ငလျင်ဒဏ်ဆိုးရွားစွာခံစားခဲ့ရသည့် မန္တလေးမြို့နှင့် စစ်ကိုင်းမြို့သို့ ကူညီကယ်ဆယ်ရေးနှင့်ထောက်ပံရေးတွင် ပါဝင်ကူညီလုပ်ဆောင်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး လူမှုကူညီရေးအသင်းဝင် သျှမ်းလူငယ်တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်သွားခဲ့သည့် ၇ ဒဿမ ၇ ရစ်ချ်တာစကေး အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မန္တလေး၊ တံတားဦးနှင့် စစ်ကိုင်းမြို့တို့တွင် အိုးအိမ်တိုက်တာများ အကြီးအကျယ် ပြိုကျပျက်စီးထိခိုက်ခဲ့ပြီး ငလျင်ကြောင့်သေဆုံးသူ ၄၃၀၀ ကျော်အထိရှိလာကြောင်း DVB သတင်းဌာန၏ ဧပြီလ ၉ ရက်နေ့အထိ ပြုစုထားသည့်စာရင်းများအရ သိရသည်။
ငလျင်ဒဏ် ဆိုးရွားစွာခံစားခဲ့ရသည့် မန္တလေးနှင့် စစ်ကိုင်းမြို့သို့ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးအဖွဲ့များစွာ သွားရောက်ကူညီလျက်ရှိရာ ယင်းတို့အထဲတွင် သျှမ်းပြည်မှ ပရဟိတလူမှုကူညီရေးအသင်းများလည်း ပါဝင်ကူညီလုပ်ဆောင်နေသည့် အခြေအနေများနှင့်ပတ်သက်ပြီး လူမှုကူညီရေးအသင်းဝင် သျှမ်းလူငယ်တစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ငလျင်ဒဏ်အကြီးအကျယ်ခံစားခဲ့ရတဲ့ မန္တလေးနဲ့စစ်ကိုင်းဘက်ကို သျှမ်းပြည်ကနေ သွားကူဖြစ်တဲ့အကြောင်းမေးမြန်းချင်ပါတယ်။ လက်ရှိ ငလျင်ဒဏ်သင့်ဒေသတွေမှာ သျှမ်းပြည်က ဘယ်အဖွဲ့တွေ ဝိုင်းကူနေပါလဲ။
ဖြေ ။ ။ သျှမ်းပြည်ကတော့ NMBG ဆိုတာ နမ့်ခမ်းအခြေစိုက် ပရဟိတလူမှုကူညီရေးအသင်း၊ သူတို့ကတော့ အင်အားတောင့်တယ်။ ပြီးတော့ မူဆယ်က H.M.S “ႁႅင်းမိူင်းသႂ်Ó ပရဟိတလူမှုကူညီရေးအသင်း၊ သျှမ်းပြည်က သူတို့နှစ်သင်းဆင်းလာတယ်။ ကျနော်တို့ကတော့ မန္တလေးရောက်သျှမ်းလူငယ်အနေနဲ့ သူတို့ကိုပြန်ပြီးတော့ အားဖြည့်ပေးတာပေါ့။ ကျနော်တို့ မန္တလေးစုရပ်ကနေမှ အတူတူလိုက်ကူပေးတာက တန့်ယန်းလူငယ်များအဖွဲ့နဲ့ ပန်ဆန်းလူငယ်များအဖွဲ့ဆိုပြီး အမျိုးသမီးတွေအဖွဲ့လိုက် အလှူပစ္စည်းနဲ့ငွေအားလည်း တော်တော်များများ ပါဝင်ပေးတယ်။

