27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဒီတပွဲမှာ ဒီမျိုးဆက်မှာ အသေအချာနိုင်အောင် တိုက်နိုင်မယ်ဆိုရင်တော့ ဒီကောင်တွေပြုတ်ကျမယ်။ ဒါကြောင့် အားလုံးညီဖို့လိုတယ်။ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်နဲ့ ကိုယ်က နေသာသလိုနေတော့ လုပ်လို့မရဘူး။...

“ဒီတပွဲမှာ ဒီမျိုးဆက်မှာ အသေအချာနိုင်အောင် တိုက်နိုင်မယ်ဆိုရင်တော့ ဒီကောင်တွေပြုတ်ကျမယ်။ ဒါကြောင့် အားလုံးညီဖို့လိုတယ်။ ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်နဲ့ ကိုယ်က နေသာသလိုနေတော့ လုပ်လို့မရဘူး။ ပထဆုံး ဘုံရန်သူ အမြစ်ပြတ်ဖို့ကိုပဲ ခေါင်းထဲထားပြီးတိုက်ရမှာ အဲ့ဒါအရေးကြီးနေတယ်” ရဲဘော်နီနီကျော် – PLA အထွေထွေအတွင်းရေးမှူး

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA လေးနှစ်ပြည့်မြောက် စစ်ရေးလှုပ်ရှားမှုအခြေအနေများနှင့် စစ်ရေးခံယူချက်များအပေါ် PLA အထွေထွေအတွင်းရေးမှူးရဲဘော်နီနီကျော်နှင့် ဆက်သွယ်မေးမြန်းချက်။

မြန်မာပြည်လွတ်လပ်ရေးမရခင် ၁၉၃၉ ခုနှစ်ကတည်းက မြေအောက်အဖွဲ့အစည်းအဖြစ် စတင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မတော်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကို ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်တွင် ပြန်လည်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး စစ်အာဏာရှင်တော်လှန်ရေးအတွက် မြန်မာနိုင်ငံ ဒေသအနှံ့တွင် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိနေသည်။

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ဦးဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် PLA က ပူးပေါင်းပါဝင်ခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ သိန္နီမြို့ စသည့်တိုက်ပွဲများတွင် တိုက်ပွဲပေါင်း ရာနှင့်ချီ ပါဝင်ဆင်နွှဲခဲ့သည်။

စစ်အာဏာရှင်စနစ်၊ ဖက်ဆစ်စနစ်အပါအဝင် စစ်သုံးစစ်အမြတ်ပြတ်ရေးနှင့် ဘုံရန်သူကို အပြီးတိုင်ချေမှုန်း နိုင်ရေးတို့အတွက် စစ်ကောင်စီကို တော်လှန်နေကြသည့် အဖွဲ့အားလုံးနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ၏ လေးနှစ်ပြည့်မြောက် စစ်ရေးလှုပ်ရှားမှု အခြေအနေများနှင့် စစ်ရေးခံယူချက်များအပေါ် PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်အား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ PLA အနေနဲ့ လက်ရှိစစ်ရေး အခြေစိုက်လှုပ်ရှားနေတဲ့ဒေသတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ပြောလို့ရသလောက် ပြောပြပေးပါဦး။

ဖြေ။ ။ PLA အနေနဲ့ လက်ရှိ အခြေစိုက်လှုပ်ရှားနေတာက ရှမ်းမြောက်ကနေကျော်ပြီးတော့ မန္တလေးတိုင်း ကို စဝင်တဲ့ သပိတ်ကျင်းမြို့နယ် သပိတ်ကျင်းခရိုင်ထဲမှာရှိတဲ့ တွင်းငယ်ဧရိယာမှာ။ အဲ့ဒီမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေထဲမှာပါဝင်နေတယ်။ နောက် သပိတ်ကျင်း ၇ မိုင်ဘက်က စစ်မြေပြင်မှာလည်း ပါဝင်တိုက်ခိုက်နေတယ်။ မတ္တရာဘက်မှာလည်း ပါဝင်တိုက်ခိုက်နေတယ်။ မကွေးတိုင်းဘက်လည်း ပါဝင် တိုက်ခိုက်နေတယ်။ နောက် စစ်ကိုင်းတိုင်းဘက်မှာလည်း စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေပါတယ်။ တနင်္သာရီ တိုင်း ဘက်မှာလည်းရှိတယ်။ နောက် တခြားဒေသတွေမှာလည်း ပါဝင်ပြီးတော့ မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး တော့ တိုက်ခိုက်နေတာတွေရှိပါတယ်။

