4 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“ကျွန်မတို့ပါတီကြတော့လေ စဉ်းစားထားတာလည်းမရှိဘူး ။ လှုပ်ရှားတာလည်း အဲ့ကဏ္ဍမှာမလုပ်နိုင်သေးဘူး။ မလုပ်ရသေးဘူး ဖြစ်နေတဲ့အတွက် နိုင်မယ်လို့လည်း လုံးဝမစဉ်းစားထားဘူးလေ ။ ဒါပေမဲ့ ကျွန်မတို့ယူမှာက...

“ကျွန်မတို့ပါတီကြတော့လေ စဉ်းစားထားတာလည်းမရှိဘူး ။ လှုပ်ရှားတာလည်း အဲ့ကဏ္ဍမှာမလုပ်နိုင်သေးဘူး။ မလုပ်ရသေးဘူး ဖြစ်နေတဲ့အတွက် နိုင်မယ်လို့လည်း လုံးဝမစဉ်းစားထားဘူးလေ ။ ဒါပေမဲ့ ကျွန်မတို့ယူမှာက ကျွန်မတို့ဒေသက မွန်တွေအတွက် ဖွံ့ဖြိုးရေးလုပ်နိုင်တဲ့ အဲ့ကဏ္ဍလောက်တော့ ကျွန်မတို့ ကြိုးစားသွားမယ်လို့…” မိသန်းရှင်/ ဥက္ကဋ္ဌ – အမျိုးသမီးပါတီ (မွန်)

ရွေးကောက်ပွဲတွင် ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးပါတီ (မွန်) ၏ ပါတီဆိုင်ရာလှုပ်ရှားမှု များနှင့်ပတ်သက်ပြီး အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ မိသန်းရှင်နှင့်ဆက်သွယ်မေးမြန်းချက်။

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၅ နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်သွားမည်ဟု မေလ ၂၃ ရက်နေ့က ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့၊ တြိဂံတိုင်းစစ်ဌာနချုပ်ကို ရောက်ရှိချိန်တွင် ပြောဆိုခဲ့သည်။

စစ်ကောင်စီက ရွေးကောက်ပွဲကို ယခုနှစ်ကုန်ပိုင်းအတွင်းကျင်းပမည်ဟု သတ်မှတ်ထားပြီးသည့်နောက် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေး (USDP) ပါတီ၊ ပြည်သူ့ပါတီ (PP) တို့အပြင် အခြားတိုင်းရင်းသားနိုင်ငံရေးပါတီတို့က ပါတီလှုပ်ရှားမှုလုပ်ဆောင်လာကြောင်း သိရသည်။

စစ်ကောင်စီက စီစဉ်သည့် ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၇၃ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ပြည်ထောင်စုအဆင့် ဝင်ရောက်ယှဉ်ပြိုင်မည့်ပါတီ ၉ ပါတီရှိကြောင်း သိရသည်။ ရွေးကောက်ပွဲကို ပြည်ထောင်စုအဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသမီးပါတီ (မွန်) အနေဖြင့် ပါတီဆိုင်ရာလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ မိသန်းရှင်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အမျိုးသမီးပါတီ (မွန်) အနေနဲ့ ရွေးကောက်ပွဲအတွက် ဘာတွေပြင်ဆင်နေပါပြီလဲ။

ဖြေ။ ။ အမ် ကျွန်မတို့လှုပ်ရှားမှုကို ဘာမှမလုပ်ရသေးဘူး။ ကျွန်မတို့ ဟိုဒေသမှာလေ ဒေသဖွံ့ဖြိုးဖို့ပဲလည်း အဲ့ဒါပဲဇောက်ချပြီး လုပ်နေတာပါ။ ကျွန်မတို့ အဲ့ဒီကဏ္ဍကိုတော့ မလှုပ်ရှားရသေးဘူး။ စဉ်းလဲမစဉ်းစားရသေးဘူး ဖြစ်နေတယ် ။ အခု ကော်မရှင်က ကျွန်မတို့မှာ ရုံး ၁၀၀ ကျော်ပို့ရမှာလေ ။ အဲ့ဒါစာရင်းပြရမယ် အဲ့ဒီကိစ္စကို ကျွန်မတို့ ကြိုးစားနေတယ်။ နောက်ပြီးတော့ ကျွန်မတို့မှာလည်း ရန်ပုံငွေတွေဘာတွေ မရှိဘူးလေ။ အဲ့ဒါ ကိုယ်ထူ ကိုယ်ထနဲ့ ပိုက်ဆံရှာရတယ်။

