“ဆွေးနွေးနေတယ်ဆိုတဲ့ဟာက ဘာပဲဖြစ်ဖြစ် ရလဒ်မထွက်တာတောင်မှ စစ်မတိုက်ဘူးဆိုတာကို ထိန်း ထားနိုင်တယ်ဆိုတာက တကယ်အရေးကြီးတာ ဖြစ်တယ်။ စစ်တိုက်လို့ရှိရင် နိုင်ဖို့တော့ မရှိဘူး။ ဘယ်သူ့ကိုမှ မနိုင်ဘူး” ဗိုလ်မှူးကြီးခွန်ဥက္ကာ (အဖွဲ့ဝင်၊ PPST ဦးဆောင်မှုကော်မတီ)

By MPM 10 ဇန်နဝါရီ, 2023 👁

PPST ဦးဆောင်မှု ကော်မတီ အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် အမေးအဖြေ

“စစ်အာဏာရှင်စနစ်အဓွန့်ရှည်ရေးအတွက် အသုံးချခံငြိမ်းချမ်းရေး” အမည်ရှိ သုတေသနစာတမ်းကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်တွင် BNI-Myanmar Peace Monitor မှ ထုတ်ဝေခဲ့ပါသည်။ စစ်အာဏာရှင်စနစ် အဓွန့်ရှည်ရေးအတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို စစ်အုပ်စုအနေဖြင့် အသုံးချနေသလား ဆိုသည့် မေးခွန်းအတွက် အနီးစပ်ဆုံးအဖြေထုတ်ရန် ကြိုးပမ်းထားခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများကို မည်သူက မည်သို့ ဦး‌ဆောင်မှုပြုနေသလဲ၊ တွေ့ဆုံဆွေးနွေးမှုများ၏ အမြင့်ဆုံး ရည်မျှော်ချက်များနှင့် ဦးဆောင်ပါဝင်ပတ်သက်သူများ၏ ငြိမ်းချမ်းရေးအတွက် စိတ်ဆန္ဒတို့ကို မေးခွန်းထုတ်ထားပါသည်။

စာတမ်းအတွက် သီးသန့်အင်တာဗျူးကို ဖြေဆိုပေးထားသူ ပအိုဝ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ဦးဆောင်မှုကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ PNLO နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာနှင့် အမေးအဖြေများကို ကောက်နှုတ်ဖော်ပြအပ်သည်။

မေး – စစ်တပ်ဦးဆောင်တဲ့ ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးကို အမှန်တကယ် ရရှိနိုင်သလားပေါ့။ ဥပမာ ရနိုင်တယ်ဆိုရင်လည်း ဘာကြောင့်ရနိုင်သလဲ မရနိုင်ဘူးဆိုရင်လည်း ဘာကြောင့်လဲ ဆိုတာကို ဗိုလ်မှူးကြီး ခွန်ဥက္ကာရဲ့ အမြင်တွေ့ရှိချက်တွေကို ပြောပြပေးပါရှင့်။

ဖြေ – စပြီးတော့ ပြောရရင်တော့ စစ်တပ်ဆိုပေမယ့် ပုံစံအမျိုးမျိုး ပြောင်းလာတော့ ဗိုလ်ချုပ်ကြီး နေဝင်း စစ် တပ် ဗိုလ်ချုပ်ကြီး သန်းရွှေစစ်တပ် အဲဒီခေတ်မှာတော့ နိုင်ငံရေးဆွေးနွေးပွဲမရှိပါဘူးခင်ဗျား။ သူတို့လည်း ခွင့် မပြုပါဘူး။ သို့သော် ဒီစစ်တပ်အသွင်ပြောင်း ဗိုလ်ချုပ်ကြီးသိန်းစိန်ကနေပြီးတော့ သမ္မတကြီးသိန်းစိန် ဖြစ်တဲ့ အချိန်မှာ ဆွေးနွေးပွဲတွေ စပါတယ်။ ဆွေးနွေးပွဲတွေ စတဲ့အခါကျတော့ အဲဒီမှာကတော့ အသွင်ပြောင်းလာတဲ့ ဗိုလ်ချုပ်ကြီးတွေ ပါဝင်တဲ့ ဒီဆွေးနွေးရေးအဖွဲ့တွေက ကျနော်တို့ NCA အပစ်ခတ်ရပ်စဲရေးကို ဆွေးနွေးတယ်။ သူရဲ့ နောက်မှာ နိုင်ငံရေး ဆွေးနွေးပွဲများ အဆင့်ဆင့် ကျင်းပခြင်းဆိုတာကို ကျနော်တို့ NCA စချုပ်မှာပါတဲ့ အတိုင်းပေါ့လေ ဆက်လုပ်ခွင့်ရတော့ နိုင်ငံရေးဆွေးနွေးပွဲတွေက ဆက်သွားတာ မှန်ပါတယ်။ ဒါကြောင့် စစ်တပ် အစစ်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ခွင့်မပေးဘူး၊ လုပ်လည်း မကြိုက်ဘူး။ သို့သော် အသွင်ပြောင်းလာတဲ့ ဦးသိန်းစိန်ခေတ်မှာ စစ်တပ်က လူတွေပါပဲ ဒါပေမယ့် အငြိမ်းစားဆိုတဲ့ နာမည်အောက်မှာ ဆွေးနွေးပွဲတွေက တစ်စုံတစ်ရာ အောင်မြင်တယ်လို့ ပြောနိုင်ပါတယ်ခင်ဗျာ။

