၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် မဲမသမာမှု ၁၁ သန်းကျော်ရှိသည်ဆိုသော စွပ်စွဲချက်နှင့် စစ်အာဏာသိမ်းခဲ့သည့် စစ်ကောင်စီအုပ်စုက လာမည့် ၂၀၂၅ ခုနှစ် နိုင်ဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ အရှိန်မြှင့် လုပ်ဆောင်လာပါသည်။
စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကလည်း ဩဂုတ်လ ၂၄ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် တွေဆုံပွဲ၌ တရားဝင်ထုတ်ပြောလာပြီး ရွေးကောက်ပွဲကို နယ်မြေလုံခြုံရေးအရ တစ်ရက်ထဲကျင်းပမည် မဟုတ်ဘဲ အပိုင်းလိုက် စီစဉ်ကျင်းပသွားမည်ဟု ပြောဆိုလာသည်။
ယခုနှစ်အောက်တိုဘာလ၌လည်း စစ်ကောင်စီက သန်းခေါင်းစာရင်း ကောက်ယူရန် ပြင်ဆင်နေသလို ၎င်းတို့ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ကလည်း ပါတီတည်ထောင်ခွင့် လျှောက်ထားမှုများကို ပယ်ချခြင်း၊ တည်ထောင်ခွင့်ပြုခြင်းတို့ကို ဆက်တိုက်ပြုလုပ်လာနေသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အခြေစိုက် ခူမီးအမျိုးသားပါတီကို စစ်ကောင်စီ၏ ရွေးကေက်ပွဲကော်မရှင်က ပါတီတည် ထောင်ခွင့်ပြုထားသည်။ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (ZCD) အား ပါတီမှတ်ပုံတင်ခွင့်ကို ရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်ထားရာတွင် ပါတီတည်ထောင်ခွင့်ရရှိရေးကို စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ထံ ထပ်မံကြိုးစားသွားမည်ဟု ဆိုပါသည်။
လက်ရှိ၌ ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ မင်းတပ်၊ ကန်ပက်လက် မြို့ပေါ်တွင် စစ်ကောင်စီတပ်များ ရှိနေဆဲဖြစ်ပြီး ချင်းတော်လှန်ရေးအင်အားစုများကလည်း ယခု ၂၀၂၄ ခုနှစ်အတွင်း ချင်းပြည်တွင် စစ်ကောင်စီ ကင်းစင်ရေးအတွက် စစ်ရေးရည်မှန်းချက်ထားပြီး ဆောင်ရွက်နေသည်ဟု ဆိုထားပါသည်။
ထိုသို့အခြေအနေမျိုးတွင် လာမည့်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး စစ်ကောင်စီ ပြင်ဆင်လာမှုနှင့် ပတ်သက်ပြီး ချင်းပြည်၊ ချင်းလူထုနှင့် ချင်းတော်လှန်ရေးအပေါ် သက်ရောက်မှု အခြေအနေများကို ချင်းတော်လှန်ရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများ၏ သဘောထားအမြင်များကို မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။
ဆလိုင်းထက်နီ (ပြောရေးဆိုခွင့်ရှိသူ – ချင်းအမျိုးသားတပ်ဦး CNF/CNA)
စကစ (စစ်ကောင်စီ) အနေနဲ့ တရားဝင်အစိုးရ ဖြစ်ရေးအတွက် ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင်လုပ်ဖို့ ကြိုးပမ်းလာတာက နွေဦးတော်လှန်ရေး တလျှောက်လုံးဖြစ်ပါတယ်၊၊ သို့သော် အကောင်အထည် မဖော်နိုင်ခဲ့ဘူး၊၊ တပြည်လုံးမဟုတ်ရင်တောင် သူတို့စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေမှာတော့ လုပ်နိုင်ကောင်းပါတယ်၊၊ ဒါပေမဲ့ လုံးဝအသက်ဝင်မှာ မဟုတ်ဘူး။ ကျနော်တို့ချင်းပြည်ဆိုရင် စကစစခန်းရှိရာ မြို့တချို့မှာတော့ လုပ်နိုင်ပါလိမ့်မည်၊၊ သို့သော် ရွေးကောက်ပွဲ ရလဒ်အားဖြင့် အုပ်ချုပ်ရေးယန္တာရား လည်ပတ်နိုင်မှာမဟုတ်ဘူး၊၊