မေး ။ ။ ငလျင်ဘေးကူညီရေးမှာ ကိုယ်တိုင်ကြုံခဲ့ရ၊ မြင်ခဲ့ရတဲ့ လက်ရှိပြည်သူတွေရဲ့အခြေအနေကို ပြောပြပေးပါဦး။
ဖြေ ။ ။ တော်တော်များများကတော့ ကျနော်တို့လည်းဒေတာမရှိဘူး။ ပျက်စီးမှုအပိုင်းနဲ့ ပတ်သက်ရင်တော့။ ကျနော်တို့သွားကူတာကတော့ လက်လှမ်းမီနိုင်သလောက်တော့ တရက်တရက်ကိုယ်ရတဲ့အချိန်လေး အကုန်လုံး မဟုတ်တောင် တော်တော်များများကူခဲ့ရပါတယ်။ စစ်ကိုင်း၊ တံတားဦးဘက်နဲ့ မန္တလေးမြို့လည်း လှည့်သွားနေ တာ။ တချို့နေရာလည်း အကုန်လုံး အသင်းအဖွဲ့အနေနဲ့သွားပြီးတော့ ပိုလိုအပ်နေတဲ့အိမ်တွေ မိသားစုတွေ အသိုင်းအဝိုင်းတွေ အဲ့လိုမျိုးအကုန်လိုက်ကူတယ်။ ဒီမန္တလေးမှာကြတော့ နမ့်ခမ်းပရဟိတအသင်းကနေ သူတို့ဆီကိုဆက်သွယ်လာပြီးတော့ အကူအညီလှမ်းတောင်းတဲ့ နမ့်ခမ်းကနေရွှေ့ပြောင်းလာတဲ့ အိမ်ထောင်စုတွေ၊ တချို့တအားအခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စုတွေဆိုရင် အသင်းကိုလှမ်းပြီးအကူအညီတောင်းကြတာရှိတယ်။
မူဆယ်အသင်းလဲ ထိုနည်းပါပဲ၊ ဒေတာက အတိအကျသာမသိရတာ။ နမ့်ခမ်းက ပြောင်းလာတယ်ဆိုတာကလည်း အိမ်ထောင်စုတိုင်းတော့ မဟုတ်ဘူး။ ငွေရေးကြေးရေးပိုင်း အဆင်ပြေတဲ့လူကတော့ အဲ့လိုမဆက်သွယ်လာဘူး။ ဆိုလိုချင်တာက တချို့ဒီမှာအိမ်ငှားလာနေတယ်။ သူတို့နေတဲ့အိမ်ကမပြိုဘဲနဲ့ ဘေးအိမ်ကတိုက်တွေကနေမှပြိုပြီး လာပိတယ်။ ဒီကြားကာလထဲမှာ သူတို့အဆင်မပြေတာပေါ့။ ကျွဲဆည်ကန်ဘက်မှာဆိုရင် ကောင်မလေး တစ်ယောက်တည်းအိမ်ငှားလာနေတာ၊ သူတို့ငှားနေတဲ့ထဲမှာ မိသားစုက (၅) ခုလောက်ဖြစ်နေတယ်။ နောက်ပြီး ကျွဲဆည်ကန်မှာ နည်းနည်းချောင်ကျတော့ အလှူရှင်လည်းမရောက်တော့ လှမ်းအကြောင်းကြားလာတဲ့အချိန် အသင်းက ရောက်အောင်သွားပေးခဲ့တယ်။
မန္တလေးရောက်နေတဲ့ သျှမ်းပြည်ဘက်က စစ်ဘေးရှောင်တွေလည်း တော်တော်များများ ပါပါတယ်။ တချို့ စစ်ဘေးရှောင်ကလည်း ကိုယ့်အမျိုးအိမ်မှာ ရှောင်နေတဲ့လူလည်းရှိတယ်။ တချို့လည်း ဘုန်းကြီးကျောင်းမှာ ဆိုတော့ ကိုယ်လက်လှမ်းမီရာ ကိုယ်သိတဲ့ဟာတွေအကုန်သွားပေးပါတယ်။ နောက်ပြီး အပျက်အစီးများတဲ့ မန္တလေးအမရပူရဘက်က