိပါတယ်။ လူသားဒိုင်းအဖြစ် အသုံးပြုတာက အယောက် ၁၀၀ ကျော် ရှိတယ်။ အဲထဲမှာ အသတ်ခံရတာက ၉ ဦး အထိ ရှိတယ်။ ဖမ်းခံရပြီး ထောင်ထဲမှာ အလောင်းပြန်ကောက်ရတာက ၅ ဦး အထိ ရှိတယ်။ မတရားဖမ်းဆီးမှုနဲ့ မုဒိမ်းကျင့် သတ်ဖြတ်တာ စုစုပေါင်းက ၂၆ ဦး အထိ ရှိပါတယ်။ မြေမြှုပ်မိုင်း ကြောင့် သေဆုံးမှုက ၂၁ ဦး ရှိတယ်။ ဘာသာရေးနဲ့ သက်ဆိုင်သူတွေ သင်းထောက်လူကြီးတွေ အသတ်ခံရတာက ၈ ဦး ရှိတယ်။ လေကြောင်းတိုက်ခံရမှုကြောင့် သေဆုံးသူက ပြည်သူ ၂၈ ဦး ရှိပါတယ်။ ပြည်သူ သေဆုံးမှုထဲမှာ အမျိုးသမီး ၃၈ ဦးနဲ့ အမျိုးသား ၁၇၉ ဦး၊ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက် ကလေးငယ်က ၂၄ ဦး အထိ ရှိပါတယ်။
မေး။ ။ အသက်မပြည့်သေးတဲ့ ၁၈ နှစ်အောက်ကလေးငယ်တွေဟာ ဘယ်လိုကြောင့် ဒီလိုသေဆုံးမှု များပြားခဲ့ ရတာပါလဲ။
ဖြေ။ ။ ဒီကလေးငယ်တွေ အများဆုံး သေဆုံးရတာက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်မှုပေါ့နော်။ အဲမှာ အဖြစ်များတယ်။ ပြီးတော့ လေကြောင်းက ဗုံးကြဲချိန်မှာ ကလေးတွေက မပုန်းခိုတတ်တာရော မိဘတွေက မကာကွယ်ပေးလိုက်နိုင်တာရော၊ တချို့ဆိုရင် သားအမိ ၂ ဦးလုံး အသက်ဆုံးရှုံးတာတွေ ရှိပါတယ်။
မေး။ ။မြေမြှုပ်မိုင်းကြောင့် သေဆုံးမှုတွေလည်း များပြားတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ ဘယ်လို အခြေအနေတွေကြောင့်ပါလဲခင်ဗျာ။
ဖြေ။ ။ မြေမြှုပ်မိုင်းကြောင့် ပြည်သူတွေ သေဆုံးရတာက ၂၁ ဦးထိ ရှိတယ်။ အများစုက ချင်းပြည်သူတွေက တောင်ယာ တစ်နှစ်မလုပ်ရင် စားဖို့က အခက်အခဲ ရှိသွားပြီး။ အဲချိန်မှာ တောင်ယာသွားချိန်မှာ စစ်ကောင်စီ ထောင်တဲ့မိုင်းကို နင်းမိကြတာ ဖြစ်ပါတယ်။ ဒီဟာက စစ်ကောင်စီမိုင်းလို့ ပြောနိုင်တာက ပေါက်ကွဲအားက လက်လုပ်မိုင်း မဟုတ်တဲ့အတွက်ကြောင့် စစ်ကောင်စီမိုင်းလို့ ပြောနိုင်ခြင်း ဖြစ်ပါတယ်။
မေး။ ။ တော်လှန်ရေး ၂ နှစ်ခွဲကျော်မှာ CDF တပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့တယ်လို့သိရတယ်။ ဘယ်လို အခြေအနေတွေကြောင့်ပါလဲ။
ဖြေ။ ။ အောက်တိုဘာလ ၁ ရက်အထိ ဒေသခံခုခံတော်လှန်ရေးတပ်ဖွဲ့တွေ ကျဆုံးမှုက ၃၁၁ ဦး အထိ ရှိပါတယ်။ အဲ ၃၁၁ ဦးက အမျိုးသမီးက ၁၅ ဦးနဲ့ ကျန်တာက အမျိုးသားရဲဘော်တွေ ဖြစ်တယ်။ ၂၀၂၁ ခုနှစ်ထဲမှာ ၇၇ ဦး ကျဆုံးတယ်။ ၂၀၂၂ မှာ ၁၁၀ ဦး ကျဆုံးတယ်။ ၂၀၂၃ အောက်တိုဘာ ၁ ရက်အထိ ၉၀ ဦး ကျော် ကျဆုံးတာကို တွေ့ရတယ်။ ဒီဟာကို