အမျိုးသမီးတွေဖြစ်တဲ့အခါကြတော့ ကျွန်မတို့ အခြားအရာတွေတော့ စဉ်းစားလို့အချိန်မရသေးဘူး။ အဲ့ဒီကိစ္စကိုပဲ ပါတီရပ်တည်ဖို့၊ နောက်ပြီးတော့ ကျွန်မတို့ မွန်တွေရှိတဲ့နေရာကို ကျွန်မတို့သွားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက် လောက်ပဲ စဉ်းစားထားသေးတာ။ ကျန်တဲ့ဟာကြတော့ ကျွန်မတို့ မစဉ်းစားရသေးဘူးပေါ့နော်။ အဲ့လိုမျိုး အဲ့ဒီသဘောတော့ ရှိပါတယ်။

မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ဘာကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာပါလဲ။

ဖြေ။ ။ ဘယ်လိုပြောမလဲဆိုရင် တတိုင်းပြည်လုံးသွားမယ်ဆိုတာက ကျွန်မတို့မွန်တွေက တတိုင်းပြည်လုံးကို ပျံ့နှံ့နေတဲ့ သဘောအနေအထားမှာ ရှိပါတယ်။ အဲ့ဒီနေရာကို ကျွန်မတို့သွားနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်လောက်ပဲ ရှိတာပါ။ ကျန်တဲ့နေရာကြတော့ ကျွန်မတို့စဉ်းစားထားတာ မရှိဘူးနော်။

ကျွန်မတို့ မွန်ဒေသက မွန်တွေရှိတဲ့နေရာကြတော့ မြန်မာတစ်နိုင်ငံလုံးမှာပြန့်ကျဲပြီး ရှိနေတဲ့နေရာဖြစ်တဲ့အတွက် ကျွန်မတို့ တကယ်လို့ တတိုင်းပြည်လုံး မသွားဘူးဆိုရင် ကျွန်မတို့မွန်တွေရှိတဲ့နေရာကို ကျွန်မတို့ ချိတ်ဆက် သွားလို့မရဘူးလေ။ အဲ့ဒါကြောင့် ကျွန်မတို့ တတိုင်းပြည်လုံးလို့ လုပ်ထားတာပါ။ ကျန်တဲ့ဟာကြတော့ ကျွန်မတို့ ကဏ္ဍကတော့ မစဉ်းစားရသေးဘူး။ မစဉ်းစားနိုင်တဲ့ အခြေနေမှာရှိနေပါတယ်။

မေး။ ။ ရွေးကောက်ပွဲကို လက်မခံတဲ့အတိုက်အခံတွေလည်းရှိနေတော့ လုံခြုံရေးစိုးရိမ်ချက်ရောရှိနေပါလား။

