“ကျွန်တော်တို့အနေနဲ့ ပြည်နယ်သစ်ပေါ်ထွက်ခွင့်မူကို လက်ကိုင်ထားတယ်။ ကျနော်တို့အပါအဝင် တခြားသော ပြည်နယ်မရှိသေးတဲ့ ကျနော်တို့ရဲ့ညီနောင်တိုင်းရင်းသားတွေအနေနဲ့လည်း နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်းဆွေးနွေး ပြီးတော့မှ ဒီပြည်နယ်သစ်ထူထောင်ရေးကို ဆက်ပြီးတော့ဖော်ဆောင်နိုင်မယ်ဆိုတဲ့ အာမခံချက်မျိုးရယ်၊ ပြီးရင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တိုင်းသည် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ရှိတယ်။” ခွန်ဝေထူး – အတွင်းရေးမှူး (၂) / PNFC

0
159
ပုံစာ - ခွန်ဝေထူး /အတွင်းရေးမှူး (၂) ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ -PNFC

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသအတွင်း ဖြစ်ပေါ်နေသော စစ်ရေး၊ နိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) အတွင်းရေးမှူး (၂) ခွန်ဝေထူးနှင့် ဆက်သွယ်မေးမြန်းချက်။

“၇၅” နှစ်ပြည့် ပအိုဝ်းတော်လှန်ရေးနေ့ (ပဒေသရာဇ်စနစ်ဆန့်ကျင်တော်လှန်ရေး) ဖြစ်သည့် ဒီဇင်ဘာ ၁၁ ရက် နေ့တွင် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/ PNLA) တို့က ပူးတွဲသဘောတူညီချက်တရပ် ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ချက်အတွင်း ပြည်သူများကိုကာကွယ်ရန် လိုအပ်ချက်မှတပါး ပအိုဝ်းအမျိုးသား အချင်းချင်းကြား၌ ဖြစ်စေ၊ တိုင်းရင်းသား အချင်းချင်းကြား၌ဖြစ်စေ လက်နက်ကိုင်ပဋိပက္ခကို အတတ်နိုင်ဆုံးရှောင်ရှား၍ ငြိမ်းချမ်း သည့်နည်းဖြင့် ညှိနှိုင်းအဖြေရှာရေးကို အတတ်နိုင်ဆုံး လက်ကိုင်ကျင့်သုံးသွားမည်ဟု ထုတ်ပြန်ထားသည်။

ပအိုဝ်းအမျိုးသားအချင်းချင်းကြား ဖြစ်ပွားနေသော ပဋိပက္ခများအပြင် လက်ရှိပအိုဝ်းဒေသအတွင်း ဖြစ်ပေါ်နေ သည့် စစ်ရေး၊ နိုင်ငံရေးနှင့်ပတ်သက်၍ ဆက်လက်ဆွေးနွေး အဖြေရှာသွားမည် အခြေအနေနှင့် ပအိုဝ်း လက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးရပ်တည်ချက်နှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) အတွင်းရေးမှူး (၂) ခွန်ဝေထူးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပူးတွဲထုတ်ပြန်ကြေညာချက်ထဲမှာ အထူးသဖြင့် ပအိုဝ်းအမျိုးသားအချင်းချင်းကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အဖြေရှာမယ်လို့ ပြောထားတာတွေ့ရပါတယ်။ ဆိုတော့ လက်ရှိ PNLO နယ်မြေထဲကို PNO/PNA ဘက်က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်လာတဲ့ပေါ် ဘယ်လိုဖြေရှင်းဖို့ စဉ်းစားထားတာရှိပါလဲ။ ဆက်ပြီး ထိုးစစ်ဆင်နေမယ်ဆိုရင်ရော ဘယ်လိုတုန့်ပြန်ဆောင်ရွက်ဖို့ရှိပါလဲ။