မေး – ခေတ်အဆက်ဆက် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် စစ်အုပ်စုရဲ့ ချဉ်းကပ်မှုပေါ်စံတွေက ဘာတွေ ဖြစ်မလဲ။ ဥပမာ – Bilateral တို့၊ NCA တို့ကရော ကျိုးကြောင်းညီညွတ်မှုရှိရဲ့လား၊ ဘယ်လိုမျိုးလဲ။ ဒါတွေကရော ကျိုးကြောင်းညီညွတ်မှု ရှိရဲ့လား ဘယ်လိုမျိုးလဲဆိုတာကိုလည်း ကျမတို့ သိချင်ပါတယ်ရှင့်။

ဖြေ – ကျနော်စောစောက ပြောသလိုပဲ ဗိုလ်ချုပ်ကြီး နေဝင်းလက်ထက်မှာ ငြိမ်းချမ်းရေးတို့ နိုင်ငံရေးတို့ဆိုတာ မရှိပါဘူး။တောက်လျှောက် မရှိပါဘူး။ တစ်ပါတီ စနစ်နဲ့ လွှတ်တော်တစ်ရပ်တည်းစနစ်နဲ့ အုပ်ချုပ်လာတော့ ကျနော်တို့ ဘာဆွေးနွေးပွဲမှ မရှိပါဘူး။ အပစ်အခတ်ရပ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ နည်းပရိယာယ်အရ လုပ်တာ တော့ ရှိတယ်။ဒါပေမယ့် အပစ်အခတ်ရပ်တာလည်း မဖြစ်တဲ့အခါကျတော့ ချေမှုန်းခြင်းခံရတာတော့ ဗပကတို့ ဘာတို့ ထို့အတူပဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်မှာကျတော့ ဗိုလ်ခင်ညွှန့်ဦးဆောင်တဲ့ ဆွေးနွေး ညှိနှိုင်းရေး အဖွဲ့က အပစ်အခတ်ရပ်တာကိုပဲ သူက အဓိကထားတယ်။ ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ခွင့်မရှိဘူး။ စီးပွားရေးတွေကိုတော့ ကြိုက်သလို လွတ်လပ်စွာလုပ်နိုင်တယ် ဆိုတဲ့အခါကျတော့ အဲဒီအပေးအယူနဲ့ အခု အချိန်အထိ “ဝ” တို့ မိုင်းလားတို့က အဲဒီတုန်းကရထားတဲ့ အပစ်အခတ်ရပ်မယ်။ စီးပွားရေး လုပ်မယ်ဆိုတာနဲ့ သူတို့က ဆက်လက်ရှင်သန်နေကြတာပေါ့။ သို့သော်လည်းပဲ အပစ်အခတ်ရပ်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲ မရှိ ရင်တော့ အပစ်ရပ်လည်း မထူးဘူး။ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်ခွင့်ရမှ အပစ်ရပ်မယ်ဆိုပြီးတော့ NCCT ခေတ်ပေါ့လေ။ သမ္မတကြီး ဦးသိန်းစိန်ခေတ်မှာကျတော့ ဘိုင်လယ်ထရယ်က နှစ်ဆင့် လုပ်ထားပါတယ်။ ပထမ ဘိုင်လယ်ထရယ်က ပြည်နယ်အစိုးရနဲ့ ဘိုင်လယ်ထရယ် နယ်မြေအတွင်းမှာ အပစ်ရပ်တယ်ပေါ့။ ဒုတိယက တော့ တစ်နိုင်ငံလုံး ကိစ္စတွေ ပြောနိုင်ဆိုနိုင်အောင် ပြည်ထောင်စု အစိုးရနဲ့ ဘိုင်လယ်ထရယ် လုပ်ပါတယ်။ ဒါ တစ်နိုင်ငံလုံးမှာ ကိုယ်လိုချင်တဲ့ အခွင့်အရေး မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဖွံ့ဖြိုးရေးစသည်ဖြင့် နောက်ဆုံး ကျတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး တရားဝင်ပေါ့ စာချုပ်ကို ချုပ်နိုင်ခဲ့တယ်။

အဲဒီ စာချုပ် မှာကတော့ စစ်ရေးနဲ့ ပတ်သက်တာ အပစ်အခတ်ရပ်စဲရေး စစ်ရေးဆိုင်ရာက ကျနော်တို့ အခန်း ၃ ခန်းပဲ ပါ ပါ တယ်။ ကျန်တဲ့ အခန်း ၅ ခန်းပေါ့ အခန်းစုစုပေါင်း ၇ ခန်းရှိတော့ ကျန်တဲ့အခန်း ၅ ခန်းနဲ့ နိဒါန်းအားလုံးက နိုင်ငံရေး အပိုင်းတွေပဲ ဖြစ်တယ်။ နိုင်ငံရေး အပိုင်းတွေမှာတော့ ဒီအပစ်အခတ်ရပ်စဲတွေနဲ့ကာလ ရပ်စဲထားတဲ့ ကြားကာလမှာ ဘာအလုပ်တွေ လုပ်မယ်။ တစ်ဖက်ကလည်းပဲ နိုင်ငံရေး ဆွေးနွေးပွဲကို အဆင့်အလိုက် တစ်ဆင့် ပြီးတစ်ဆင့် ကျင်းပသွားကြဖို့ ဆိုတဲ့ သဘောတူချက်ရှိပါတယ်။ လမ်းပြမြေပုံလို့လည်း ခေါ်ပါတယ်။ အဲဒီနိုင်ငံ ရေး လမ်းပြမြေပုံ အဆင့် ၇ ဆင့်နဲ့ ပတ်သက်ပြီးတော့ တစ်ဆင့်ချင်းသွားပါတယ်။ သို့သော်ကျနော်တို့ ဒီ ၁၅ လောက်မှာပဲ ရပ်သွားတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လက်ထက်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ခေါ်ယူခြင်းဆိုတာပဲ ရပြီးတော့ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုခြင်းဆိုတဲ့အဆင့်မှာ အပြည့်အစုံ ရာ ခိုင်နှုန်းအပြည့်မရဘဲနဲ့ အစိတ်အပိုင်း ၃ အထိရပြီးတော့ ရပ်တန့်သွားတာပေါ့။ ရပ်တန့်သွားပြီးတဲ့ နောက်မှာ တော့ ဘာဆွေးနွေးပွဲမှ ပီပီပြင်ပြင် မရှိတော့ပါဘူးဆရာမ။

