“ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ဆိုးဆိုတဲ့ ရောဂါဆိုးကြီးအတွက်ကို အခုကျနော်တို့ ဆေးကြမ်းကြီး သောက်နေတာ။ ဆေးကြမ်းကြီး သောက်နေရတဲ့အချိန်မှာပဲ သောက်ချင်သည်ဖြစ်စေ၊ မသောက်ချင်သည် ဖြစ်စေ သောက်နေရတာပဲ” ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ/PNFC ဥက္ကဋ္ဌ – ခွန်မြင့်ထွန်း

0
392
ပုံစာ - ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌခွန်မြင့်ထွန်း

ဟိုပုံး၊ ဆီဆိုင်တို့တွင် ဖြစ်ပွားနေသည့် တိုက်ပွဲနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေများအပေါ် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းနှင့် ဆက်သွယ်မေးမြန်းချက်။

သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် စံဖူးကျေးရွာတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၁ ရက်တွင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) ၏ ယာဉ်ကြောင်းကို ပိတ်ဆို့ဟန့်တားခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်နှင့် ပူးပေါင်းထားသည့် အသွင်ပြောင်းပအိုဝ်းပြည်သူ့စစ် PNO နှင့် PNLA တို့အကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါသည်။

ယင်းနောက် PNLO ဗဟိုဌာနချုပ်ရှိရာ ဆီဆိုင်မြို့နယ်ထဲသို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုချိန်မှစပြီး ဟိုပုံးမှ ဆီဆိုင်သို့ စစ်မီးကူးလာပြီး ဆီဆိုင်မြို့ရှိ စစ်ကောင်စီ တပ်စခန်းများ၊ ရဲစခန်း၊ တရားရုံး၊ ထွေအုပ်ရုံး တို့ကို PNLA နှင့် မဟာမိတ်တော်လှန်ရေးအင်အားစုများက ဝင်ရောက်သိမ်းပိုက်ခဲ့ပါသည်။

PNLA ၏ မဟာမိတ်တော်လှန်ရေးအင်အားစုများထဲတွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC လည်း ပါဝင်နေသည်။ PNFC ၏ ဥက္ကဌ ခွန်မြင့်ထွန်းသည် ယခင်က ဗိုလ်မှူးကြီးခွန်ဥက္ကာဦးဆောင်သော ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တွင်လည်း ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

PNFC ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ကျင်းပသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ညီလာခံအပြီးတွင် ဖွဲ့စည်းခဲ့သည်။
စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တော်လှန်ကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရာ တွင် ပါဝင်သွားမည်ဟု PNFC က ကြေညာထားသည်။

စစ်ကောင်စီဘက်က ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် လေကြောင်းဖြင့် တိုက်ခိုက်နေသည့်အပြင် ၎င်းတို့လက်အောက်ရှိ ပအိုဝ်းပြည်သူ့စစ် PNO ကို လူသစ်စုဆောင်ခိုင်းစေပြီး လက်နက်များ တပ်ဆင်ပေးနေ သည်။ လက်ရှိအခြေအနေများနှင့် ပတ်သက်ပြီး ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကို ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ တိုက်ပွဲထဲမှာ စစ်ကောင်စီနဲ့အတူ ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ PNO ကလည်း ပူးပေါင်းပါဝင် တိုက်ခိုက်နေတယ်။ အခုလို ပအိုဝ်းအချင်းချင်းကြား ပဋိက္ခတွေ ဖြစ်လာရတာနဲ့ပတ်သက်ပြီး ဘယ်လိုမြင်ပါလဲ။ ဘာပြောချင်ပါလဲ။

ဖြေ။ ။ အဓိကတော့ ကျနော်တို့ ပအိုဝ်းအချင်းချင်း တိုက်ကြတယ်ဆိုတာထက် ပအိုဝ်းအချင်းချင်းကြား တိုက်တာနဲ့ စစ်အာဏာရှင်စနစ်ကို တိုက်တာနဲ့ မတူပါဘူး။ ပြီးခဲ့တဲ့ ကျနော်တို့ သမိုင်းစစ်ရဲ့ခေတ်ကာလမှာ ပအိုဝ်းမှာ အယူဝါဒပေါ်မူတည်ပြီး ကွဲပြားခဲ့တယ်။ လူတန်းစားအရေး၊ အဲ့တုန်းကတော့ ပြည်သူ့ဒီမိုကရေစီဝါဒကို လက်ခံတဲ့ ရလပ (ခေါ်) ပအိုဝ်းအမည်အဖွဲ့နဲ့ နောက်တခါ အမျိုးသားရေးဝါဒကိုလက်ခံတဲ့ ကျနော်တို့ ပအိုဝ်းဖြူလို့ ခေါ်တဲ့ PNO ဦးအောင်ခမ်းထီဦးဆောင်တဲ့ အရပ်အခေါ် အဖြူအဖွဲ့နဲ့ ဦးတာကလယ်ဦးဆောင်တဲ့ အရပ်ခေါ် ပအိုဝ်းနီ ရလလဖနဲ့ တိုက်ကြတယ်။ တိုက်ကြတော့ ပအိုဝ်းတွေအချင်းချင်းကြားမှာ အယူဝါဒပေါ်မှာ အခြေခံ ပြီးတော့ ပအိုဝ်းအချင်းချင်းကြားမှာဆိုတာထက် ပအိုဝ်းခေါင်းဆောင်အချင်းချင်းကြားမှာ အဲ့ဒီလိုအယူဝါဒ မတူတဲ့အခြေခံကနေ ပြီးတော့မှ ပအိုဝ်းအချင်းချင်းကြား တိုက်ပွဲဖြစ်ခဲ့တယ်။ အခုက အဲ့ဒါမဟုတ်ပါဘူး။