မေး။ ။ PLA က လေးနှစ်ပြည့်ပြီဆိုတော့ ဒီလေးနှစ်အတွင်းမှာရော စစ်ရေးလှုပ်ရှားမှုတွေကို အားရကျေနပ်မှုရှိခဲ့ပါလား။

ဖြေ။ ။ PLA ဖွဲ့စည်းတည်ထောင်တာ လေးနှစ်ပြည့်အတွင်းမှာ စစ်ရေးအရ အားရကျေနပ်မှုရှိလားဆိုတော့ ဒီလို ၁၀၂၇ တို့ သမိုင်းဝင်စစ်ဆင်ရေးကြီးတွေမှာ ပါဝင်တိုက်ခိုက်ခွင့်ရတာ၊ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ တခြား မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတိုက်ပွဲဝင်ခဲ့တဲ့အတွက် အောင်မြင်ခဲ့တဲ့ မြို့သိမ်းတိုက်ပွဲတွေအတွက်တော့ စစ်ရေး အရ အားရကျေနပ်မှုတွေ ရှိပါတယ်ရှင့်။ ဒါပေမယ့် ဗမာတပြည်လုံးအတိုင်းအတာနဲ့ ကြည့်ရင် ကိုယ့်ရဲ့ လှုပ်ရှားမှု အတိုင်းအတာက အားမရဘူးပေါ့နော်။ အားမရသေးပါဘူး။ တခြားမဟာမိတ်တွေနဲ့ စုစည်း ချိတ်ဆက်နိုင်တဲ့ အင်အားလည်း နည်းသေးတယ်ပေါ့နော်။ ဗမာတပြည်လုံးမှာ အခုတိုက်ခိုက်နေတဲ့ အင်အားစု မျိုးစုံလည်း နည်းလမ်းမျိုးစုံနဲ့ ရှာကြံပြီးတော့ တိုက်ခိုက်နေကြတယ်။

ဒါပေမယ့် လုံးဝကြီးကို စစ်အုပ်စုကို ပြုတ်ကျသွားအောင်ထိကို မတိုက်နိုင်သေးဘူးပေါ့နော်။ အဲ့ဒါအတွက် တော့ အားရကျေနပ်မှု မရှိသေးဘူး။ မတိုက်နိုင်ရတဲ့အကြောင်းတွေကလည်း မျိုးစုံပေါ့။ အများလည်း သိသင့်သလောက်သိပြီးဆိုတော့ အမျိုးစုံရှိပါတယ်။ အဲ့ဒါတွေအတွက်တော့ စစ်ရေးအရ အားမရတာတွေ ရှိတာပေါ့နော်။ ဘာဖြစ်လို့လည်း ဆိုတော့ လူထုတွေကလည်း အချိန်ကြာလာတော့ တော်တော်လေး နစ်နာနေပြီ။ စစ်ကောင်စီကလည်း သိတဲ့အတိုင်းပဲ ဒီမိုကရက်တစ်အင်အားစုတွေကို ဒုက္ခပေးလို့မရဘူးဆိုရင် လူထုကိုလိုက်ပြီးဒုက္ခပေးတာ။ အဲ့လိုမျိုးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်နေတော့ လူထုရဲ့ဆင်းရဲပင်ပန်းမှု ဒုက္ခတွေကို မြင်တွေ့နေတော့လေ စိတ်မကောင်းဖြစ်တယ်။

မြန်မြန်ဆန်ဆန် ပွဲကိုအပြတ်နိုင်အောင် တိုက်ပလိုက်ချင်တာပေါ့နော်။ ကိုယ်သာ တကယ်အင်အားရှိတယ်ဆို တနှစ်၊ နှစ်နှစ်အတွင်းမှာ နိုင်အောင်တိုက်ပလိုက်ချင်တာ။ ဒါပေမယ့် တော်လှန်ရေးတခုက လွယ်လင့်တကူ မဖြစ်ဘူး။ ၁ နှစ် ၂ နှစ်လည်း ပြတ်ချင်မှပြတ်တာ။ အခုပဲ လေးနှစ် ကြာသွားပြီ။ တချို့တော်လှန်ရေးတွေဆို နှစ်ဆယ်နဲ့ချီ။ မြန်မာပြည်တော်လှန်ရေးဆိုလည်း နှစ်ပေါင်း ၈၀ ထိကြာနေပြီ၊ တိုက်နေရတာ။ ဆိုတော့ ဒီတပွဲမှာ ဒီမျိုးဆက်မှာ အသေအချာနိုင်အောင် တိုက်နိုင်မယ်ဆိုရင်တော့ ဒီကောင်တွေ ပြုတ်ကျမယ်။ ဒါကြောင့် အားလုံးညီဖို့လိုတယ်။ ဟိုလူ့ အပြစ်တင်၊ ဒီလူ့ အပြစ်တင်နဲ့ ကိုယ်က နေသာသလိုနေတော့ လုပ်လို့ မရဘူး။ ပထဆုံး ဘုံရန်သူ အမြစ်ပြတ်ဖို့ကိုပဲ ခေါင်းထဲထားပြီးတိုက်ရမှာ အဲ့ဒါအရေးကြီးနေတယ်။

