4 ဇွန် 2026 /

See today's Peace Related News

Homeအင်တာဗျူး“ကျနော်တို့ဘယ်လောက်ပဲ စစ်ရေးပိုင်းဆိုင်ရာ အောင်မြင်၊ အောင်မြင်၊ ဘယ်လောက်ပဲ နိုင်ငံရေးပိုင်းဆိုင်ရာမှာ အောင်မြင်ခဲ့ရင်တောင်မှ ကျနော်တို့ချင်းပြည်အတွင်းမှာ နှစ်ခြမ်းကွဲနေတာတို့ ၊ စည်းလုံးညီညွတ်မှုမရှိတာက တဖက်ကနေ...

“ကျနော်တို့ဘယ်လောက်ပဲ စစ်ရေးပိုင်းဆိုင်ရာ အောင်မြင်၊ အောင်မြင်၊ ဘယ်လောက်ပဲ နိုင်ငံရေးပိုင်းဆိုင်ရာမှာ အောင်မြင်ခဲ့ရင်တောင်မှ ကျနော်တို့ချင်းပြည်အတွင်းမှာ နှစ်ခြမ်းကွဲနေတာတို့ ၊ စည်းလုံးညီညွတ်မှုမရှိတာက တဖက်ကနေ အောင်မြင်တယ်လို့ပြောလို့မရပါဘူး။ ဒီဟာတွေကိုလည်း ကျနော်တို့ဘက်ကနေ ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့လေ၊ ဆက်လက်ပြီးတော့သွားဖို့ရန် ပြင်လည်းပြင်ဆင်ထားပါတယ်” ဆလိုင်းတီမီ/ CNDF နှင့် ချင်းညီနောင်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ

ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်မည့် တပ်မတော်တရပ် တိုးမြှင့်ဖွဲ့စည်းသွားရန် စီစဉ်ဆောင်ရွက်နေမှုအပါအဝင် ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းရာများနှင့်ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF နှင့် ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီနှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းညီနောင်အဖွဲ့ကိုဖွဲ့စည်းပြီးနောက် တစ်နှစ်ကျော်ကြာမြင့်ချိန် ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းက ချင်းပြည်နယ်ရှိ လွတ်မြောက်နယ်မြေတနေရာတွင် ချင်းညီနောင်အဖွဲ့ဝင် ခေါင်းဆောင်များက မြေပြင်ဆွေးနွေးမှုတရပ်ကျင်းပပြီး အနာဂါတ် စစ်ရေး၊ နိုင်ငံရေးအပါအဝင် ကျယ်ပြန့်သည့် သဘောတူဆုံးဖြတ်ချက်သစ်တို့ကို ချမှတ်ခဲ့ကြောင်း ချင်းညီနောင်အဖွဲ့က မေလ ၁၁ ရက်နေ့တွင် တရားဝင်ကြေညာထုတ်ပြန်သည်။

စစ်ရေးတွင် ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကိုကာကွယ်ပေးမည့် One Army ဖြစ်စေမည့် တပ်မတော်တရပ် (Standard Army) ဖွဲ့စည်းရန် အခြေခံမှုများချမှတ်ခဲ့သလို နိုင်ငံရေးတွင်လည်း ICNCC လမ်းကြောင်းကနေ ချင်းအစိုးရ ဖွဲ့စည်းနိုင်ရန် ချင်းချာတာကို ပြန်သုံးသပ်နေပြီဟု ဆိုသည်။

ပြည်တွင်းပြည်ပမဟာမိတ်ဆက်ဆံရေး အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေး စသည့် မူဝါဒများရေးဆွဲရန် အခြေခံသဘောတူညီချက်များလည်း ချမှတ်နိုင်ခဲ့ပြီဟု ချင်းညီနောင်က ကြေညာသည်။ ချင်းညီနောင်အဖွဲ့ထဲ CDF–Mindat ၊ ချင်းအမျိုးသားအဖွဲ့ချုပ် CNO/CNDF ၊ PDF – Zoland ၊ CDF – Matupi ၊ CDF – Kanpetlet နှင့် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MDF တို့ ပါဝင်ပါသည်။

ချင်းညီနောင်အဖွဲ့က ရှေ့ဆက်လုပ်ဆောင်မည့် အကြောင်းရာများအပါအဝင် ချင်းပြည်နှင့် ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်မည့် တပ်မတော်တရပ်ကို တိုးမြှင့်ဖွဲ့စည်းသွားရန် စီစဉ်ဆောင်ရွက် နေမှုနှင့်ပတ်သက်ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ – CNDF နှင့် ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတီမီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ချင်းညီနောင်အဖွဲ့ဝင်တွေပေါင်းပြီးတော့ ချင်းပြည်နဲ့ချင်းတမျိုးသားလုံးကို အကာအကွယ်ပေးနိုင်တဲ့ တပ်မတော်တရပ်ကို တိုးမြှင့်ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။ အဲဒါက ဘယ်လိုဖွဲ့စည်းသွားမှာပါလဲ။