မေး – ဒီဆွေးနွေးပွဲတွေက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် အမှန်တကယ် ရရှိနိုင်မယ်လို့ထင်လားပေါ့နော။ ဘယ်လို မြင်သလဲ။

ဖြေ – ရာခိုင်နှုန်းပြည့်တော့ မရဘူးခင်ဗျာ။ သို့သော်လည်းပဲ အစိတ်အပိုင်းအလိုက်တော့ ရတယ်။ ဦးသိန်စိန် ခေတ်မှာ အပစ်ခတ်ရပ်စဲရေးကို ကျနော်တို့ ၁၆ ဖွဲ့နဲ့ ဆွေးနွေးတယ်။ ၁၆ ဖွဲ့နဲ့ ဆွေးနွေးတဲ့ အချိန်မှာ ၁၆ ဖွဲ့စလုံး သဘော တူတဲ့ စာချုပ်ကို ရတယ်။ ဒါပေမယ့် လက်မှတ်ထိုးတဲ့ အချိန်မှာတော့ တချို့ အဖွဲ့တွေ ကျန်မယ် တချို့ အဖွဲ့တွေ ထိုးနိုင်တယ်။ အဲဒီမှာ စပြီးတော့ လက်မှတ်ထိုးတဲ့ ပွဲမှာ အဲဒီတုန်းက လက်နက်ကိုင်တပ်က ဝင်ရောက် စွတ်ဖက်ပြီးတော့ တချို့အဖွဲ့တွေကို လက်မခံသင့်ဘူး ဆိုပြီးတော့ ဦးသိန်စိန်အစိုးရကို ကန့်ကွက်ပါတယ်။ ဒါ ကြောင့် တချို့အဖွဲ့တွေ ကျန်တယ်။

သို့သော် အဲဒီကျန်တဲ့ အဖွဲ့တွေက ဒေါ်အောင်ဆန်းစုကြည် အစိုးရလက် ထက်မှာ ပိုပြီးတော့များ လက်မှတ်ထိုးလာမလား ဆိုတဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့မှာ နိုင်ငံရေး ဆွေးနွေးပွဲပဲ လုပ်လုပ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပဲ လုပ်လုပ် ဒေါ်အောင်ဆန်းစုကြည် အစိုးရ က လွတ်လွတ်လပ်လပ် သူတို့အစိုးရအကြိုက် သူတို့အစိုးရ မူအတိုင်း မလုပ်နိုင်တာ တွေ့ရတယ်။ အဲဒီအချိန်မှာ ရှိနေတဲ့တပ်က အကြီးအကဲတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီအမံတွေကို အင်တိုက်အားတိုက် ထောက်ခံ တာ မတွေ့တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာလည်း နိုင်ငံရေး ဆွေးနွေးပွဲတွေက အခက် အခဲကြားကနေပြီးတော့မှ ထိုးဖောက်ပြီးတော့ လုပ်တဲ့အခါကျတော့ ၅ နှစ်မှာ ကျနော်တို့ သုံးကြိမ်လောက်ပဲ ခြောက်လတစ်ကြိမ် တစ်နှစ်တစ်ကြိမ်ခေါ် မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဟာ ၅ နှစ်မှာ သုံးကြိမ် လောက်ပဲ ခေါ်နိုင်တာ တွေ့ရတယ်။ တွေ့ရတဲ့ အပြင်ကို ငြိမ်းချမ်းရေး ညီလာခံခေါ်ပြီးတော့ ပြည်ထောင်စု အစိတ်အပိုင်း တစ်၊ နှစ်၊ သုံး ရပေမယ့်လည်း နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အဓိကကျတဲ့ မူတွေကို မရရှိဘူး။ ဘာ ကြောင့်လဲဆိုတော့ ဆွေးနွေးပွဲထဲမှာပါတဲ့ တပ်မတော် အစုအဖွဲ့ကအမြဲတစေလိုလို ကန့်ကွက်တာတွေ များ တယ်။ များတော့ အားလုံးသဘောတူချက် မရတဲ့ အခါကျတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရက ထောက်ခံ တယ်လို့ သဘောတူတယ်ဆိုပေမယ့် နိုင်ငံရေး ဆုံးဖြတ်ချက်တွေကမကျဘူးပေါ့ဗျာ။ အဲဒီလိုအခက် အခဲတွေ တွေ့ရပါတယ်။ အဲဒါကြောင့် ဒီတပ်က တပ်မတော် အစုအဖွဲ့ရဲ့ သဘောတူချက်ရဖို့ကလည်း အရေးကြီးတဲ့ အခါ ကျတော့ ခက်ခက်ခဲခဲနဲ့ ညှိနှိုင်းပြီးတော့ ရယူတာလေးတွေတော့ ရှိပါတယ်။ အဲဒါတွေကလည်း အဓိက အချက် တွေတော့ သိပ်မပါဘူး။ အခုနောက်ဆုံးမှာ စစ်ကောင်စီက သူကိုယ်တိုင်အာဏာယူ သူကိုယ်တိုင် အာဏာသုံးရပ် ကို ကိုင်တဲ့အချိန်မှာကျတော့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာကတော့ မရှိတော့ပါဘူး။ သို့သော်လည်းပဲ နိုင်ငံရေး ဆွေးနွေးပွဲကို ဦးတည်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲကို ရောက်ဖို့အတွက် ပြင်ဆင်တဲ့ ဦးတည်တဲ့ အကျိုဆွေးနွေးပွဲ လေးတွေတော့ ရှိပါတယ်။ အဲဒါကလည်း အကန့်အသတ်နဲ့ပေါ့ NCA လက်မှတ်ထိုးတဲ့ ၇ ဖွဲ့နဲ့ ဆွေးနွေးတာ ရှိ တယ်။ မထိုးတဲ့ အဖွဲ့ ၃ ဖွဲ့နဲ့ ဆွေးနွေးတာရှိတယ်။ အဲလိုဆွေးနွေးတဲ့ နေရာမှာ လက်ရှိ စစ်ကောင်စီအနေနဲ့ နိုင်ငံ ရေး ဆွေးနွေးပွဲလို့ အပြည့်အဝ မခေါ်ဆိုနိုင်ပေမယ့် ခေါင်းစဉ်ကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတဲ့ ခေါင်းစဉ် အောက်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတိအကျပေါ့ အောင်အောင်မြင်မြင် ဆွေးနွေး နိုင်ဖို့အတွက် လမ်းဖွင့်တဲ့ အနေနဲ့ ပမဏာမ ဆွေးနွေးပွဲ သဘောလောက်ပဲ တွေ့ရပါတယ်ခင်ဗျာ။

