တွန်းဇံမြို့ စစ်ရေးအခြေအနေ၊ ZRA တပ်ဖွဲ့အနေအထား၊ တိုက်ပွဲကာလ နေရပ်စွန့်ခွာစစ်ဘေးရှောင်ပြည်သူတို့ အခြေအနေများနှင့်ပတ်သက်ပြီး တွန်းဇန်မြို့နယ်ကောင်စီဥက္ကဌ ပူးထန်ဆွင်းမုန်နှင့် ဆက်သွယ်မေးမြန်းချက်။
ချင်းပြည်နယ်မြောက်ပိုင်း၌တည်ရှိသည့် တွန်းဇန်မြို့နယ်သည် စစ်ကောင်စီကင်းစင်သွားပြီးဖြစ်သည့် လွတ်မြောက်နယ်မြေတစ်ခု ဖြစ်လာသည်။ ချင်းလဲန်းကောင်စီ/ ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့တို့က တွန်းဇံမြို့ပေါ်တွင် နေရာယူတပ်စွဲထားကြသော စစ်ကောင်စီတပ်ဖွဲ့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလတွင် တိုက်တိုက်သိမ်းပိုက်နိုင်ခြင်း ဖြစ်သည်။
ယင်းနောက် နယ်မြေခံတပ်ဖွဲ့ဖြစ်သည့် CDF-Tonzang/ Tonzang Township Council ကနေ အုပ်ချုပ်ရေး လုပ်ငန်းတို့ကို ဖော်ဆောင်နေသည့်ဒေသလည်း ဖြစ်သည်။ စစ်ကောင်စီကင်းစင်သွားပြီဆိုသော်လည်း မြို့သိမ်း တိုက်ပွဲအပြီး ၁ နှစ်နီးပါးအကြာတွင် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ဘက်၌ စစ်ရေးလှုပ်ရှားနေသော ဇိုမီး တော်လှန်ရေးတပ် (ZRA) က CDF – တွန်းဇန်နှင့် ချင်းလဲန်းကောင်စီပူးပေါင်းတပ်တို့ ထိန်းချုပ်ထားသည့် တွန်းဇံမြို့ကို စစ်အင်အားအလုံးအရင်းနှင့် မကြာခဏ ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိနေသည်။
ယခုဧပြီလအတွင်းမှာပင် ZRA တပ်ဖွဲ့တို့က တွန်းဇန်မြို့ကို ၂ ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိသလို စစ်ရေးလည်း ဆက်လက်တင်းမာနေဆဲ ဖြစ်သည်။
ယင်းအပြင် ZRA တပ်ဖွဲ့က တွန်းဇန်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် တွန်းဇံမြို့ပေါ်နှင့် စစ်ပွဲဖြစ်ပွားရာနေရာအနီးက ကျေးရွာဒေသခံတို့သည် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင် နေရသည်။
ထိုအခြေအနေများကြောင့် တွန်းဇံမြို့ရဲ့စစ်ရေးအခြေအနေ၊ ZRA တပ်ဖွဲ့အနေအထား၊ တိုက်ပွဲကာလ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူတို့ အခြေအနေများနှင့်ပတ်သက်ပြီး တွန်းဇန်မြို့နယ်ကောင်စီဥက္ကဌ ပူးထန်ဆွင်းမုန်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ တွန်းဇန်မြို့ကို စစ်ကောင်စီတပ်ဖွဲ့ထံကနေ သိမ်းပိုက်တဲ့အခြေအနေနဲ့ ZRA တပ်ဖွဲ့နဲ့ တိုက်ပွဲစတင်ဖြစ်ပွားရတဲ့အခြေအနေကို အရင်ဆုံးပြောပြပေးပါလား။