ဘာဖြစ်လို့လဲဆိုတော့ ချင်းပြည်နယ်မြေနဲ့ လူထု ၈၅ ရာနှုန်းကို စကစက ဆုံးရှုံးသွားလို့ဖြစ်တယ်။ ချင်းတော်လှန်ရေး အင်အားစုကို ပံ့ပိုးနေတဲ့ပြည်သူတွေဟာ ကျနော်တို့နဲ့ တထပ်တည်းဆိုတော့ စကစရဲ့ရွေးကောက်ပွဲကို လုံးဝ အယုံအကြည် မရှိဘူးဆိုတာ အခိုင်အမာ ပြောရဲတယ်၊၊ စကစ ရွေးကောက်ပွဲဟာ စစ်အာဏာရှင် သက်ဆိုးရှည်ရေး အတွက်ဆိုတာ ပြည်သူအသိပါ၊၊ ဆိုတော့ လုံးဝမပါဝင်ကြဖို့ တိုက်တွန်းချင်တယ်။
ဆလိုင်းတင်မီ (ပြောရေးဆိုခွင့်ရှိသူ – ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF))
စကစက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာမှု ၁၁ သန်းကျော် ရှိလို့ အာဏာသိမ်းတယ်ဆိုတာက သူ့ရဲ အကြောင်းပြချက်ပေါ့နော်။ ခုချိန်မှာ သူ့အနေနဲ့ ပြဿနာကနေ ထွက်ပေါက်ဗျူဟာ (existing strategy) အနေနဲ့ ရွေးကောက်ပွဲလုပ်တယ်လို့ ယူဆပါတယ်။ နိုင်ငံတကာကိုလည်း သူရွေးကောက်ပွဲ လုပ်နိုင်မှ existing strategy ဖြစ်မယ်လို့ သူယူဆတာဖြစ်မယ်။ ဒါပေမဲ့ သူတကယ်လုပ်နိုင်မလားက တိုင်းပြည်ရဲ့မြို့နယ်ပေါင်း ၃၃၀ အထဲမှာ သုံးပုံတစ်ပုံလောက်ပဲ (မြို့နယ် ၉၀ လောက်ပဲ) ထိန်းချုပ်နိုင်တယ်။ အဲဒီ ၉၀ ထဲမှာတောင်မှ ဒီလို တိုင်းပြည်မငြိမ်မသက်ဖြစ်နေတဲ့အချိန်မှာ ရွေးကောက်ပွဲဆိုတာ တကယ်တမ်း ဖြစ်မလားဆိုတဲ့ဟာရှိမယ်။ နောက်တစ်ခုက ပါတီပေါ့၊ သူတို့ပြောတာက ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲအနေနဲ့ သွားမယ်ဆိုတဲ့အခါမှာ အခုက တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပါတီက ၄၊ ၅ ခု လောက်ပဲဖြစ်တယ်။
ချင်းပြည်မှာ ဘယ်ပါတီကပြိုင်မှာလဲ၊ ချင်းရဲ့ ပထဝီ အနေအထားအရ စစ်ရေး၊ နိုင်ငံရေးအရ ကြည့်မယ်ဆိုရင် ရွေးကောက်ပွဲနေနေသာသာ စကစတွေ ဒီနေ့လား၊ မနက်ဖြန်လား ကျရှုံးမယ့်အခြေအနေမှာ ရွေးကောက်ပွဲကတော့ ပြောမနေနဲ့ပေါ့လေ။ စစ်ရေးရော နိုင်ငံရေးအရရော တနိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်မယ်ရင် ဒီရွေးကောက်ပွဲက သူ့မှာ နိုင်ငံခြားရေးအရပဲဖြစ်ဖြစ် ကျရှုံးနေတဲ့အရာကို နိုင်ငံတကာရဲ့ support ရအောင် ပြောတဲ့ပုံစံပဲဖြစ်ပါတယ်။ တကယ် ဖြစ်လာမှာလဲ မဟုတ်သလို ပြည်သူမပါတဲ့ ရွေးကောက်ပွဲဆိုတာက မဖြစ်နိုင်တဲ့အရာဖြစ်တယ်။ ပြီးတော့ စကစအနေနဲ့ သူထိန်းချုပ်တဲ့ နယ်မြေမှာတောင် ရွေးကောက်ပွဲလုပ်ဖို့ မသေချာတဲ့အခြေအနေ ရှိနေပါတယ်။ ဒီအရာက ယောင်ပြီးတော့ မဖြစ်နိုင်တဲ့အရာကို ပြောနေတယ်လို့ပဲ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။
