“ဒီကာလမှာ စစ်အုပ်စုကို အလျော့ ပေးပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ မူနဲ့သွားပြီးတော့ ဆက်ဆံလို့ မရဘူး။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားရမှာ ဖြစ်တယ်။ ဒါမှလည်း ကျွန်တော်တို့ ဖက်ဒရယ် ပြည်ထောင်စုကို ရေရှည်မှာ ထူထောင်နိုင်မှာဖြစ်တယ်” PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း

0
392
ပုံစာ - PNFC ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်း

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းနှင့် ဆက်သွယ်မေးမြန်းချက်

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ဆက်ပြီး အကောင်အထည်ဖော်မှာ ဖြစ်သလို ငြိမ်းချမ်းရေးကို ဆက်ပြီး ဆွေးနွေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

တဖက်မှာလည်း NCA စာချုပ် လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားကြီးအဖွဲ့တခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက NCA ဟာ ပျက်ပြယ်သွားပြီလို့ ပြောပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့ကလည်း လက်ရှိ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြသလို၊ တချို့ကလည်း NCA ကို ဆက်ပြီး ရပ်တည်ဦးမယ်လို့ ပြောဆိုတာတွေ ရှိနေပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သတ်ပြီး ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းကို အခုလို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဗိုလ်ချုပ် ဇော်မင်းထွန်းက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို ဆက်ပြီး အကောင်အထည်ဖော်မှာ ဖြစ်သလို ငြိမ်းချမ်းရေး ဆက်ပြီးဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်။ NCA စာချုပ် လက်မှတ်ရေးထိုးတဲ့အထဲပါခဲ့တဲ့ အင်အားကြီးအဖွဲ့ KNU ကရင်အမျိုးသားအစည်းအရုံး ကတော့ ဒီ NCA က ပျက်ပြယ်သွားပြီလို့ ပြောထားတယ်။ နောက် KIA တို့ CNF တို့ KNPP တို့ကလည်း အခုနွေဦး တော်လှန်ရေးထဲမှာ ပါဝင်ပတ်သက်နေကြတယ်ပေါ့လေ။ ဒီ NCA ကို ဆက်ပြီး ရပ်တည်ဦးမယ်လို့ တစ်ခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကလည်း ပြောနေတယ်။ NCA အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သဘောထားကွဲလွဲနေကြတာ ဘာတွေကြောင့်များပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့၊ ကျွန်တော်တို့က NCA နဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ ဒီစာချုပ်ဟာ ကျွန်တော်တို့ တိုင်းပြည်မှာ ဖက်ဒရယ်စနစ်ကို ထူထောင်မယ်၊ ဖက်ဒရယ်မူကို တရားဝင် စာနဲ့ပေနဲ့ ရေးပြီးတော့ လက်ခံ သဘောတူ ချုပ်ဆိုကြတာကတော့ ဒီ NCA ဖြစ်ပါတယ်။ သို့သော်လည်း ဒီ NCA ကို ဖော်ဆောင်ပြီး လုပ်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ခုလုံးကို စစ်တပ်က အာဏာသိမ်းပြီး ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခုလုံးက ပျက်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအပေါ်မှာ အမြင်တွေ အမျိုးမျိုး ကွာလာကြတာ ဖြစ်ပါတယ်။ ကျွန်တော်မြင်တဲ့ အမြင်ကတော့ ပင်လုံစာချုပ်ဆိုတာ ရှိတယ်။ ပင်လုံစာချုပ်မှာ ပါတဲ့ အချက်အလက်များ ဆိုတာထက် ပင်လုံရဲ့ ကတိကဝတ်တွေ ပင်လုံစာချုပ်ရဲ့ အနှစ်သာရတွေ ဒါတွေကို ကျွန်တော်တို့ အကောင်အထည်ဖော်နိုင်ဖို့ကို ကြိုးပမ်းဆောင်ရွက်နေကြရတာ ဖြစ်ပါတယ်။

NCA စာချုပ်မှာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုတဲ့ အနှစ်သာရမျိုး ရှိပါတယ်။ နောက်တစ်ခုက ဖက်ဒရယ် ပြည်ထောင်စုကို မဖြစ်မနေထူထောင်မယ် ဆိုတာပါတယ်။ အဲဒါ အနှစ်သာရတစ်ခု ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အားလုံးက ကာကွယ်စောင့်ရှောက်ရမယ်။ အဲဒါ အနှစ်သာရ ဖြစ်ပါတယ်။ အဲဒါ NCA ရဲ့ အနှစ်သာရ ၃ ချက် ကို ပြစ်ပယ်လို့ မရပါဘူး။ ကျွန်တော်တို့ ဒီ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်ဖို့အတွက် အဓိကအချက်က ပြည်သူလူထုရဲ့ ပါဝင်မှု ဖြစ်ပါတယ်။ ဒီစာချုပ်ကို ဖျက်ဆီးဖို့က အဖွဲ့အစည်းတစ်ခုအပေါ်မှာ မရှိပါဘူး။

