28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“တစ်နှစ်မှာအနည်းဆုံး နိုင်ငံရေးအကျဉ်းသားသေဆုံးမှုက ၂၀ ကနေ ၃၀ ဦး ဝန်းကျင်ကြား ရှိနေတယ်။ ဒါဟာ အရမ်းကိုဆိုးဝါးတဲ့ သေဆုံးမှုတွေဖြစ်တယ်။ ၂၀၂၄...

“တစ်နှစ်မှာအနည်းဆုံး နိုင်ငံရေးအကျဉ်းသားသေဆုံးမှုက ၂၀ ကနေ ၃၀ ဦး ဝန်းကျင်ကြား ရှိနေတယ်။ ဒါဟာ အရမ်းကိုဆိုးဝါးတဲ့ သေဆုံးမှုတွေဖြစ်တယ်။ ၂၀၂၄ တစ်နှစ်တည်းမှာ အနည်းဆုံး ၃၅ ဦးခန့်ဟာ အကျဉ်းထောင်ထဲမှာ လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အတွက် သေဆုံးခဲ့ပါတယ်။” ကိုသိုက်ထွန်းဦး (ဦးဆောင်ကော်မတီဝင်/ PPNM – မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်)

စစ်ကောင်စီလက်အောက် အကျဉ်းထောင်များအတွင်းကျူးလွန်လျက်ရှိနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစုထောင်ဝင်စာတွေ့ဆုံခွင့် အခြေအနေတို့နှင့်ပတ်သက်ပြီး PPNM ဦးဆောင် ကော်မတီဝင် ကိုသိုက်ထွန်းဦးနှင့် ဆက်သွယ်မေးမြန်းချက်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ခဲ့သည့် စစ်ကောင်စီ၏ နိုင်ငံအာဏာသိမ်းယူမှုသည် ယခု ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းသက်တမ်းကာလ ၄ နှစ်ကျော်သို့ပင် ရောက်ရှိလာပြီဖြစ်သည်။

စစ်အာဏာသိမ်းမှုကို လက်မခံဘဲ ဆန္ဒပြဆန့်ကျင်ခဲ့ကြသည့် ပြည်သူများကို စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ် မှုများဆက်တိုက်လုပ်ဆောင်ခဲ့ပြီး နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးထံ ပို့ဆောင်ခဲ့ပြီး ထောင်တွင်း၌ လူ့အခွင်အရေးချိုးဖောက်မှုတို့ကို ကျုးလွန်လုပ်ကိုင်နေသည်။

စစ်ကောင်စီ၏ အကျဉ်းထောင်များအတွင်း အကျဉ်းသားများအပေါ် ကျူးလွန်နေသည့် လူ့အခွင့်အရေးချိုးဖောက် မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ မိသားစုနှင့် ထောင်ဝင်စာတွေ့ဆုံခွင့် အခြေအနေတို့နှင့် ပတ်သက်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင်ကိုသိုက်ထွန်းဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ လက်ရှိ တစ်နိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်ထဲကအကျဉ်းသားတွေရဲ့ အခြေအနေကို ရှင်းပြပေးပါ။

ဖြေ။ ။ အာဏာသိမ်းပြီးကတည်းက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်တဲ့ ဖိနှိပ်ယန္တရားအဖြစ် ပြောင်းလဲသွားတယ်။ ဒုတိယကမ္ဘာစစ်ပွဲကာလတုန်းက ဂျူးလူမျိုးတွေကို နာဇီတွေ ဆက်ဆံ သလို လက်ရှိမှာ နိုင်ငံရေးခံယူချက်မတူတဲ့အပေါ်မှာ နိုင်ငံရေးအကျဉ်းသားတွေအပေါ် စစ်ကောင်စီကို ထောက်ခံတဲ့ စစ်ကောင်စီရဲ့ယန္တရားမှာ ပါဝင်လည်ပတ်နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေရဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေတဲ့ အခြေအနေဖြစ်ပါတယ်။