Photo – PLA

မေး။ ။ မြောက်ပိုင်းညီနောင်သုံးဖွဲ့ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတို့မှာ ပူးပေါင်းပါဝင်လှုပ်ရှားခဲ့တာက PLA က နောက်ဖော်ဆောင်မယ့် စစ်ဆင်ရေးတွေအတွက် အထောက်အကူ ဖြစ်ခဲ့ပါလား။

ဖြေ။ ။ ၁၀၂၇ မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့အတွက် နောက်လာမယ့် စစ်ဆင်ရေး၊ ကိုယ်တိုင်ဖော်ဆောင်မယ့် စစ်ဆင်ရေးပဲ ဖြစ်ပါစေ၊ တခြားမဟာမိတ်တွေက ဖော်ဆောင်လိုက်တဲ့ စစ်ဆင်ရေးတွေမှာပဲဖြစ်ပစေ၊ ပူးပေါင်း လိုက်တဲ့အခါမှာ အများကြီးအထောက်အကူဖြစ်ပါတယ်။ ဘာလို့ဆို မဟာမိတ်တွေနဲ့ ဘယ်လိုချိတ်ဆက်ပြီး ဆောင်ရွက်ရမလဲ။ ဘယ်လိုစစ်နည်းဗျူဟာတွေ သုံးရမလဲ။ နည်းပညာတွေ သုံးရမလဲ။ နောက်လူထုနဲ့ ဆက်ဆံရတဲ့အခါ ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ အဲ့လိုမျိုး နည်းပညာတွေနည်းနာတွေ သိလာတယ်။ တကယ်ကို အများကြီးအထောက်အကူဖြစ်ပါတယ်။

နောက်ကိုယ်က မြေပြန့်မှာရှိတဲ့ လူအများစု ဗမာလူမျိုး တွေလည်း လွတ်မြောက်ဖို့လိုတယ်။ တနိုင်ငံလုံးမှာ ရှိတဲ့ လူမျိုးစုံလွတ်မြောက်ဖို့ လိုတဲ့အခါကြတော့ ဒီဘက် တောင်တန်းဒေသဘက်ကနေရလာတဲ့ ရှမ်းမြောက် ဘက်ကနေ ရလာတွေက ဗမာပြည်မြေပြန့်အတွက် ဗမာပြည် တပြည်လုံးလွတ်မြောက်ဖို့အတွက် အထောက်အကူ ဖြစ်မှာပါလို့။ ကျမတို့ PLA ကလည်း ရရှိလာတဲ့ ပညာတွေနဲ့ ချွေး၊ သွေးနဲ့ ပေးဆပ်ပြီးတော့ သင်ယူခဲ့ရတဲ့ပညာတွေ တိုက်ပွဲဝင်ခဲ့တဲ့ စစ်ပညာတွေနဲ့ ရှေ့စစ်ဆင်‌ရေးတွေမှာ အထောက်အကူ ဖြစ်လာမှာပါ။ လူထုအတွက် အကျိုးရှိလာမယ်လို့ ယုံကြည်ပါတယ်။

မေး။ ။ လက်ရှိမှာရော ပူးပေါင်းဆောင်ရွက်နေတဲ့ မဟာမိတ်တပ်ဖွဲ့တွေရှိပါလား။ အဲ့ဒီတပ်ဖွဲ့တွေနဲ့အတူ စစ်ရေးဖော်ဆောင်မှုတွေရော ရှိနေပါသေးလား။

