29 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကျနော်တို့မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဘယ်လိုမှကာကွယ်လို့မရတဲ့ အနေအထားမျိုး ဖြစ်တယ်ပေါ့နော၊ ဒါကတော့ မတတ်နိုင်ဘူး။ သို့သော် စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် တနေ့ထက်တနေ့ ပိုပြီးမှ ခံစားရဦးမယ်၊...

“ကျနော်တို့မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဘယ်လိုမှကာကွယ်လို့မရတဲ့ အနေအထားမျိုး ဖြစ်တယ်ပေါ့နော၊ ဒါကတော့ မတတ်နိုင်ဘူး။ သို့သော် စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် တနေ့ထက်တနေ့ ပိုပြီးမှ ခံစားရဦးမယ်၊ သေကြေဦးမယ်၊ ဒဏ်ရာရရှိမှုတွေလည်း များနေဦးမယ်” ခူးကိုရယ်/ ညှိနှိုင်းရေးမှူး- ကရင်နီလူမှု အသင်းအဖွဲ့များကွန်ရက် (KCSN)

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုများအကြား ကရင်နီအရပ်သားပြည်သူများ ကြုံတွေ့ခံစားနေကြရသော အခက်အခဲ၊ စိန်ခေါ်မှုအခြေနေများအပေါ် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်နှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်ထဲ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ တိုးမြင့်လာသည့်အပြင်
လက်နက်ကြီးနှင့်ပါ အရပ်သားပြည်သူများအား ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကုန်အထိ အပြစ်မဲ့ပြည်သူ သေဆုံးမှု ၅၉၂ ဦးအထိ ရှိခဲ့သည်။

အဆိုပါ အရပ်သားပြည်သူသေဆုံးမှုစာရင်းသည် ကရင်နီပြည်အတွင်း စစ်ကောင်စီ၏ လူ့အခွင့်ရေးချိုးဖောက်မှု များအား တစ်လတကြိမ် မှတ်တမ်းတင်ဖော်ပြနေသော ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN ၏ ၂၀၂၅၊ ဇန်နဝါရီ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိခြင်း ဖြစ်သည်။

ယင်းသို့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများအကြား ကရင်နီအရပ်သားပြည်သူများ ကြုံတွေ့ခံစား နေကြရသော အခက်အခဲ၊ စိန်ခေါ်မှု အခြေနေများ နှင့်ပတ်သက်ပြီး လူ့အခွင့်ရေးချိုးဖောက်ခံရမှုတို့ကို မှတ်တမ်းတင်စောင့်ကြည့်နေသည် ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက် KCSN ညှိနှိုင်းရေးမှူး ခူးကိုရယ်အား ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကရင်နီပြည်ထဲကို စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုတိုက်ခိုက်မှု အခြေအနေ ဘယ် လို ရှိနေပါလဲ။ အရပ်သားပြည်သူတွေထိခိုက်မှုတွေက ရှိနေတုန်းပဲလား။

ဖြေ။ ။ ရှိတယ်။ လေကြောင်းကနေ အဓိကအားထား အားစိုက်ပြီးမှ သုံးလာတာရှိတယ်ပေါ့နော။ တော်လှန်ရေး အင်အားစုတွေရှိတဲ့နေရာပဲ မဟုတ်ဘဲနဲ့ စစ်ဘေးရှောင်တွေရှိတဲ့ နေရာဒေသတွေကို တမင်ဗုံးကြဲသွားတာ ရှိတယ်။ ထိခိုက်သေဆုံးမှုလည်း ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ရှောင်တွေမှာ တော်လှန်ရေးအင်အားစုတွေလို စနစ်တကျဘန်ကာတွေ ဘာတွေမရှိတော့ လာမယ်ဆိုရင်လည်း Ready အနေအထားမျိုးလည်းမရှိတော့ ထိခိုက် သေဆုံးမှုရယ် ထိခိုက်ဒဏ်ရာရရှိမှုရယ် အဆောက်အဦပျက်စီးမှုရယ်တော့ ပုံမှန်ရှိတယ်။