တရုတ်ဘုံကျောင်းလည်းသွားပေးတယ်။ တံတားဦး ဘက်ဆိုရင် တမြို့လုံးနီးနီး မြို့အနှံ့ပတ်ခဲ့တာပဲ။ မန္တလေး ဆေးရုံကြီး၊ ၆၂ လမ်းက အရိုးအထူးကုဆေးရုံကြီး၊ စစ်ကိုင်းဆေးရုံကြီးတို့ဆိုရင် အရေးပေါ်လူနာတွေအားလုံးနီးပါးကို တစ်ယောက် ၃ သောင်း၊ ၅ သောင်း အဲ့လိုမျိုး လူနာတိုင်းကိုကူခဲ့ရတာ။
မေး ။ ။ ထောက်ပံ့ကူညီရေးနဲ့ ကယ်ဆယ်ရေးတွေလုပ်တဲ့အချိန်မှာ ကြုံရတဲ့ စိန်ခေါ်မှု၊ အခက်အခဲ၊ အတားအဆီးက ဘာတွေရှိမလဲ။
ဖြေ ။ ။ ကျနော်တို့က လူအင်အားကလည်းများတယ်။ ပြီးတော့ လူငယ်၊ လူလတ်ပိုင်းတွေဆိုတော့ တခါတလေ ညနေစောင်းတာနဲ့ ပင်ပန်းတာကလွဲလို့ တခြားစိန်ခေါ်မှုတော့မရှိဘူး။ ကျနော်တို့ သျှမ်းပြည်ကဆင်းလာတဲ့ အဖွဲ့သားတွေရော အကုန်လုံးက အားကြိုးမာန်တက် နောက်ကနေဝိုင်းကူတယ်။ မန္တလေးကလူတွေလည်း ရှေ့ကနေထွက်ရမယ့်ခရီးစဉ်တွေ ကူရမယ့်ပစ္စည်းတွေ တခါတည်း အစီအစဉ်ဆွဲပြီးသွားတာ။ ကားတစ်စီးဆိုရင် ခြင်ထောင်တွေပဲ ထည့်တာ၊ ဖျာဆိုဖျာ၊ မိုးကာဆိုမိုးကာ ကားအစီးလိုက်သယ်သွားတယ်။ နောက်ပြီး မုန့်၊ ခေါက်ဆွဲ၊ လှူရမယ့်အလှူငွေတွေလည်း အသင်းအဖွဲ့ထဲ တစ်ယောက်ကတာဝန်ယူ၊ ကိုယ့်တာဝန်နဲ့ကိုယ် အသီးသီးခွဲပြီးမှ သွားကြတာ။
အခက်အခဲကတော့ ရေဘေးကူတုန်းလိုမျိုး ကြုံရတယ်။ ကျူးကျော်ရပ်ကွက်တွေ အိမ်ထိခိုက်မှု မရှိတဲ့သူလည်း ထမင်းဘူးလာတန်းစီတာ၊ သွားလှူသွားကူတဲ့ပစ္စည်းတွေ ငွေတွေလည်း ဝိုင်းပြီး လာအုံပြီး ယူတာရှိတယ်။ တချို့ မန္တလေး စိန်ပန်းရပ်ကွက်ဆိုရင်တော့ အိမ်ထောင်စုလိုက်မကူတော့ဘူး။ အဲ့မှာကားဖွင့်လိုက်တာနဲ့ ခြင်ထောင်တွေ၊ စောင်တွေ၊ ဖျာတွေ ကားနောက်ဖုံးတို့ ဘေးတံခါးတို့ ဖွင့်လိုက်တာနဲ့ ပေါ်လာရင် အကုန်ဝိုင်းအုံလာကြတာ။ အဲ့လိုမျိုးကြတော့ လူတအားများလို့ ထိန်းပြီးမှ ကော်မတီမှာပဲ အိမ်ထောင်စု (၄၀၀) ဆို စောင်တွေ၊ ဖျာတွေ၊ ကိုယ်တတ်နိုင်တာလေးတွေ ပုံပြီးတော့ ကျန်တဲ့အိမ်ထောင်စုကိုတော့ ငွေနဲ့ကူခဲ့တာ။
မေး ။ ။ ငလျင်ဘေးသွားကူတဲ့အချိန်မှာ တကယ်အခက်အခဲ ကြုံနေရတဲ့ပြည်သူတွေက ဘယ်လိုထောက်ပံ့ရေးပစ္စည်းတွေ အရေးတကြီး လိုအပ်နေပါလဲ။
