28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဒီကိုယ်စားလှယ်တွေကို ကျွန်တော်တို့ပါတီအနေနဲ့ကတော့ မိုးကျရွှေကိုယ်တော့ လက်မခံနိုင်ဘူး။ သူတို့ဟာ သူတို့ နိုင်ငံတော်တာဝန်ကို ဘယ်လောက်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်ပဲပြောပြော ကျွန်တော်တို့ဒေသမှာ ဘာအလုပ်မှ လာမလုပ်ပြတဲ့လူ၊...

“ဒီကိုယ်စားလှယ်တွေကို ကျွန်တော်တို့ပါတီအနေနဲ့ကတော့ မိုးကျရွှေကိုယ်တော့ လက်မခံနိုင်ဘူး။ သူတို့ဟာ သူတို့ နိုင်ငံတော်တာဝန်ကို ဘယ်လောက်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်ပဲပြောပြော ကျွန်တော်တို့ဒေသမှာ ဘာအလုပ်မှ လာမလုပ်ပြတဲ့လူ၊ ဘာကျေးဇူးမှမရှိတဲ့လူ လူထုအသိနည်းတဲ့လူကိုတော့ လက်မခံနိုင်ဘူး…” စိုင်းလှိုင်ငြိမ်း – အတွင်းရေးမှူး/ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P)

ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P) က ရွေးကောက်ပွဲကော်မရှင် UEC နှင့် တွေ့ဆုံခဲ့မှုတို့ အပါအဝင် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့်အခြေအနေနှင့် ပတ်သက်ပြီး S.S.P ပါတီအတွင်းရေးမှူး စိုင်းလှိုင်ငြိမ်းနှင့် တွေ့ဆုံမေးမြန်းချက်။

စစ်ကောင်စီက စီစဉ်ကျင်းပမည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများတွင် ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P) လည်း အပါအဝင်ဖြစ်သည်။ ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီသည် စစ်ကိုင်းတိုင်းအတွင်း ဒေသအခြေပြုပါတီတစ်ခုလည်း ဖြစ်သည်။

ရှမ်းနီ (တိုင်းလျန်) သွေးစည်းညီညွတ်ရေးပါတီ (S.S.P) အနေဖြင့် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်နယ်မြေမှ ပါတီကိုယ်စားလှယ်ရွေးချယ်မှု၊ လူဦးရေစာရင်းကောက်ယူမှု အပါအဝင်၊ ရွေးကောက်ပွဲ ကော်မရှင် UEC နှင့်တွေ့ဆုံခဲ့သည့် အခြေအနေတို့နှင်ပတ်သက်ပြီး ပါတီအတွင်းရေးမှူး စိုင်းလှိုင်ငြိမ်းနှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ပထမဆုံးအနေနဲ့ ရွေးကောက်ပွဲအတွက်မဲကိစ္စ ၊ လူဦးရေစာရင်းကောက်ယူမှု အခြေအနေတွေက ဘယ်လိုရှိပါလဲခင်ဗျာ။

ဖြေ။ ။ သန်းခေါင်စာရင်းကိစ္စတွေကတော့ သူတို့ကောက်ထားကြပြီးတဲ့။ ပန်းခင်းစီမံချက်ကို အခြေပြုပြီးတော့မှ နောက်ထပ်ပြန်ကောက်တဲ့ဟာတွေ နောက်ထပ်ရပ်ကျေးစာရေးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပြန်လို့ကောက်ထားတဲ့ ဟာတွေ တော်တော်လေးတော့ ရှိထားကြပြီးပါပြီ။

မေး။ ။ ရွေးကောက်ပွဲကော်မရှင် UEC နဲ့ နိုင်ငံရေးပါတီတွေနဲ့ ခဏခဏတွေ့ကြတယ်။ ဘာထူးခြားမှုတွေရှိပါလဲ။

ဖြေ။ ။ နိုင်ငံရေးပါတီ အပိုင်းခြားတွေမှာလည်းပဲ အားလုံးက တစ်လတစ်ခေါက်နီးပါး အစည်းဝေးသွားနေကြသော်ငြားလည်းပဲ UEC ကလည်းပဲ ဖြစ်မြောက်အောင်ဖန်တီးလာတဲ့ အနေထားမျိုး အလုပ်ပြီးမြောက်တဲ့ဟာကို သူတို့ရဲ့ ဒီကော်မရှင်နဲ့ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ လုပ်ငန်းပြီးမြောက်မှုအနေအထားမျိုးကို ပါတီတွေကို မချပြဘူး။

ဒီကြားထဲမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနဲ့ သဘောတူညှိနှိုင်းဆွေးနွေးမှုကော်မတီကလည်းပဲ အခုဒါ ဗိုလ်ချုပ်ထွန်းနောင်ကနေ အခုဗိုလ်ချုပ်ရာပြည့် ဖြစ်သွားပြန်ပြီ။ ဗိုလ်ချုပ်ရာပြည့်က ပထမကတော့ ပြည်ထဲရေး ဝန်ကြီးအနေနဲ့ ကိုင်တွယ်ထားပြီးတော့ အခုနောက်ပိုင်းကြတော့ နတလ (နယ်စပ်ရေးရာဝန်ကြီးဌာန) ဝန်ကြီး အနေနဲ့ ပြန်ကိုင်တွယ်လာတဲ့အနေထားမျိုးမှာပေါ့။

မေး။ ။ UEC က လက်ရှိအခြေအနေမှာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောချင်တာပေါ့။

ဖြေ။ ။ ပွင့်လင်းမှု မရှိဘူးဆိုတာထက်ကို သူတို့ကဘယ်လိုပြောမလဲ အခုဆိုရင် UEC ဥက္ကဌ ချိန်း (ပြောင်းပစ်) တာ နှစ်ယောက်ရှိသွားပြီ။ ချိန်းတဲ့အနေအထားမျိုးမှာ ကျွန်တော်တို့ဆိုရင်တော့ ကျွန်တော်တို့ပြောတယ်။ သူတို့ ဒီရွေးကောက်ပွဲနဲ့ဆိုင်တဲ့ ကျွန်တော်တို့ကတော့ နယ်မြေသတ်မှတ်မှုတွေ နောက်ဆုံး ကိုယ်စားလှယ်၊ နယ်မြေ သတ်မှတ်မှုရှိမှ ကိုယ်စားလှယ်ရွေးထုတ်လို့ ရမှာကိုး။ ရွေးထုတ်ရတဲ့ အပိုင်းမှာကလည်း ဒီကိုယ်စားလှယ်တွေကို ကျွန်တော်တို့ပါတီအနေနဲ့ကတော့ မိုးကျရွှေကိုယ်တော့ လက်မခံနိုင်ဘူး။ သူတို့ဟာသူတို့ နိုင်ငံတော်တာဝန်ကို ဘယ်လောက်ထိ တာဝန်ထမ်းဆောင်ခဲ့တယ်ပဲပြောပြော ကျွန်တော်တို့ဒေသမှာ ဘာအလုပ်မှလာမလုပ်ပြတဲ့လူ၊ ဘာကျေးဇူးမှမရှိတဲ့လူ လူထုအသိနည်းတဲ့လူကိုတော့ လက်မခံနိုင်ဘူး။ သူတို့ကိုထည့်မဲ့အစား ဒီမှာအလုပ်လုပ်နေ တဲ့လူငယ်တွေ လူသိများနေတဲ့လူငယ်တွေကိုပဲ ထည့်လို့ ရွေးချယ်ခံလိုက်မှာပါ့။ ရွေးကောက်ပွဲအတွက်ကို ရည်ရွယ်ပြီး လုပ်ခဲ့တာတော့မဟုတ်ဘူး။ နဂိုရှိရင်းစိတ်ဓါတ်နဲ့ လူငယ်အဖွဲ့ကနေပြီးတော့ လမ်းတံတား ဘယ်သူမှ မဆွဲတဲ့ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်နိုင်ရေးအတွက်ကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်ခဲ့ကြတာ လည်း အများကြီးရှိတာကိုး။

ဒီချင်းတွင်းမြစ်ရိုးပိုင်းဆို တော်တော်များများ ထိုးဖောက်နိုင်ခဲ့တယ်။ ပါတီနဲ့ ပြည်သူတွေ ချိတ်ဆက်နေဆဲပဲ။ ပါတီအနေနဲ့ တသီးတသန့်ကြီး တွေ့ဆုံမှု၊ စည်းရုံးမှု မလုပ်တာတမယ်ပဲ ရှိတယ် ။ အဲ့ဒါကြောင့် တချို့တွေကလည်း လိုင်းပေါ် မတက်လာဘူး၊ ပါတီငြိမ်နေတယ် ပြောကြတယ်။ သူတို့မသိတဲ့ အကြောင်းအရာကတော့ ကျွန်တော်တို့ ခေါင်းစဥ်နဲ့ ကျွန်တော်တို့ လုပ်ဆောင်နေကြတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါတီရဲ့အနေထားမျိုးကလည်း ပါတီဖွဲ့လိုက်တဲ့ အနေထားမျိုးမှာ ဥက္ကဌ (စိုင်း) သိန်းဖေမြင့်လို့ပြောတဲ့ (ဟုမ္မလင်း) နောင်ပူအောင်က ဦးမောင်သိန်း က ဥက္ကဌတာဝန်ကို သူယူပေးမယ်….လူကြီးတွေမရှိတော့တဲ့အချိန်မှာ နှုတ်ထွက်လာတဲ့အချိန်မှာ သူလုပ်ပေးမယ်။ မင်းတို့လူငယ်တွေ မင်းတို့နည်းမင်းတို့ဟန်နဲ့ ရုန်းကန်လှုပ်ရှားပြီးတော့မှ ပါတီကို ပြန်တည်ဆောက်၊ အဲ့ဒါဆိုတော့ ကျွန်တော်တို့က အခုလိုအချိန်မှာ ပါတီကိုတည်ဆောက်ဖို့ရာအတွက်ကို ရေပေါ်ဆီမလုပ်တော့ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဒေသနဲ့လက်ပွန်းတတီးရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ရဲ့စေတနာကို သူတို့သိရင် ရွေးကောက်ပွဲ ရောက်ရင် ရွေးချယ်ခံကိုယ်စားလှယ်လောင်းများအနေနဲ့ ဝင်ပြိုင်ရင် ပြည်သူတွေက ကျွန်တော်တို့ကို တန်းသိပြီး သားဖြစ်စေရမယ် ထောက်ခံပြီးသားဖြစ်စေရမယ်။