ဖြေ။ ။ ကျနော်တို့ အခုဖြစ်ပျက်တဲ့နေရာ CDF – တွန်းဇန်တပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားတဲ့၊ ကွပ်ကဲတဲ့နေရာ ဖြစ်တယ်။ တွန်းဇန်မြို့နယ်ကောင်စီရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြို့နယ်တခုပါ။ ကျနော်တို့က ၂၀၂၄ မေလမှာ တွန်းဇန်မြို့သိမ်းတိုက်ပွဲဆင်နွှဲပြီးတော့ တွန်းဇံမြို့နယ်တခွင်လုံးကို သိမ်းပိုက်ပြီးစီးသွားပြီ။ အဓိက ချင်းလဲန်း ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ CDF တွေအပါအဝင် CNA နဲ့ တပ်ပေါင်းစုတွေ ပူးပေါင်း ပြီးတော့ စစ်ကောင်စီကိုတိုက်ထုတ်ပြီး သိမ်းယူထားတာဖြစ်တယ်။ ကျနော်တို့တပ်ပေါင်းစုက တွန်းဇန်မြို့နယ် တခွင်လုံးကို သိမ်းပိုက်ပြီးတဲ့နောက်ပိုင်းမှာ CDF – တွန်းဇန်ကော်မတီကနေ တွန်းဇန်မြို့နယ်ကောင်စီကို ဖွဲ့စည်း ထူထောင်လိုက်တယ်။ ဖွဲ့စည်းလိုက်တဲ့အခါမှာ တွန်းဇန်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအမည်အစား တွန်းဇန်မြို့နယ် ကောင်စီဆိုပြီးတော့ တွန်းဇံမြို့နယ်တခွင်လုံးကို အုပ်ချုပ်နိုင်ခဲ့တယ်။
အဲဒီအချိန်မှာ ကျနော်တို့ကမြို့သိမ်းတိုက်ပွဲ ပြီးတာနဲ့ ကျီခါးမြို့မှာမထိုင်နိုင်ဘူး။ ကျီခါးမြို့မှာက ကျနော်တို့ တပ်ပေါင်းစုက စစ်ကောင်စီရဲစခန်း၊ တပ်ကုန်းတို့ကို မီးရှို့ဖျက်ဆီးထားတယ်။ ဒါပေမယ့် ကျီခါးမြို့မှာ မထိုင်နိုင်ဘူး။ မထိုင်နိုင်တော့ ZRA က ကျီခါးမှာ အခွင့်ကောင်းယူပြီးတော့ ကျီခါးမှာစခန်းထိုင်ကြတယ်။ အဲဒီကနေ တွန်းဇန်မြို့ကို တိုက်ဖို့ဆင်းလာတယ်။ ပထမမှာ Mualkawi မှာ ကျနော်တို့ ဆီးကြိုတိုက်ခိုက် နိုင်ခဲ့တယ်။။ Mualkawi ဆိုတာ တွန်းဇန်နဲ့ ၁၂ မိုင်လောက်ပဲ ဝေးကွာတယ်။ ဒုတိယအကြိမ် တွန်းဇန်တိုက်မယ် ဆိုပြီး ကျီခါးကနေ ပြန်ဆင်းလာကြတယ်။ ကျနော်တို့ သတင်းရ,ရခြင်းပဲ မြို့ကပြည်သူတွေ အန္တရာယ် မကျအောင်၊ စစ်ဘေး မရှောင်ရအောင်ဆိုပြီး ကျနော်တို့က Tuikhing ရွာမှာ စီးကြိုတိုက်ခိုက်ရတယ်။ လက်ဦးမှု ရယူတယ်။ အဲဒါနဲ့ သူတို့က တွန်းဇန်မြို့ကို မကပ်နိုင်ဘူး။