ဖြေ။ ။ စစ်ရေးကျူးကျော်ဝင်ရောက်လာမှုနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ပအိုဝ်းအမျိုးသား မူကတော့ ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားတဲ့အတိုင်းပဲ ဖြစ်တယ်။ ထုတ်ပြန်ကြေညာချက် အမှတ်စဉ် (၅) မှာ မိမိနဲ့ မိမိတို့ပအိုဝ်းပြည်သူအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူများကို ကာကွယ်ရန်လိုအပ်ချက်မှ တပါး ပအိုဝ်းအမျိုးသား အချင်းချင်းကြားတွင်ဖြစ်စေ၊ တိုင်းရင်းသားအချင်းချင်းကြားတွင်ဖြစ်စေ လက်နက်ကိုင် ပဋိပက္ခကို အတတ်နိုင်ဆုံးရှောင်ရှား၍ ငြိမ်းချမ်းသည့်နည်းဖြင့် ညှိနှိုင်းအဖြေရှာသွားမယ်ဆိုပြီးတော့ ကျနော်တို့ ဒီလို မူတရပ်ကို လက်ကိုင်ကျင့်သုံးလျက်ရှိပါတယ်။

ဒါကြောင့်မလို့ ဘာပဲဖြစ်ဖြစ် PNO/PNA ပြည်သူ့စစ်တွေ အနေနဲ့ပေါ့နော် ကျူးကျော်စစ် ဝင်ရောက်ဖော်ဆောင် လာခဲ့မယ်ဆိုရင်တော့ ကျနော်တို့ကတော့ အတတ်နိုင်ဆုံး ပေါ့နော် စစ်ရေးထက်စာရင် ကျနော်တို့ ပအိုဝ်း အမျိုးသားအချင်းချင်းကြား ညှိနှိုင်းဖြေရှင်းရေးနည်းလမ်းကို ကျနော်တို့ရွေးချယ်ဖို့ တိုက်တွန်းနှိုးဆော်လိုတယ်။ နောက်ဆုံးအခြေနေအရပေါ့လေ ဒီကျူးကျော်ဝင်ရောက်စစ်ကို တဖက်ကနေပြီးတော့မှ လက်နက်ကိုင်လမ်းစဉ်နဲ့ ကျင့်သုံးလာခဲ့မယ်ဆိုရင်တော့ ကျနော်တို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် မဟာမိတ် ခုခံတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့မှ မိမိကိုယ်ကိုခုခံပိုင်ခွင့်မူအရ ပြန်လည်ပြီးမှ ခုခံကာကွယ်သွားရမှာ ဖြစ်ပါတယ်။

ပအိုဝ်းဒေသ အတွင်းမှာ ပအိုဝ်းအချင်းချင်းကြားမှာပေါ့နော် ကျနော်တို့ စစ်မက်မဖြစ်ပွားရေးအတွက် PNO/PNA အနေနဲ့ မိမိတို့ ထိန်းချုပ်နယ်မြေထဲမှာပဲ သီးသန့်ရပ်တည်နေထိုင်ခြင်းသာလျှင် ပိုပြီးတော့မှ ယနေ့နိုင်ငံရေး အခင်းကျင်းအရ သင့်လျော်ကြောင်း ကျနော့်အနေနဲ့ ဖြည့်စွက် ပြောကြားလိုတယ်။ ဒီစစ်ကောင်စီဖန်တီးတဲ့ ပဋိပက္ခထဲမှာ ဓားခုတ်ရာလက်ဝင်လျှိုတာမျိုး မလုပ်ဘဲနဲ့ မိမိရဲ့ထိန်းချုပ်နယ်မြေထဲမှာပဲ ရပ်တည်ပြီးတော့မှ မိမိရဲ့ဒေသထဲမှာပဲ မိမိရဲ့လူထုအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးခြင်းဟာလည်း ပိုပြီးတော့မှ လျှော်ကန် တယ်လို့ ကျနော်အနေနဲ့ ဖြည့်စွက်ပြောကြားလိုပါတယ်။

မေး။ ။ တဖက်မှာလည်း PNLO ရဲ့ နာယကဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာအနေနဲ့ PNLO-NCA ဆိုပြီးတော့မှ ခွဲထွက်လိုက်တဲ့အပေါ်မှာရော ဘယ်လိုသဘောထားမှတ်ချက်မျိုး ပေးချင်ပါလဲ။ NCAနဲ့ ပတ်သက်လို့ရော PNLO အနေနဲ့ ဘယ်လိုမြင်ပါလဲခင်ဗျ။

