27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဒီကာလမှာက ပြည်တွင်းမှာဖြစ်စေ၊ နယ်စပ်မှာဖြစ်စေ၊ တော်လှန်ရေးနယ်မြေတွေမှာ ခေတ္တပုန်းရှောင်နေရတဲ့ နယ်မြေတွေမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ အမျိုးသမီးတွေအတွက် တရားမျှတမှုကို လက်လှမ်းမှီဖို့က တော်တော့ကို စိန်ခေါ်မှု...

“ဒီကာလမှာက ပြည်တွင်းမှာဖြစ်စေ၊ နယ်စပ်မှာဖြစ်စေ၊ တော်လှန်ရေးနယ်မြေတွေမှာ ခေတ္တပုန်းရှောင်နေရတဲ့ နယ်မြေတွေမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ အမျိုးသမီးတွေအတွက် တရားမျှတမှုကို လက်လှမ်းမှီဖို့က တော်တော့ကို စိန်ခေါ်မှု ကြီးပါတယ်” နန်းအွမ်ခမ်း – အကြံပေးပုဂ္ဂိုလ်/ မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (M-WPS)

ပဋိပက္ခကာလအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသည့် ဒေသအသီးသီးကအမျိုးသမီးတို့၏ အခြေအနေများနှင့်ပတ်သတ်ပြီး မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (M-WPS) အကြံပေးပုဂ္ဂိုလ် နန်းအွမ်ခမ်းနှင့်ဆက်သွယ်မေးမြန်းချက်။

စစ်ကောင်စီတပ်၏ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို လက်နက်သဖွယ်အသုံးပြုခံနေရသည့် အမျိုးသမီးများက အချက်အလက်များနှင့်တကွ မှတ်တမ်းဖော်ပြကာ တရားမျှတမှုရရှိရန် ဆောင်ရွက်ပေးစေလိုသည်ဟု မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (M-WPS) က ထုတ်ပြန်ခဲ့သည်။

ယင်းအပြင် အာဏာသိမ်းပြီးချိန်မှ လက်ရှိအကျပ်အတည်းကာလအတွင်း မြန်မာနိုင်ငံတွင် အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအခြေနေများ အွန်လိုင်းဆွေးနွေးပွဲကို M-WPS က အောက်တိုဘာလ နောက်ဆုံး အပတ်ထဲတွင် နှစ်ရက်တာ ကျင်းပခဲ့ပါသည်။

ထိုဆွေးနွေးပွဲအပြီး အမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ အချက် (၁၁) ချက်ပါသည့် ထုတ်ပြန်စာ တစ်စောင်ကိုလည်း M-WPS က ထုတ်ပြန်ခဲ့သည်။

M-WPS ၏ အဆိုပါထုတ်ပြန်စာပါ အကြောင်းအရာများ အပါအဝင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရသည့် ဒေသအသီးသီးက အမျိုးသမီးတို့၏ အခြေအနေတို့နှင့်ပတ်သတ်ပြီး မြန်မာအမျိုးသမီး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအဖွဲ့ (M-WPS) အကြံပေးပုဂ္ဂိုလ် နန်းအွမ်ခမ်းနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဒီ ပဋိပက္ခကာလအတွင်းမှာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးကအခြေနေက ဘယ်လိုရှိနေပါလဲ။ အကျဉ်းချုပ် ပြောပေးပါရှင်။

ဖြေ။ ။ မြန်မာနိုင်ငံကအမျိုးသမီးတွေရဲ့ဘဝက ခေတ်အဆက်ဆက်က လုံခြုံမှု မရခဲ့ပါဘူး။ ဒါပေမဲ့ ၂၀၂၁ မတရားစစ်အာဏာသိမ်းခဲ့တဲ့နောက်ပိုင်းမှာတော့ အုပ်ချုပ်ရေးယန္တရားအပါအဝင် တရားစီရင်ရေးစနစ်တွေလည်း ယိုင်နဲ့ကုန်တယ်။ နောက်ပြီး မတရားဖမ်းဆီးတာတွေ ပိုပြီးတိုးမြှင့်လာတဲ့အတွက် ကိုယ်ရောစိတ်ပါ မလုံခြုံတဲ့ အပြင် အမှန်တရားဘက်က ရပ်တည်တဲ့အမျိုးသမီးတွေက သူတို့ရောသူတို့မိသားစုရော သူတို့နဲ့ပတ်သက်တဲ့ သူတွေပါ လုံခြုံရေးကင်းမဲ့နေရပါတယ်။