ကျနော်တို့က Tuikhing ရွာမှာ စခန်းမထိုင်ဘဲနဲ့ Mualkawi မှာပဲ စခန်းထိုင်လိုက်တယ်။ မွှာလ်ကွာလ်မှာက CNA တပ်ဖွဲ့၊ CDF – တွန်းဇန်တပ်ဖွဲ့နဲ့ CDF – ထာဒိုရ် တပ်ဖွဲ့တို့ ပူးပေါင်းစခန်းထိုင်တယ်။ တွန်းဇန်မြို့ပေါ်မှာတော့ ကျနော်တို့ CNA နဲ့ CDF – တွန်းဇံက စခန်းထိုင် ကြတယ်။ အဲဒါကို တတိယအကြိမ်မှာ သူတို့က အင်အား အလုံးအရင်းနဲ့ အင်အား ၅၀၀ ခန့်နဲ့၊ Mualkawi စခန်းကို တိုက်တဲ့တဖွဲ့ကတိုက်၊ ပြီးတော့ တွန်းဇန်ကို စစ်ကြောင်း ၂ ကြောင်းနဲ့ ညှပ်ပြီးတော့ထိုးလာတယ်။ တွန်းဇန်ကိုတော့ အင်အား ၄၀၀ လောက်နဲ့ဝင်လာတယ်။ Mualkawi ရွာကို အင်အား ၁၀၀ လောက်နဲ့ ဝင်ကြတယ်။ မနက်ပိုင်း ၅ နာရီမှာ Mualkawi ကို တိုက်ကြတယ်။ တွန်းဇန်ကို မနက် ၁၀ နာရီလောက်မှာ တိုက်တယ်။ ကျနော်တို့ကို ဒီလို ၃ ကြိမ်တိတိတိုက်တယ်။ သူတို့က မအောင်မြင်ဘူး။
ပြီးတော့ နောက်ဆုံးတကြိမ် ဧပြီမှာပဲ တွန်းဇန်ကိုပြန်ပြီးတော့ တိုက်တယ်။ အင်အားအလုံးအရင်းနဲ့၊ အင်အား ၃၀၀ နဲ့ ပြန်လာတယ်။ ဒါပေမယ့် သူတို့က အထိအခိုက်အသေအဆုံး များပြီးတော့ ပြန်လည်ဆုတ်ခွာကြတယ်။ တွန်းဇန် စခန်းကို လာတိုက်တာက နှစ်ကြိမ်တိတိပေါ့နော်။ ZRA က အင်အားဘယ်လောက်များများ၊ CDF – တွန်းဇန်တပ်ဖွဲ့၊ CNA တပ်ဖွဲ့၊ CDF – Hualngoram၊ CDF – ထာဒိုတပ်ဖွဲ့က ရွှံရွှံချွန်ချွန်ခုခံတိုက်ခိုက်မှုကြောင့် သူတို့ရဲ့ မြို့သိမ်းတိုက်ပွဲ လုံးဝမအောင်မြင်ဘူး။ အထိနာပြီး ပြန်လည်ဆုတ်ခွာ သွားတယ်။ တွန်းဇန်ကို ပထမလာတိုက် တော့ အရှက်ကွဲပြီး Nakzang နဲ့ Buangmual ကျေးရွာကို အပြန်လမ်းမှာ မီးရှို့သွားကြတယ်။
မေး။ ။ လက်ရှိ တွန်းဇန်စစ်ရေးမှာ ZRA က ပြန်ဆုတ်သွားပြီလား၊ တိုက်ပွဲထပ်မံဖြစ်နိုင်တဲ့ အလားအလာ ရှိပါလား။
