ရွှေကူအရှေ့ဘက်ခြမ်း ကျေးရွာများရှိ တိုက်ပွဲအခြေအနေအပေါ် ရွှေကူဒေသခံတစ်ဦးနှင့် အမေးအဖြေ
ကချင်ပြည်နယ် ရွှေကူမြို့နယ်အရှေ့ဘက်ကျေးရွာများတွင် စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်လမှ စတင်ကာ စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့နေသည့်အပြင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုတို့ကြောင့် ကျေးရွာအများအပြား မီးလောင်ပျက်စီးသွားခဲ့သည်။ မီးရှိုခံရသော ကျေးရွာဒေသခံများသည် ရွှေကူမြို့နှင့် ၉ မိုင်ခန့်သာ ကွာဝေးသော ရွှေကူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြသလို ထိုစစ်ရှောင်များအနက် အချို့ကိုလည်း စစ်တပ်က ဖမ်းဆီးထားသည်။
ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၂ နယ်မြေတွင် စစ်တပ်က ရက် ၂ ပတ်ကြာ ထိုးစစ်ပြီးနောက် ဧပြီလ ၁၀ ရက်နေ့တွင် စစ်ကြောင်းတချို့သည် ရွှေကူမြို့ဘက်သို့ စစ်ကြောင်းပြန်လည်ဆုတ်ခွာလာခဲ့သည့်အခြေအနေနှင့် ပတ်သက်ပြီး ရွှေကူဒေသခံ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို မေးမြန်းထားပါသည်။
မေး။ ရွှေကူအရှေ့တောင်ဘက်ကို ဘာကြောင့် ဖိပြီးစစ်ကြောင်းထိုးနေတာလဲဆိုတာကို သုံးသပ်ပေးလို့ရမလား။
ဖြေ။ အဲဒါတော့ မပြောတတ်ဘူး။ သူတို့ဘာလုပ်ချင်နေမှန်း မသိဘူး။ အရင်ကတော့ စစ်ကြောင်းထိုးပြီး ပြန်ဆုတ်သွားလိုက်နဲ့ ဘာမှမဖြစ်ဘူး။ ဒီတစ်ခေါက်တော့ ဒီဘက်ကလည်း ခံပြီးတိုက်တော့ တိုက်ပွဲတွေဖြစ်ပြီး ရွာတွေမီးရှို့ခံရတာပေါ့။ တိုက်ပွဲမှာ သူတို့(စစ်ကောင်စီတပ်)အထိနာပြီး ရွာတွေအကုန်လုံးကို လိုက်ဖျက်တာ။ သူတို့က စစ်ကြောင်းထိုးတာကို တောဘက်ကနေမထိုးဘဲ ရွာတွေကနေ ထိုးတာ။ သူတို့က တောထဲကို မဝင်ရဲဘူး။ အခုရွာတွေကုန်သွားတော့ မြို့ထဲကို ပြန်ဆုတ်သွားတာ။
မေး။ ရွှေကူအရှေ့တောင်ဘက်ကျေးရွာတွေမှာ လက်ရှိတိုက်ပွဲအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ အခုလက်ရှိက စစ်ကြောင်းတော့ ပြန်ဆုတ်နေပြီ။ ဒါပေမယ့် ရွာတွေကမရှိတော့ဘူး။
မေး။ မတ်လ (၂၃) ရက်နေ့ကနေ စစ်ကြောင်းထိုးခဲ့တာဆိုတော့ လက်ရှိမြေပြင်အခြေအနေဘယ်လိုရှိပါသလဲ။
ဖြေ။ ကျေးရွာပေါင်း (၁၀) ရွာနီးပါး အဲ့ထက်လည်းကျော်ရင်ကျော်နိုင်တယ် လုံးဝကို ပျက်စီးသွားတာက (၈) ရွာလောက်ရှိတယ်။