မေး။ ။ စစ်ကောင်စီက အရပ်သားတွေကို ဘာကြောင့် ဒီလိုတိုက်ခိုက်မှုတွေလုပ်နေတယ်လို့ ပြောလို့ရပါလဲ။ ဒီလိုတိုက်ခိုက်မှုတွေလုပ်လာတာက သူတို့အတွက် ဘာအကျိုးကိုရည်ရွယ်ပါလဲ။

ဖြေ။ ။ ကျနော်ထင်ပါတယ် သူတို့ရဲ့စိတ်ထဲမှာ ပြည်သူတွေကိုကြောက်အောင် ခြောက်ဖို့ပေါ့နော၊ အဲဒါတစ်ခုရှိ မယ်။ ပြည်သူတွေက သူတို့ဘက်ပြန်လည်ရပ်တည်လာအောင်ပေါ့နော်။ ဒါက သူတို့ပုံမှန်လုပ်နေကြ သူတို့ရဲ့ ဗျူဟာဖြစ်တယ်။ နောက်တစ်ခုကြတော့ သူတို့အတွေးထဲမှာ ကျနော်သွားမြင်မိတာ တစ်ခုတော့ရှိတယ်။ ပြည်သူကလည်း သူတို့ရဲ့ရန်သူပဲလို့ သူတို့ အဲလိုမျိုးသတ်မှတ်လာတာတော့ ရှိတယ်ပေါ့နော။ ဒီစစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ လူထုအုံကြွမှုတအားကြီးတော့ လက်နက်ကိုင်ထားလဲ ရန်သူပဲ၊ ပြည်သူတွေလည်း သူတို့ရန်သူပဲ ဒါက သူတို့သတ်မှတ်တဲ့ စံနှုန်းတစ်ခု ဖြစ်တယ်။

မေး။ ။ ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေက ဆက်ပြီးရှိနေဦးမယ်ဆိုရင် ပြည်သူတွေအတွက် ဘယ်လို စိုးရိမ်မှုတွေ စိန်ခေါ်မှုတွေ ရှိနိုင်လဲ။

ဖြေ။ ။ ကျနော်တို့မှာ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေက ဘယ်လိုမှကာကွယ်လို့မရတဲ့ အနေအထားမျိုး ဖြစ်တယ်ပေါ့နော၊ ဒါကတော့ မတတ်နိုင်ဘူး။ သို့သော် စစ်ကောင်စီရဲ့လုပ်ရပ်ကြောင့် တနေ့ထက်တနေ့ ပိုပြီးမှ ခံစားရဦးမယ်၊ သေကြေဦးမယ်၊ ဒဏ်ရာရရှိမှုတွေလည်း များနေဦးမယ်။ သေကြေပျက်စီးမှုတွေက အမြဲတမ်းတော့ ရှိနေဦးမှာပေါ့နော်။ စိုးရိမ်နေရတဲ့အခြေအနေက မြင့်တာထက်မြင့်လာပါဦးမှာပါပဲ။

ဒါတွေတောင်မက သူတို့ရဲ့ စားဝတ်နေရေးအတွက် တချို့ကျတော့ စပါးတွေဘာတွေ စိုက်နိုင်တယ်။ သို့သော် ရိတ်သိမ်းတဲ့အချိန်ရောက်ရင် ပြန်ရိတ်သိမ်းလို့မရတဲ့ အခြေအနေမျိုး အများကြီးရှိတယ်။ သူတို့ရဲ့အသက်အန္တရယ် တခုတည်းအတွက်ပဲ မဟုတ်ဘဲနဲ့ စားဝတ်နေရေးအတွက် လာမယ့်နှစ်အတွက် စိုးရိမ်မှုတွေ အများကြီးရှိတယ် ပေါ့နော။