မေး – စစ်အုပ်စုပဲ ပြောပြောပေါ့နော စစ်တပ်ဆီမှာပေါ့နော ငြိမ်းချမ်းရေးအတွက် အမှန်တကယ်နိုင်ငံရေး စိတ် ဆန္ဒကို မြင်တွေ့ခွင့်ရလားပေါ့နော။ ဗိုလ်မှူးကြီးတို့ တော်လှန်ရေးလုပ်ခဲ့တဲ့ ကာလ သက်တမ်းတစ်လျှောက်မှာ။

ဖြေ – အဲဒီနေရာမှာ ကျနော်တို့ လူဟောင်းနဲ့ လူသစ်ကိုတော့ ခွဲပြောရမယ်ထင်တယ်။ ကျနော်တို့ ဦးသိန်စိန် ခေတ်တုန်းက နိုင်ငံရေး ဆွေးနွေးပွဲမှာ ပါလာတဲ့ စစ်ဗိုလ်ဟောင်းတွေ ဗိုလ်ချုပ်ကြီးဟောင်းတွေက တော်တော် လေးကို ငြိမ်းချမ်းရေး လိုချင်တာတို့ နိုင်ငံရေး ပြေလည်ချင်တာတို့ ဗိုလ်ချုပ်ကြီးဟောင်းတွေ ဗိုလ်ချုပ်ကြီး တွေပေါ့ အဲဒီတုန်းက မဟောင်းသေးဘူး။ သူတို့က ဆွေးနွေးရင်း ဆွေးနွေးရင်းနဲ့ ကျနော်တို့ တစ်နှစ် နှစ်နှစ် သုံး နှစ်ကြာလာတော့ အပြန်အလှန် သဘောပေါက်ပြီးတော့ သူတို့ဆီမှာ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်က နိုင်ငံရေး ပြေလည်ချင်တဲ့ စိတ်ဓာတ်တွေ ရှိလာတယ်လို့ ကျနော်တို့ ခန့်မှန်းလို့ရတယ်။ အဲသလိုရှိလာတဲ့ ဗိုလ်ချုပ်တွေကို အများအားဖြင့်တော့ အရန်အင်အားဆိုပြီးတော့ နောက်ပိုင်း ဆွေးနွေးပွဲတွေမှာ မထည့်တော့ပဲနဲ့ ဗိုလ်ချုပ်အသစ် တွေနဲ့ အစားထိုးလာတာ ဗိုလ်ချုပ် အသစ်တွေက ပိုပြီးတော့ ခေါင်းမာပြီးတော့ ပိုပြီးတော့ ညှိနှိုင်းဖို့ ခက်ခဲတဲ့ အပေးအယူ မလုပ်တတ်တဲ့ လူတွေနဲ့ အစားထိုးလာတဲ့အခါကျတော့ ပိုပြီးတော့ ခက်လာတယ်။ အခုလက်ရှိ ယူနီဖောင်း Active Duty ယူထားတဲ့ ဗိုလ်ချုပ်တွေက ဆွေးနွေးပွဲ ဝင်လာတဲ့အခါကျတော့ Active Duty ယူထား တဲ့ ဗိုလ်ချုပ်တွေက အရင်က ကျနော်တို့ ဗိုလ်ချုပ်ကြီးတွေလောက် စိတ်သဘောထား ညှိနှိုင်းဖို့ အင်မတန် ခက် လာတာတွေ့ရတော့ ဒီသဘောထားတွေက ခြုံပြီးတော့ ပြောရရင်တော့ အချိန်တစ်ခုအထိတော့ စောင့်ရသလို ဖြစ်နေတယ်။