ဖြေ။ ။ ဗိုလ်မှူးကြီးခွန်ဥက္ကာအနေနဲ့ NCA လမ်းကြောင်းအတိုင်း ဆက်လက်ဖော်ဆောင်နိုင်သည့်ကိစ္စသည် ဒါသူ့ရဲ့ပုဂ္ဂိုလ်ရေး ယူဆချက်နဲ့ ယုံကြည်ချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့ ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီဖြစ်စေ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ကဖြစ်စေ တစုံတရာ ကျနော်တို့ သဘောတူခဲ့ခြင်း မရှိဘူး။ အသိမှတ်ပြုခဲ့ခြင်းလည်း မရှိသလို ပူးပေါင်းခဲ့ခြင်းလည်း မရှိဘူး။ ဒါသည်သူ့ရဲ့ ပုဂ္ဂိုလ်ရေးယူဆချက်နဲ့ ယုံကြည်ချက်၊ ခံယူချက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြန်လည် ဖြေကြားလိုတယ်။

ဒုတိယအချက်အနေနဲ့ကတော့ ဒီဗိုလ်မှူးကြီးခွန်ဥက္ကာအနေနဲ့ ရှုပ်ထွေးနေတဲ့ နိုင်ငံရေးပဋိပက္ခတွေကြားမှာ ဒါစစ်ကောင်စီကနေပြီးတော့မှ ပအိုဝ်းအချင်းချင်းကြား သပ်လျှိုသွေးခွဲမှုတွေ ဒါပအိုဝ်းနဲ့ ကရင်နီအပါအဝင် တခြားသောတိုင်းရင်းသားလူမျိုးတွေကြား ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖော်ဆောင်နေတဲ့ ဒီလို ရှုပ်ထွေးတဲ့ ကာလမှာ ဒါပအိုဝ်းအမျိုးသားအဖွဲ့ချုပ် နာယကတစ်ယောက်အနေနဲ့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ကနေ ခွဲထွက်ပြီး တော့မှ ဒီ NCA လမ်းစဉ်အတိုင်း ဆက်လက်ဖော်ဆောင်သွားမယ်ဆိုပြီး ကော်မတီဖွဲ့စည်းပြီးတော့မှ ထုတ်ပြန် ကြေညာခြင်းနဲ့အတူ မြေပြင်မှာလည်း လုပ်ဆောင်နေခြင်းသည် နိုင်ငံရေးပဋိပက္ခကိုပိုပြီးတော့မှ ရှုပ်ထွေးအောင် လုပ်ဆောင်တာဖြစ်တယ်။ တနည်းအားဖြင့် ပအိုဝ်းပြည်သူလူထုကို သွေးဆောင်လှည့်ဖြားပြီးတော့မှ နိုင်ငံရေး ပြဿနာကို ကြိုးစားဖုံးကွယ်နေတာဖြစ်တယ်လို့ ဖြေကြားလိုပါတယ်။

တတိယအချက်အနေနဲ့ ဖြည့်စွက်ပြောလိုတာက NCA ကို ကျနော်တို့ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီဥက္ကဌ အနေနဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့တာရှိတယ်။ ဒီ NCA စာချုပ်အပေါ်မှာ ကျနော်တို့အနေနဲ့ ဒါအနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေး ဒါအခြေခံအုတ်မြစ်တွေဖြစ်တယ်။ တဆင့်ပြီးတဆင့် ဆက်လှမ်းနိုင်တဲ့ အခြေခံ အုတ်မြစ်တစ်ခုအနေနဲ့ ကျနော်တို့ မှတ်ယူပါတယ်။ သို့သော် ယနေ့ အာဏာသိမ်းပြီးတဲ့နောက် လက်ရှိ နိုင်ငံရေး အခြေနေအရ ကျနော်တို့ ဖိနှိပ်ခံပြည်သူလူထုအနေနဲ့ လိုလားတောင့်တတဲ့ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင် ပြဌာန်းပိုင်ခွင့်ကိုအာမခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးမူသည် အာဏာသိမ်းစစ်ကောင်စီမှာ လုံးဝ မရှိဘူးလို့ ကျနော်တို့ယုံကြည်တယ်။