ဖြေ ။ ။ စဖြစ်တဲ့ ပထမရက်၊ ဒုတိယရက်တုန်းကတော့ သူတို့အစားအသောက်တွေခက်ခဲတယ်။ ရာသီဥတု ကလည်း ပူတော့လေ။ ဒါပေမယ့် တစ်ပတ်လောက်လည်းနေရော မိုးကလည်းရွာလာတယ်။ မိုးအုံ့လာတယ် အဲ့လိုပုံစံဆိုတော့ မိုးကာတို့၊ ဖျာတို့၊ ခြင်ထောင်တို့ လောလောဆယ် အဲ့လိုမျိုးပိုလိုတယ်။ အစားအသောက် ကတော့ နေ့တိုင်းလိုလို အလှူရှင်တွေရောက်ကြပါတယ်။
ကျနော်ထင်ပါတယ် ထမင်းဗူးတို့ ရေတို့ တချို့ရပ်ကွက်တွေဆိုရင်တော့ လိုအပ်တာထက်ကိုပိုသွားတာပေါ့။ ထမင်းဟင်းနဲ့ပတ်သက်ပြီး နှစ်ရက်ပဲ သျှမ်းထမင်း၊ဟင်းတွေ ဘူးထဲထည့်ပြီး လိုက်လှူတာရှိတယ်။ ကျန်တဲ့ရက် တွေမှာတော့ ပြန်လည်ထူထောင်ရေးအတွက်ပဲ သွားတော့မယ်ဆိုပြီးမှ အဓိက မိုးကာ၊ ဖျာ၊ ခြင်ထောင်တွေ ဦးစားပေးပြီးသွားတာပေါ့။ အစားအသောက်ဆိုရင် မပုပ်မသိုးတဲ့ ခေါက်ဆွဲခြောက် အချိုရည်တို့ပါတယ်။
မေး ။ ။ အခုသွားရောက်ကူညီခဲ့တဲ့မြို့တွေ၊ ဒေသတွေမှာ ဘယ်လောက်အတိုင်းအတာထိ လက်လှမ်းမီ ကူညီထောက်ပံ့ပေးနိုင်ခဲ့လဲ။
ဖြေ ။ ။ တံတားဦးဆိုရင် ကျနော်တို့သွားခဲ့တာ ကျန်တာတောင်လုံးဝမရှိဘူး။ ကိုယ်သိသလောက်တော့ တစ်မြို့လုံးလိုလိုပေါ့၊ အိမ်တိုင်းကိုတော့ မဆိုလိုဘူးပေါ့လေ။ အိမ်ပြိုသွားတဲ့ဟာ၊ တအားကြီး ပျက်စီးသွားတဲ့ဟာ ဆိုရင် လမ်းဘေးမှာ ခေါ်ပြီးမှမလှူဘဲနဲ့ ကျနော်တို့ကအိမ်ရှေ့အထိ ကားတန်းနဲ့လူအားနဲ့ အိမ်ရှင်ဆီတခါတည်း လှူခဲ့တာ။ ဘာမှမဖြစ်တဲ့အိမ်ကြတော့ ကြုံရင်ကြုံသလို ရေသန့်တို့အဲ့လိုမျိုးတော့လှူခဲ့တယ်။ ဖြစ်တဲ့အိမ်ကြတော့ မိုးကာတို့၊ ဖျာတို့ကို အိမ်ရှင်ဆီ တခါတည်းလှူခဲ့တာ။ တံတားဦးမှာကြတော့ အိမ်ရှေ့မှာ တစ်ယောက်နှစ်ယောက် အဲ့လိုမျိုး ထွက်စောင့်နေပြီးသား။ ရပ်ကွက်အလိုက် ဝင်ထွက်ပြီးသွားလှူတာ။ စစ်ကိုင်းကတော့ လှူရတာ သိပ်ပြီးတော့ အဆင်မပြေဘူး။ အဲ့ဒီက ရပ်ကွက်လူကြီးတွေမှာ ဒေတာအတိအကျ မရှိတာတို့ဖြစ်တယ်။
စစ်ကိုင်းမှာတော့ နှစ်ပုံတစ်ပုံလောက်ကူဖြစ်ခဲ့တယ်။ မန္တလေးကတော့ ကွန်ဒိုတို့ လူအများကြီးပျောက်ဆုံးနေတဲ့ တိုက်တို့ဆိုရင် အရေးပေါ်ဆိုပြီး လမ်းပိတ်ထားတာရှိတယ်။ စစ်ကိုင်းဘက် လူအသေအပျောက်များတဲ့ တချို့ ရပ်ကွက်ဆိုရင် အနံ့အသက်တော့ရှိတယ်။ ဘုရားကြီးအရှေ့မြောက်ဘက် အဲ့ဘက်ထောင့်တွေမှာတော့ စဖြစ်ပြီး နှစ်ရက်သုံးရက်ကတည်းက ခုထက်ထိကို အနံ့အသက်တွေကျန်သေးတယ်။ အလောင်းတွေထုတ်တဲ့အပိုင်းကြ တော့လည်း ကျနော်တို့က အဲ့ဘက်မရောက်ဘူးဆိုတော့ အဓိက အစားအသောက်လှူတာ၊ ငွေသားတို့ ထောက်ပံ့ရေးအပိုင်းပဲသွားရသေးတယ်၊ ကျန်တဲ့အခြားကိစ္စတွေတော့ သိပ်မသိရဘူး။
မေး ။ ။ နိုင်ငံတကာအကူအညီပေးတဲ့အဖွဲ့တွေ၊ တခြား ပြည်တွင်းအဖွဲ့အစည်းတွေနဲ့ ဘယ်လို ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိပါလဲ။
ဖြေ ။ ။ ပြည်တွင်းအဖွဲ့အစည်းတွေထဲမှာဆိုရင် ကိုဝေဠုကျော်တို့အဖွဲ့နဲ့ တံတားဦးဘက် အတူသွားဖြစ်တယ်။ သူကလည်းလာတာဆိုတော့ သူ့အသင်းအဖွဲ့ကားတစ်စီးနဲ့ အတူသွားကြတာ။ နိုင်ငံခြားအဖွဲ့ဆိုရင်တော့ မူဆယ်ဘက်ကဝင်လာတဲ့ တရုတ်ကကယ်ဆယ်ရေးအဖွဲ့ကိုတော့ Shan State Off-Road အဖွဲ့က နယ်ဘက်အထိ သွားကြိုရတာ။ အဓိက ဒီမန္တလေးကနယ်ခံတွေဆိုတော့ သူတို့အတွက်အဆင်ပြေအောင် ကူညီပေးတာရှိတယ်။ သူတို့အတွက် သွားရေးလာရေးပေါ့။ တရုတ်နယ်စပ် သျှမ်းပြည်ကနေ မန္တလေးတိုင်းအထိ ကျနော်တို့ သွားခေါ်ပေး ခဲ့ရတယ်။
နယ်စပ်မှာသွားကြိုတုန်းက ညအချိန်တောင်ရှိပြီ၊ လမ်းမှာလာတော့ ကားတစ်စီးမှမရှိတော့ဘူး။ နယ်စပ်က ဂိတ်မှာတော့ တော်တော်ပြောယူရတယ်၊ အရေးပေါ်ချက်ချင်းလာရတာဆိုတော့ သူတို့ကအရေးပေါ် ကယ်ဆယ်ရေးဆိုတော့ အမြန်ဆင်းလာတော့ တချို့တပ်က သူတို့ဆီသတင်းမရောက်သေးတာရှိတယ်။ အဲ့လိုမျိုးကြတော့ နားလည်အောင်လည်း တော်တော်ပြောယူရတယ်။ မန္တလေးအဝင်မှာတော့ သူတို့က သံရုံးနဲ့ ချိတ်ပြီး အလုပ်လုပ်တာဆိုတော့ ရှေ့မှာနယ်မြေခံရဲတွေ ပွိုင့်ကားတစ်စီးလည်း လာကြိုပေးပါတယ်။
မေး ။ ။ ငလျင်လှုပ်ခတ်ခဲ့တာဆိုရင် အခုဆိုနှစ်ပတ်ရှိလာပြီ၊ ငလျင်နောက်ဆက်တွဲ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီး သွားလှူခဲ့တဲ့ဒေသတွေမှာ ဘယ်လိုကူးစက်ရောဂါတွေဖြစ်ပွားနေလဲ၊ ဆေးကုသမှုအခြေအနေရော ဘယ်လိုရှိပါလဲ။