ဖြေ။ ။ လက်ရှိပူးပေါင်းဆောင်ရွက်နေတဲ့ မဟာမိတ်အဖွဲ့က TNLA၊ တိုက်ပွဲတွေ ပူးပေါင်းပါဝင်နေတယ်။ နောက် BPLA လည်း ပါတယ်။ တခြားအဖွဲ့တွေလည်း ရှိသေးတယ်။ အဲ့ဒီလို အဖွဲ့တွေပေါင်းစုံနဲ့တော့ ချိတ်ဆက်ပြီးတော့ တိုက်ပွဲဝင်နေပါတယ်။ နောက် NUG လက်အောက်ခံတပ်ရင်းတွေရော လက်အောက်ခံ မဟုတ်တဲ့ တပ်ရင်းတွေရောနဲ့လည်း ချိတ်ဆက်ပြီးတိုက်ပွဲဝင်တယ်။ သပိတ်ကျင်း ခရိုင်ထဲမှာ။ ကျန်တဲ့ မကွေးတိုင်းတို့မှာလည်း Local PDF တွေရှိတယ်။

ပကဖ ဘာညာအဖွဲ့တွေ အကုန်လုံးနဲ့ပူးပေါင်းပြီးတော့ တိုက်ပွဲဝင်နေတယ်။ စစ်ကိုင်းမှာလည်း ဒီတိုင်းပဲ။ တနင်္သာရီတိုင်းမှာကြ KNU တို့ နောက် မူစလင်အဖွဲ့ အစည်းတွေလည်း ရှိတယ်။ အဲ့ဒါတွေနဲ့လည်း ပူးပေါင်းတိုက်ပွဲဝင်ပါတယ်။ ကျမတို့က ရောက်ရာအရပ်မှာ ရှိတဲ့မဟာမိတ်တွေနဲ့ရော နီးစပ်ရာမဟာမိတ် တွေနဲ့ရော ချိတ်ဆက်ပြီး‌တော့ လက်တွဲဆောင်ရွက်နေတယ်။ တိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။

မေး။ ။ PLA အနေနဲ့ စစ်ကိုင်းနဲ့ မကွေးတို့မှာလည်း စစ်ရေးလှုပ်ရှားမှုရှိတယ်။ တခြားတပ်ဖွဲ့တွေလည်း အညာဒေသကို ပြောင်းရွှေ့စစ်ရေးလှုပ်ရှားလာတွေရှိတော့ လက်ရှိ ၂၀၂၅ ခုနှစ်မှာ အညာဒေသရဲ့ စစ်ရေး အရေးပါမှု အခြေအနေကို ဘယ်လိုထင်ပါလဲ။

ဖြေ။ ။ အညာဒေသ စစ်ကိုင်းတိုင်းတို့၊ မကွေးတိုင်းတို့မှာ PLA အနေနဲ့ တိုက်ပွဲတွေ ဝင်နေတဲ့အခါကြတော့ မဟာမိတ်တွေက အခံတပ်တွေလည်း ရှိတယ်။ ဒီဘက်ရှမ်းမြောက်ကနေ အခံတပ်တွေလည်းရှိတော့ နောက် AA တို့ ဘက်ကနေလည်း ထိုးဆင်းတဲ့တပ်တွေလည်းရှိတော့ ၂၀၂၅ မှာ အညာဒေသ မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်း တို့ကတော့ တိုက်ပွဲတွေ ပိုပြင်းထန်လာမယ်လို့ထင်တယ်။ အညာဒေသရဲ့ စစ်ရေးအရေးပါမှုက အရမ်းအရေးကြီးတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီဘက်ဆိုလည်း ရှမ်းမြောက်နဲ့ ဆက်စပ် တယ်။ ဟိုဘက်ဆိုလည်း ကချင်နဲ့ဆက်စပ်တယ်။

ရခိုင်တို့နဲ့လည်း ဆက်စပ်တော့ အဲ့ဒီနေရာတွေမှာ နိုင်အောင်တိုက်လိုက်နိုင်ပြီဆိုရင်တော့ ဒါအဓိကနေရာပဲမို့ တပြည်လုံးမှာ ပြန့်ကွဲနေတဲ့ အင်အားတွေ တယောက်နဲ့တယောက် အပြစ်မြင်နေတဲ့အင်အားတွေလည်း ပိုပြီး စိတ်ဓါတ်တက်ကြွလာပြီး‌တော့ ယုံကြည်မှု တွေပိုလာပြီး ခိုင်ခိုင်မာမာတွဲလာကြမယ်ပေါ့နော် အဲ့လိုမျိုး မြင်တယ်။ နောက်ပြီး အညာဒေသက ပြည်သူတွေလည်း တကယ်စိတ်ဓါတ်ချီးကျူးဖို့ ကောင်းတယ်ပေ့ါနော်။ သူတို့ရဲ့ တောင့်ခံနိုင်တဲ့အင်အား၊ သူတို့ရဲ့ သားသမီးတွေ ညီအကိုမောင်နှမတွေ၊ ဦးလေး၊ အဒေါ်၊ အဖေ အကုန်လုံးကို ပေးဆပ်ပြီးတော့ တပ်တွေထဲကို သူတို့ကိုယ်တိုင်လည်း ဝင်တယ်။ သားသမီးတွေကိုလည်း သဘောတူကြည်ဖြူပြီးထည့်တယ်။ ဒီစစ်ကိုင်းရဲ့ နိုင်ငံရေး အသိစိတ်ကလည်း အရမ်းမြင့်တယ်။