ဖြေ။ ။ ဒီတခါကတော့ ကျနော်က သိပ်မထင်တော့ဘူး။ ဘာလို့လဲဆိုတော့ သူတို့က အထိအခိုက်တအား များလွန်တယ်။ သူတို့ကြေညာတာက ၆ ဦးဆိုပေမယ့် အထိအခိုက်က အဲထက်ပိုများနိုင်တယ်။ ပြီးတော့ အိန္ဒိယဘက်က Lamka မြို့မှာလည်း သူတို့ ပြသနာတက်ကြတယ်။ ZRA ကို ကျနော်တို့က သွားတိုက်တာ မဟုတ်ဘဲနဲ့ သူတို့ကလာတိုက်လို့ ကျနော်တို့က ခုခံတာပဲရှိတယ်။ ဒါပေမယ့် အခုက သူတို့က ကျနော်တို့ကို လာတိုက်နေတော့ အကုန်အကျတအားများတယ်။ ကျနော်အနေနဲ့ သူတို့ကို အမြန်ဆုံးချေမှုန်းတိုက်ထုတ်ဖို့ အစီအစဉ်ဆွဲထားတယ်။ ပြန်လာရဲရင် ပြန်လာကြပေါ့ ။ ကျနော်တို့က ဒီမှာ အဆင်သင့်စောင့်နေတာပဲလေ ။ သတင်းအရတော့ စစ်ကောင်စီတပ်ဘက်က လက်နက်ထောက်ပံ့တယ်တဲ့။ လက်နက်တွေရရင် ပြန်လာမယ် လို့တော့ သတင်းတွေထွက်နေတာပေါ့နော်။ ZRA အနေနဲ့ သူတို့ဘာသာတော့ပြန်လာဖို့ လွယ်မှာမဟုတ်ဘူး။
စကစအခိုင်အမာနဲ့ တပ်စွဲထားတာကိုတောင် ကျနော်တို့မောင်းထုတ်နိုင်သေးတာပဲ။ စကစနဲ့ ZRA ပူးပေါင်းထား တာလေ။ ZRA က မီးသတ်ကုန်းမှာ စခန်းအထိုင်ချတယ်။ စကစက ရိပ်သာ၊ ကိုဗစ်စင်တာ၊ နတလ တို့မှာ အခိုင်အမာ တပ်စွဲထားတာတောင် ကျနော်တို့တိုက်ထုတ်နိုင်သေးတာပဲ။ အခုက ကျနော်တို့က တောင်ကြော တခုလုံးမှာ နေရာယူထားပြီးပြီ။ ကျနော်တို့က တွန်းဇန်မြို့နယ်ကို ZRA ကို တလက်မတောင်မှ ဖဲ့ပေးနိုင်မှာ မဟုတ်ဘူး။ သူတို့က လုံးဝနောက်မဆုတ်ဘူး ငြိမ်းချမ်းရေး မယူဘူး၊ အလင်းမဝင်ဘူးဆိုရင် ကျနော်တို့က အကုန်လုံးသိမ်းမှာ။ ကျနော်တို့ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ တပ်ပေါင်းစုနဲ့က သူတို့ကို အပြီးမောင်းထုတ် မှရတော့မယ်။ ကျနော်တို့ကလည်း ဘာပဲဖြစ်ဖြစ် အသေအကြေရှိတယ်။ ပထမတုန်းက ကျနော်တို့က တယောက် ကျတယ်။ ဒုတိယမှာ ၄ ဦးကျဆုံးတယ်။ တတိယမှာ ကျနော်တို့ ရဲဘော် ၄ ဦး ထပ်ကျတယ်။ အခုလည်း တခြား ၂ ဦး ထပ်ကျဆုံးတယ်ဆိုတော့ အခုက ၁၀ ဦး ဝန်းကျင်ရှိနေပြီ ကျဆုံးတာ။
ဒီတခါ ထပ်လာရင် တခါတည်း အိန္ဒိယအထိမောင်းထုတ်မှာ။ အထိအခိုက်ကို သိပ်မခံနိုင်တော့ဘူး။ လူမျိုး အချင်းချင်းဆိုပေမယ့် ကျနော်တို့ ဆက်သည်းခံနိုင်မှာ မဟုတ်တော့ဘူး။ ဒီတွန်းဇန်မြို့နယ်ဟာ ZRA တွေရဲ့ စစ်ရေးလှုပ်ရှားမှုနယ်မြေ မဟုတ်ဘူး။ ZRA တွေက အိန္ဒိယမှာနေတယ်။ အိန္ဒိယ၊ မဏိပူရ်အစိုးရရဲ့ နယ်ခြား စောင့်တပ်သာဖြစ်တယ်။ မင်းအောင်လှိုင် အာဏာသိမ်းမှပဲ မြန်မာနိုင်ငံ၊ ချင်းပြည်နယ်ဘက်ကိုဝင်ပြီးတော့ နေရာ လာလုတာဖြစ်တယ်။ သူတို့က စကစနဲ့ ပူးပေါင်းပြီးတော့ ညှိနှိုင်းပြီးတော့ တွန်းဇန်မြို့ပေါ်မှာ ၆ လလောက်ပဲ နေဖူးတာပါ။ ကျန်တဲ့ဟာက အာဏာမသိမ်းမီက ZRA က ချင်းပြည်နယ်မှာ မနေထိုင်ပါဘူး။ အိန္ဒိယ ၊ မဏိပူရ် ဘက်မှာပဲနေတာပါ။ တွန်းဇန်ဆိုတာ ဇိုမျိုးနွယ်စုတွေ နေထိုင်တဲ့နေရာဖြစ်ပါတယ်။ တွန်းဇန်မြို့ကို ကျနော်တို့ လုံးဝ အပါခံမှာ မဟုတ်ပါဘူး။
မေး။ ။ ZRA ကို စစ်ကောင်စီက လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးတယ်ပြောတယ်။ ZRA နဲ့ စစ်ကောင်စီကြားက ဆက်ဆံရေးက ဘယ်လိုအခြေအနေရှိပါလဲ။
ဖြေ။ ။ သူတို့ကြားမှာ အခိုင်အမာရှိတယ်။ အရင်က ချင်းပြည်အစိုးရရဲ့ အားကစားနဲ့ လူမှုရေးဝန်ကြီးဟောင်း ပေါင်လွန်မင်းထန်ကိုယ်တိုင်က စစ်ကောင်စီနဲ့ ညှိနှိုင်းတိုင်ပင်မှုတွေရှိတယ်။ ဒီတခါမှာလည်း ZRA လက်ထဲကနေ စစ်ကောင်စီတပ်ရဲ့ ဝေါ်ကီတော်ကီ ၁ လုံးကို မိထားတာရှိတယ်။ အဲဒါကြောင့် သူတို့ကို စစ်ကောင်စီက ဝေါ်ကီတော်ကီအပါ MA မောင်းပြန်သေနတ်တွေ ထောက်ပံ့တယ်ဆိုတာ သေချာပါတယ်။ သူတို့က အစကတည်းက ပေါင်းပြီးသားပဲ။ မြို့သိမ်းတိုက်ပွဲကတည်းက သူတို့ အတူတူနေထိုင်ကြတာပါ။ အခုကလည်း စကစ ကိုင်တဲ့ ဝေါ်ကီတော်ကီတောင်မှ ZRA ဆီက ရထားတယ်။ သူတို့က လက်နက်ထောက်ပံ့တယ်ဆိုတာလည်း အမှန်အကန်ပါ။
မေး။ ။ ZRA တပ်က တွန်းဇန်မြို့ကို မကြာခဏ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ ဘာကြောင့်ပါလဲ၊၊ သူတို့ရည်ရွယ်ချက်က ဘာလဲခင်ဗျာ။
ဖြေ။ ။ မင်းအောင်လှိုင် အာဏာသိမ်းလိုက်တော့ ကျနော်တို့ကမျိုးနွယ်စုတွေ၊ မြို့နယ်တွေအနေနဲ့ လက်နက်ကိုင်တပ်တွေကို ထူထောင်ကြတယ်။ အဲဒီအချိန်မှာ ZRA က ဘယ်လိုကြေညာသလဲဆိုရင် တီးတိန်၊ တွန်းဇန်၊ ကလေး၊ ကဘော်တဝိုက်မှာ ZRA လက်နက်ကိုင်တပ်ကလွဲ၍ ဘယ်လက်နက်ကိုင်အဖွဲ့မှ မရှိရ ဆိုပြီးတော့ ကြေညာတာရှိတယ်။ PDA စတင်တည်ထောင်တုန်းက သူတို့က စခန်းကိုမီးရှို့ဖျက်ဆီးကြတယ်။ ပြီးတော့ PDF – Zoland စခန်းကိုလည်း မီးရှို့ဖျက်ဆီးကြတယ်။ CDF – Hualngoram စခန်းကိုလည်း မီးရှို့ ဖျက်ဆီးကြတယ်။
