27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျွန်တော်တို့ရဲ့စစ်ရေးလှုပ်ရှားမှုမှာ အခက်အခဲတွေ အများကြီးရှိသေးတယ်။ စစ်အင်အားရော လက်နက် အင်အားရော အများကြီးလိုတယ်။ လက်နက်အင်အားကဆို စစ်သေနကဗျူဟာတွေအတွက် လက်နက်ကြီး တွေလိုတယ်။ ဒါတွေမရှိတာကြောင့်ပဲ...

“ကျွန်တော်တို့ရဲ့စစ်ရေးလှုပ်ရှားမှုမှာ အခက်အခဲတွေ အများကြီးရှိသေးတယ်။ စစ်အင်အားရော လက်နက် အင်အားရော အများကြီးလိုတယ်။ လက်နက်အင်အားကဆို စစ်သေနကဗျူဟာတွေအတွက် လက်နက်ကြီး တွေလိုတယ်။ ဒါတွေမရှိတာကြောင့်ပဲ ကျွန်တော်တို့က ဒီတော်လှန်ရေးတပ်တွေနဲ့ စုပေါင်းပြီးမှ တိုက်ခိုက် နေရတယ်။ ဒါပေမဲ့ ရှိတဲ့လက်နက်တွေနဲ့ ကျွန်တော်တို့တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမယ်” MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါး

ရေဖြူမြို့၊ မင်းသားရွာတွင်ဖြစ်ပွားခဲ့သည့် ထိတွေ့တိုက်ပွဲအပါအဝင် မွန်-ကရင်-ထားဝယ် တော်လှန်ရေးမဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်နေသည့် အခြေအနေတို့နှင့်ပတ်သတ်ပြီး MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနှင့် ဆက်သွယ်မေးမြန်းချက်။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မင်းသားရွာတွင် ပြီးခဲ့သည့် ဧပြီ ၂၀ ရက်နေ့မှစ၍ စစ်ကောင်စီနှင့် တော်လှန်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ တို့က တပ်ဆုတ်ထားသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

တိုက်ပွဲကာလအတွင်း ကံပေါက်တိုက်နယ်၊ မင်းသားရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ကို ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီပြည်သူ့စစ်အဖွဲ့မှ ၆ ဦး သေဆုံးကာ ၇ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့ဘက်မှ ၃ ဦး မစိုးရိမ်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

နှစ်ဖက်တပ်ကြား တိုက်ပွဲကြောင့် မင်းသားရွာအုပ်စုအတွင်းရှိ ကျေးရွာများကို မောရဝတီရေတပ်နှင့် ကလိန်အောင် အခြေစိုက် စစ်ကောင်စီတပ်ရင်းများဖြစ်သည့် ခလရ ၂၈၂ တို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အဆိုပါရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာ ၅ ရွာထက်မနည်းမှ ဒေသခံတို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

တဖက်တွင်လည်း ရေဖြူမြို့နယ်အတွင်းဝင်ရောက်နေသည့် စစ်ကောင်စီစစ်ကြောင်းများကို ထိရောက်စွာ ဟန့်တားနိုင်ရန် ဒေါနစစ်ကြောင်း (၃) နှင့် မွန်၊ ကရင်၊ ထားဝယ် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များက ဧပြီ ၂၁ ရက်နေ့က စစ်ရေးအရ မဟာမိတ်အဖြစ်ပူးပေါင်းခဲ့ကြောင်း ဧပြီ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဒဏ်ရာရတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့မှ တပ်သားများကို ကယ်ထုတ်ရန် တပ်ဆုပ်ထားသည့် အခြေအနေတွင်ရှိကြောင်းနှင့် မော်ရဝတီရေတပ်စခန်းမှ စစ်ကောင်စီအဖွဲ့က မင်းသားရွာအတွင်း အင်အား အများအပြား ဖြည့်တင်းထားသဖြင့် တိုက်ပွဲအခြေအနေ တဖန်ပြင်းထန်နိုင်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ဆိုသည်။