ကျနော်တို့ လေးငါးနှစ် ဆွေးနွေးလာတဲ့ ဗိုလ်ချုပ်ကြီးတွေမှာ သဘောထား မှန်ကန်တာတွေ့ ရ တော့ အခုသူတို့က ဆွေးနွေးပိုင်ခွင့် မရှိတော့ဘူး။ ဆွေးနွေးပွဲမှာလည်း မပါနိုင်တော့ဘူး။ သွေးသစ်လောင်းထား တဲ့ ဗိုလ်ချုပ်အငယ်တွေ တက်လာတဲ့အခါကျတော့ ဆွေးနွေးပွဲတွေက တစ်ဖက်သတ်ဖြစ် လာပြီးတော့ ငြိမ်း ချမ်းရေးကို နိုင်ငံရေး ရလဒ်ကို လိုချင်တဲ့ပုံစံကိုပဲ ဖိအားပေးတာ ရှိလာတယ်။ ဒီ တန်းတူရည်တူ သဘောထား ပြီး တော့ အပြန်အလှန်ပေ့ါ သူလည်း ၅၀ ရာခိုင်နှုန်း ကိုယ်လည်း ၅၀ ရာခိုင်နှုန်း အပေးအယူလုပ်တဲ့ဟာက တော် တော် အားနည်းသွားတယ်။ ဒါ ဒီ နှစ်နှစ် သုံးနှစ်မှာ အဲဒီ အားနည်းသွားတဲ့ အပေးအယူလုပ်တာ အားနည်းပြီး တော့ တစ်ဖက်သတ် ဆွေးနွေးတဲ့အကျင့်တွေက ဆွေးနွေးပွဲတွေကို တိုးတက်မှု အားနည်းစေတာပေါ့ဗျာ။ တိုး တက်မှု မရသလောက်ဖြစ်တာပေါ့။ အဲဒါတွေ တွေ့ရပါတယ်။

မေး – စစ်အာဏာရှင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို အသုံးချနေတယ်လို့ ပြောလို့ရနိုင်သလား။ မဟုတ်ဘူးဆိုလို့ရှိရင် မဟုတ်ဘူးဆိုတာကို အထောက်အထားတစ်ခုခုနဲ့ ဟုတ်တယ်ဆို လို့ ရှိရင် အထောက်အထား တစ်ခုခုနဲ့ ကိုယ်တိုင် တွေ့ကြုံခဲ့တဲ့ အတွေ့အကြုံကို ရှင်းပြပေးစေ ချင်ပါတယ်။

ဖြေ – ဆွေးနွေးပွဲတွေကို NCA စာချုပ်အတိုင်း လုပ်မယ်။ နောက်ပြီးတော့ တကယ့်ကို တန်းတူရည်တူပေါ့လေ အပြန်အလှန် လေးစားမှုနဲ့ လုပ်မယ်ဆိုရင်တော့ စနစ်ပြောင်းသွားနိုင်တယ်။ စနစ်တစ်ခါပြောင်းသွားနိုင်တယ်။ အာဏာရှင်စနစ်ကနေ ကျနော်တို့ ဒီမိုကရေစီ စနစ်ကို ရောက်သွားနိုင်တယ်။
သို့သော် ဒီသဘောရိုးနဲ့ မဟုတ်ဘဲနဲ့ ခုနက ပြောသလိုပေါ့ အဲဒီခေါင်းစဉ်မှာပဲ ဒါပေမယ့် ကိုယ်က အပေါ်စီးကမှ ကိုယ်က အသားစီးရမှ ကိုယ့်ရဲ့ အမျိုးသားနိုင်ငံရေးမှာ ဆုပ်ကိုင်ထားတဲ့ဟာကို လက်မလွှတ်ရေးအတွက် အသုံးချဆွေးနွေးနေတယ်ဆိုရင် လည်းပဲ ဒါစစ်မှန်တယ်။ သို့သော် အပြောင်းအလဲက ဆွေးနွေးပွဲကနေ မဖြစ်စေပဲနဲ့ မူရင်း ပိုင်ရှင်ပေါ့ နိုင်ငံတော် ဆိုတဲ့ အခုလက်ရှိ အဖွဲ့အစည်းတွေက ဒို့ပြောင်းပေးမှ ဒို့ပြောင်းမှ ပြောင်းမယ် ဒေါ်အောင်ဆန်းစုကြည် ပြောင်း လို့လည်း မရဘူး။ ဦးသိန်းစိန်ပြောင်းလို့လည်း မရဘူး။ ဒို့ပြောင်းပေးမှ ရမယ်။ ပြောင်းသင့် ပြောင်းထိုက်တဲ့ အချိန်မှာ ဒို့ပဲ ပြောင်းပေးမယ်။ ဒို့ကို လာပြီးတော့တန်းတူ ပုခုံးချင်းယှဉ်ပြီးတော့ လာဆွေး နွေးပြီးတော့ သဘောတူ ပြောင်းတယ် ဆိုတာမျိုးတော့ သူတို့က သိက္ခာကျတယ်လို့ ယူဆတာလည်း ရှိတတ်တာပေါ့။ ဒါကြောင့် သူတို့ကိုယ်တိုင် ပြောင်းမပြောင်းတော့ ကျနော်တို့ မသိဘူး စနစ်တစ်ခုက သို့သော် ဆွေးနွေးလို့ တန်း တူ ဆွေးနွေးပြီးတော့ နိုင်ငံ ရေး သဘောတူချက်ရလို့ ပြောင်းမယ့် ပုံစံကတော့ သူတို့ သိပ်မကြိုက်တဲ့ သဘော ရှိ တယ်ဗျာ။ အဲဒါ ပွင့်ပွင့်လင်းလင်း ပြောတာပေါ့လေ။