ဘယ်သူကမှ ပယ်ဖျက်ခွင့် မရှိပါဘူး။ ဒီစာချုပ်ကို ပယ်ဖျက်ချင်ရင် အားလုံးလက်မှတ်ထိုးထားတဲ့သူတွေ ပြန်ခေါ်ပြီးမှ ပယ်ဖျက်ကြောင်း ကြေညာရတယ်။ ဒါကြောင့် NCA စာချုပ်က စာချုပ်အတိုင်း ရှိမယ်။ ထွက်ချင်တဲ့သူက ထွက်သွားလို့ ရတယ်။ အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ရော ဘယ်သူကမှ ပယ်ဖျက်ခွင့် မရှိဘူး။ ဒါက စာချုပ်ရဲ့ သဘောတရား ဖြစ်ပါတယ်။ သို့သော်လည်း ဒီနေ့အချိန်မှာ NCA စာချုပ်ကို အကောင်အထည်ဖော်မယ် ဆိုရင်ကတော့ အများကြီး ဝေးကွာသွားခဲ့ပြီ ဖြစ်ပါတယ်။ သို့သော်လည်း NCA ရဲ့ အနှစ်သာရတွေကိုင်ပြီး တိုင်းပြည်ကို ဆက်လက်သွားရမှာ ဖြစ်ပါတယ်။

မေး။ ။ ခုနကပြောသလို NCA ရဲ့ အနှစ်သာရထဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကောင်းကျိုးပြုနိုင်မယ်ဆိုရင် ဒီအနှစ်သာရတွေနဲ့ပဲ ဆက်ပြီးသွားသင့်သလား။ ဒီ NCA အနှစ်သာရအပြင် နောက်ထပ်ဘာတွေထပ်ပြီး လိုဦးမလဲ။

ဖြေ။ ။ NCA ရဲ့ အနှစ်သာရဖြစ်တဲ့ လောလောဆယ်ဆယ် ဖက်ဒရယ်ပြည်ထောင်စုကို မထူထောင်နိုင်သေးဘူး၊ ရတယ်။ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းနိုင်သေးဘူး၊ ရတယ်။ သို့သော်လည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ် အဲဒီအချက်ကတော့ NCA လက်မှတ် ရေးထိုးထားတဲ့ သူတွေဆီမှာ တာဝန်ရှိတာ ဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော်တို့ ပြည်သူလူထုကို လေယာဉ်တွေနဲ့ လက်နက်ကြီး တွေနဲ့ ပစ်ခတ် သတ်ဖြတ်နေတယ်။ တနည်းအားဖြင့်ပြောရရင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို စစ်တပ်က ဖျက်ဆီးနေတယ်။ အဲဒါကို ကာကွယ်ရမယ့်တာဝန်ဟာ NCA လက်မှတ်ရေးထိုးကြတဲ့သူတွေ အားလုံးမှာ တာဝန်ရှိနေတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကောင်အထည် ဖော်မယ်ဆိုရင်တော့ ဒီ NCA မှာ ပြဌာန်းထားတဲ့ အခြေအနေတွေနဲ့တော့ မလုံလောက်တော့ပါဘူး။ NCA အတိုင်း ဆက်ပြီး သွားမယ်ဆိုတာတော့ မဖြစ်နိုင်တော့ပါဘူး။ အရင်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ အစိုးရ၊ လွှတ်တော်တို့နဲ့ အခုမရတော့ဘူး။ အခုနွေဦးတော်လှန်ရေးမှာ Stateholder တွေ အများကြီး ပေါ်လာတယ်။ ထိုနည်းတူပဲ ဆွေးနွေးရမယ့် ပြောဆိုရမယ့်ဟာတွေ ဒီထက်ပိုမိုကျယ်ပြန့်တဲ့ NCA ထက်ကို ပိုမို ကျယ်ပြန့်တဲ့ သဘောတူညီချက်တွေ ရယူပြီးမှ နိုင်ငံရေးဆွေးနွေးနိုင်မယ်လို့ ထင်ပါတယ်။