ထိုအခြေအနေများအပါအဝင် ရေဖြူမြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ထိရောက်စွာ ဟန့်တားနိုင်ရေး မွန်-ကရင်-ထားဝယ် တော်လှန်ရေးမဟာမိတ်အဖွဲ့တို့ ပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်နေသည့် အခြေအနေတို့နှင့်ပတ်သတ်ပြီး MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ မွန်-ကရင်-ထားဝယ် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ပူးပေါင်းပြီး ရေဖြူမြို့နယ်ဘက် စစ်ရေးလှုပ်ရှားနေတဲ့ အခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ထုတ်ပြန်ထားတဲ့အတိုင်း ပြီးခဲ့တဲ့ ၂၀ ရက်နေ့က ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ NMSP-AD၊ ကံပေါက်တပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း – ၁၊ ပြီးရင် ကရင်တပ် (KNU)၊ KNU ကတော့ လုံခြုံရေးတပ်အနေနဲ့ နေရာယူပေးတယ်။ ဒီပူးပေါင်းတပ် တွေနဲ့ပေါင်းပြီး မင်းသားကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံပြည်သူ့စစ်တွေကို တိုက်ခိုက်ခဲ့တယ်။ တိုက်ပွဲက တစ်နာရီလောက်ကြာတယ်။ အဲဒီတိုက်ပွဲထဲမှာ ကျွန်တော်တို့ MSRF က ရဲဘော်တစ်ယောက် ပေါင်မှာ သေနတ်ထိဒဏ်ရာရတယ်။ ပြီးရင် ကံပေါက်တပ်က ၂ ယောက်လဲ ဒဏ်ရာရခဲ့တယ်။ ဒီရဲဘော်တွေကိုလည်း ပြန်ထုတ်ဖို့၊ တဖက်မှာ ရန်သူဘက်ကလဲ မောရဝတီရေတပ်စခန်းကနေ စစ်ကူတွေပို့တယ်။ ဒါကြောင့် ကျွန်တော်တို့ အဲဒီကနေပြန်ထွက်လိုက်ရတယ်။

ဒါပေမဲ့ ကျွန်တော်တို့ မလှည့်ပြန်ခဲ့ဘူး။ သူတို့တက်လာမလားလို့။ အဲဒီနောက်မှာ တနေ့ကြာတဲ့အထိ စောင့်နေ ခဲ့တယ်။ ဒါပေမဲ့ သူတို့မတက်လာခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ တပ်တွေ ပြန်ရုပ်သိမ်းလိုက်တယ်။ ပြောချင် တာက အဲဒီဒေသမှာတော့ တိုက်ပွဲဆက်လက်ပြင်းထန်သွားဖို့ရှိတယ်။ သူတို့ဘက်က အင်အားတွေ အများကြီး ဖြည့်ထားတယ်။ ပြီးရင် ထီးခီးဘက်မှာ သူတို့ဗျူဟာကျသွားတော့ ထိုင်းနဲ့ အရောင်းအဝယ်လုပ်တဲ့ လမ်းကလဲ ပိတ်သွားတယ်။ ဒါကြောင့် ထိုင်းတွေလဲ သိပ်မကျေနပ်ဘူး။ ဆိုတော့ နတ်အိမ်တောင်ကနေ ရားဖူးကျေးရွာအထိ စကစက စစ်ရေးတင်းမာသွားဖို့ရှိတယ်။ သူတို့က ဘိတ်ကနေ အင်အားတွေ ဖြည့်နေတယ်။ ပြီးရင် မန္တလေး၊ လာရှိုးဘက်က စစ်မဖြစ်တော့ဘူးဆိုပြီး သူတို့စစ်သားတွေကို ဒီဘက်ပို့လာတယ်။ ရေဖြူဘက်မှာက တော်လှန်ရေးတပ်တွေလဲ လမ်းပေါ်မှာရှိနေတော့ တိုက်ပွဲဆက်လက် ပြင်းထန်သွားမယ်လို့ ပြောချင်တယ်။ ကျွန်တော်တို့တော်လှန်ရေးတပ်တွေ အနေနဲ့လည်း ပြင်ဆင်ထားပါတယ်။