ကျနော်တို့ ဒီ PNO က အရင်တုန်းက တော်လှန်ရေးတပ်ဖွဲ့ ဖြစ်ခဲ့တယ်။ အပစ်ခတ်ရပ်စဲရေး လုပ်ခဲ့တယ်။ အပစ်ခတ်ရပ်စဲရေးလုပ်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့ကနေ နောက်ဆုံးမှာ အတင်းအကြပ် ပြည်သူ့စစ် အသွင်ပြောင်း ခံရတယ်။ လုပ်ချင်စိတ်ဖြစ်စေ၊ မလုပ်ချင်စိတ်ဖြစ်စေ ပြည်သူ့စစ်ကို အသွင်ပြောင်းထားတော့ စစ်ကောင်စီရဲ့ အယူဝါဒရေးရာ အရလည်း မဟုတ်ဘူး။ သူတို့ဘဝက ပြည်သူ့စစ်ဘဝ ရောက်နေရတဲ့အတွက် စစ်တပ်ခိုင်းတာ လုပ်နေရတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခု ကျနော်တို့တိုက်တာ စစ်အာဏာရှင်စနစ်ကို တိုက်တယ်။ ကျနော်တို့ PNO ကို တိုက်တာ မဟုတ်ဘူး။ ပအိုဝ်းပြည်သူကို တိုက်တာ မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို တိုက်တာ ဖြစ်တယ်။ အဲ့ဒါစစ်ဏာရှင်စနစ်ထဲမှာ တိုက်နေတဲ့ဟာကို ပအိုဝ်းအချင်းချင်းကြား တိုက်တယ်လို့ ဒီလိုတော့ တံဆိပ်ကပ်လို့မရဘူး ထင်ပါတယ်။

မေး။ ။ နောက်ပြီး စစ်ကောင်စီကနေ လက်နက်ထုတ်ပေးပြီး ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့ကနေ သူတို့ထိန်းချုပ်တဲ့ နယ်မြေထဲမှာ လက်နက်တပ်ဆင်တယ်။ စစ်သားလုပ်ခိုင်းတယ်ဆိုတာ သိရပါတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါလဲ။

ဖြေ။ ။ ဒါကတော့ အခု စစ်ကောင်စီကတော့ သူရဲ့စစ်ကောင်စီနဲ့ စစ်အုပ်စုအတွက် သူတို့ရဲ့အကျိုးစီးပွားတွေ ကာကွယ်ဖို့အတွက် ဘယ်သူ့ကိုမဆို သူတို့ကတော့ ဒါကတော့ အသုံးချမှာ ဖြစ်ပါတယ်။ အခုဆိုရင် ပအိုဝ်းပြည်သူတွေကိုပဲ လက်ကိုင်တုတ်တွေနဲ့ အသုံးချတာ မဟုတ်ဘူး။ ပအိုဝ်းပြည်သူတွေကို လူသားဒိုင်း တွေနဲ့ရော အသုံးချတာမကပါဘူး။ အခုဆိုရင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာ ထုတ်ဆင့်ပြီးတော့ ပအိုဝ်းရယ် မဟုတ်ဘူး၊ တပြည်လုံးမှာရှိတဲ့ လူငယ်လူရွယ်တွေကို သူတို့အကျိုးစီးပွားတွေကာကွယ်ခိုင်းဖို့အတွက် ပြည်သူ့စစ်မှုထမ်း ဥပဒေကိုထုတ်ပြန်ပြီး ခိုင်းနေတာ ဖြစ်ပါတယ်။ ဒါကတော့ စစ်အာဏာရှင်ရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။

မေး။ ။ အခုတိုက်ပွဲက ဆီဆိုင်နဲ့ ဟိုပုံးကြားမှာရှိတဲ့ မြို့နဲ့ကျေးရွာတွေမှာ ဖြစ်နေတဲ့အတွက် စစ်ဘေးရှောင်နဲ့ ဒေသခံတွေဘက် အထိခိုက်နည်းအောင် ဘယ်လိုစီမံကြိုးစားနေရလဲ။ နောက်ပြီးတော့ ပြည်သူလူထုအနေနဲ့ရော ဘယ်လို ပြင်ဆင်ဆောင်ရွက်ဖို့ လိုအပ်လဲဆိုတာရော ပြောပြပေးပါဦးဗျ။