ကြည့်ခြင်းအားဖြင့် ၂၀၂၃ ခုနှစ် ၉ လပိုင်းအထိ သေဆုံးမှုဟာ အရင် ၂ နှစ် ထက် သေဆုံးမှုရာခိုင်နှုန်း များနေတာကို တွေ့ရတယ်။ ဒီဟာက ဘာလို့လဲဆိုတော့ ဒီနှစ်ထဲမှာ လေကြောင်း တိုက်ခိုက်မှုတွေ ပိုအသုံးများလာတာကို တွေ့ရတယ်။ ကျနော်တို့ ချင်းအမျိုးသားတော်လှန်ရေးတပ်တွေမှာ လေကြောင်း အသုံးပြုစရာလည်း မရှိဘူး။ လေယာဉ်ကို ပစ်ရမယ့်ဟာ (လက်နက်)လည်း မရှိဘူး။ ဒီဟာကို ပင်မရန်သူကဲ့သို့ သဘောထားပြီးမှ သာလွန်အင်အားတွေ သုံးပြီးမှ ဒီလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာတဲ့ အတွက်ကြောင့် ဒီနှစ်ထဲမှာ ကျနော်တို့ချင်းအမျိုးသား တော်လှန်ရေးတပ်ဖွဲ့တွေ သေဆုံးမှုတွေ ပိုများလာတာကို တွေ့ရပါတယ်။
မေး။ ။ ဘာသာရေးခေါင်းဆောင်တွေ ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ ပြုလုပ်ခံရပါတယ်။ ဘာသာရေး အဆောက်အဦးတွေလည်း အများအပြား မီးရှို့ဖျက်ဆီးခံရပါတယ်။ စစ်ကောင်စီဟာ ဘယ်လိုတွေ ကျူးလွန်နေပါလဲ။
ဖြေ။ ။ ဘာသာရေးအဆောက်အဦးမှာ ၁၀၁ လုံး အထိ ဖျက်ဆီးထားတာကို တွေ့ရတယ်။ သူတို့က ဘာသာရေးအဆောက်အဦးထဲမှာ တပ်သွားစွဲတာကို တွေ့ရပါတယ်။ သူတို့က တပ်စွဲရုံနဲ့ မလုံလောက်ဘဲနဲ့ ဘာသာရေးအဆောက်အဦးထဲမှာရှိတဲ့ အရာဝတ္တုပစ္စည်းတွေကို ဖျက်စီးတယ်။ လိုချင်တာကို ယူတယ်။ အဲဒါမျိုုးတွေ အများကြီး တွေ့ရတယ်။ ပြီးရင် ခရစ်ယာန်ဘုန်းကြီးအပါအဝင် သင်းထောက်လူကြီးတွေကို သတ်ဖြတ်တာက ၈ ဦးထိ ရှိနေပါတယ်။ ခရစ်ယာန် ပါစတာတစ်ဦးကို မတရား ထောင်ဒဏ် နှစ် ၂၀ ချမှတ် တာလည်း ရှိပါတယ်။ ခုလို ဘာသာရေးအဆောက်အဦးနဲ့ ဘာသာရေးဆရာတွေကို ရက်ရက်စက်စက် လုပ်တာက နိုင်ငံတကာဥပဒေကို စိန်ခေါ်နေပြီးလားပေါ့။
စာသင်ကျောင်းဆောင်တွေ၊ ဘာသာရေး အဆောက်အဦးတွေကို ခုလိုလုပ်နေတာက နိုင်ငံတကာဥပဒေကို စစ်ကောင်စီက သိသိသာသာ စိန်ခေါ်နေတာ တွေ့ရတယ်။ ဒါက ခရစ်ယာန်ကိုမှ မဟုတ်ပါဘူး။ စစ်ကိုင်းမှာဆိုရင်လည်း ဗုဒ္ဓဘာသာရေးအဆောက်အဦးတွေ၊ ဘုန်းကြီးကျောင်း တွေကို ကြိုက်သလိုတပ်စွဲတယ်၊ မီးရှို့တယ်။ အဲလိုမျိုးတွေ အများကြီး တွေ့ရတယ်။ ဒါက နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေနဲ့ ဂျီနီဗာကွန်ဗန်းရှင်းတွေကို ချိုးဖောက်နေတာ တွေ့ရပါတယ်။ ဒါကို တာဝန်ရှိတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ အနေနဲ့လည်း လက်ပိုက်ကြည့်နေရမယ့်အချိန်၊ Statement ထုတ်နေရမယ့်အချိန် မဟုတ်တော့ဘဲနဲ့ တကယ့်လက်တွေ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ အရမ်းကို လိုအပ်နေပါပြီ။
