စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာလ ၄ ရက်နေ့က ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့ကိုရောက်ရှိလာပြီး လက်အောက်ခံဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရန် မှာကြားခဲ့သလို ကရင်နီပြည်ကို အမြန်ဆုံး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုသွားခဲ့သည်။
လက်ရှိတွင် လွိုင်ကော်မြို့နှင့်အနီးဝန်းကျင်၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး စစ်ခေါင်းဆောင်ရောက်ရှိလာ သည့်နေ့တွင် ကင်းထောက်လေယာဉ်ပျံဝဲတာ၊ ဒီးမော့ဆိုမြို့နယ်ကို လေယာဉ်နှင့်ဗုံးကြဲတာ၊ လက်နက်ကြီး ပစ်ခတ်တာတို့ ဖြစ်ပွားခဲ့သည်။
ယခုလို ပတ်ပတ်လည်၌ တိုက်ပွဲများ ဖြစ်ပွားနေသည့် လွိုင်ကော်မြို့ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင် လာရောက်မှုနှင့် ပတ်သက်ပြီး ကရင်နီတော်လှန်ရေးအင်အားစုများ၏ အမြင်သုံးသပ်ချက်များကို မေးမြန်းဖော်ပြပေးလိုက်ပါသည်။
ခူဒယ်နီယာယ် (ကာကွယ်ရေး ဒု-ဝန်ကြီး / ကရင်နီပြည်အစိုးရ)

“ရွေးကောက်ပွဲလုပ်နိုင်ဖို့က သူတို့အစီအစဉ်ထဲမှာ သန်းခေါင်စာရင်းကောက်ခံတာတွေကတော့ ရွေးကောက်ပွဲ အတွက် လာလုပ်တာပေါ့နော။ နောက်ပြီးတော့မှ တည်ငြိမ်အေးချမ်းရေး စသဖြင့် သူ (စစ်ခေါင်းဆောင်) ပြောတဲ့ ဟာက အသုံးအနှုန်းကတော့ သူအဲ့လိုမျိုးသုံးမှာပဲ။ သို့သော် တည်ငြိမ်နိုင်ဖို့ နယ်မြေပြန်ထိန်းနိုင်ဖို့ကတော့ စစ်ရေး အကောင်အထည်ဖော်မှာပဲ။ အခုလည်းပဲ လာပြီးပြန်သွားတာနဲ့ကို လေယာဉ်နဲ့ နေရာတကာ လိုက်ကြဲ နေတယ်လေ။ မနေ့ကလည်းကြဲတယ်၊ ဒီနေ့လည်း ကြဲတယ်။ ဒါကတော့ လက်နက်ကိုင်တဲ့အဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့အစည်းတွေကို နှိမ်နင်းဖို့ ဆိုလိုတာပါပဲ။ တည်ငြိမ်အေးချမ်းဖို့ စကားက လက်နက်ကိုင် အဖွဲ့အစည်းတွေကို နှိမ်နင်းမယ်၊ တိုက်ခိုက်မယ် ဒါကတော့ သူတို့ဘက်က အစီအစဉ်ပဲပေါ့။”
ဦးအောင်ဆန်းမြင့် (အတွင်းရေးမှူး (၁) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ/KNPP)