မေး။ ။ လတ်တလော ကရင်နီပြည်ရဲ့မြေပြင်မှာ နယ်မြေစိုးမိုးမှုအခြေအနေက အပြောင်းအလဲရှိပါလား။ တော်လှန်ရေးအင်အားစုတွေဘက်က ဘယ်လောက်ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားနိုင်ဆဲလို့ ပြောလို့ရလဲ။ စစ်ကောင်စီရဲ့ စိုးမိုးနယ်မြေတွေရော ဘယ်လောက်အထိ ရှိနေသေးလဲ။

ဖြေ။ ။ ကရင်နီပြည်က သေးသေးလေး။ ဒါပေမယ့် ကရင်နီပြည်ရဲ ဧရိယာတွေ ကျနော်တို့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက သူတို့ပြောတာက ၈၀-၉၀ ရာခိုင်နှုန်းလောက်ပေါ့နော်၊ ထိန်းချုပ်ထားနိုင်တယ်လို့ ပြောတယ်။ သို့သော် တချိူ့ဧရိယာတွေကတော့ Mix ပေါ့နော်။ ရောနှောထားတဲ့ အခြေနေတွေတော့ရှိတယ်။ ဥပမာ- လွိုင်ကော်တို့ မိုးဗြဲတို့လိုမျိုးပေါ့။ အဲဒီမှာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ထိန်းချုပ်လိုက်ပြီးရင် စစ်ကောင်စီဘက်က ပြန်ထိန်းချုပ်လိုက် အဲလိုမျိုးဖြစ်တယ်။

ဒီလိုအခြေအနေတွေ တချို့ရှိတယ်။ ဒါက လွိုင်ကော်နဲ့ မိုးဗြဲလောက်မှာပဲရှိတယ်။ ကျန်တဲ့ မြို့နယ်တွေတိုင်း လိုလိုက စစ်ကောင်စီက သူတို့တပ်ထဲမှာပဲ လှုပ်ရှားနိုင်တဲ့အခြေအနေပဲ ရှိတော့တယ်။ ဥပမာ ဖားဆောင်း၊ ဘောလခဲ၊ ဖရူဆို၊ ဒီးမောဆိုပေါ့ ဒီမြို့နယ်တွေ ကြတော့ သူတို့တပ်ထဲမှာပဲ သူတို့လှုပ်ရှားနိုင်ပြီး အပြင်ထွက်လို့ မရတော့ဘူးပေါ့နော်။ မြင်ယောင်ကြည့်လိုက်ရင် တော်လှန်ရေး အင်အားစုတွေပြောတဲ့ ရာခိုင်နှုန်းလောက်တော့ ရှိနေတယ်ပေါ့နော်။ စစ်ကောင်စီက ထိန်းချုပ်ထားတဲ့နယ်မြေဆိုရင် လွိုင်ကော်ဘက်မှာ ပိုများတယ်ပေါ့နော်။

မေး။ ။ စစ်ကောင်စီဘက်က နယ်မြေစိုးမိုးမှုတွေပြန်ရဖို့ ကြိုးစားနေသလို တဖက်မှာလည်း ဒီနှစ်ထဲမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ ကြိုးစားနေတာကို တွေ့ရတယ်။ ကရင်နီပြည်မှာရော ရွေးကောက်ပွဲလုပ်နိုင်တဲ့ အနေအထားရှိလား၊ လုပ်နိုင်တယ်ဆိုရင် ဘယ်နေရာတွေမှာ ဖြစ်လာနိုင်လဲ။