မေး – အပေါ်မှာ ဗိုလ်မှူးကြီး ဆွေးနွေးခဲ့သလောက်ပဲ ပြောပြော ဒီနေ့ အချိန်အထိလည်း ကျမတို့ မြင်ရတာလည်း ငြိမ်းချမ်းရေးက လုံးဝ မရသေးတဲ့ဟာမျိုး တွေ့ရတယ်။ ဆိုတော့ ဒီနေရာမှာ ငြိမ်းချမ်းရေးအတွက် စစ်အုပ်စု စစ်တပ်ကို ပေါ့နော ဖယ်ထားလို့ ရနိုင်သလား။

ဖြေ – ဖယ်ထားလို့ မရဘူး။ ဘာကြောင့်လဲဆိုတော့ အခုနိုင်ငံရေး ပြဿနာ အရင်းအမြစ်က သူက စတာကိုး သူ က စတယ်။ အင်ဒိုနီးရှား စစ်တပ်လို ဒီမိုကရေစီခေတ်မှာ တဖြည်းဖြည်း သိက္ခာရှိရှိ ဆုတ်သွားတယ် ဆိုရင်တော့ ဟုတ်တာပေါ့။ သူကိုယ်တိုင်က ဆုတ်သွားချင်တဲ့ ဆန္ဒလည်း မရှိဘူး။ ဒီမိုကရေစီ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာ တာကိုလည်း မကြိုက်ဘူး။ ဖက်ဒရယ်စနစ် ကျယ်ကျယ်ပြန့်ပြန့် ပေါ်လာတာလည်း မကြိုက်ဘူး။ အားလုံးက မူရင်းပိုင်ရှင် တပ်မတော်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို ထိပါးစေတယ်လို့ မြင်လို့ ရှိရင် သူက လက်မခံနိုင်တဲ့ သဘောတော့ ရှိတာပေါ့။ ဒါကြောင့် သူ့အနေနဲ့ အခုအချိန်ထိပေါ့လေ လုပ်ပိုင်ခွင့်က သူတို့ လက်ထဲမှာ ရှိတဲ့ အတွက် လုပ်ပေးဖို့ လိုအပ်ရင် ဒို့လုပ်ပေးပါ့မယ်ဆိုတဲ့ ပေါ်လစီလောက်ပဲ ကိုင်ထားတာတွေ့ရတာပေါ့။

မေး – အဲဒီမှာ စစ်အာဏာသိမ်း ကာလအတွင်း ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုဆိုပြီးလည်း လုပ်နေတာတွေ တွေ့ရတယ်ပေါ့နော်။ တချို့ အဖွဲ့တွေလည်း သွားကြတယ်။ ဆိုတော့လေ ဒီစစ်အာဏာသိမ်းကာလအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကရော အလုပ်ဖြစ်နိုင်မယ်လို့ ထင်လားရှင့်။

ဖြေ – အလုပ်တော့ မဖြစ်ဘူး။ ဒါပေမယ့် တိုက်ပွဲမဖြစ်ဘူးပေါ့။ အလုပ်မဖြစ်ဘူး တိုက်ပွဲပြန်ဖြစ်ရင် အခု သေ ကြေပျက်စီးနေတာထက် ဆယ်ဆလောက်ဆိုးသွားမယ်လေ။ ဥပမာ “ဝ” နဲ့ ပြန်တိုက်မှာလား ရှမ်းနဲ့ ပြန်တိုက်မှာလား ဟုတ်လား အဲဒီလို ပြန်တိုက်ကြရင် အခု ဖြစ်နေတာထက် ဆယ်ဆထက် ဆိုးသွားမယ် ဘယ်သူမှလဲ နိုင်မှာမဟုတ်ဘူး။ ဘယ်ဖက်ကမှ နိုင်မှာမဟုတ်ဘူး။ ဒီအတိုင်းပဲ တိုင်းပြည်က ဆုန်းဆုန်း မြုပ်သွားမှာပေါ့ ဒါကြောင့် ဆွေးနွေးနေတယ်ဆိုတဲ့ဟာက ဘာပဲဖြစ်ဖြစ် ရလဒ်မထွက်တာတောင်မှ စစ်မတိုက်ဘူးဆိုတာကို ထိန်း ထားနိုင်တယ်ဆိုတာက တကယ်အရေးကြီးတာ ဖြစ်တယ်။ စစ်တိုက်လို့ရှိရင် နိုင်ဖို့တော့ မရှိဘူး။ ဘယ်သူ့ကိုမှ မနိုင်ဘူး။ နှစ် ၇၀ မှာ တိုင်းရင်းသားတွေကို အပြုတ်တိုက်မယ်တို့ အပြတ်ချေမှုန်းမယ်တို့ ဒါအစိုးရ အဆက် ဆက်က ကြုံးဝါးခဲ့တာပဲ ကြွေးကြော်ခဲ့တာပဲ စစ်တပ်အဆက်ဆက်ကလည်း လုပ်ခဲ့တာပဲ မကုန်သွားပါဘူး။ အပြတ်မနိုင်ပါဘူး။ မနိုင်တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်လက်ထက်မှာ အနုနည်းနဲ့ စီးပွားရေးနဲ့ သူတို့ ဖျက်မယ်ဆိုပြီးတော့ နိုင်ငံရေးတော့ မပြောနဲ့ စီးပွားရေး ကြိုက်တာလုပ် စီးပွားရေးနဲ့ ဖျက်တော့လည်း စီးပွား ရေး အားကောင်းပြီးတော့ အဲဒီ အပစ်ရပ်ထားတဲ့ အဖွဲ့တွေက လက်နက်အင်အားကောင်းပြီးတော့ မထိနိုင် မတို့ နိုင် အခြေအနေ ရောက်လာတာပေါ့။ အဲဒီအမှား ၂ ခုစလုံးကို ပြန်သုံးသပ်ပြီးတော့ စီးပွားရေးလည်း မဖွံ့ဖြိုး အောင်လုပ်မယ် ဆွေးနွေးနေတဲ့ အဖွဲ့တွေကိုလည်း အကြပ်အတည်းဖြစ်အောင်လုပ်မယ် သို့သော် လက်နက်ကိုင် ပြီးတော့ တိုက်တဲ့အဆင့်ကို မရောက်ဖို့ ဆိုတာက တိုင်းပြည်အတွက် နည်းနည်း သက်သာတာပေါ့။ အားလုံး နေ ရာတကာ လက်နက်ကိုင် တိုက်တယ်ဆိုရင် ဒီတိုင်းပြည်ကြီးက ဘယ်လိုမှ နလန်ထူဖို့ အကြောင်းမရှိဘူး။