မေး။ ။ ထောင်ဝင်စာတွေ့ခွင့် အခြေအနေကရော ဘယ်လိုတွေ့ရပါလဲ။

ဖြေ။ ။ ထောင်ဝင်စာတွေခွင့်ကို တစ်လတကြိမ်ခွင့်ပြုထားတယ်။ သို့သော်လည်းပဲ တချို့ထောင်တွေမှာ လုံခြုံရေးကိုအကြောင်းပြပြီးမှ ထောင်ဝင်စာတွေ့ခွင့်တွေကို ကန့်သတ်တာမျိုးဖြစ်ခဲ့တယ်။ အထူးသဖြင့် စစ်ရေး တင်းမာနေတဲ့ ပြည်နယ်တွေက ထောင်တွေမှာဆိုရင် တွေ့ခွင့်မရတဲ့အခြေအနေမှာရှိတယ်။ ၂၀၂၄ ခုနှစ်ကဆိုရင် လွိုင်ကော်အကျဉ်းထောင်နဲ့ ရွှေဘိုအကျဉ်းထောင်တွေမှာ ထောင်ဝင်စာတွေ့ခွင့် မရဘူး။ ရွှေဘိုအကျဉ်းထောင်မှာ ဒီလ (ဖေဖော်ဝါရီ) အစမှာတော့ ထောင်ဝင်စာတွေ့ခွင့်တွေ ပြန်ရတယ်လို့သိရပေမယ့် လွိုင်ကော်အကျဉ်းထောင် မှာတော့ ရ/ မရ ကို အခုချိန်တော့ မကြားရသေးပါဘူး။

မေး။ ။ အကျဉ်းသားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အကျဉ်းထောင်ထဲမှာတော့ ဘယ်ရောဂါမျိုးပဲဖြစ်ဖြစ် ပါရာကတ်ဆေးတစ်မျိုးပဲပေးနိုင်တဲ့ အခြေအနေ မျိုးဖြစ်တယ်။ ဗဟိုထောင်တွေမှာတောင် ဆရာဝန်အင်အားက အရမ်းနည်းတဲ့အခါ ထောင်အငယ်တွေမှာ ဆရာဝန် မရှိတဲ့ထောင်တွေ အများကြီးဖြစ်နေတယ်။ ဒါကြောင့်မို့ အရေးပေါ်ဖြစ်တဲ့ အခြေအနေမှာ ဆရာဝန်တွေ အချိန်မီ မရောက်လာတာ၊ ထောင်ကို မိသားစုဝင်တွေပေးပို့တဲ့ ဆေးဝါးတွေပိတ်ပင်တာ၊ ကန့်သတ်တာ အကျဉ်းသားတွေ လက်ထဲကို အပြည့်အဝမရောက်ရှိတာတွေကြောင့် နိုင်ငံရေးအကျဉ်းသားသေဆုံးမှုတွေ မြင့်တက်ပါတယ်။

တစ်နှစ်မှာအနည်းဆုံး နိုင်ငံရေးအကျဉ်းသားသေဆုံးမှုက ၂၀ ကနေ ၃၀ ဦး ဝန်းကျင်ကြား ရှိနေတယ်။ ဒါဟာ အရမ်းကိုဆိုးဝါးတဲ့ သေဆုံးမှုတွေဖြစ်တယ်။ ၂၀၂၄ တစ်နှစ်တည်းမှာ အနည်းဆုံး ၃၅ ဦးခန့်ဟာ အကျဉ်းထောင်ထဲ မှာ လုံလောက်စွာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အတွက် သေဆုံးခဲ့ပါတယ်။

မေး။ ။ ပုသိမ်ထောင်မှာ အကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဆိုးရွားနေတယ်လို့သိရတယ်။ ဒီအခြေအနေလည်းတွေကိုလည်းသိပါရစေ။