မေး။ ။ လက်ရှိအချိန်အထိ တိုက်ပွဲဘယ်နှစ်ကြိမ်အထိ ဖော်ဆောင်ဖြစ်ခဲ့ပါလဲ၊ ပြီးတော့ အဲဒီထဲမှာ ဘယ်လိုအကျိုးခံစားခွင့်တွေ ရရှိလာတာရှိပါလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ၂၀ ရက်နေ့ကပဲ မင်းသားကျေးရွာမှာ တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့တယ်။ အဲဒီတိုက်ပွဲ ကြာရှည် တိုက်ပွဲဖြစ်မယ်လို့ ထင်ထားတာ၊ စကစဘက်က မတက်လာတော့ ကျွန်တော်တို့လှည့်ပြန်ခဲ့ရတယ်။ သူတို့ အင်အားစုစည်းနေတာတွေကလည်း သိတယ်။ အဲဒီတိုက်ပွဲမှာ ရွာသူရွာသားတွေရဲ့ တွေ့မြင်ချက်အရ၊ ပြီးရင် သူတို့ဘက်ကနေသတင်းအရ ရန်သူဘက်က သေဆုံးတာ ၅ ယောက် ၆ ယောက်လောက် ရှိတယ်လို့ ကျွန်တော်တို့ပြောလို့ရတယ်။

ဒီတိုက်ပွဲတွေကနေ ရလာတဲ့အကျိုးခံစားခွင့်က စကစတွေ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ဘူး။ သူတို့ အလုပ်ကလည်းပျက်တယ်။ ကျွန်တော်တို့က မြို့ရွာသိမ်းတဲ့အဆင့် မရောက်သေးပေမဲ့ ထိုက်သင့်လျောက်တော့ သူတို့ကို အကျပ်တွေ့စေတယ်။ ဒါက ဒီတိုက်ပွဲတွေဆီကနေ အကျိုးခံစားခွင့်ပဲလို့ မြင်တယ်။ မနှစ်ကဆို မင်းသား ကျေးရွာမှာရှိတဲ့ စစ်ကောင်စီလုံခြုံရေးတပ် မောဝရဝတီရေတပ်စခန်းကိုသိမ်းရပြီးတော့ မီးရှို့ခဲ့တာရှိတယ်။ ဒါပေမဲ့ အင်အားကနည်းတော့ မထိန်းနိုင်ခံဘူး။

မေး။ ။ တိုက်ပွဲဖော်ဆောင်နေစဉ်အတွင်း မဟာမိတ်ပူပေါင်းအဖွဲ့တွေအနေနဲ့ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ရဲ့စစ်ရေးလှုပ်ရှားမှုမှာ အခက်အခဲတွေ အများကြီးရှိသေးတယ်။ စစ်အင်အားရော လက်နက်အင်အားရော အများကြီးလိုတယ်။ လက်နက်အင်အားကဆို စစ်သေနကဗျူဟာတွေအတွက် လက်နက်ကြီးတွေလိုတယ်။ ဒါတွေမရှိတာကြောင့်ပဲ ကျွန်တော်တို့က ဒီတော်လှန်ရေးတပ်တွေနဲ့ စုပေါင်းပြီးမှ တိုက်ခိုက်နေရတယ်။ ဒါပေမဲ့ ရှိတဲ့လက်နက်တွေနဲ့ ကျွန်တော်တို့တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမယ်။

ကျုံလောင်တိုက်ပွဲ၊ ခေါဇာတိုက်ပွဲ ပြီးတဲ့နောက်မှာ ကျွန်တော်ကတိတ်ဆိတ်ခဲ့တယ်ပေါ့။ ဘာလို့တိုက်ပွဲ တိတ်ဆိတ်လာလည်းဆိုတော့ ကျွန်တော်တို့က ရာမညစစ်ကြောင်းအတွက်ကို အင်အားဖြည့်ထားတယ်။ ဒါပေမဲ့ ခုလောလောဆယ် ရာမညစစ်ကြောင်းအခြေအနေကို ပြန်သုံးသပ်နေတယ်။ ဒီလိုအခြေအနေတွေကြောင့် တိုက်ပွဲတွေလဲ တိတ်ဆိတ်နေတာလို့ ပြောချင်ပါတယ်။