ဖြေ ။ ။ အဲ့အပိုင်းနဲ့ပတ်သက်ရင် ဆေးရုံကြီးမှာလည်း အလှူရှင်အများကြီး ရှိပါတယ်။ ကျနော်ထင်ပါတယ် ဆေးရုံကြီးကိုတော့သွားကြမှာ။ အဓိက စစ်ကိုင်းမြို့လို၊ တံတားဦးမြို့လိုကတော့ သူတို့အဓိက အားထားတာက ပြည်သူ့ဆေးရုံကြီးပဲလေနော်။ ရေတွေ၊ အစားအသောက်တွေနဲ့ ကျနော်တို့ပါတဲ့ဟာတွေ ဆေးရုံကြီးမှာလည်း လှူဖြစ်ပါတယ်။ ကူးစက်ရောဂါနဲ့ ပတ်သက်ပြီးတော့ သိပ်ပြီးမမြင်မတွေ့ခဲ့ရဘူး။ သတင်းထဲမှာတော့ အဓိက စိုးရိမ်ရတဲ့အနေအထားမှာလို့ ပြောတာပါ။ တံတားဦးနဲ့ စစ်ကိုင်းဆိုရင်လည်း ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်တွေလည်း နေ့တိုင်းရောက်နေတာပဲ။
ဆေးဝါးနဲ့ပတ်သက်လာရင် ကျနော်တို့က ဖြစ်တဲ့အိမ်တွေကိုတော့ သီးသန့်သွားမလှူတော့ဘူး။ တံတားဦး ဆိုရင်လည်း ပြည်သူ့ဆေးရုံကြီးမှာ ဆေးရုံအုပ်နဲ့ တခါတည်းလှူခဲ့လိုက်တာ။ ငလျင်ဒဏ်သင့်တဲ့ ပြည်သူ အယောက်တိုင်းကို ငွေသားနဲ့ကူခဲ့တာရှိတယ်။ ဆေးဝါးနဲ့ ပတ်သက်ရင်တော့ စစ်ကိုင်းမှာလည်း အဲ့တိုင်းပဲ လှူခဲ့တာ။ မိုးရွာရင်တော့ ကူးစက်ရောဂါတွေ စိုးရိမ်ရတယ်၊ အလောင်းမထုတ်ရသေးတဲ့ တချို့တိုက်တွေ ဆိုရင်လည်း အနံ့အသက်ကောင်းလာမှာမဟုတ်ဘူး။
မေး ။ ။ မန္တလေးဘက်ကို စစ်ရှောင်သွားကြပြီး ငလျင်ဒဏ်ထပ်ခံရတဲ့ သျှမ်းပြည်ကစစ်ဘေးရှောင်တွေ အခက်အခဲတွေက ဘာတွေရှိမလဲ။
ဖြေ ။ ။ အဆင်မပြေတဲ့မိသားစု တော်တော်များများကတော့ ဘုန်းကြီးကျောင်းမှာပဲစုနေကြတယ်။ တချို့ကလည်း စစ်ဘေးရှောင်လာရင်းနဲ့ ငလျင်ဘေးထပ်ကြုံတော့ ကိုယ့်ခင်မင်ရာ ဆွေမျိုးအသိုင်းအဝိုင်းတွေမှာ သွားနေ၊ တိုက်တွေကလည်း တော်တော်များများအက်ကွဲကြောင်းတွေဖြစ်သွားလို့ မနေရဲကြဘူး။ အပျက်အစီး မရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာစုပြီး သွားနေကြတယ်။
တချို့ဘုန်းကြီးကျောင်းမှာ လူဦးရေ ရာဂဏန်းရှိတယ်။ မန္တလေးတောင်ခြေဘက်က စိတ္တသုခသျှမ်းကျောင်း မှာလည်း ၁၀၀ ကျော်ရှိတယ်၊ တချို့ကလည်း စစ်ဘေးရှောင်လာရင်း ငလျင်ဘေးထပ်တွေ့တော့ အိမ်မှာ မနေရဲတော့ဘူး။ အိမ်မှာနေရင် အန္တရာယ်ရှိမှာစိုးလို့ ဘုန်းကြီးကျောင်းမှာစုနေကြတာ။