နောက် ပြီးတော့ တိုက်နေတဲ့ လူတွေက ပြဿနာမဟုတ်ဘူး။ ဘာမှကြားမှာ ဘုမသိဘမသိနဲ့ ရှိနေတဲ့ အပြစ်မရှိတဲ့ ရိုး ရိုး အရပ်သားတွေ ကလေးသူငယ်တွေ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ သူတို့အားလုံးက ဓားစာခံ ဖြစ်တာ ပေါ့။ လက်နက်ကိုင်တွေကြားမှာ ဓားစာခံဖြစ်တဲ့အခါကျတော့ အဲဒီဓားစာခံတွေက ထပ်ပြီးတော့ တိုက်ရင် ထပ် ပြီးတော့ အများကြီးသေမှာ သေတဲ့အခါကျတော့ အခုလို သွားဆွေးနွေးနေတဲ့ အဖွဲ့တွေရဲ့ ပြင်ပမှာ တည်ငြိမ်နေ မယ်ဆိုရင် အဲဒီဒေသက လူထုက နည်းနည်းလေး စိတ်အေးလက်အေးနေရတာပေါ့။ တိုက်နေတဲ့ဒေသက လူထု ကတော့ ပူလောင် စစ်မီး တောက်လောင်တာပေါ့။ အဲဒီလိုဖြစ်တယ်။ ဒါကြောင့် နေရာတိုင်းမှာ မီးလောင်တာ တော့ မဖြစ်ဘူး။ တစ်နေရာမှာ မီးလောင်ရင် တစ်နေရာက အေးမှ အဲဒီမီးလောင်တဲ့ နေရာက လူက အေးတဲ့နေ ရာကို သွားခိုလှုံရတာ အဲဒီရဲ့ သဘောသဘာဝ ပိုအရေးကြီးပါတယ်။ ဒါကြောင့် ဆွေးနွေးနေတယ်ဆိုတာက ရန် ဖြစ်နေတာထက်စာရင် ပိုကောင်းတယ်လို့ အဲဒီအမြင်နဲ့ပါ ဘာတိုးတက်မှုမှတော့ မရှိဘူးပေါ့။

မေး – စစ်အုပ်စုဦးဆောင်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အရင်ကပါခဲ့ပြီး အခု မပါတော့ဘူး။ ဆိုတော့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ ရှင်းပြပေးပါ။