ဒီနေ့ကျနော်တို့ လက်နက်ကိုင်ပဋိပက္ခ ကြာညောင်းလာရတဲ့ အဓိက ပြဿနာအကြောင်းအရင်းသည် အရင်းကိုရှာ အမြစ်မြေမှာတွေ့သလိုပဲ အကြောင်းရင်းပြဿနာကတော့ အာဏာသိမ်းစစ်ဗိုလ်လူတစ်စု ဒီတိုင်းရင်းသား ပြည်သူတွေ လိုလားတောင့်တတဲ့ နိုင်ငံရေးရည်မှန်းချက်ကို တစုံတရာလိုက်လျောနိုင်ခြင်း မရှိဘဲနဲ့ အတ္တဝါဒီ တနည်းအားဖြင့် စစ်ဝါဒီကိုကိုင်စွဲပြီးတော့မှ အာဏာရှင်ဆန်ဆန် ချုပ်ကိုင်လိုတဲ့ အတ္တဝါဒီကြောင့်ဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလိုမှတ်ယူတယ်ပေါ့နော်။ ဒါကြောင့် NCA စာချုပ် ကိုတော့ ကျနော်တိုလက်ခံတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ဗိုလ်ချုပ်ရဲ့ နိုင်ငံရေးအာဂျန်ဒါကိုတော့ လက်ခံလို့ မရဘူး၊ မယုံကြည်နိုင်ဘူးပေါ့ခင်ဗျာ။

မေး။ ။ လက်ရှိအချိန်မှာ ပအိုဝ်းအမျိုးသားအချင်းချင်း သွေးစည်းညီညွတ်ရေးနဲ့ပတ်သက်လို့ ဘာလို့ အရေးကြီးပြီလို့ ပြောလို့ရတာလဲ။ ဒါနဲ့ပတ်သက်လို့ ပအိုဝ်းပြည်သူတွေကို ဘာတွေအာမခံချက်ပေးနိုင်မလဲ။

ဖြေ။ ။ သွေးစည်းညီညွတ်ရေးနဲ့ ပတ်သက်ပြီးတော့မှလည်း အရေးကြီးပါတယ်။ ကျနော်တို့ချမှတ်ထားတဲ့ မူက လည်း သွေးစည်းညီညွတ်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနဲ့ ဖက်ဒရယ် ပြည်ထောင်စုအဖွဲ့ဝင် ပအိုဝ်းပြည်နယ်တည်ဆောက်ရေး ပန်းတိုင်ဆီသို့ဆိုပြီး ကျနော်တို့ကြွေးကြော်ထားတာ ရှိတယ်။ ဆိုတော့ ကျနော်တို့သွားချင်တဲ့ အနာဂါတ် ဖက်ဒရယ်ပြည်ထောင်စု အခင်းအကျင်းမှာလည်း ကျနော်တို့ တိုင်းရင်းသား ဦးဆောင်အဖွဲ့အစည်းတွေအနေနဲ့ သွေးစည်းညီညွတ်ဖို့လိုတယ်။ ဘယ်လောက်ထိ သွေးစည်း ညီညွတ်ရမလဲဆိုတော့ တူညီတဲ့ နိုင်ငံရေးဘုံသဘောတူညီချက်နဲ့ တူညီတဲ့ ပြည်ထောင်စုတည်ဆောက်ရေးမူ Process အထိကို ချမှတ်နိုင်ဖို့ သဘောတူညီဖို့လိုတယ်။

ဒါမှသာလျှင် ကျနော်တို့ ဖက်ဒရယ်ပြည်ထောင်စုကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်။ ကျနော်တို့ အာမခံချက်တစ်ခုအနေနဲ့ကတော့ ကျနော်တို့ချမှတ်ထားတဲ့အတိုင်းပဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်း အောင် လူထုအားနဲ့ ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင် စစ်တပ်သည် နိုင်ငံရေးကနေ အပြီးပိုင်ထွက်ခွာသွားတဲ့အထိ နည်းလမ်း ပေါင်းစုံနဲ့ ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင် အခုန Bottom to up federal approve အရ ကျနော်တို့က ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်နိုင်မှာဖြစ်တယ်။ ပြည်ထောင်စုအဖွဲ့ဝင် ပအိုဝ်းပြည်နယ်သစ်တစ်ခု ကိုလည်း အကောင်ထည်ဖော်နိုင်မှာဖြစ်တယ်။