မေး။ ။ တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ မြေပြင်မှာ တိုက်ပွဲပူးပေါင်းပါဝင်ဖော်ဆောင်ရာမှာ ဘယ်လိုစည်းလုံးမှုအင်အားတွေ ရရှိခဲ့တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်မွန်ပြည်တော်လှန်ရေးတပ် (MSRF) အနေနဲ့ ထားဝယ်တပ်၊ ကျောင်းသားတပ် (ABSDF) တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာသိမ်းပြီး ၂၀၂၁ ကုန်ကတည်းက တိုက်ပွဲဝင်လာခဲ့တာ။ ယနေ့အထိလည်း ဆက်လက် လှုပ်ရှားနေတယ်။ အဲဒီတော့ ကျွန်တော်တို့လဲ ပူးပေါင်းလိုက်တော့ တစ်ဦးအပေါ်တစ်ဦး ပိုမိုရင်နှီး ချိတ်ဆက်လာတယ်။ စိတ်ရင်းတွေနားလည်လာပြီး အချိတ်အဆက်မိမိလည်း တိုက်ပွဲတွေဝင်လာနိုင်တယ်။ အထူးသဖြင့် KNU တပ်ရင်း ၂၇၊ တပ်မဟာ ၆ တွေနဲ့လည်း ပူးပေါင်းတိုက်ပွဲဝင်လာခဲ့တယ်။

ဒီတကြိမ်ပူပေါင်းရေး မှာလဲ သူတို့ပါဝင်လာတယ်။ အဲဒီနယ်မြေမှာ သူတို့က ပိုပြီးလှုပ်ရှားတတ်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့ တညီတညွတ်ပူးပေါင်းပြီး စုစုစည်းစည်းတိုက်ပွဲဆက်လက်ဝင်သွားမယ်ဆို အောင်မြင်မှုက ရရှိသွားမယ်။ ပြောချင်တာက မွန်တပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းတယ်။ အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း ပူးပေါင်းတိုက်ပွဲ ဝင်သွားမယ်။

မေး။ ။ မွန်-ကရင်-ထားဝယ် မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအပေါ် ဘယ်လောက်အထိ မျှော်မှန်းထားတာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ တော်လှန်ရေးတပ်တွေအနေနဲ့ ပြင်ဆင်ထားတာရှိတယ်။ ဒီလောက်ပဲ ပြောနိုင်တာ ပေါ့နော်။ ပြီးရင် ရေဖြူနဲ့ ရေးတောင်ပိုင်းမှာ တိုက်ပွဲကဆက်လက်ပြင်းထန်သွားမယ်။ ကျွန်တော်တို့အနေနဲ့လည်း Strategic plan ချထားတာရှိတယ်။

ဒီချထားတဲ့အပေါ်မှာ ဘယ်လောက်ထိ ခရီးရောက်မလဲ ပြန်သုံးသပ်မယ်။ အဲဒီထဲမှာ စခန်းကြီး၊ စခန်းငယ် သိမ်းတာကအစ မြို့မှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုအထိ သိမ်းနိုင်ဖို့ ရည်မှန်းထားတယ်ပေါ့နော်။ Plan က ဒီလိုရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အခြေအနေတွေ၊ အင်အားတွေ၊ ကျွန်တော်တို့ပူးပေါင်းရေးအပေါ် မူတည်ပြီး တိုက်ပွဲဖော်ဆောင်သွားဖို့ နိုင်မနိုင်ကြည့်ရမယ်။