ဆလိုင်းဗန်ဆွေးစံ (လက်ထောက်ညွှန်ကြားရေးမှူး – ချင်းရေးရာအဖွဲ့ချုပ်/ ICA)
ရွေးကောက်ပွဲလုပ်တာက စစ်ကောင်စီရဲ့ နောက်ဆုံးထွက်ပေါက်လို့ သုံးသပ်ရမှာပါ။ စစ်ကောင်စီက ခုချိန်မှာ အဘက်ဘက်ကနေ အားနည်းလာတာ၊ ထိုးကျလာတာကို တွေ့ရတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် နေရာတော်တော်များများမှာ စစ်ကောင်စီထိန်းချုပ်မူ လျော့နည်းလာပြီးမှ ဒေသခံခုခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်မှု ပိုမိုအားကောင်းလာတာကို တွေ့ရပါတယ်။ အရင်လမ်းစဉ်ဟောင်းကို ပြန်ကျင့်သုံးပြီး၊ ရွေးကောက်ပွဲ ပြုလုပ်မယ်၊၊ စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံကိုဝတ်ပြီးမှ အရပ်သားအစိုးရကို တည်ဆောက်ဖို့ နောက်ဆုံးထွက်ပေါက် ကို အသုံးချလာတာလို့ပဲ သုံးသပ်ချင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ချင်းမှာ ဘယ်လိုဖြေရှင်းနိုင်မလဲက သူတို့ ရွေးကောက်ပွဲ ကျင်းပသည်ဖြစ်စေ၊ မကျင်းပသည် ဖြစ်စေ နွေဦးတော်လှန်ရေးမှာပါဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ခံယူချက်က ဒီမိုကရေစီရရှိဖို့ဆိုတာထက် ပိုပါတယ်။
ဒါက စနစ်ကြီးတခုကို ပြောင်းလဲပစ်ဖို့ ရည်မှန်းထားတာဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ချင်းမှာ အများကြီးထိခိုက်မိမှာ မဟုတ်ဘူးလို့ယူဆတယ်။ ဒါပေမယ့် တဖက်မှာစစ်ပွဲဒဏ်ကြောင့် အခက်အခဲကြုံတွေ့နေရတဲ့ လူထုကနေ ဘယ်လိုအသံတွေထွက်လာမလဲက စောင့်ကြည့်ရမယ့် အနေအထားမှာရှိတယ်။ ချင်းပြည်နယ်မှာ ရွေးကောက်ပွဲက လက်ရှိအနေအထားအရ သုံးသပ်ရရင် ချင်းပြည်နယ်မှာရှိတဲ့ မြို့တော်တော်များများမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက အနည်းနဲ့အများ မြို့ထဲကို ချဉ်းကပ်လာတာကို တွေ့ရတယ်။ ချင်းမှာ တော်လှန်ရေး အင်အားစု အာကောင်းလာတာနဲ့အညီ ရွေးကောက်ပွဲလုပ်ဖို့က ရာခိုင်နှုန်းအနေနဲ့က တော်တော်လေးနည်းပါးတဲ့ အနေအထားမှာ ရှိနေပါတယ်။
ဒါပေမယ့် စစ်ကောင်စီက PR စနစ်ကို ကျင့်သုံးလာမယ် ဆိုတော့ ရွေးကောက်ပွဲကိုလည်း တစ်ရက်ထဲအပြီးလုပ်တာ မဟုတ်ဘဲ၊ အလျဉ်းသင့်သလို လုပ်သွားမယ်လို့ ပြောလာတဲ့အခါမှာ သူတို့လုပ်တဲ့အပေါ်မှာ အများကြီး မူတည်နိုင်တယ်။ ပြည်သူတွေရဲ့ ငြိမ်းချမ်းလိုတဲ့ ဆန္ဒ အပေါ်မှာလည်း အများကြီးမူတည်ပါလိမ့်မယ်။ ငြိမ်းချမ်းတယ်ဆိုတာက အပေါ်ယံဝတ်ရုံပြောင်းလဲတဲ့ ငြိမ်းချမ်းရေးကိုပဲ လိုတာလားပေါ့။ စစ်ပွဲဒဏ်ကိုမခံနိုင်တော့လို့ ရရာနည်းနဲ့ ရုန်းထွက် တယ်ဆိုရင် ရွေးကောက်ပွဲက ဖြစ်ပေါ်လာဖို့ရှိပါတယ်။ ဒါပေမယ့် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရည်မှန်းချက်ဖြစ်တဲ့ စနစ်ကြီးတစ်ခု ပြောင်းလဲပစ်ဖို့က ရွေးကောက်ပွဲက ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိဘူးလို့ သုံးသပ်မိတယ်။ တဆက်ထဲမှာပဲ ချင်းပြည်နယ်မှာရှိတဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေကြားက ပဋိပက္ခတွေအပေါ်မှာရော အများကြီး မူတည်သွားလိ့မ်မယ်။