တခြားတိုင်းနဲ့ ပြည်နယ်တွေကလည်း အတုယူရတယ်ပေါ့နော်။ ဒီလိုဒေသကြီးတွေကသာ တိုက်လို့ အောင်မြင်သွားပြီ လွတ်မြောက်သွားပြီဆိုရင် တခြားတိုင်းနဲ့ ပြည်နယ်တွေလည်း အားတက်သွားမယ်ပေ့ါနော်။ အဲ့ဒီတော့ အဲ့ကနေပြီးတော့ အလုပ်တွေ အများကြီးဆက်လုပ်လို့ ရသွားမယ်။ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်တဲ့ အခင်းအကျင်းတွေ လုပ်လာနိုင်တယ်။ အဲ့ဒီတော့ ဒီစစ်ကိုင်း၊ မကွေး အညာဒေသကို ထိန်းချုပ်နိုင်ပြီဆို တော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ပြီဆို စကစကို အများကြီး ခြိမ်းခြောက်နိုင်လိမ့်မယ်။ အဲ့ဒါဆို ဗမာပြည်ပြည်သူတွေအတွက် ကောင်းတဲ့အချိုးအကွေ့တွေ ရောက်လာမယ်လို့ မြင်တယ်။

Photo – PLA

မေး။ ။ PLA က လက်နက်ကိုင်တော်လှန်ခဲ့တာ လေးနှစ်လည်းပြည့်မြောက်ခဲ့ပြီဆိုတော့ လက်ရှိ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား စစ်ရေးအခြေအနေကို ဘယ်လိုရှုမြင်သုံးသပ်ထားပါလဲ။

ဖြေ။ ။ ဒီလေးနှစ်အတွင်းမှာတော့ ဗမာပြည်သမိုင်းတလျောက်မှာ တခါမှမကြုံဖူး‌သေးတဲ့ ဖက်ဆစ်စစ်တပ် ရဲ့ ကျရှုံးခန်းကို မျက်ဝါးထင်ထင် မြင်ခွင့်ရတယ်။ အဲ့အတွက် အားရတယ်။ အဆုံးသတ်တိုက်ပွဲကို မတိုက်နိုင် သေးတာပဲရှိတာ။ အဲ့ဒါတွေအတွက်တော့ ကျေနပ်အားရမှုရှိတယ်။ သမိုင်းတလျောက်မှာ သူတို့လူထုကို လိမ်ချင်သလိုလိမ်၊ လှည့်ချင်သလိုလှည့်တာ အခုလုပ်လို့မရတော့ဘူးဆိုတာ သူတို့သိသွားပြီ။ သူတို့ဆီက တိုက်ထားတဲ့နေရာတွေလည်း တခုမှပြန်မသိမ်းနိုင်သေးတော့ ရှုံးမဲတွေမဲပြီးတော့ လူထုကိုလိုက်ပြီးတော့ ဒုက္ခတွေပေးနေတယ်။ နေရာတခု သိမ်းလိုက်ပြီဆို ဗုံးကြဲတာတွေ မီးရှို့တာတွေက လူမဆန်တဲ့လုပ်ရပ်တွေ၊ သူတို့နိုင်တယ်ဆို တကယ်ဆို သူတို့ကောင်းကောင်းမွန်မွန်အုပ်ချုပ်လေ။