ဖြေ။ ။ ဖြစ်နိုင်ချေကတော့ မရှိလောက်ဘူးလို့ ပြောလို့ရမယ်ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ခုနက ကျနော်သုံးသပ်ပြသွားတဲ့ လွိုင်ကော်မြို့မှာလောက်ပဲ အစိုးရယန္တရားတွေ နည်းနည်းပါးပါး လည်ပတ်လို့ရတာ ရှိတယ်။ ဒါတောင်မှ တော်လှန်ရေးအင်အားစုတွေက လွိုင်ကော်မြို့ရဲ့ပတ်ပတ်လည်လည်မှာ သူတို့ ဝိုင်းထား ပြီဆိုတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သူတို့လုပ်နိုင်တယ်ဆိုရင်တောင်မှ ရပ်ကွက်အလိုက် နည်းနည်းလေးပဲ ရှိမယ်။ သူတို့ရှိထားတဲ့ သူတို့တပ်မိသားစုတွေနဲ့ ဒီလူတွေလောက်နဲ့ပဲ သူတို့လုပ်နိုင်ပါလိမ့်မယ်။ မြို့နယ်တိုင်းမှာ လိုလိုတော့ သူတို့ရွေးကောက်ပွဲ လုပ်နိုင်မယ့်အနေအထားမျိုး မရှိတော့ဘူး။

မေး။ ။ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲအပေါ်မှာရော ကရင်နီပြည်မှာရှိတဲ့ လူမှုအသင်းအဖွဲ့တွေအနေနဲ့ ဘယ်လိုသဘောထားအမြင်ရှိပါလဲ။

ဖြေ။ ။ ဒါကတော့ နိုင်ငံတကာမှာ သူတို့မျက်နှာပန်းလှအောင်ပဲ သူတို့ပြောနေတာလောက်ပဲရှိမယ်။ အဲလိုမျိုး ပြောလို့ရမယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာကလည်း သူတို့ကိုအသိမှတ်ပြုတာလည်း သိပ်မရှိတော့ဘူး လေနော်။ အဲတော့ နိုင်ငံတကာမှာ စစ်ကောင်စီကို တရားဝင်အစိုးရအနေနဲ့ ပြန်ပြီးထောက်ခံလာအောင် အဲ့လိုမျိုး လုပ်ရခြင်းဖြစ်တယ်လို့ ကျနော်သုံးသပ်ပါရစေ။

မေး။ ။ ရှမ်း – ကရင်နီ နယ်စပ်မှာ စစ်ကောင်စီဘက်ကနေ အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေတဲ့ လမ်းကြောင်းက သူတို့အတွက် ဘယ်လောက်အထိအရေးကြီးလို့ ဒီနေရာကိုထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ပြောလို့ရပါလဲ။

ဖြေ။ ။ အဓိကကတော့ လမ်းကြောင်းလို့ပြောတဲ့နေရာမှာ ရှမ်းပြည်ကနေ ကရင်နီပြည်ကိုလာတဲ့ လမ်းကြောင်း (၃) ကြောင်း ရှိတယ်။ ဆီဆိုင်ဘက်ကနေလာတဲ့ လမ်းကြောင်းတစ်ကြောင်းရှိတယ်။ ပင်လောင်းဘက်ကနေ လာ တဲ့လမ်းကြောင်း တစ်ကြောင်းရှိတယ်။ ဒီလမ်းကြောင်းက စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီးတော့မှ အထောက်အပံ့ တွေ သယ်ဖို့ပြုဖို့လမ်းကြောင်းကို သူတို့ထိန်းချုပ်နိုင်မှပဲ မြေပြင်မှာရှိနေတဲ့ စစ်ကောင်စီတပ်တွေအတွက် အထောက်အကူပြုမှာ ဖြစ်တဲ့အတွက် သူတို့အဲဒီလမ်းကြောင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလည်း ကြာခဲ့ ပြီပေါ့နော်။ ကရင်နီအင်အားစုတွေဖက်က သူတို့ကို ပြန်တိုက်ထုတ်နေတာ ရှိတယ်။ အဲ့ဒါကို သူတို့ ကြိုးစားနေ တုန်းပဲ။ ဒါပေမယ့် ဒီလမ်းကြောင်းကို လုံခြုံမှုပေးနိုင်လားဆို သူတို့သွားလာဖို့အတွက် လုံခြုံမှုမရှိသေးဘူးပေါ့နော်။ သူတို့လုပ်နေတုန်းပဲ တိုက်နေတုန်းပဲပေါ့။

NMG ပေးပို့သည်။