ဖလမ်းမြို့ဒေသခံတစ်ဦး
(၁၀၀) မှာ (၉၀) ရာခိုင်နှုန်းကတော့ ဖလမ်းအခြေအနေနဲ့ဆိုရင် ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မဖြစ်နိုင်ဘူး။ စကစ ဦးဆောင်တဲ့ရွေးကောက်ပွဲက လုံးဝဆက်သွားနိုင်မှာ မဟုတ်ဘူးလို့ထင်တယ်။ အခုကျနော်တို့ စဖြစ်တဲ့အချိန်ကနေ အခုအချိန်ထိ စကစနဲ့ လုံးဝမပတ်သက်ဖို့ ဘယ်သူမဆို စိတ်ထဲမှာရှိမယ်ထင်တယ်။ ဒါပေမယ့် လူဆိုတာ မပြည့်စုံတဲ့ အခါ ဝမ်းတထွာကိစ္စနဲ့ လိုချင်တဲ့သူလည်း ရှိကောင်းရှိနိုင်တယ်၊၊ စီးပွားရေးအနေနဲ့ ပေါင်းချင်တဲ့သူက ရှိကောင်း ရှိနိုင်တယ်။ ဒါပေမယ့် ချင်းပြည်နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့က မဖြစ်နိုင်ဘူး။ အဲ့ဒီကိစ္စနဲ့ပက်သက်ပြီး ဘယ်သူကဦးဆောင်ရဲမှာလဲက တခုရှိတယ်။
ဘယ်မြို့ မှာမဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်အနေနဲ့ ဖယ်ဒရယ်မဟုတ်ဘဲနဲ့ Confederate ဆိုတဲ့ အဆင့်ကို မျော်မှန်းတဲ့အချိန်မှာ စကစဘက်က ရွေးကောက်ပွဲဆိုတာက တော်တော်လေး ဝေးသေးတယ်လို့ ထင်တယ်။ ချင်းပြည်နယ်မှာ (၉) မြို့နယ်အားလုံးက ကိုယ့်မြို့နယ်နဲ့ကိုယ် အုပ်ချုပ်ရေးလည်ပတ်ဖို့ ပြင်ဆင်တာ၊၊ တချို့ဆိုလို့ရှိရင် အုပ်ချုပ်ရေး လည်ပတ်နေတဲ့ မြို့နယ်တွေလည်း ရှိသွားပြီလေ။ ဆိုတော့ ဒီရွေးကောက်ပွဲ ကိစ္စဆိုရင် စကစရှိနေတဲ့ မြို့မသိမ်းတဲ့ နေရာမှာပဲ နည်းနည်းလူထုကို လိမ်မယ်ဆိုလို့ရှိရင် ဖေ့ဘွတ်ပေါ်မှာပဲရှိတော့မှာ။ စကစရှိတဲ့နေရာ ဖလမ်းနဲ့တီးတိန် မှာတောင်မှ ဒီလိုဖြစ်နေတာ လူဦးရေလည်းမရှိ၊ ဘယ်သူက ရွေးကောက်ပွဲကို ပြိုင်ရဲတော့မှာလဲ၊၊
မင်းတပ်မြို့ဒေသခံတစ်ဦး
ချင်းပြည်နယ် တခုလုံးအတိုင်းအတာအနေနဲ့ တော်တော်လေးခက်ခဲမယ်လို့ ယူဆပါတယ်။ တခြားတိုင်းတွေ၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် နေရာကွက်ကြားနဲ့တော့ အဆင်ပြေကောင်းပြေလိမ့်မယ်။ ဒါပေမယ့် ချင်းပြည်နယ်မှာ အခက်အခဲရှိမယ်လို့ ယူဆပါတယ်။ ရွေးကောက်ပွဲရလဒ် ရည်ရွယ်ချက်အတိုင်း ကောင်းတာလည်း ဖြစ်နိုင်သလို ခက်ခဲတာလည်း ဖြစ်နိုင်ပေမယ့် လူထုကကိုယ့်ဆန္ဒကို လွတ်လွတ်လပ်လပ် မဲပေးပိုင်ခွင့် အရမ်းခက်ခဲမယ်။ ကျည်ဆံပြောင်းဝတွေကြား၊ ကျောက်နဂါးတွေကြားက ရှေ့မှာနေရတဲ့အခါမှာ ကျောက်နဂါး ရှိတယ်။ ကျည်ဆံပြောင်းဝတွေ ရှိတဲ့အတွက်ကြောင့် လူတစ်ဦးရဲ့အဖြစ်မှန်အတိုင်း ရွေးချယ်ဖို့က အင်မတန်မှ အန္တာရာယ်ရှိတဲ့အတွက် လူထုမှာ အကြောက်တရားလွှမ်းမိုးနေသရွေ့ မလွယ်သေးပါဘူး ပြောချင်ပါတယ်။
KMG ပေးပို့သည်။