ဖြေ။ ။ ပုသိမ်အကျဉ်းထောင်ဟာ စစ်တွေထောင်ကနေပြောင်းလာတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် တခြားရာဇဝတ်သားတွေလည်း စုံပြုံထားတဲ့နေရာတစ်ခု ဖြစ်နေတယ်။ ဆိုတော့ ထောင်မှာ ပျမ်းမျှလူဦးရေ ၆၀ ထားတဲ့နေရာမှာ လက်ရှိမှာ လူ ၈၀ နဲ့ ၁၀၀ ကြားထားနေတဲ့ အခြေအနေဖြစ်တယ်။ ဒီအခြေအနေမှာ အကျဉ်းသား တွေ အိပ်ရတာကအစ စားသောက်ရတာအဆုံး အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အခုဆိုရင် ထောင်ကို လုံခြုံရေးတင်းကြပ်တယ်။ စစ်ပွဲတွေရောက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်ချက်တွေနဲ့ ထောင်ပတ်ပတ်လည်မှာ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေတူးပြီးမှ စစ်ပြင်တာမျိုး လုပ်နေတယ်။ မိသားစုတွေ ပေးပို့တဲ့ ပါဆယ်တွေကိုလည်း ကန့်သတ်တာမျိုး လုပ်နေတဲ့အတွက် အထဲမှာတော့ စားဝတ်နေရေး အခက်အခဲ ပိုမိုရင်ဆိုင်နေရတဲ့ အခြေအနေမှာရှိတယ်။

မေး။ ။ အခုလို အကျဉ်းသားတွေ ဥပဒေပါအခွင့်အရေးတွေ ချိုးဖောက်ခံနေရမှုအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ အာဏာသိမ်းပြီးကတည်းက အကျဉ်းထောင်လက်စွဲဥပဒေအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ဥပဒေတွေ အားလုံးဟာ စာရွက်ပေါ်မှာရှိတဲ့ စာသားအဖြစ်ပဲ ပြောင်းလဲသွားတာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ အကျဉ်း ထောင်ဥပဒေအားလုံးဟာ အသက်ဝင်တဲ့အခြေအနေ ရှိမနေတော့ဘူး။ ဒါကြောင့် အကျဉ်းထောင်ထဲမှာရှိတဲ့ အကျဉ်းသားတွေရဲ့ အခွင့်အရေးချိုးဖောက်မှုတွေ ပိုမိုများပြားလာတာ ဖြစ်ပါတယ်။

မေး။ ။ အကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ပတ်သက်လို ထုတ်ဖော်ပြောဆိုမှုပိုင်းမှာရော ဘယ်လောက်ထိ အားနည်းသွားပါလဲ။

ဖြေ။ ။ အကျဉ်းသားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျနော်တို့လည်း မျက်ခြေမပြတ်စောင့်ကြည့် နေပေမဲ့ လုံခြုံရေးတင်းကြပ်တာမျိုး၊ ထောင်သတင်းတွေကို အပြင်မပြန့်အောင် ထောင်အာဏာပိုင်တွေ လုပ်ဆောင်လာတဲ့အတွက် နည်းနည်းတော့ခက်ခဲလာတယ်။ ဒါပေမဲ့ အားနည်းသွားတဲ့ အခြေအနေမျိုးတော့ မဟုတ်သေးဘူး။ နည်းနည်းလေးတော့ ခက်ခဲသွားတဲ့အခြေအနေမျိုး ရှိပါတယ်။

မေး။ ။ အကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာနဲ့ပတ်သက်လို့ PPNM အနေနဲ့ ဘာတွေ လုပ်ဆောင်ပေးနေပါလဲ။