ပြီးတော့ ကျနော်တို့ CDF – တွန်းဇန်ကိုလည်း ၂ ခါ လာတိုက်တယ်။ ပထမတခါမှာ ကျနော်တို့ ရဲဘော် ၁ ဦးကျဆုံးတယ်။ ဒုတိယအခါမှာလည်း ရဲဘော် ၁ ယောက် ကျဆုံးတယ်။ တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို သူတို့က ဇိုမီးပြည်နယ်ပုံစံအနေနဲ့ ပြည်နယ်တခု ထူထောင်ချင်တဲ့ ရည်ရွယ်ချက်ရှိတယ်။ CDF တွန်းဇန်ကတော့ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ ၊ အခုက ချင်းအမျိုးသားကောင်စီ ( ချင်းနှစ်ဖွဲ့ပူးပေါင်းနိုင်ရေး ဆောင်ရွက် နေသည့်ကောင်စီသစ်အမည်) ရဲ့ လက်အောက်မှာပဲ နေဖို့ CDF – တွန်းဇန်က စီစဉ်ထားတယ်။ သူတို့က အဲဒီလိုမဟုတ်ဘူး။ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာပါ။
မေး။ ။ တွန်းဇံမြို့ပေါ်က ဒေသခံပြည်သူတွေ လက်ရှိတိုက်ပွဲကာလမှာ စစ်ဘေးရှောင်ရတဲ့ အခြေအနေကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ZRA ဝင်လာမယ်ဆိုပြီး ခဏ၊ ခဏ စစ်ဘေးရှောင်ကြတယ်။ အခုလည်း စစ်ဘေးရှောင်ကြတယ်။ ZRA က ပထမမှာ နှစ်ရက်တိုက်ခိုက်နိုင်တယ်။ ကျနော်တို့ကလည်း ကောင်းကောင်းခုခံနိုင်တယ်။ ဒီတခေါက်မှာက သူတို့က ၈ နာရီလောက်ပဲ၊၊ နောက်တရက်မှာ နာရီဝက်လောက်ပြန်လာတိုက်တယ်။ အထိအခိုက်အကျအဆုံး များပြီးတော့ အကုန်လုံးပြန်ဆုတ်သွားတာ။ အခုကတော့ စစ်ဘေးရှောင်တွေ နည်းနည်းပါးပါး ပြန်လာကြတယ်။ စစ်ဘေးရှောင်တာက အနီးအနားကရွာတွေမှာ စစ်ဘေးရှောင်နေကြပါတယ်။
မေး။ ။ လက်ရှိမှာ စစ်ဘေးရှောင်တွေအတွက် ဘယ်လိုအကူအညီတွေ လိုအပ်နေပါလဲ။
ဖြေ။ ။ အကူအညီကတော့ လိုတာပေါ့ဗျာ။ Nakzang နဲ့ Buangmual ကျေးရွာလည်း မီးရှို့ဖျက်ဆီးခံရတော့ ကျနော်တို့ တွန်းဇန်မြို့နယ်ကောင်စီအနေနဲ့ သူတို့ကို အရင်က ဌာနအဆောက်အအုံဟောင်းတွေမှာ နေရာပေး ထားတာရှိတယ်။ အဲဒါကနေတဆင့် အခုက စစ်ဘေးထပ်ရှောင်ကြရတာ။ Nakzang နဲ့ Buangmual က ပြည်သူတွေ တွန်းဇန်မြို့မှာ စစ်ဘေးလာရှောင်ကြတယ်။
တွန်းဇန်ကိုထပ်တိုက်လာတော့ တွန်းဇန်ကနေ တနေရာကို စစ်ဘေးရှောင်နေကြရတယ်။ အဲဒါကြောင့် စိတ်မကောင်းဘူး။ အကူအညီတွေက လိုအပ်တာအမှန်ပါ။ စစ်ဘေးရှောင်ပြည်သူတွေ လိုအပ်နေတဲ့ စားနပ်ရိက္ခာ၊ အမျိုးမျိုးပေါ့၊ ဆေးဝါးကအစ ကူညီနိုင်တဲ့လူတွေအနေနဲ့ ကူညီကြပါ။ ကျနော်တို့ တွန်းဇန်မြို့နယ်ကောင်စီ ဥက္ကဌအနေနဲ့ အကူအညီတောင်းပါတယ်။