မေး ။ ။ ငလျင်ဒဏ်ကူညီရေးနဲ့ပတ်သက်ပြီး မမေးမိတာ၊ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ကျနော်တို့က နမ့်ခမ်း၊ မူဆယ်၊ တန့်ယန်း၊ ပန်ဆန်း ဒီဘက်က လူငယ်တွေပေါ့လေ။ မန္တလေး၊ စစ်ကိုင်း၊ တံတားဦးဘက် ကူလာတာဆိုရင် တစ်ပတ်ကျော်ရှိပြီ၊ ပလိပ်ဘက်လည်း ရောက်ခဲ့သေးတယ်။ အကုန်လုံးက ချစ်ချစ်ခင်ခင် အားတက်သရောကူကြတာပဲ၊ ပင်လည်းပင်ပန်းတယ်၊ ပျော်လည်းပျော်ရတာပေါ့ အများကို ကူရတာဆိုတော့။ သွားကူတဲ့ နေရာတိုင်းကလည်း လူတွေက ဝမ်းသာတာပေါ့လေ။ တံတားဦးမှာ တအိမ်ဝင် တအိမ်ထွက်သွားလှူတော့ အမေကြီးတွေ ဦးလေးကြီးတွေက ပြောကြတယ်။ သျှမ်းပြည်မှာ ဒီလောက် စစ်ဖြစ် နေတာ ငါတို့တောင်တခါမှမရောက်ခဲ့ဖူးဘူး၊ ဘယ်သူမှလည်း တကူးတကသွားမကူကြဘူးတဲ့။ ကိုယ့်အလှည့် ဖြစ်တော့ ခဲရာခဲဆစ်အခြေအနေ လုံးဝမဟန်တဲ့နယ်မြေကနေ ဒီအထိတကူးတက လာကူပေးကြတယ်ဆိုပြီး တချို့အိမ်တွေဆို ဝမ်းသာလွန်းလို့ငိုကြတယ် မျက်ရည်ကျတာတွေရှိတယ်။
ကျနော်တို့ အစီအစဉ်စဆွဲကတည်းကလည်း တရုတ်နဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းတွေ၊ စစ်ကိုင်းမှာဆိုရင်လည်း မွတ်စလင်တွေနေတဲ့အသိုင်းအဝိုင်းတွေ အစရှိသဖြင့်ပေါ့လေ သျှမ်းတို့၊ ဗမာတို့ အဲ့လိုမခွဲခြားဘဲနဲ့ ပိုပြီးတော့ ခက်ခဲတဲ့၊ ပိုပြီးတော့လိုအပ်တဲ့ တိုက်တွေပြိုတာအိမ်တွေပြိုတာ အဓိက အဲ့လိုမျိုးတွေရွေးသွားတာ။ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ တကယ်ခက်ခဲတဲ့လူတွေ တော်တော်များများကို ကူဖြစ်ခဲ့တယ်။ တချို့ကျတော့လည်း ပြောမှာပေါ့ သျှမ်းပြည်ကဆင်းလာတာ သျှမ်းအသိုင်းအဝိုင်းကိုပဲကူတာ အဲ့လိုမျိုးတော့ မဟုတ်ရဘူး။ ဘာလို့လဲဆိုတော့ မူဆယ်၊ နမ့်ခမ်းဆိုတာကလည်း လူမျိုးပေါင်းစုံနေထိုင်တာကိုး။ ဒီမှာလည်းတူတူပဲဆိုတော့ ခက်ခဲတဲ့နေရာတွေကို ရွေးပြီး အများပြည်သူကလှူထားတဲ့ငွေနဲ့ပဲ အားလုံးအတွက်သွားလှူကြတာ သွားကူကြတာ။ မကြာခင်လည်း အင်းလေးဘက်ကို သွားလှူဖို့ရှိပါသေးတယ်။
မေး။ ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။