မေး။ ။ စစ်ကောင်စီတပ်ဟာ ချင်းအမျိုးသားတွေရဲ့ နေအိမ်နဲ့အဆောက်အဦး အမြောက်အများကို မီးရှို့ဖျက်ဆီး ခဲ့ပါတယ်။ ဒါကရော ဘယ်လိုဥပဒေတွေကို ချိုးဖောက်ရာ ရောက်ပါလဲ။
ဖြေ။ ။ ချင်းပြည်နယ်အပါအဝင် ချင်းလူမျိုးတွေနေထိုင်တဲ့ နေရာတွေမှာ ချင်းအမျိုးသားတွေ ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေ ဖျက်စီးတာက ၂၁၀၀ ကျော် အထိ ရှိနေပြီ။ ဒါက International Human Law ကို သိသိသာသာ ချိုးဖောက်နေတာ တွေ့ရပါ တယ်။ ဘာလို့လည်းဆိုတော့ နိုင်ငံတကာဥပဒေမှာ စစ်ပွဲနဲ့ မသက်ဆိုင်တဲ့ နေရာ၊ ပြည်သူတွေနေတဲ့ အဆောက်အဦးတွေ၊ စာသင်ကျောင်းတွေ၊ ဘာသာရေး အဆောက်အဦးတွေကို လုံးဝဖျက်စီးပိုင်ခွင့် မရှိပါဘူး။ တပ်စွဲပိုင်ခွင့်လည်း မရှိဘူး။ ဒါပေမဲ့ စစ်ကောင်စီတွေက ဒါတွေကို သိသိသာသာ ချိုးဖောက်နေတာ တွေ့ရပါတယ်။
မေး။ ။ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ချင်းပြည်နယ်က အရပ်သားပြည်သူတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနေပါလဲ။
ဖြေ။ ။ လေကြောင်းတိုက်ခိုက်မှုက ၂၀၂၃ မှာ ပိုစိပ်လာတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှာ လေကြောင်းရန်ကို ကာကွယ်တိုက်ခိုက်မယ့် လက်နက်လည်း မရှိပါဘူး။ မရှိတဲ့အတွက် ပြည်သူတွေက ပုန်းရတာပဲ လုပ်ရတယ်။ သူတို့ကို ကာကွယ်ပေးနိုင်တဲ့သူ မရှိဘူး။ ဒါပေမဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူတွေ သေဆုံးမှုက ပိုပိုတိုးလာတာ တွေ့ရပါတယ်။
မေး။ ။ စစ်ကောင်စီတပ်ဟာ ချင်းပြည်သူ အမျိုးသမီးငယ်တွေကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ခဲ့ရုံသာမက အသက်ကိုပါ သတ်ဖြတ်ခဲ့ပါတယ်။ ဘယ်တပ်တွေက ကျူးလွန်ခဲ့တာပါလဲ။
ဖြေ။ ။ စစ်ကောင်စီတပ်တွေက ချင်းအမျိုးသမီး ၆ ဦး အထိကို အုပ်စုဖွဲ့ မုဒိန်းကျင့်ခဲ့ရုံသာမကပဲနဲ့ အသက်ကိုပါ သတ်ဖြတ်ခဲ့တဲ့ အနေအထားမှာ ရှိပါတယ်။ ဒါက စစ်ကောင်စီက စစ်ကြောင်းထိုးလာချိန်မှာ အကြောင်းကြောင်း ကြောင့် ထွက်ပြေးဖို့ မရလိုက်တဲ့ အမျိုးသမီးငယ်တွေကို သူတို့ စိတ်ပါရင်ပါသလို ရက်ရက်စက်စက်နဲ့ မုဒိန်းကျင့်တယ်။ သတ်ဖြတ်တာတွေ ကြုံတွေ့နေရတယ်။ ဘယ်တပ်ရင်းတွေက ကျူးလွန်းသလဲဆိုတာတော့ ပြောဖို့ ခက်တယ်။ တချို့ ဟာတွေက ခလရ – ၂၆၈ ကလည်းများတယ်။ တချို့က စစ်ကောင်စီက တပ်အင်အား မလုံလောက်တော့ တပ်ပေါင်းစုံလို့ ခေါ်ရမှာပေါ့၊ ဒီတပ်ရင်းတွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာတွေ တွေ့ရတယ်။
