“မြင်းခြံခရိုင် အထူးစစ်ဆင်ရေး” လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲနှင့် ဆက်သွယ်မေးမြန်းချက်။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် သြဂုတ်လ ၁၀ ရက်နေ့က စတင်ပြီး Myingyan Black Tiger (MBT) မြင်းခြံခရိုင် အမှတ် (၉) တပ်ရင်း အပါအဝင် မြင်းခြံခရိုင်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် ပကဖ ပူးပေါင်းတပ်ဖွဲ့များက “မြင်းခြံခရိုင် အထူးစစ်ဆင်ရေး” အဖြစ် နွားထိုးကြီး၊ မြင်းခြံနှင့် တောင်သာ မြို့နယ်များတွင် စစ်ဆင်ရေးဖော်ဆောင်လျက် ရှိနေသည်။
စစ်ဆင်ရေးစတင်ပြီး ရက်ပိုင်းအတွင်းမှာပင် မြင်းခြံမြို့ရှိ စစ်ကောင်စီလက်အောက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် Non CDM ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်မှုများ ရှိနေသောကြောင့် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတချို့ ရပ်ဆိုင်းထားရမှုများ ရှိလာသည်။
မြင်းခြံမြို့၏ လက်ရှိ စစ်ဆင်ရေးအခြေအနေနှင့်ပတ်သက်ပြီး Myingyan Black Tiger (MBT) တပ်ဖွဲ့ ခေါင်းဆောင်ဗိုလ်မိုက်ခဲကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ မြင်းခြံမှာ အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး ရက်ပိုင်းအတွင်းမှာပဲ စစ်ကောင်စီဝန်ထမ်းတွေ ထွက်ပြေးပြီး အုပ်ချုပ်မှုယန္တရားတွေ ရပ်ဆိုင်းတယ်ဆိုတာ ဟုတ်ပါလား။
ဖြေ။ ။ အဲ့ဒါက ဟုတ်ပါတယ်။ ဒီကဝန်ထမ်းတွေ၊ Non CDM တော်တော်များများက သံမဏိဘက်ကို ပြေးကုန်ကြတာ ရှိတယ်။ ဒီစစ်ကောင်စီရဲ့ ယန္တရားတွေကတော့ တော်တော်များများ ပြတ်တောက်နေပြီ။ အားလုံးနီးပါး ပြတ်တောက်မှု ရှိမရှိကတော့ လက်ရှိမှာအတည်ပြုလို့ မရသေးပါဘူး။ ဒါပေမယ့် လောလောဆယ် မှာတော့ စစ်ကောင်စီအုပ်ချုပ်မှုယန္တရားက ပျက်ဆီးသလောက်နီးနီး ရှိသွားပြီးတော့ ခံစစ်ကို အဓိက ဦးတည်နေတယ်လို့ ကျနော်တို့ သိရပါတယ်။
မေး။ ။ မြင်းခြံခရိုင်အတွင်း အခုလက်ရှိမှာ အထူးစစ်ဆင်ရေးဆက်လက်ဖော်ဆောင်နေတုန်းလား။ တိုက်ပွဲတွေအခြေအနေကရော ဘယ်လိုရှိပါလဲ။
ဖြေ။ ။ ဟုတ်ကဲ့ လက်ရှိမှာ ဆက်လက်ပြီး ဖော်ဆောင်နေပါတယ်။ အားကောင်းနေတဲ့ အခြေအနေပါခင်ဗျ။

Photo – Myingyan Black Tiger (MBT)
မေး။ ။ စစ်ဆင်ရေးဖော်ဆောင်နေတော့ လက်ရှိဒေသတွင်းအခြေအနေ ဘယ်လိုရှိပါလဲ။ ဒေသခံတွေရော စစ်ရှောင်နေရတာမျိုး ရှိနေပါလား။
ဖြေ။ ။ ဒေသခံတွေအနေနဲ့ စစ်ရှောင်တာ တော်တော်လေးများပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားမှာ ကိုယ့်အိမ်ကိုယ့်ယာနေတဲ့ လူတွေလည်းများစွာရှိပါတယ်။ မတူတာတွေ အများကြီးရှိတာပေါ့။ ရှောင်တဲ့ သူရော၊ ကိုယ့်အိမ်ကိုယ့်ယာနေတဲ့သူရော ရှိနေတာပါ။ လက်ရှိအနေအထားမှာ စစ်ကောင်စီရဲ့ကျောင်းတွေ ဖွင့်တာ မျိုးတော့ မတွေ့ရပါဘူး။
မေး။ ။ တောင်သာက လျှပ်စစ်ဓါတ်အားခွဲရုံကို တိုက်ခိုက်အပြီးမှာ မြင်းခြံမြို့က သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနေတဲ့ Sembcorp Power Myanmar စက်ရုံကို ယာယီပိတ်ထားဖို့ စင်ကာပူ အခြေစိုက်ကုမ္ပဏီက ကြေညာခဲ့တယ်ဆိုတော့ အခုဖော်ဆောင်နေတဲ့ အထူးစစ်ဆင်ရေးက ထိရောက်မှုတွေ အများကြီး ရှိလာနိုင်တယ်လို့ ထင်ပါလား။
ဖြေ။ ။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော့်အနေနဲ့ တိတိကျကျ ဖြေကြားလို့ မရပါဘူးခင်ဗျ။ ဘာကြောင့်လဲ ဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီး အတွင်းကျကျ ကျနော်မသိသေးပါဗျ။
မေး။ ။ ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး ပြည်သူကို သတင်းစကားပါးချင်တာရှိပါသေးလား။
ဖြေ။ ။ ပြည်သူတွေအနေနဲ့တော့ လက်ရှိအနေအထားမှာ အသွားအလာဆင်ခြင်ဖို့ ကျနော်တို့ဘက်က သတိပေး ချင်ပါတယ်။ နောက်တခုက ပြည်သူတွေအနေနဲ့ နိုင်တဲ့ဘက်ကနေပြီးတော့ ဒီစစ်ဆင်ရေးမှာ ပါဝင်ကူညီပေးကြဖို့ ကျနော်တို့ဘက်က မေတ္တာရပ်ခံချင်တာခင်ဗျ။
ရှမ်းနီအသံ ပေးပို့သည်။