မေး။ ။ လက်ရှိ မြန်မာပြည်တောင်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပေါ် နောက်ဆုံးဘာများဖြည့်စွက် ပြောကြားချင်တာရှိပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ်က ရေဖြူမြို့နယ်၊ ရေးတောင်ပိုင်းနှင့် ရေးမြောက်ပိုင်းမှာ စစ်ရေးလှုပ်ရှားနေတာရှိတယ်။ နောက်နောင်မှာလည်း ကျွန်တော်တို့ရဲ့အင်အားအပေါ် အခြေအနေအပေါ် မူတည်ပြီး တခြားဒေသတွေမှာလည်း စစ်ရေးလှုပ်ရှားသွားဖို့ ရှိတယ်။ ကျွန်တော်တို့ရဲ့မဟာမိတ် YPDF တပ်ဖွဲ့ ကလည်း ကျွန်တော်တို့မွန်ပြည်ဖက်ဒရယ်ကောင်စီအောက်ကိုဝင်လာပြီး ရေးမြောက်ပိုင်းမှာ အတူတူ လှုပ်ရှားသွားဖို့ရှိတယ်။ တပ်ရင်းတွေလဲ ဖွင့်သွားဖို့ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့အနေဖြင့် မွန်ပြည်သူတွေကို ဘာပြောချင်လဲဆိုတော့ ကျွန်တော်တို့မွန်ပြည်တော်လှန်ရေးတပ်ကို ဝန်းရံပေးပါ။ လူငယ်တွေအနေနဲ့လည်း အတူတကွတိုက်ပွဲဝင်ဖို့ ကျွန်တော်တို့တပ်ထဲကိုဝင်လာခဲ့ပါ။ ကျွန်တော်တို့က စစ်အဏာသိမ်းပြီးကတည်းက တိုက်ပွဲတွေ ဝင်လာခဲ့တယ်။ မွန်ပြည်နယ်မှာ မွန်တပ်ဖွဲ့တစ်ဖွဲ့အနေနဲ့ စစ်အဏာသိမ်းပြီးကတည်းက ပထမ ဦးဆုံးလဲ စစ်ကောင်စီကို ကျွန်တော်တို့တော်လှန်တိုက်ခိုက်ခဲ့တယ်။

အခုအခြေအနေအရပ်ရပ်ကြောင့် ကျွန်တော်တို့ဆီမှာ အင်အားဝင်လာတာနည်းတယ်။ မွန်တပ်တွေကလဲများတော့ ထောက်ပံ့သူတွေလဲ ခွဲဝေးပေး နေရတယ်။ ဒါကြောင့် လက်နက်အင်အားတွေ ထိုက်သင့်သလောက် မဖြည့်ဆည်း နိုင်ဘူး။ ပြီးရင် တပ်ဖွဲ့တစ်ခု အနေနဲ့ AA တို့လို ဘာလို့မဖြစ်နိုင်တာလဲ၊ AA တို့က ပြီးခဲ့တဲ့ ၁၀ နှစ်ကတည်းက မဟာမိတ်တွေဆီကနေ ရလာတဲ့ လက်နက်အင်အား လူ့အင်အားတွေဖြည့်ပြီး တိုက်ခိုက်လာနေတယ်။ အဲဒီကနေတဆင့် အရှိန်ရလာတော့ ခုဆို ရခိုင်တစ်ပြည်နယ်လုံးနီးပါး သိမ်းထားနိုင်တယ်။ ကျွန်တော်ကတော့ နည်းနည်းရ နည်းနည်းတိုက်ပွဲဝင်လိုက်နဲ့ စုဆောင်းထားလဲ မရှိဘူး။ စစတိုက်ပွဲဝင်တုန်းကဆို ဘာအထောက် အပံ့မှ မရရှိခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့ ဒီလိုအခက်အခဲတွေ ရှိနေပါတယ်လို့ ပြောပြချင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မွန်ပြည်တော်လှန်ရေးတပ်ကို ဝန်းရံပေးပါ။ ဝင်လာကြပါ။ အတူတကွတိုက်ပွဲဝင်သွားမယ်။

IMNA ပေးပို့သည်။