ဖြေ။ ။ အဲ့ဒါကြတော့ ကျွန်မတို့ကဏ္ဍမှာ လုံခြုံရေးကဏ္ဍကြတော့ ကျွန်မတို့ ဒီလိုပဲသွားလာနေတာပဲ။ ဘာမှလည်း ပြဿနာမရှိဘူး။ သူတို့ကလည်း ကျွန်မတို့ကိုအဆက်အသွယ်မလုပ်ဘူး။ ကျွန်မတို့ကလည်း အဆက်အသွယ်မလုပ်ဘူး။ ကျွန်မတို့သွားတဲ့လမ်းတလျှောက်မှာ ကျွန်မတို့ဦးတည်ရာ ကျွန်မတို့လုပ်တဲ့အလုပ်ကိုပဲ ဦးစားပေးတယ်။ ကျန်တဲ့အရာကြတော့ ကျွန်မတို့ကမကြည့်ဘူး မပြောဘူး။ ကိုယ်နဲ့မဆိုင်သလိုမျိုး လုပ်လိုက်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ဒါကရက်စက်တာတော့ မဟုတ်ဘူးပေါ့နော်။ ကိုယ်မလုပ်နိုင်တဲ့ကဏ္ဍမလို့ မစဉ်းစားတာပါ။ ကျန်တဲ့ဟာကြတော့ ကိုယ်သွားတဲ့လမ်းခရီးကိုပဲ ဖြောင့်ဖြောင့်တန်းတန်းဖြစ်အောင် ကိုယ်လုပ်တဲ့အလုပ်က အောင်မြင်မှုရအောင် ဘယ်သူမှလည်း အန္တရာယ်မဖြစ်အောင် အားလုံးကို ကိုယ်ကမေတ္တာတရားနဲ့ပေါ့နော်။ ကျွန်မတို့အဖွဲ့က အားလုံးကို တွေ့တဲ့လူတိုင်းကို ကိုယ့်ရဲ့သားအရင်းလို ကိုယ့်ရဲ့ဆွေမျိုးသားရင်းလိုပဲ အားလုံး သဘောထားတဲ့အတွက် ဘာမှလည်း ပြဿနာမရှိခဲ့ပါဘူး။ ကျွန်မတို့မှာ အန္တရာယ်မရှိပါဘူး ဟုတ်ကဲ့။

မေး။ ။ လက်ရှိ မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခင်းအကျင်းကို ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ နိုင်ငံရေးအခင်းအကျင်းကြတော့ ကျွန်မတို့က အကောင်းဆုံးဖြစ်ချင်တယ်။ ငြိမ်းချမ်းရေး ရချင်တယ်။ ကျွန်မတို့ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးချမ်းချမ်းကို နေချင်ပါတယ်။ ဒါပေမဲ့ အခြေအနေတစ်ခုဖြစ်နေတဲ့အပေါ်မှာ ကျွန်မတို့နိုင်ငံရဲ့ ဟိုကပ်တစ်မျိုး စိုက်နေလို့လည်းပြောရမယ်။ ဘာဖြစ်လို့ဆိုတော့ နိုင်ငံအေးချမ်းမလား၊ ခဏကျ မြေပြိုမလား ခဏကျ ငလျင်လှုပ်မလား ဒါတွေကဘယ်လိုပြောမလဲ ဆုံးဖြတ်ရခက်တဲ့ အနေအထားတစ်ခုမှာ ဖြစ်နေတယ်။ ဘယ်သူ့ ကို အပြစ်ပြောရမှန်းလဲ ကျွန်မတို့မပြောတတ်တော့ဘူးလေ။

အဲ့လိုမျိုး ကျွန်မတို့တွေ့လို့ရှိရင် အားလုံးသနားတယ်ပေါ့နော်။ အပြင်ကလူတွေ့ရင်လည်း သနားတယ်။ သူတို့ လည်း မလုပ်ချင်ဘဲနဲ့လုပ်နေရတာပေါ့နော်။ အထဲကအဖွဲ့ကလည်း သူတို့က နိုင်ငံကိုဘယ်လိုအုပ်ချုပ်ရမလဲ၊ ဘယ်လိုထိန်းရမလဲဆိုတဲ့ အနေအထားက သူတို့လည်းပြာယာနေပြီ။ နှစ်ဖက်လုံးကို ဘယ်သူ့ကို အပြစ်ပေး ရမလဲဆိုတာ ကျွန်မပြောရခက်နေပြီ။ ဘာဖြစ်လို့ဆိုတော့ ဒီငလျင်တို့ ဘာတို့ညာတို့ဖြစ်နေတာ ကိုဗစ်တို့ ဘာညာ ဒါလူတွေလုပ်လိုက်တဲ့ ကိစ္စမဟုတ်ဘူးလေ။ သူ့ဘာသာသူဖြစ်နေတဲ့အတွက် အခုကျွန်မတို့နိုင်ငံရဲ့ အခင်းအကျင်း ဖြစ်နေတာက ကျွန်မတို့နိုင်ငံရဲ့ ကပ်တစ်မျိုးစိုက်နေတာလို့ပဲ ကျွန်မပြောပါရစေလို့။