အရင်တုန်းကလို စစ်ဘေးရှောင်တွေကို ရှမ်းနီ (တိုင်းလျန်) ပါတီက ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဘယ်လိုမျိုး လှူဒါန်းပါတယ်၊ ဘယ်လိုမျိုး မစို့မပို့တွေ လုပ်ပါတယ်၊ ဒီလိုသွားမလုပ်တော့ဘူး။ ဒါပေမဲ့ ကျွန််တော်တို့ လုပ်နေခဲ့တာ နည်းတာမဟုတ်ဘူး။ ကျွန်တော်တို့လူငယ်တွေ အလုပ်လုပ်နေတဲ့ စစ်ဘေးရှောင်ဆို စစ်ဘေး၊ ရေဘေးဆို ရေဘေး၊ ကျွန်တော်တို့ ဒီတခြား founder တွေနဲ့ချိတ်ပြီး ဒီကိုခေါ်ပြီးတော့ ဆန်တွေဝေနေတာတွေ ရှိတယ်။ ဆိုလာမီးလင်းရေးတွေ ဝေနေတာရှိတယ်။ ဒါလဲ ကျွန်တော်တို့ အလှူရှင်တွေခေါ်ဖို့လုပ်တာ ကျွန်တော်တို့ လုပ်တာပဲ။ ဒါကို ပါတီကလုပ်တယ် ဘယ်သူမှမသိဘူး။ ကျွန်တော်တို့ လုပ်တယ်ဆိုတာ သိတယ်၊ အဓိက က လုပ်ပေးနေတယ်ဆိုတာ လူတိုင်းသိဖို့ အရေးကြီးတယ်။ ရွေးကောက်ပွဲရောက်လာတာနဲ့ ကျွန်တော်တို့ ရွေးကောက်ခံကိုယ်စားလှယ် ထွက်လာခဲ့တာနဲ့ ဒီလူဒီလူတွေဟာ ဒီဒေသမှာ ဒါမျိုးတွေ လုပ်ပေးနေတဲ့ လူတွေ ပါလား ပြည်သူလူထုကချက်ချင်းသိရင် လက်ခံနိုင်တဲ့အနေအထား ယုံကြည်နိုင်တဲ့အနေအထားမျိုး ရှိရင်ရပြီ။ ပါတီ ခေါင်းစဥ်နဲ့ ပြည်သူလူထုကို လုပ်ပြတာမဟုတ်ဘူး။

မေး။ ။ လက်ရှိမှာက ဟုမ္မလင်းဒေသတခုလုံးနီးနီးမှာ အဖွဲ့အစည်းနာမည်မသုံးဘဲ အမျိုးသားနာမည်သုံးပြီး ပြောတဲ့မုန်းတီးရေးစကား ကြားရတယ်။ ဒီစကားသံတွေကြောင့် ရွေးကောက်ပွဲအချိန်မှာ ထိခိုက်မှုရှိနိုင်ပါလား။

ဖြေ။ ။ တစ်ခုတော့ ပြောထားပါတယ်၊ ဟိုဘက်ကလည်း နိုင်သလောက်တော့ ရှင်းပြနေရဆဲပဲ။ စစ်ဘက်ပိုင်းဆိုင်ရာဘက်ကလည်း စစ်ဘက်ပိုင်းဆိုင်ရာနည်းလမ်းတွေနဲ့ သွားရမှာရှိနေသလို နိုင်ငံရေးပါတီအနေနဲ့ အရေးပေါ် လမ်းစဥ်သွားရမဲ့ အနေအထားတွေ ရှိနေကြတယ်။ ဒါကို ပြည်သူတွေက ကွဲကွဲပြားပြားမြင်ပေးဖို့ ကျွန်တော်တို့က ချပြနေရဆဲပဲ။

မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရှမ်းနီအသံ ပေးပို့သည်။