မေး။ မနေ့တစ်နေ့ကထိ လေယာဉ်နဲ့ပစ်နေတယ်လို့ပြောတယ်၊ အခြေအနေဘယ်လိုရှိသလဲ။
ဖြေ။ တိုက်ပွဲဖြစ်ပြီးနောက် (၃) ရက်လောက်ကစပြီးတော့ လေယာဉ်စပစ်တယ်။ သူတို့တွေအထိနာပြီးတဲ့နောက်ပိုင်း မနက်ရော၊ ညရော နေ့တိုင်းလာပစ်တယ်။ တစ်ချို့ရက်တွေဆို (၇) ကြိမ်လောက်လာချတယ်။
မေး။ လေယာဉ်နဲ့ လာပစ်တော့ မြေပြင်တိုက်ခိုက်မှုတွေ ဘယ်လောက်ထိရှိသလဲ။
ဖြေ။ ရွာတွေအကုန်မီးလောင်သွားတာပေါ့။ လေကြောင်းကနေ ပစ်တော့ နေအိမ်တွေ မီးလောင်တယ်။ မီးမကူးပဲကျန်နေတဲ့ အိမ်တွေကျတော့ သူတို့တွေဝင်ပြီး မီးရှို့ပစ်တယ်။
မေး။ တိုက်ပွဲကြား ဒေသခံတွေရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။
ဖြေ။ ဘုန်းကြီးကျောင်းတွေမှာတော့ နေလို့မရဘူး။ ဆွေမျိုးတွေဆီမှာ နေကြတယ်။ ပိုက်ဆံရှိတဲ့သူတွေကျ အိမ်ငှားနေကြတယ်။ တစ်ချို့ဆွေမျိုးတွေမရှိတဲ့သူတွေက ဖြစ်သလိုပေါ့ဗျာ ရွာပြင်မှာပဲနေရတယ်၊ မြို့ထဲမှ အဝင်မခံဘဲ။
မေး။ စစ်ကြောင်းတစ်ချို့လည်း ပြန်ဆုတ်သွားပြီဆိုတော့ ဒေသခံတွေ ရွာထဲပြန်ဝင်လာဖို့ အခြေအနေရှိသလား။
ဖြေ။ မရှိဘူး။ ဘာလို့လဲဆိုတော့ နေစရာအိမ်မှ မရှိတော့တာ။ ပြန်ပြီးအိမ်တွေပြန်ဆောက်ပြီး နေမယ်ဆိုလည်း နောက်တစ်ခေါက် စစ်ကြောင်းဝင်ပြီး ပြန်ရှို့ခံရမှာပဲ။
မေး။ ဆက်လက်ပြီး တိုက်ပွဲအခြေအနေက ဘယ်လိုရှိနိုင်သလဲ။
ဖြေ။ သူတို့ဘက်က စစ်ရေးလှုပ်ရှားတာတွေရှိနေသရွေ့တော့ တိုက်ပွဲတော့ဖြစ်လာနိုင်သေးတယ်။
မေး။ တိမ်းရှောင်နေရတဲ့ပြည်သူတွေအတွက် အစားသောက်နဲ့ ဆေးဝါးအကူအညီတွေက ဘယ်လိုရှိသလဲ။
ဖြေ။ တစ်ချို့က ဆွေမျိုးတွေဆီမှာ နေကြတယ်။ ပိုက်ဆံမရှိတဲ့သူတွေက ချေးငှားပြီးနေကြတာပေါ့။ မြို့ထဲမှာလည်း စစ်သားတွေရှိတယ်။ ည (၇) နာရီဆို အပြင်မထွက်ရတော့ဘူး။ မာရှယ်လောထုတ်ထားတယ်။
မေး။ ဖြည့်စွက်ပြောစရာများရှိရင် ပြောပေးပါ။
ဖြေ။ ထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက်ပေါ့။ မြို့ထဲကလည်း အဲလောက်ထိ မကူညီနိုင်ဘူး။ ကူညီချင်ရင်တောင် ပိတ်ပင်ထားတာတွေရှိတယ်။ စစ်ရှောင်တွေလည်း မြို့ထဲအရမ်းမဝင်ရဲဘူး။ ဘာလို့လဲဆိုတော့ စစ်ရှောင်တွေဆိုရင် စစ်ဆေး ဖမ်းဆီးရိုက်နှပ်တာတွေရှိတယ်။
KNG – ပေးပို့သည်။