ဖြေ။ ။ ဟုတ်ကဲ့။ အခုကျနော်တို့ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီကိစ္စရပ်တွေကတော့ မဖြစ်ချင်ဘဲနဲ့ ဖြစ်နေရတဲ့ ကိစ္စတွေဖြစ်တယ်။ တကယ်ပြောရင်တော့ ကျနော်တို့ဟာ စစ်အာဏာရှင်စနစ်ဆိုးဆိုတဲ့ ရောဂါဆိုးကြီးအတွက်ကို အခုကျနော်တို့ ဆေးကြမ်းကြီး သောက်နေတာ။ ဆေးကြမ်းကြီး သောက်နေရတဲ့အချိန်မှာပဲ သောက်ချင်သည် ဖြစ်စေ၊ မသောက်ချင်သည်ဖြစ်စေ သောက်နေရတာပဲ။ ကျနော်တို့အနေနဲ့ကတော့ မူချမှတ်ထားပါတယ်။ မိမိတို့ကို မိမိတို့ကာကွယ်ဖို့နဲ့ ပအိုဝ်းအပါအဝင် တိုင်းရင်းသားပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ရုံမှတပါး၊ ပအိုဝ်းအချင်းချင်းကြားမှာ ဖြစ်စေ၊ ပအိုဝ်းနဲ့ အခြားသောညီနောင်တိုင်းရင်းသားအကြားမှာ ဖြစ်စေ ပဋိပက္ခ မဖြစ်ဖို့ ကို ကျနော်တို့အတတ်နိုင်ဆုံး ရှောင်ရှားမယ်။ ပြဿနာဖြစ်လာရင်လည်း ကျနော်တို့ ငြိမ်းချမ်းစွာ ဆွေးနွေးမယ် ဆိုတဲ့မူကိုတော့ ကျနော်တို့လက်ကိုင်ထားပါတယ်။

ဒါကျနော်တို့ အခြေခံအကျဆုံးသောမူကို လက်ကိုင်ထား ပါတယ်။ အဲ့ဒီမှာမှ ခုနလို စစ်ကောင်စီအမိန့်သော် လည်းကောင်း၊ စစ်ကောင်စီဘက်ကနေပြီးတော့ ပါဝင်တိုက်ခိုက်လာတဲ့သူတွေ ကျတော့လည်း ကျနော်တို့ ခွဲခြားစိတ်ဖြာလို့ မရဘူး။ အတတ်နိုင်ဆုံးတော့ အဲ့ဒီမူကို ကျနော်တို့ ချမှတ်ထားပါတယ်။ ဒီနေ့ဒီအချိန်မှာတော့ ပြည်သူလူထုတွေအနေနဲ့ မဖြစ်စေချင်တဲ့ကိစ္စတွေ ဖြစ်နေတဲ့အခါမှာ ဒီအန္တရာယ်တွေ အတတ်နိုင်ဆုံး အန္တရာယ် မဖြစ်အောင် ရှောင်ရှားကြဖို့နဲ့ ဒီနေရာမှာလည်း ကျနော်တို့ နိုင်ငံတကာအပါအဝင် ကျနော်တို့ အားလုံးကလည်း ပြည်သူလူထုတွေအနေနဲ့လည်း ပြည်သူမှပြည်သူသို့ လူထုအချင်းချင်း ကူညီကြဖို့၊ နိုင်ငံတကာကလည်း နိုင်ငံရေး အရရော၊ လူသားချင်းစာနာမှု အကူညီတွေရော ဆောင်ရွက်ပေးဖို့ကိုတော့ မေတ္တာရပ်ခံထားသလို ဒါတွေလည်း ကျနော်တို့ လုပ်နေပါတယ်။

မေး။ ။ နောက်ဆုံးအနေနဲ့ ခွန်မြင့်ထွန်းအနေနဲ့ ဘာများဆက်လက်ဖြည့်စွက်ပြောချင်တာရှိပါလဲဗျ။

ဖြေ။ ။ ကျနော်တို့ အဓိက သတိထားထိန်းသိမ်းနေတာက စစ်ကောင်စီကတော့ ကျနော်တို့ပြည်သူလူထုကို လက်ကိုင်တုတ်တွေ၊ လူသားဒိုင်းတွေ အသုံးချသလို တဖက်မှာလည်း အခြားသောလူမျိုးများနဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိက္ခဖြစ်အောင် ထောင်ချောက်ပေါင်းများစွာနဲ့ လုပ်ဆောင်နေတယ်။ အဲ့ဒီထောင်ချောက်ပေါင်း များစွာနဲ့ လုပ်နေတာကိုတော့ ကျနော်တို့ ပြည်သူလူထုဘက်ကရော၊ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ ဘက်ကရော ဒါတွေ သိရှိပြီးတော့မှ ရှောင်ရှားနိုင်ဖို့ကတော့ အဓိကကျတဲ့ အချက်ပါ။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here