အဲ့ဒါ ဒီဘက်နိုင်တယ်ဆို ဒီဘက်ကို အားပေးတယ်ဆိုပြီး လူထုကို ကလေးကအစ အပြစ်မရှိ အဖွားအို အဖိုးတွေအထိ မိန်းမတွေဆိုလည်း မဟုတ်တာတွေ လျောက်လုပ်နေတယ်ဆိုတာ ဘာမှမဆိုင်ဘဲ သပ်သပ်မဲ့ ယုတ်မာ၊ယုတ်ကန်းနေတာပဲ ဖြစ်တယ်။ အဲ့လိုမျိုး များများယုတ်ကန်းလေ စစ်ရှုံးလေဖြစ်မှာပဲ။ မင်းအောင်လှိုင် က ဘယ်တော့မှ စစ်နိုင်မှာမဟုတ်ဘူး။ အဲ့တော့ ကျမတို့ PLA အပါအဝင် ဒီမိုကရက်တစ်အင်အားစုတွေ တခြားသောတပ်တွေကလည်း ဘယ်တော့မှ သူတို့ကိုအရှုံးပေးမှာ မဟုတ်ဘူး။ ရတဲ့နည်းနဲ့ သူတို့ကို နည်းပေါင်းစုံနဲ့တိုက်မှာ။ သူတို့က အင်အားသာနေပေမယ့် လူထုက သူတို့ဘက်မှာမရှိဘူး။ ကြာလေမရှိလေ ဖြစ်နေတာ။ အဲ့တော့ သူတို့ကရှုံးနေတော့ လေကြောင်းကနေတိုက်တာ။ နောက် ဒရုန်းသုံးတယ်။ သူဘယ်လောက်သုံးသုံး လူထုအားကို လူထုမေတ္တာကိုမရဘဲနဲ့ ဘယ်သူမှ အုပ်ချုပ်လို့မရဘူး။ အဲ့တော့ ဒီကောင်တွေက စစ်ရှုံးမှာပဲ။ သိမ်းထားတဲ့ နေရာတွေလည်း သူတို့ပြန်ရမှာမဟုတ်ဘူး။ ကျမကတော့ အဲ့လိုမြင်တယ်။

မေး။ ။ PLA ရဲ့ စစ်ရေး၊ နိုင်ငံရေး ခံယူချက်ကရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ PLA ရဲ့ စစ်ရေး ၊နိုင်ငံရေး ခံယူချက်က စစ်အာဏာရှင်၊ စစ်အုပ်စု အမိမြေကနေ လုံးဝပျက်သုန်းသွား သည်အထိ ဗမာပြည်မှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အဖိနှိပ်ခံ ပြည်သူတရပ်လုံး နင်းပြားတွေအားလုံး လွတ်မြောက်သည်အထိ တိုက်ပွဲဝင်သွားမှာပေါ့နော်။ မဟာမိတ်တွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်။ အဓိက တော့ လူထုလုံးဝလွတ်မြောက်သွားတဲ့အထိ ဆက် ပြီး တောင့်ခံပြီး အလုပ်လုပ်သွားမယ်။ အဲ့ဒီ ရည်ရွယ်ချက် တွေ ရည်မှန်းချက်တွေ ပေါက်မြောက်ဖို့ဆိုရင် ရှိသမျှ မဟာမိတ်အဖွဲ့အစည်း လက်ဝဲလက်ယာ အဖွဲ့အစည်း တွေ အားလုံးလိုလိုနဲ့ ရအောင်စုစည်းပြီး ရအောင်တိုက်မှာပဲ။

အဓိကရည်ရွယ်ချက်က စစ်အုပ်စုလုံးဝ ပြုတ်ကျသွားဖို့။ တိုင်းရင်းသားတွေနဲ့ ဗမာတွေ အကုန်လုံးက အခွင့်အရေးတန်းတူပဲ၊ သူ့ရဲ့မိခင်ဘာသာစကား စာပေလေ့လာခွင့်ရှိရမယ်။ ပြောခွင့်ရှိရမယ်၊ သူတို့ ယဉ်ကျေးမှုတွေ ဖော်ထုတ်ခွင့်ရှိရမယ်။ သူတို့မှာ တန်းတူအခွင့်အရေးရှိတယ်။ ဗမာပြည်မှာ အင်တာနက်ရရင် တောင်ပေါ်မှာလည်း ရရမယ်။ ဗမာပြည်မှာ လျှပ်စစ်မီးထိန်ရင် တောင်ပေါ်မှာလည်း ထိန်ရမှာပေါ့။ အဲ့လိုမျိုး ညီညီမျှမျှနဲ့ တန်းတူအခွင့်အရေးတွေ ပေးနိုင်တဲ့စနစ် သာယာဝပြောတဲ့စနစ်အထိရောက်အောင် ချီတက်သွားမှာပါ။

ရှမ်းနီအသံ ပေးပို့သည်။