မေး။ ။ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုမှာ အထူးသဖြင့် တိုင်းရင်းသူအမျိုးသမီးတွေမှာ ဘယ်လိုပစ်မှတ်ထား ခံနေရတာတွေရှိပါလဲ။

ဖြေ။ ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဒေတာတွေအတိအကျ ကောက်ယူဖို့ ခက်ခဲတဲ့အနေအထားမို့ အတိအကျ ပြောဖို့ ခက်ခဲပေမယ့် အကြမ်းဖက်စစ်တပ်ကတော့အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တဲ့ နည်းလမ်း ကို စစ်လက်နက်သဖွယ်အသုံးပြုပြီး စစ်ရာဇဝတ်မှုကို ကျူးလွန်လာတာ အခုထိပါပဲ။ အကြမ်းဖက်စစ်တပ်က ပဋိပက္ခဖြစ်ပွားရာဒေသက တိုင်းရင်းသူအမျိုးသမီးတွေကိုလဲ ပစ်မှတ်ထားကျူးလွန်တာရှိသလို မတရားဖမ်းဆီး တဲ့အခါ စုံစမ်းမေးမြန်းတဲ့အခါမှာလဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ ရှိပါတယ်။

နောက်ပြီး ဒီကာလမှာက ပြည်တွင်းမှာ ဖြစ်စေ၊ နယ်စပ်မှာ ဖြစ်စေ၊ တော်လှန်ရေးနယ်မြေတွေမှာ ခေတ္တပုန်းရှောင် နေရတဲ့ နယ်မြေတွေမှာ ဖြစ်စေ၊ ပြည်ပမှာ ဖြစ်စေ အမျိုးသမီးတွေအတွက် တရားမျှတမှုကို လက်လှမ်းမှီဖို့က တော်တော့ကို စိန်ခေါ်မှု ကြီးပါတယ်။ ဒီအချက်ကိုနင်းပြီးတော့ တချို့အမျိုးသားတွေဟာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်၊ လက်တွဲဖော်၊ ချစ်သူတွေကို နင်တို့ ဘယ်မှာမှသွားတိုင်လို့ မရပါဘူးဆိုပြီး အိမ်တွင်းအကြမ်းဖက်မှု ကျူးလွန်တာ တွေ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာတွေလဲ နေရာအနှံ့မှာ ဖြစ်နေတယ်ဆိုတာလဲ သိရပါတယ်။ တော်လှန်ရေး ဘက်တော်သားတွေဘက်ကလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်တဲ့ကိစ္စအချို့ကို ကြားသိနေရာတာ ရှိပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကတော့ သူတို့ရဲ့ တရားရေးစနစ်နဲ့ အရေးယူမှုတွေ ရှိတယ်လို့လဲ သိရပါတယ်။

မေး။ ။ ဒီလိုအကြမ်းဖက်ခံရမှုတွေက တစ်နှစ်နဲ့တစ်နှစ် အခြေအနေ ဘယ်လိုကွာခြားမှုရှိပါလဲ။