မေး။ ။ ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ အာဆီယံအပါအဝင် နိုင်ငံတကာက တိုက်တွန်းနေတယ်။ ဒါပေမယ့် စစ်ကောင်စီဖက်က မလိုက်နာဘူး။ စစ်ကောင်စီကို တော်လှန်နေတဲ့သူတွေကလည်း စားပွဲဝိုင်းပေါ်တက်လာဖို့ မရှိဘူး ဖြစ်နေတယ်။ အဲတော့ စစ်မီးက ဆက်ပြီးတော့ လောင်နေဦးမှာလား၊ စစ်မီးငြိမ်းဖို့ ဘာတွေ လိုအပ်နေပါသေးလဲ။

ဖြေ။ ။ ကျွန်တော်မြင်တာကတော့ တော်လှန်ရေးဘက်က ရပ်တည်တဲ့သဘောထားနဲ့ စစ်ကောင်စီဘက်က ရပ်တည်တဲ့သဘောထား မတူဘူးလို့ ကျွန်တော်ထင်တယ်။ စစ်တပ်က တော်လှန်ရေးအစပိုင်းမှာ သူက တစ်ရာ ရှိတယ်။ အဲဒီတစ်ရာကနေ သူက ၅၀ ကို ကျလာတယ်။ နောက် ၄၀ ၊ ၃၀ တောက်လျှောက်ကို ကျလာတယ်။ ကျွန်တော်တို့က နွေဦးတော်လှန်ရေးမှာ လူထုက နောက်ဆုံးရရာလက်နက် စွဲကိုင်ပြီး သုညဘဝကနေ စရတယ်။ အခု ၅၀ ရောက်ပြီ။ နောက်ထပ် ၆၀ ရောက်သွားမှာ ဖြစ်တယ်။

ဒီနေရာမှာ နိုင်ငံတကာက ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေရော တချို့သောပုဂ္ဂိုလ်တွေ လွဲလွဲမှားမှား သုံးသပ်နေကြတာက ဒီဘက်ကလည်း ၅၀၊ ဟိုဘက်ကလည်း ၅၀ ဘယ်ဘက်ကမှ မနိုင်လို့ ညှိနှိုင်းကြပါလို့ ပြောတာက တော်လှန်ရေးကို ပုံပျက်အောင် လမ်းကြောင်းလွဲအောင် လုပ်နေကြတာလို့ တင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုရင် စစ်အုပ်စုက ၅၀ ကနေ နောက်ထပ်ကျဖို့ပဲ ရှိတော့တယ်။ ကျွန်တော်တို့ တော်လှန်ရေးက ဒီထက်အရှိန်တက်လာဖို့ပဲ ရှိတယ်။

တွေ့ဆုံဆွေးနွေးမှ ရမယ်ဆိုတဲ့ဟာမျိုး ငြိမ်းချမ်းရေး ပုံဖော်မှရမယ့်ဟာမျိုး ဆိုတာကတော့ လမ်းကြောင်း လွဲအောင် လုပ်တာ ဖြစ်သလို တကယ့် ငြိမ်းချမ်းရေးဖြစ်စဉ် ရမှာမဟုတ်ဘူး။ စစ်အုပ်စုရှုံးမှာ ကြောက်လို့၊ စစ်အုပ်စုဘက်ကနေ အကာအကွယ်ပေး ပြောနေကြတာလို့ မြင်ပါတယ်။ ဒီကာလမှာ စစ်အုပ်စုကို အလျော့ ပေးပြီးတော့ ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုတဲ့ မူနဲ့သွားပြီးတော့ ဆက်ဆံလို့မရဘူး။ စစ်အာဏာရှင်စနစ်ကို အပြီးတိုင် ဖယ်ရှားရမှာ ဖြစ်တယ်။ ဒါမှလည်း ကျွန်တော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို ရေရှည်မှာ ထူထောင်နိုင်မှာဖြစ်တယ်။

မေး။ ။ စစ်ကောင်စီက PDF တွေကို အကြမ်းဖက်အဖွဲ့တွေ ဆိုပြီးတော့ သူတို့ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့် မပြုနိုင်ဘူးပေါ့။ NCA မှာ လက်မှတ်ထိုးပြီးသားပဲ ဖြစ်ဖြစ် လက်မှတ်မထိုးရသေးဘဲဖြစ်ဖြစ် တိုင်းရင်းသား အဖွဲ့တွေကိုတော့ ပါဝင်ခွင့်ပြုထားတယ်ပေါ့။ ဒါပေမယ့်လည်း တစ်ပြည်လုံး အတိုင်းအတာအနေ နဲ့ PDF တွေရော EAOs တွေရော ပူးပေါင်းပြီး တော်လှန်ရေးမှာ ဆင်နွှဲနေကြတယ်ဆိုတော့ စစ်ကောင်စီက ဦးဆောင်လုပ်မယ့် ငြိမ်းချမ်းရေးက ဘယ်လို ငြိမ်းချမ်းရေးမျိုး ဖြစ်နိုင်မလဲ။