“စစ်ကောင်စီရဲ့ ထွက်ပေါက်ကတော့ ရွေးကောက်ပွဲပေါ့။ ဒီအပေါ်မှာလည်း တရုတ်ကသော်လည်းကောင်း၊ အိန္ဒိယကသော်လည်းကောင်း ရွေးကောက်ပွဲအတွက်ကို ကူညီပေးသွားမယ်၊ ပံ့ပိုးပေးသွားမယ်ဆိုတဲ့ဟာက ပေါ်နေ တယ်လေ။ မင်းအောင်လှိုင်ကလည်း တစ်တိုင်းတစ်ပြည်လုံး ရွေးကောက်ပွဲ မလုပ်နိုင်ရင်တောင်မှ အပိုင်းလိုက် လုပ်မယ်ဆိုတဲ့ဟာ ပြောထားတာရှိတယ်လေ။ ဒီအတွက်ကတော့ နိုင်ငံတကာရဲ့ ပံ့ပိုးမှု၊ ထောက်ခံမှုကိုလည်း လိုတဲ့အတွက် ဒါကိုတော့ မဖြစ်မနေ လုပ်မယ့်ပုံစံမျိုးရှိတယ်။ အောက်တိုဘာလက စပြီး သန်းခေါင်စာရင်း ကောက်တာပေါ့။ ဒါပေမယ့် ကျနော်တို့ ကရင်နီပြည်မှာတော့ ဘယ်လိုမှ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူး။
သူတို့ (စစ်ကောင်စီ) ဘယ်လိုပဲပြောပြော Electronic Vote (အီလက်ထရွန်နစ်နည်းဖြင့် မဲပေးခြင်း) လို့ပဲပြောပြော Electronic Vote ဆိုရင်လည်း ကျနော်တို့လူထုက အင်တာနက်ကို ဘယ်မှာရမလဲ မရနိုင်ဘူး။ လူတွေ့ မဲလာထည့် မယ်ဆိုရင်လည်း ကျနော်တို့ လူတွေအားလုံးက စစ်ရှောင်ဘဝကို ရောက်နေပြီလေ။ သူလုပ်နိုင်တာကတော့ အကြောင်းရင်းရှိတာပေါ့။ စစ်တပ်ထဲက မိသားစုနဲ့ မဲဆန္ဒနယ်လုပ်ပြီးတော့မှ သူ့ဟာသူမဲထည့်တာ မျိုးပေါ့၊ ဒါကလည်း လုပ်နိုင်တဲ့အနေအထားပေါ့။ ဒါပေမယ့်လည်း ရွေးကောက်ပွဲလုပ်ပြီးတော့မှ နိုင်ငံရေး ပြဿာနာ ဖြေရှင်းဖို့ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တကယ့်တကယ်နိုင်ငံရေးရဲ့ ထွက်ပေါက်ကတော့ နိုင်ငံရေး နည်းနဲ့ ပြဿာနာကို ဖြေရှင်းဖို့က အရေးကြီးတယ်။
နိုင်ငံရေးနည်းလမ်းဆိုတာက စစ်တပ်ကနေပြီးမှ နိုင်ငံရေးမှာ ပါဝင်ပတ်သက်နေတာကို ရုတ်သိမ်းဖို့လိုတယ်။ အခု စစ်ဆင်ရေးလုပ်နေတာကို ချက်ချင်းရပ်တန့်ဖို့ လိုတယ်။ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေကို အမြန်ဆုံး နိုင်ငံတကာက အကူအညီတွေကို လွတ်လွတ်လပ်လပ်ဖွင့်ပြီးတော့မှ ဘဝပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဖို့လိုတယ်။ ဒါက နိုင်ငံရေး ထွက်ပေါက်ပဲ။ ဒါကိုလုပ်မှသာ တခြားနိုင်ငံရေး အဆင့်တွေက ဆက်သွားမှာဖြစ်တယ်။ လောလောဆယ် လုပ်ရမယ့်ဟာတွေကို မလုပ်ဘဲနဲ့ ရွေးကောက်ပွဲတွေ လုပ်တာက တကယ့်နိုင်ငံရေးထွက်ပေါက် မဟုတ်ဘူး။ နိုင်ငံရေး ပြဿနာတွေကိုလည်း ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။”
ဗိုလ်မှူးကြီးဘုန်းနိုင် (စစ်ရေးချုပ် – ကရင်နီပြည်တပ်မတော် (KA))

“အဓိက သန်းခေါင်စာရင်းကောက်နိုင်ဖို့က ဦးစားပေးပြီးမှ ရွေးကောက်ပွဲလုပ်နိုင်ဖို့ လှုပ်ရှားတယ်။ တပ်အင်အား ဖြည့်တင်းတယ်ဆိုတာက ဒီကိစ္စကြောင့်ပဲ ဖြစ်တယ်ပေါ့။ အဲ့ဒါက အတည်ပြုလို့ရတယ်။ ရွေးကောက်ပွဲ မဖြစ်နိုင်ဖို့တော့ ကြိုးစားရမှာပေါ့။ လူထုအနေနဲ့က စစ်အုပ်ချုပ်ရေးလုပ်လာတာ နှစ်ပေါင်း ၇၀ ကျော် ရှိပြီ။ ဒုက္ခသုခ ဘယ်လိုရှိလဲဆိုတာ သိလောက်ပြီလို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့် စစ်တပ်ကိုထောက်ခံတဲ့ လူထုတချို့လည်းရှိတော့ စစ်ကောင်စီဖက်ပါမှာပဲ။ ကိုယ့်ကိုယ်ဆုံးဖြတ်ရမှာပေါ့။”
ဦးဗညား (အတွင်းရေးမှူး (၂) ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ/IEC)