မေး။ ။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်လောက်အောင်မြင်နိုင်မယ်လို့ မျှော်လင့်ပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့။ ကျွန်မတို့ပါတီကြတော့လေ စဉ်းစားထားတာလည်းမရှိဘူး ။ လှုပ်ရှားတာလည်း အဲ့ကဏ္ဍမှာ မလုပ်နိုင်သေးဘူး။ မလုပ်ရသေးဘူးဖြစ်နေတဲ့အတွက် နိုင်မယ်လို့လည်း လုံးဝမစဉ်းစားထားဘူးလေ ။ ဒါပေမဲ့ ကျွန်မတို့ယူမှာက ကျွန်မတို့ဒေသက မွန်တွေအတွက် ဖွံ့ဖြိုးရေးလုပ်နိုင်တဲ့ အဲ့ကဏ္ဍလောက်တော့ ကျွန်မတို့ ကြိုးစားသွားမယ်လို့ ကျွန်မပြောပါရစေ။ ဟုတ်ကဲ့။

မေး။ ။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ။ ။ ကျွန်မအနေအထားပြောမယ်ဆိုလို့ရှိရင် အားလုံးအဆင်ပြေဖို့ ဖြစ်စေချင်တာပေါ့နော်။ ဟို အပြင်က အထဲက အားလုံးကပြေလည်ဖို့လိုတာပေါ့။ အဲ့ဒါကြတော့ ပြေလည်ဖို့ကလည်း နှစ်ဖက်လုံးက ကြိုးစားပေးစေချင် တာပေါ့နော်။ ဒါမှလည်း ငြိမ်းချမ်းမှာမို့လို့ အေးချမ်းမှာမို့လို့ တဖက်ထဲနဲ့မရအောင် အခုကလေ နှစ်ဖက်လုံး ညှိနှိုင်း တိုင်ပင်ပြီးတော့ အဓိက လူကြီးပေါ့။ လူငယ်တွေကြတော့ အမိန့်ကိုပဲနာခံနေရတော့လေ။ လူကြီးတွေကြတော့ သူတို့နှစ်ဘက်က အေးအေးချမ်းချမ်းညှိနှိုင်းသင်တယ်လို့ ဘယ်လိုလုပ်ရမလဲဆိုတော့ နှစ်ဖက်လုံးက အားပြိုင် နေကြတယ်။ နှစ်ဖက်လုံးက အပြိုင်ဆိုင်လုပ်နေကြမယ်ဆိုလို့ရှိရင် လူထုတွေကနစ်နာတယ်ပေါ့နော်။

ကျွန်မတို့ကအစ ဒုက္ခရောက်သလားလို့ မပြောနဲ့ပေါ့နော်။ ဒါပေမယ့်လည်း ဟို မသွား၊ မသွားလို့ မဖြစ်တဲ့ အနေအထားကို အန္တရာယ်ကြားက ဖြတ်နေရတာပါလို့။ အဲ့ဒါကြောင့် အထက်ကလူကြီးတွေက ညှိနှိုင်းပြီးတော့ ဘယ်လိုပြောရမလဲ လူတွေဒီလောက်ထိဒုက္ခရောက်နေတာကို ကြည့်ပြီးတော့ ညှိနှိုင်းသင့်ပြီလို့။ သူတို့တွေက အဆင်ပြေအောင်ညှိနှိုင်းလို့ရှိရင်တော့ ကျွန်မတို့ နိုင်ငံအေးချမ်းဖို့ပေါ့နော်။ အဲ့ဒါကိုက ငြိမ်းချမ်းရေး ဘယ်လို ပြောမယ်ဆိုရင် အဲ့ဒီအခါကျမှ ရွေးကောက်ပွဲတွေ ဘာတွေလုပ်လို့ရှိရင် ဘာပဲလုပ်လုပ်ပေါ့နော်၊ အားလုံးက အဆင်ပြေမယ့် အနေအထားတစ်ခုကိုပဲ ကျွန်မတို့မျှော်လင့်ပါတယ်။ ဒီလောက်ပဲပြောပါရစေ။

IMNA ပေးပို့သည်။