ဖြေ။ ။ ဒီငြိမ်းချမ်းရေးဖြစ်စဉ် အကောင်အထည်ဖော်လာကြတာကတော့ ဗိုလ်ချုပ်ခင်ညွန့် လက်ထက်ကဆိုရင် ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံအလွန်မှာ လုပ်ခဲ့တဲ့ စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆိုတာကတော့ အဲဒီ ကာလမှာ ၁၉၉၀ ရွေးကောက်ပွဲကြီးက ထင်ထင်ရှားရှား ရှိတယ်။ သူတို့ရဲ့ ကတိကဝတ်ကလည်း အာဏာ လွှဲပေးမယ် ပြောထားတယ်။ အာဏာ မလွှဲနိုင်တဲ့အခါကျတော့ လမ်းလွှဲနိုင်မယ့် နည်းလမ်းတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာမျိုးတွေနဲ့ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမိုကရေစီအရေးက အရမ်းအားကောင်းလာတဲ့ အချိန်မှာ တိုင်းရင်းသားအရေးကို ဦးစာပေးသလိုလိုနဲ့ အဲဒီအရေးနှစ်ခုကို အခုလိုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အခုလည်း ထိုနည်းတူပဲ သူတို့က ဆွဲဆောင်မှုတွေ၊ သိမ်းသွင်းမှုတွေ၊ ဖြားယောင်မှုတွေ အများကြီး ဖြစ်နိုင်တယ်။ တနည်းအားဖြင့် ပြောရရင် ကျွန်တော်တို့တိုင်းပြည်မှာ တိုးတက်ဖြစ်ထွန်းလာတဲ့ ဒီကနေ့ ဖက်ဒရယ်ဒီမိုကရေစီ စနစ်ကို ထူထောင်ချင်တဲ့ နွေဦးတော်လှန်ရေးကို ဖျက်ဆီးချင်မယ်၊ ဖျက်ဆီးချင်တဲ့အတွက် ခုနကလို အပေးအယူ အလျော့အတင်းတွေနဲ့ ကျန်သောအင်အားစုများတွေနဲ့ တော်လှန်ရေးကို ပုံပျက်အောင် လုပ်နေကြတာပဲလို့ မြင်ပါတယ်။

ဒီနေ့စစ်ကောင်စီကလုပ်တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ သူ့အာဏာဆက်ပြီးတည်မြဲဖို့နဲ့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို လုပ်သလိုပဲ ဒီကနေ့ နွေဦးတော်လှန်ရေး ရလဒ်ကို ပျက်ပြယ်အောင် လုပ်ချင်တဲ့ သဘောထားအပေါ်မှာ အဓိက အခြေခံတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်း ဖြစ်မှာ မဟုတ်သလို စစ်မှန်တဲ့ နိုင်ငံရေး ဆွေးနွေးမှုတွေလည်း ဖြစ်မှာ မဟုတ်ပါဘူး။ နောက်တစ်ခုက စစ်ကောင်စီက ဖိတ်ခေါ်နေတဲ့ အဲဒီလိုနိုင်ငံရေးဆွေးနွေးမှုတွေကို လုပ်ခွင့်၊ ကိုင်ခွင့် ၊ ဆွေးနွေးခွင့် မရှိတဲ့ အစုအဖွဲ့ ဖြစ်ပါတယ်။

မေး။ ။ မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေက အကြမ်းဖက်လုပ်ရပ်တွေကို စစ်ကောင်စီက နေ့စဉ်နေ့တိုင်း ကျူးလွန်နေတယ် ဆိုပြီးတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေဆီကိုလည်း ထိထိရောက်ရောက် အရေးယူပေးဖို့ အမြဲတိုက်တွန်းနေကြပါတယ်။ စစ်ကောင်စီကတော့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေဆဲပဲ ဆိုတာ သတင်းတွေမှာလည်း တွေ့နေရပါတယ်။ အဓိက စစ်ကောင်စီကို ကိုင်တွယ်ဖို့ရာ ဘာက အဓိက လိုနေသေးလို့ပါလဲ။ သူ့ရဲ့ နောက်ခံအင်အားက ဘယ်လောက်များ ကြီးထွားနေသေးလို့ပါလဲ။