မေး။ ။ ဒီအစီရင်ခံစာထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါခင်ဗျာ။
ဖြေ။ ။ ဒါက ၂ နှစ်ခွဲကျော်အတွင်းမှာ ချင်းပြည်သူတွေရဲ့ သေဆုံးမှု ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ချင်းအားဖြင့် တော်လှန်ရေးမှာ အသက်ပေါင်းမြောက်များစွာ ပေးဆပ်ရပြီးပြီဆိုတာ သိသိသာသာ၊ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ဒါကြောင့် အသက်ပေးဆပ်ရတဲ့ ချင်းအမျိုးသားတွေအတွက် နိုင်ငံတကာအဖွဲ့အစည်းကရော NUG ဘက်ကရော အာမခံချက်တွေ ပေးနိုင်မလဲဆိုတဲ့ဟာကို တချက်ပြန်သုံးသပ်ဖို့ လိုအပ်နေပါပြီ။ ဘာလို့လည်း ဆိုတော့ အသက်တွေပေးသွားရတာ ချင်းအမျိုးသားရေးအတွက် ဘာမှ မရမယ့် အသက်ပေးဆပ်မှုမျိုးကိုတော့ ကျနော်အနေနဲ့ မဖြစ်စေချင်ဘူး။ ကျနော်တို့ ပေးလိုက်တဲ့အသက်တွေက အဓိပ္ပါယ်ရှိတဲ့ ပေးဆပ်မှုပဲ ဖြစ်စေချင်တယ်။ အခုလည်း ဖြစ်နေပါတယ်။ ချင်းအမျိုးသားတွေ ခုလိုမျိုး အသက်ပေးဆပ်နေခြင်းအားဖြင့် မြေပေါ်မှာစီးကျနေတဲ့ သူတို့ရဲ့သွေးက အလကား အလဟသမဟုတ်ပါဘူး။ ဒီသွေးရဲ့ အော်ခေါ်သံကို တချိန်ချိန် ပြန်ကြားရမှာပါ။
ဒီတော်လှန်ရေးကို အောင်နိုင်ဖို့ ဘယ်နည်းလမ်းကို သုံးရမလဲဆိုတာကို တော်လှန်ရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်ဆရာတွေက တိတိကျကျ ၊ ကုန်ခဲ့တဲ့အချိန်တွေကို ပြန်သုံးသပ်ပြီးမှ ဘယ်လို အချိုးအကွေ့တွေ ပြုလုပ်ရမယ်ဆိုတာ သေသေချာချာ ပြန်လည်ဆန်းစစ်သုံးသပ်ဖို့ အရမ်းကိုလိုအပ်နေပြီလို့ ကျနော်အနေနဲ့ တိုက်တွန်းချင်ပါတယ်။ ဒီလိုပြောလိုက်ခြင်းအားဖြင့် တော်လှန်ရေးကို ရပ်တန့်မယ်၊ အရှုံးပေးမယ်လို့ ပြောလိုခြင်း မဟုတ်ပါဘူး။ တော်လှန်ရေးကို ဘယ်လိုအရှိန်မြှင့်ပြီးတော့ ပြည်သူတွေ အထိနာမှု နည်းပါးအောင် ဘယ်လိုဆက်လုပ်ရမလဲ ဆိုတာ ပြည်သူတွေ အားလုံးပူးပေါင်းပြီး နည်းလမ်းရှာဖို့ အရမ်းကို လိုအပ်နေပြီ။ ဒီလို နည်းလမ်းရှာတဲ့နေရာမှာ ပြည်သူတွေအနေနဲ့ ရာနှုန်းပြည့် ပူးပေါင်းကြဖို့ လိုအပ်ပါတယ်။ Non CDM တွေကလည်း ဘဝပေးအခြေအနေကြောင့် CDM လုပ်ဖို့ အဆင်မပြေဘူး ဆိုတာ နားလည်ပါတယ်။ ဒါပေမဲ့ ဒီတော်လှန်ရေးအတွက် တထောင့်တနေရာကနေ ဘယ်လို အသုံးဝင်နိုင်မလဲဆိုတာ စဉ်းစားပြီးတော့ ပြည်သူတွေအတူတကွ ပူးပေါင်းဖို့ အရမ်းကိုလိုအပ်နေပါတယ်။
KMG ပေးပို့သည်။