ဖြေ – အဲဒါကတော့ အခုက တစ်ဖွဲ့ချင်းခေါ်နေတော့ တစ်ဖွဲ့ချင်းသဘောထားပဲ ရှိပါတယ်ခင်ဗျာ။ ကျနော်တို့ အခုက သူက အစုအဖွဲ့ နဲ့ ခေါ်တာမဟုတ်ဘူး။ RCSS ခေါ်တယ်ဆိုတာ RCSS သဘောထားပဲ ရှိတာပေါ့။ ဘယ်လို ဆို မဆွေးနွေးဘူး ဘယ်လိုဆို ဆွေးနွေးမယ် ဥပမာဆိုရင် RCSS က ၂၀၀၈ ကိစ္စပဲ ပြောရင်တော့ ကျနော်တို့ မပြောတော့ဘူးဗျာ။ ၂၀၀၈ က ကျနော်တို့နဲ့ မဆိုင်ဘူး။ ဆိုရင် ဒါသူရပ်လို့ရတာပေါ့။ တစ်ခြားဖက်ဒရယ် ကိစ္စ ပြောရင်တော့ ဆွေးနွေးမယ် ဒီလိုတော့ဖြစ်တာပေါ့။ အခုလည်း မွန်ပြည်သစ်ပါတီ သွားဆွေးနွေးတာပဲ ဆယ် ရက် ဆယ့်တစ်ရက်က မွန်ပြည်သစ်လည်းဒီလိုပဲ မွန်ပြည်နယ် ဖွဲ့စည်းပုံကိစ္စ မွန်ပြည်နယ် လုံခြုံရေး တပ်ဖွဲ့ ကိစ္စ ကို ပြောမှာပဲ ဒီကိစ္စဆွေးနွေးလို့ရရင် ဆွေးနွေးမယ်။ ၂၀၀၈ ကိစ္စပဲ ဆိုရင် မဆွေးနွေးဘူး အဲဒီလိုတော့ တစ်ဖွဲ့ ချင်း သူ့စည်းကမ်းနဲ့ သူတော့ လုပ်ကြတာရှိတယ်။ ကျနော်သိသလောက်ပေါ့နော။ ကျနော်က တစ်ခါမှ မဆွေး နွေးဘူးဗျာ။ ဒီလူတွေနဲ့ အာဏာသိမ်းပြီးမှ စစ်ကောင်စီနဲ့ ကျနော်တစ်ခါမှ မဆွေးနွေးဘူး။ အလွတ်သဘော တွေ့တာ နှုတ်ဆက်တာလောက်ပဲရှိတယ်။ သွားဆွေးနွေးတာက အဖွဲ့အစည်းအလိုက်ခေါ်တော့ ကျနော်တို့ ပအို့ဝ် ဆိုရင် ကျနော်တို့ ပအို့ဝ် အဖွဲ့အစည်းက ဥက္ကဋ္ဌ ခွန်သူရိန် သွားဆွေးနွေးတယ်။ အဲဒီလောက်ပေါ့နော။ RCSS က ဥက္ကဋ္ဌကြီး ယွက်စစ်သွားဆွေးနွေးတယ်။ မွန်က ဥက္ကဋ္ဌကြီး နိုင်အောင်မင်း သွားဆွေးနွေးတယ်။ အဲဒါပါ သူတို့က အဲသလို ကျနော်တို့ အစုအဖွဲ့နဲ့ ခေါင်းစဉ်တစ်ခုနဲ့ အစုအဖွဲ့နဲ့ ဆွေးနွေးမယ်ဆိုရင်တော့ ကျနော်တို့ ပါလို့ရတယ်။ အခုက အစုအဖွဲ့နဲ့ ဆွေးနွေးတာကို လက်မခံဘူး။ လက်မခံသေးတော့ ကျနော်တို့က တရားဝင် ဆွေးနွေးဖို့ ထဲမှာ မပါသေးဘူး။ အခုအချိန်အထိ မပါသေးဘူး။ ဒါကြောင့် ဘယ်လိုစည်းကမ်းဆိုတာ ကျနော်က ပြောလို့မရဘူး။ ပြောဖို့မသင့်တော်သေးဘူးပေါ့ အဲဒါ ဆရာမ။

မေး – ကျမ မမေးမိလိုက်တာပဲဖြစ်ဖြစ် အရေးကြီးတဲ့ အကြောင်းအရာတွေ ကျန်ခဲ့တယ်ဆိုရင်လည်း ဖြည့်စွတ် ပြောပေးပါအုံး။

ဖြေ – ကျနော် ခုနပြောတာလည်း ခွဲပြနိုင်ရင်ကောင်းတယ်။ ဦးသိန်းစိန်လက်ထက်ကနေ နောက်ပိုင်းဆွေးနွေး လာတဲ့ အထဲမှာ သဘောထား အမြင်တွေမှန်လာတဲ့ ဗိုလ်ချုပ်ကြီးတွေ အများကြီးရှိတယ်။ ဆယ်ယောက်ကျော် ရှိ တယ်။ သူတို့က အခု အဲဒီ ဆွေးနွေးပွဲတွေမှာ ပါဝင်ဆုံးဖြတ်ခွင့်မရတော့ပဲနဲ့ အရန်အင်အားတွေ ဖြစ်ကုန်တာ ပေါ့။ အဲဒီ ဗိုလ်ချုပ်ကြီးတွေကို နှမျောတယ်။ ကျနော်တို့က သူတို့ရဲ့ ဆင်ခြင်တုံတရားက တော်တော်မြှင့်တယ်။ ဥပမာ ဗိုလ်ချုပ်အောင်မင်း ၊ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဗိုလ် ချုပ်ကြီး ကျော်ဆွေ၊ ကျနော်တို့ တခေတ်လုံးမှာ ဆွေးနွေးလာတဲ့ ဗိုလ်ချုပ်ကြီးတွေက အဲဒီဟာတွေ အားလုံးက ကျနော်တို့ တော်တော်လေးကို ဆွေးနွေးလို့ အဆင်ပြေပြီးတော့ သဘောထားတွေ ကျနော်တို့ ညှိနှိုင်းလို့ ရတယ် ဗျာ။ အခု သွေးသစ်လောင်းထားတဲ့ ဗိုလ်ချုပ်တွေကတော့ နည်းနည်းလေး နည်းနည်း အချိန်ယူရအုံးမယ်ဗျာ။ သူတို့နဲ့ နည်းနည်း ကျနော်တို့ ပိုပြီးတော့ ဆွေးနွေးနိုင်အောင်လေ အဲသလိုပဲ ကျနော်တို့တွက်ပါတယ်။ ဘာပဲဖြစ် ဖြစ်တော့ အသေတော့ တသမတ်တည်း ဆိုတာကတော့ မရှိပါဘူး။ ပြောင်းလဲသင့်တဲ့ အချိန်ကျမှ ပြောင်းလဲ ကြ မှာလို့ပဲ ကျနော်တို့ ယုံကြည်ပါတယ်။

(မှတ်ချက်။ သတင်းနှင့် မီဒီယာကွန်ယက် NMG မှ စာတမ်းအတွက် သီးသန့်မေးမြန်းထားခြင်းဖြစ်သည်။)

BNI-MPM