ဖြေ။ ။ ဒီအချိန်မျိုးမှာတော့ စစ်ကောင်စီကို ဖြောင်းဖျမယ်၊ ဆွေးနွေးမယ် လုပ်နေလို့ကတော့ မရပါဘူး။ ကျွန်တော်တို့ စစ်အုပ်စုကို ရိုက်ထည့် လိုက်ရမယ်။ ဖြုတ်ချ လိုက်ရမယ်။ အဲဒါ ရှင်းတယ်။ အခြားသော နည်းလမ်းများနဲ့ လုပ်မယ်ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကျွန်တော်တို့အပေါ်မှာ သူတို့ တာဝန်ရှိမှာ ဖြစ်ပါတယ်။ တချို့သော နိုင်ငံတကာတွေက ဘာပြောသလဲဆိုတော့ မြန်မာပြည်ရဲ့ကိစ္စ မြန်မာပြည်သူလူထုကပဲ အချင်းချင်း ရှင်းကြပါစေ။ ဝင်မစွက်ဖက်ဘူးဆိုတာ လက်ရှောင်တာပဲ။ တနည်းအားဖြင့် ကျွန်တော်တို့ ဒီတော်လှန်ရေးကို သူတို့အကူအညီ မပေးချင်တဲ့အခါမှာ စကားလုံးလှလှတွေနဲ့ လက်ရှောင်တာ ဖြစ်ပါတယ်။

အဲဒါတွေ မဖြစ်အောင် ကျွန်တော်တို့ ပြောရမယ်။ အထူးသဖြင့် အမေရိကန်အစိုးရကို ပြောရမယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းတဲ့အချိန်မှာ ပထမဆုံး ထောက်ခံခဲ့တဲ့နိုင်ငံက အမေရိကန် ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ တိုင်းပြည်မှာ အမေရိကန်အစိုးရဟာ စစ်အာဏာရှင် တည်မြဲခဲ့တဲ့အတွက် တာဝန်ရှိသူ ဖြစ်တယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်နေတဲ့အချိန်မှာ အမေရိကန်အစိုးရနဲ့ ဒီမိုကရေစီ တိုင်းပြည်တွေဟာ ကူညီဖို့ ကျွန်တော်တို့ပြောဖို့ လိုတယ်။ နိုင်ငံတကာက ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ကျွန်တော်တို့ဖာသာ လုပ်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့ အချင်းချင်းကြားမှာ ညီညွတ်ဖို့ လိုတယ်၊ ကျွန်တော်တို့ အချင်းချင်းကြားမှာပဲ အားပြုကြရမှာ ဖြစ်ပါတယ်။

မေး။ ။ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာ့အနေနဲ့ ဖြည့်စွက်ပြီးပြောချင်တာရှိရင် ဖြည့်စွက် ပြီး ပြောပေးပါဦးဗျ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်တော်တို့ ခုနကတင်ပြခဲ့သလိုပဲ စစ်အုပ်စုကတော့ တော်လှန်ရေး အစပိုင်းကနေ အခု ၅၀ ကနေ ၄၀ ၊ ၃၀ တဖြည်းဖြည်း ကျလာပြီ ဖြစ်ပါတယ်။ ဒီစီးပွားရေးဖြစ်စဉ် အပါအဝင် အားလုံးကိုကြည့်ရင် သိနိုင်ပါတယ်။ ကျွန်တော်တို့ကတော့ သုညကနေ ဒီတော်လှန်ရေးကို စခဲ့တယ်။ အခု ၅၀ ကနေ ၆၀ ဒီထက် ဆက်တက်သွားမယ့် အခြေအနေမှာ ရှိတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒီတော်လှန်ရေးမှာ တောင့်ခံနိုင်ဖို့ လိုပါတယ်။ စုစည်းထားနိုင်ဖို့ လိုတယ်။ ဘယ်လိုအကြောင်းအရာတွေပဲ ဖြစ်ဖြစ် ပုဂ္ဂိုလ်ရေး အရပဲဖြစ်ဖြစ် အဖွဲ့အစည်း အရပဲဖြစ်ဖြစ် စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ဒီတော်လှန်ရေးမှာ တောင့်ခံနိုင်မယ် ဆိုရင် ဒီစစ်အာဏာရှင်စနစ်ဟာ မကြာခင် ပြိုကွဲပျက်စီးသွားမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here