“သေချာတာတခုကတော့ စစ်ကောင်စီက ဝါဒဖြန့်ချိရေးကတော့ ဆက်ပြီးတော့မှ နိုင်ငံကိုထိန်းကြောင်းနိုင်တယ်၊ ထိန်းချုပ်နိုင်တယ်ဆိုတဲ့ဟာက သူပြောနေကျအတိုင်းပေါ့။ အထူးသဖြင့် ကရင်နီပြည်ကို ကြည့်မယ်ဆိုရင် ဘာမှ မကျန်တော့ဘူးပေါ့နော။ လွိုင်ကော်တစ်မြို့ပဲ ကျန်တော့တယ်။ သူတို့လူရှိတယ်ဆိုတာ အဲ့ဒီဟာကို နိုင်ငံတကာ ကိုပြဖို့က အရေးကြီးတယ်။ အထူးသဖြင့် သန်းခေါင်စာရင်းနဲ့ ဆက်စပ်ပြီးတော့မှ ရွေးကောက်ပွဲ လုပ်တယ် ဆိုတာက တည်ငြိမ်ရတဲ့ အခြေအနေတခုရှိတယ်။ ထိန်းချုပ်နိုင်တဲ့ဧရိယာရှိမှသာ သူက လုပ်လို့ရတာကိုး။ အဲ့ဒီဟာကို Highlight တင်ချင်တာပေါ့ အဲ့ဒါတခုလည်းပါမယ်။
တခြား တိုင်းနဲ့ပြည်နယ် တော်တော်များများကို သူက (စစ်ကောင်စီ) ထိန်းချုပ်နိုင်သေးတယ်။ ရှမ်းမြောက် ကျသွားတယ်ဆိုပေမယ့်လည်း ရှမ်းတောင်တို့ ရှမ်းအရှေ့တို့ ကျန်သေးတယ်။ ဒါပေမယ့် ကရင်နီအဝန်းအဝိုင်း ကြည့်ရင် ဘာမှမကျန်တော့ဘူးပေါ့နော။ အဲ့ဒီဟာကို သူကတွန်းတာ ဖြစ်မယ်။ နောက်တခု ကျနော်ထင်တာက တပ်ပိုင်းဆိုင်ရာ မိသားစုဝင်တွေကို အားပေးတာပဲပြောပြော ခေါင်းဆောင်ကြီးတယောက်ကိုယ်တိုင် ဆင်းလာပြီးတော့မှ မြေပြင်အထိလာတယ်ဆိုတာ ပြသတဲ့သဘောပေါ့နော။
တာအယ်စိုး (သတင်းနှင့်ပြန်ကြားရေး – ကရင်နီအမျိုးသားများကာကွယ်ရေးတပ် / KNDF)

စစ်ခေါင်းဆောင်မင်းအောင်လှိုင် လွိုင်ကော်ကိုရောက်လာတာကတော့ ဟန်ပြသက်သက်ပဲ ဖြစ်တယ်ပေါ့နော။ လွိုင်ကော်မြို့ကို ထိန်းချုပ်နိုင်တယ်၊ လွိုင်ကော်မြို့က တည်ငြိမ်နေတယ်ဆိုတာမျိုးလည်း ပြချင်လို့ ဖြစ်တယ် ပေါ့နော။ ဟန်ပြသက်သက် ပြချင်ပြီးတော့မှ လာရခြင်းဖြစ်တယ်လို့ ကျနော်တို့ဘက်ကနေ သုံးသပ်ပါတယ်။ လွိုင်ကော်မြို့မှာ စစ်ကောင်စီဘက်က အမျိုးမျိုးပေါ့၊ သန်းခေါင်စာရင်းကောက်ဖို့ ကိစ္စတွေ ပြန်လည်ထူထောင်ရေး ကိစ္စတွေ စသဖြင့် အဲ့လိုမျိုး ပြောနေပေမယ့်လည်း လွိုင်ကော်မြို့က စစ်ဇုံဖြစ်နေတယ်။ ပြည်သူလူထုတွေကို အတင်းပြန်လာခိုင်းတယ်။ ဝန်ထမ်းတွေကို အတင်းပြန်လာခိုင်းပြီးတော့မှ စစ်တပ်က ပြည်သူကို ကာဗာယူပြီး တော့မှပဲ လုပ်ချင်တာတွေ လုပ်နေတာ ဖြစ်ပါတယ်ပေါ့။ အဲ့တော့ စစ်ကောင်စီဘက်ကတော့ လွိုင်ကော်ကို ပြန်ထိန်းနိုင်တယ်ဆိုတာ ဟန်ပြဖို့နဲ့ သူတို့ရဲ့ စိတ်ဓါတ်ကျနေတဲ့ ရှေ့တန်းကတပ်သားတွေကို ဟန်ပြအနေနဲ့ လာရောက်ခြင်းဖြစ်တယ်လို့ သုံးသပ်ပါတယ်။
ကန္တာရဝတီတိုင်း(မ်) – ပေးပို့သည်။