ဖြေ။ ။ MoWYCA (Ministry of Women, Youth and Children Affairs) ၊ AAPP (Assistance Association for Political Prisoners)၊ BWU (Burmese Women’s Union) တို့ရဲ့ စစ်တမ်းတွေအရ အကြမ်းဖက်စစ်ကောင်စီ ဘက်က လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု၊ လူမဆန်စွာ သတ်ဖြတ်မှု၊ မတရား ဖမ်းဆီးညှင်းဆဲမှု၊ သေဒဏ်ပေးမှုတွေနဲ့ ပတ်သက်တဲ့ စာရင်းတွေက တစ်နှစ်ထက်တစ်နှစ် ပိုပြီးများလာတာကို တွေ့ရပါတယ်။ နောက်ပြီး ပြည်တွင်း ပြည်ပ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရတဲ့သူတွေလည်း အရမ်းများနေပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေအများအပြားက နီးစပ်ရာနိုင်ငံတွေကို ထွက်ပြေးရတဲ့အခါမှာ တရားဝင်သွားတဲ့သူတွေ ရော၊ တရားမဝင်နည်းလမ်းနဲ့ ကုန်းလမ်းနဲပြေးကြရဲ့သူတွေမှာ လုံခြုံမှုဆိုတာ လုံးဝ မရှိပါဘူး။ ပြည်တွင်းမှာလဲ စီးပွားရေးတွေ အရမ်းအခက်အခဲ ရှိနေတဲ့အပြင် မူးယစ်ဆေးပြဿနာ၊ လူကုန်ကူးမှု ပြဿနာ၊ လိင်ကတဆင့် ကူးဆက်တဲ့ရောဂါ ဖြစ်ပွားတာတွေလဲ အများကြီးရှိပါတယ်။

မေး။ ။ အခုချိန်မှာ ထိခိုက်ခံရတဲ့အမျိုးသမီးတွေ တရားမျှတမှုရရှိဖို့ ဘယ်သူကဆောင်ရွက်ပေးနေပါလဲ။ ဘယ်လိုမျိုး ဆောင်ရွက်ပေးနေပါလဲ။

ဖြေ။ ။ အမျိုးသမီးအဖွဲ့တွေကတော့ တတ်နိုင်သလောက်ချိတ်ဆက် လုပ်ဆောင်နေတာရှိပါတယ်။ တိုင်းရင်းသားဒေသတွေမှာက နဂိုကတည်းက ရှိနေပြီးသားဖြစ်တဲ့ တိုင်းရင်းသူအမျိုးသမီးအဖွဲ့တွေက သူတို့ဆီကို တိုင်ကြားစာရောက်လာရင် သက်ဆိုင်ရာတိုင်းရင်းသား လက်နက်ကိုင်အစုအဖွဲ့က တရားစီရင်ရေးနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးနေသလို၊ NUG အမျိုးသမီးဌာန၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေးနဲ့ တရားစီရင်ရေးဌာနတွေနဲ့ ချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ပြည်တွင်းက လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေကတော့ ကိုယ့်ရဲ့လုံခြုံရေး အရမ်းကိုသတိထားပြီး Low Profile နဲ့ပဲနေပြီး ကူညီနေရတာ ရှိပါတယ်။ ရင်ဖွင့်စကားပြော တိုင်ကြားလို့ရတဲ့ Hot Line တွေ ရှိတယ်။ အဲ့ဒီကတဆင့် ခေတ္တတိမ်းရှောင်ဖို့ နေရာလေးတွေ လိုအပ်ရင် ချိတ်ဆက်ပေးတယ်။ တရားမျှတမှုအတွက် တိုင်ကြားချင်ရင် တိုင်ကြားဖို့ ကူညီပေးတယ်။