ဖြေ။ ။ အကျဉ်းသားတွေ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေနဲ့ပတ်သက်လို့ ကျနော်တို့ အမြဲတမ်း စောင့်ကြည့်ပြီးတော့ မှတ်တမ်းတင်တယ်။ ထုတ်ပြန်လို့ရတဲ့ အချက်အလက်တွေကို ထုတ်ပြန်တယ်။ သိမ်းဆည်းထားရမယ့်အချက်တွေကို သိမ်းဆည်းပြီးတော့ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံပြီးတော့ ပေးပို့တာမျိုးတွေလည်း လုပ်ဆောင်နေပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ အကျဉ်းထောင်ထဲကလုပ်ရပ်တွေအပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီဟာ အကြမ်းဖက်လုပ်ရပ် တွေကို လုပ်ဆောင်လာတာဖြစ်ပါတယ်။ အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်လာတဲ့အပြင် ငြိမ်းချမ်းစွာဆန္ဒပြ သူတွေကို လူမဆန်တဲ့သတ်ဖြတ်မှု ဆိုးဆိုးဝါးဝါးကျူးလွန်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ဒါကြောင့် လက်ရှိ အကျဉ်းထောင်ထဲမှာရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ အသက်ရှင်သန်ပိုင်ခွင့်တွေ ဆုံးရှုံးနေတဲ့အပြင် စစ်ကောင်စီက အချိန်ပြည့်ထုတ်ထားလို့ရတဲ့အခြေအနေတွေကို ဖန်တီးထားတာဖြစ်တဲ့အတွက် အကျဉ်းထောင် ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသား/သူတွေဟာ အသက်ရှင်သန်ပိုင်ခွင့်တွေပါ အာမခံချက်မရှိဘဲနဲ့ ဆုံးရှုံးလျက်ရှိနေတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ကျူးလွန်တဲ့ပြစ်ဒဏ်တွေကို တရားမျှတမှုရှိတဲ့ စနစ်အောက်မှာ အမြန်ဆုံး ပြန်လည်ခံယူဖို့နဲ့ အာဏာသိမ်းထားတဲ့ အာဏာအရပ်ရပ်ကို ပြည်သူတင်မြှောက်ထားတဲ့အစိုးရဆီ အမြန်ဆုံး လွှဲပြောင်းအပ်ဖို့ ကျနော်တို့ပြောချင်ပါတယ်။ နောက်တစ်ခုက အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့လည်း မိမိ တို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေကို ပြည်သူ့တရားစီရင်ရေးအောက်မှာ အမှုရင်ဆိုင်ဖို့ ပြောချင်ပါတယ်။

မေး။ ။ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်နေမှုတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အရေးယူအပိုင်းအပေါ် ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ လက်ရှိအခြေအနေမှာ နိုင်ငံတကာက စစ်ကောင်စီရဲ့အရေးကြီးတဲ့ လေယာဉ်ဆီဖြတ်တောက်မှုကို တောင် ထိရောက်စွာမလုပ်နိုင်သေးဘူး။ စစ်ကောင်စီကို ထိထိရောက်ရောက်မလုပ်နိုင်သေးတဲ့ အခြေအနေမျိုးမှာ တော့ အကျဉ်းထောင်ကိုအာရုံစိုက်မှုက ပိုပြီးတော့နည်းတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အနေနဲ့ မြန်မာပြည်အရေးကို ပိုပြီးမှအားစိုက်ပေးကြဖို့၊ မြန်မာပြည်အရေးထဲမှာလည်း အကျဉ်းထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို မေ့မထားကြဖို့ တိုက်တွန်းလိုပါတယ်။

မေး။ ။ အကျဉ်းသားအရေးနဲ့ပတ်သက်လို ဘာများဖြည့်စွက်ပြောချင်ပါလဲ။

ဖြေ။ ။ အကျဉ်းထောင်ထဲက နိုင်ငံရေး အကျဉ်းသား/သူတွေဟာ အခက်အခဲများစွာနဲ့ ရင်ဆိုင်နေရတယ်။ အလားတူပဲ အကျဉ်းထောင်ရဲ့အပြင် အကျယ်ထောင်မှာရှိတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေဟာလည်း အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတယ်။ ဒါကြောင့် အပြင်မှာခက်ခဲနေတဲ့ ပြည်သူတွေအနေနဲ့လည်း အထဲက ရဲဘော်တွေ ပိုပြီးခက်ခဲနေတာဖြစ်တဲ့အတွက် တတ်နိုင်သမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့၊ ထောင်သတင်း ကို အမြဲတမ်းနားစွင့်ပေးကြဖို့ ကျနော်တို့တောင်းဆိုချင်ပါတယ်။

အောင်ထိန် (DMG) ပေးပို့သည်။