ကျွန်တော်တို့အနေနဲ့ ပြည်နယ်သစ်ပေါ်ထွက်ခွင့်မူကို လက်ကိုင် ထားတယ်။ ကျနော်တို့အပါအဝင် တခြားသော ပြည်နယ်မရှိသေးတဲ့ ကျနော်တို့ရဲ့ ညီနောင်တိုင်းရင်းသားတွေ အနေနဲ့လည်း နိုင်ငံရေးနည်းလမ်းနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော့မှ ဒီပြည်နယ်သစ်ထူထောင်ရေးကို ဆက်ပြီးတော့ ဖော်ဆောင်နိုင်မယ်ဆိုတဲ့ အာမခံချက်မျိုးရယ်၊ ပြီးရင် ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တိုင်းသည် တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် ရှိတယ်။ အနှစ်သာရ အားဖြင့် ပြည့်ပြည့်ဝဝရှိတယ်ဆိုတဲ့ အာမခံချက်တွေ ဒါတွေကိုတော့ ကျနော်တို့ပေးလို့ရပါတယ်။

မေး။ ။ တခြားရော ဘာတွေများဖြည့်စွက်ဖို့ရှိအုံးမလဲ။

ဖြေ။ ။ လက်ရှိနွေဦးတော်လှန်ရေးမှာ ကျနော်တို့ပအိုဝ်းအမျိုးသားအနေနဲ့ ပအိုဝ်း တတိယတော်လှန်ရေး အနေနဲ့ မှတ်ယူပြီးတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်လာတာဖြစ်တယ်။ ဒီတော်လှန်ရေးမှာ ကျနော်တို့ ပအိုဝ်း အမျိုးသားအနေနဲ့ ဗဟိုရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင် ရေးအပြင် ပြည်နယ်သစ်ပေါ်ထွန်းခွင့်မူအရ ပြည်ထောင်စုအဖွဲ့ဝင် တစ်ခုအနေနဲ့ ပေါ်ပေါက်ရေး၊ အမျိုးသား ရည်ရွယ်ချက်အနေနဲ့ ဦးထိပ်ပန်ဆင်ပြီးတော့မှ တော်လှန်တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ ယနေ့ PNO/PNA သည် ဌာနေပြည်သူ့စစ် ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ကွပ်ကဲမှုရဲ့အောက်မှုရှိနေရတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တယ်။

ပြီးရင် လက်ရှိ စစ်ကောင်စီရဲ့ ကွပ်ကဲအုပ်ချုပ်မှု အောက်မှာ လုပ်နေရတဲ့ လိုက်ပါနေရတဲ့ PNO/PNA အနေနဲ့ စစ်ကောင်စီလူတစ်စုရဲ့ အာဏာရှင်စနစ်တစ်ခု တည်ဆောက်ရေးလမ်းမှာ နောက်လိုက်နောက်ပါအနေနဲ့ ပါဝင်ဆောင်ရွက်နေတာဖြစ်တယ်။ ဒါကြောင့် မိမိတို့ လုံးဒါညီလာခံမှာ ချမှတ်ခဲ့တဲ့ မူလ အမျိုးသားရည်မှန်းချက်နဲ့ လုံးလုံးဆန့်ကျင်နေတာဖြစ်တယ်။ ဒါကြောင့် PNO/PNA အနေနဲ့ပေါ့နော လုံးဒါညီလာခံမှာ ချမှတ်ခဲ့တဲ့ မိမိတို့ရဲ့ အမျိုးသားနိုင်ငံရေးရည်မှန်းချက်ကို ပြန်လည် အောက်မေ့သတိရပြီးတော့ ဒီညီလာခံမှာ ပေးအပ်ခဲ့တဲ့ ချမှတ် အတည်ပြုခဲ့တဲ့ အမျိုးသားရည်မှန်းချက်နဲ့ တာဝန်တွေကို ကျနော်တို့ကျိန်ဆိုပြီးမှ နွေဦးတော်လှန်ရေးမှာ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးတိုက်ပွဲမှာ ပြည်သူနဲ့အတူ ရပ်တည်ပူးပေါင်းဖို့ ကျနော့်အနေနဲ့ တိုက်တွန်းနှိုးဆော် လိုပါတယ်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here