စကစက ကျူးလွန်တဲ့အမှုတွေဆိုရင် လက်ငင်းချက်ချင်း အရေးယူဖို့ အခက်အခဲရှိနေသေးရင် တချိန်မှာ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုကို ရရှိစေဖို့အတွက် အချက်အလက်တွေကို ကောက်ခံသိမ်းဆည်းပြီး IIMM (မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား) ကို ပေးပို့ပေးတာမျိုးတွေ လုပ်ဆောင်နေတာ လဲရှိပါတယ်။ နောက်ပြီး ရေရှည်လုပ်ဆောင်ရမှာဖြစ်တဲ့ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းနိုင်ဖို့ မူဝါဒရေးဆွဲတဲ့နေရာမှာ ကူညီတာတွေ၊ ခေါင်းဆောင်တွေကို စည်းရုံးပြောဆိုတာတွေ၊ တလရ တပ်သားတွေရဲ့ ကျင့်ဝတ်တွေ၊ နားလည်သဘောပေါက်မှုတွေ ရှိလာဖို့ အမျိုးသမီးအဖွဲ့တွေ ကွန်ရက်တွေက ချိတ်ဆက် လုပ်ဆောင်နေတာတွေ ရှိပါတယ်။ တော်လှန်ရေးကာလ ဖြစ်နေတဲ့အတွက် လုံခြုံရေးကိုလဲ အထူး ဂရုစိုက်နေရတာမို့ တရားမျှတမှုရရှိဖို့ လုပ်ဆောင်တဲ့နေရာမှာ အကန့်အသတ်တွေကတော့ အများကြီး ရှိနေပါတယ်။

မေး။ ။ ပြီးတော့ M-WPS ထုတ်ပြန်ချက်မှာပါရှိတဲ့အချက်အရ စစ်ကောင်စီတပ်က အမျိုးသမီးတွေကို လက်နက်သဖွယ် အသုံးပြုနေတယ်ဆိုတဲ့အချက်က အဲ့ဒါက ဘယ်လိုမျိုးသူတို့အသုံးချနေတာပါလဲ။

ဖြေ။ ။ ပဋိပက္ခဖြစ်ပွားရာဒေသရှိ အမျိုးသမီးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ မုဒိန်းကျင့်တဲ့နည်းလမ်းကို စစ်လက်နက်သဖွယ် အသုံးပြုတာကို ဆိုလိုတာပါ။ အဲ့ဒီလိုလုပ်တာနှစ်ပေါင်း ၇၀ ကျော် ကြာနေပါပြီ။

မေး။ ။ နောက်ဆုံးအနေနဲ့ M-WPS ကနေ အမျိုးသမီးတွေ လုံခြုံမှုရှိစေရေး၊ တရားမျှတမှုရှိစေရေးနဲ့ ပတ်သတ်ပြီး ဘာတွေဆက်လုပ်သွားဖို့ရှိပါလဲ။

ဖြေ။ ။ M-WPS အနေနဲ့က အမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ အသိပညာပေးတွေ လုပ်ဆောင်နေတာ ရှိပါတယ်။ နောက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးနိုင်ဖို့ ဥပဒေတွေ၊ မူဝါဒတွေ ရေးဆွဲတဲ့ နေရာမှာလဲ နည်းပညာကူညီထောက်ပံ့ပေးနေတာ ရှိပါတယ်။ သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးကိုလဲ တိုက်တွန်းထောက်ပြ ပြောဆိုနေတာတွေ ရှိပါတယ်။

အကြမ်းဖက်ခံရသူ ဗဟိုပြုနည်းလမ်း (Survivor Center Approach) ကို သုံးပြီး အကြမ်းဖက်ခံရသူကို ကူညီဖို့ တိုက်တွန်းပြောဆိုနေတာ ရှိပါတယ်။ အကြမ်းဖက်မှု ကျူးလွန်သူတွေကို ပြစ်ဒါဏ်က ကင်းလွတ်ခွင့် လုံးဝမပေးဖို့ ကိုလဲ တစိုက်မတ်မတ် ပြောနေပါတယ်။ အမျိုးသမီးတွေကို လေးစားတန်ဖိုးထားတတ်ပြီး သူတို့ကို စွမ်းဆောင် နိုင်ရည်နဲ့ စွမ်းဆောင်နိုင်ခွင့် မြှင့်တင်ပေးတာတွေ လုပ်ဆောင်မယ်။ အကြမ်းဖက်မှု ကင်းစင်တဲ့ဝန်းကျင်ရှိမှသာ လျှင် အမျိုးသမီးတွေဘဝ လုံခြုံမှာ ဖြစ်ပါတယ်။

IMNA ပေးပို့သည်။