မေး။ ။ တွန်းဇန်မြို့ရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်လို့ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါခင်ဗျာ။
ဖြေ။ ။ ZRA က ကျနော်တို့ကိုတိုက်တာ အကြိမ်ပေါင်းမနည်းတော့ဘူး။ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရ တပ်ပေါင်းစုက တွန်းဇန်မြို့နယ် မြို့သိမ်းတိုက်ပွဲ မဆင်နွဲခင်မှာ ZRA က ကျနော်တို့ CDF – တွန်းဇံတပ်ဖွဲ့ကို ၂ ကြိမ်တိတိ လာရောက်တိုက်ခိုက်တယ်။ မြို့သိမ်းတိုက်ပွဲ မဖြစ်မီက CDF – တွန်းဇန်ကပဲ အထိနာတယ်။ နောက်ပိုင်းတိုက်ပွဲတွေမှာ သူတို့ပဲအထိနာတယ်။ သူတို့မှာ ထိခိုက်သေဆုံးမှုတွေဟာလည်း များနေပြီး။ အိန္ဒိယဘက်မှာ သူတို့ဟာ တော်တော်လေး သဘောထားကွဲလွဲနေကြပြီ။ ဆိုတော့ ZRA တွေက တွန်းဇန်မြို့ကို ဘာဖြစ်လို့လာတိုက်နေတာလဲ။ ဇိုမျိုးနွယ်စုတွေကို လူမျိုးသုဉ်းဖြစ်စေချင်တာလား။ ပြီးတော့ ဇိုမီးပြည်နယ် သီးသန့်ထူထောင်ချင်လို့ လာတိုက်တယ်ဆိုရင် အဲဒါကို သူတို့အောင်မြင်မှာမဟုတ်ဘူး။ တွန်းဇန်မြို့နယ်ဆိုရင် ဇိုမျိုးနွယ်စုနဲ့ ထာဒိုမျိုးနွယ်စုတွေ နေထိုင်ကြတဲ့မြို့နယ်ဖြစ်တယ်။
ဒီမျိုးနွယ်စု ၂ စုက လုံးဝမထောက်ခံဘူးဆိုရင် သူတို့ကဘယ်လောက်ပဲ ရည်ရွယ်ချက်ရှိရှိ ၊ အင်အား ကောင်းကောင်း ၊ သူတို့ရည်ရွယ်ချက်က အောင်မြင်မှာမဟုတ်ဘူး။ ကျနော်ထပ်ဖြေချင်တာက သူတို့က စကစနဲ့ ပူးပေါင်းပြီးတော့ လက်နက်အရောင်းအဝယ် လုပ်တယ်။ မူးယစ်ဆေးဝါး အရောင်းအဝယ်လုပ်တယ်။ အဓိကအားဖြင့် တွန်းဇန်ဟာ သူတို့လက်အောက်ကိုကျသွားပြီးဆိုရင် ဘိန်းခင်းကို လွတ်လွတ်လပ်လပ်စိုက်လို့ ရမယ်။ ဘိန်းဖြူအရောင်းအဝယ် လွတ်လွတ်လပ်လပ် ရောင်းဝယ်လို့ရမယ်။ သစ်ထုတ်လုပ်ငန်းကိုလည်း လွတ်လွတ်လပ်လပ် လုပ်လို့ရမယ်ဆိုတာ၊ အဓိကက သူတို့ရဲ့ စီးပွားရေး မှောင်ခိုလုပ်ငန်းကို လုပ်ကိုင်ချင်လို့ တွန်းဇန်မြို့ကို ခဏခဏလာတိုက်တယ်ဆိုတာ ထပ်လောင်းဖြေချင်ပါတယ်။
KMG ပေးပို့သည်။