ဖြေ။ ။ ကျနော်တို့ ချင်းညီနောင်စတင်ဖွဲ့စည်းတဲ့အခါမှာ အဓိက စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဆိုပြီးတော့ ဆွေးနွေးတဲ့ဟာတွေရှိပါတယ်။ နိုင်ငံရေးအရ ICNCC လမ်းကြောင်း ကနေသွားပြီးတော့ စစ်ရေးမှာ ချင်းညီနောင်ဆိုပြီးဖွဲ့စည်းပြီးတော့ ကျနော်တို့ရဲ့နောက်ဆုံး ရည်မှန်းချက်ကတော့ One Command ၊ One Army တစုတစည်းထဲသွားနိုင်ဖို့ဆိုတဲ့ဟာ သဘောထားချမှတ်ထားတာရှိပါတယ်။ အဲဒီအတိုင်းပဲ ဒီတစ်နှစ်တာကာလမှာ စစ်ရေးဖော်ဆောင်မှုတွေလုပ်တယ်။ အဲဒီနောက်ပိုင်း အခုချိန်မှာဆိုရင် လည်း One Army အနေနဲ့ သွားနိုင်ဖို့ဆိုပြီး လုပ်ငန်းတွေချမှတ်ထားတာ ရှိပါတယ်။

မေး။ ။ One Army ကို ဘာကြောင့် ဖွဲ့စည်းတာပါလဲ။

ဖြေ။ ။ အဓိက ကျနော်တို့က One Army အနေနဲ့သွားနိုင်ဖို့က ကျနော်တို့ရဲ့ချင်းညီနောင်အဖွဲ့အစည်းမှာ ၆ ဖွဲ့ ရှိပါတယ်။ အဲဒီ ၆ ဖွဲ့စလုံးက ကိုယ့်ရဲ့မိခင်တပ်ဖွဲ့မှာ ကျစ်ကျစ်လစ်လစ်နဲ့ Command နဲ့ Control ကောင်းကောင်း လေးနဲ့ အဓိကက Chain of Command ပေါ့။ စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင် အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့ အချိန်ဖြစ်တယ်။ အဲဒီလို Chain of Command ကောင်းကောင်းသွားနိုင်ဖို့က သင်တန်းက အရမ်းအရေးကြီးပါတယ်။

အခုချိန်ကနေစပြီးတော့ ချင်းညီနောင်အဖွဲ့မှာပါတဲ့သူအားလုံးက တူညီတဲ့သင်တန်း သင်ခန်းစာတွေ တူညီတဲ့ သင်တန်းကြာချိန်တွေ ၄ လလား ၆ လားပေါ့။ အားလုံး တစုတစည်းထဲသွားနိုင်ဖို့က တူညီတဲ့အရာတွေ လိုအပ် ပါတယ်။ ဥပမာအနေနဲ့ စစ်တိုက်မယ်ဆိုရင်လည်း တူညီတဲ့ Command လိုတယ်။ နောက်ပြီးတော့ ဥပမာတစ်ခု ပြောရရင် အလေးပြုတာအချင်းချင်းက တစ်ဖွဲ့နဲ့တစ်ဖွဲ့က မတူကြဘူး။ ဘာလို့လည်းဆိုတော့ သင်တန်းက မတူကြဘူး။ တချို့က KIA မှာ တက်တဲ့လူရှိတယ်။ တချို့က CNF မှာ တက်တဲ့လူရှိတယ်။ တချို့က ရက္ခိုင့် တပ်တော် AA ဆီမှာ တက်တာရှိတယ်။ အကုန်လုံး မတူညီတဲ့ဟာတွေကို တူညီအောင် ကျနော်တို့ သင်တန်းကနေစပြီးတော့ တူညီတဲ့သင်ခန်းစာ Course၊ တူညီတဲ့သင်တန်းဆရာ အဲလိုပုံစံနဲ့သွားဖို့ရန်အတွက် ပြင်ဆင်နေပါတယ်။

မေး။ ။ တပ်မတော်တရပ်အဆင့် တိုးမြှင့်ဖွဲ့စည်းမယ်ဆိုတာက အရင်က CJDC နဲ့ ဘယ်လိုကွာခြားလဲဆိုတာ ရှင်းပြပေးပါဦး။

ဖြေ။ ။ ကျနော်တို့ရဲ့နောက်ဆုံးရည်မှန်းချက်က One Army သွားဖို့ရန်အတွက် ဖြစ်တယ်။ အဲဒီမှာ မေးထားသလိုပဲ CJDC နဲ့ ဘာကွာသလဲဆိုတော့ CJDC ကတော့ ချင်းပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်အားလုံး လျော့ရိလျော့ရဲ (loosely) မဟာမိတ်စုဖွဲ့တဲ့ ကော်မတီတစ်ခုဖြစ်တယ်။ လျော့လျော့ရဲရဲနဲ့ ပူးပေါင်းကြတယ်။ မူဝါဒတွေကလည်း လျော့လျော့ရဲရဲ ဖြစ်တယ်။ ဒါပေမယ့် အခုကျနော်တို့ CB စတင်ပေါ်လာတဲ့အခါမှာ စစ်ရေး ဆိုင်ရာမှာ အဖွဲ့က ၆ ဖွဲ့ ရှိတဲ့အခါမှာ Command (အမိန့်) က ၆ ခု ရှိတယ်ပေါ့လေ။ ဒါပေမယ့် အဲဒီ ၆ ခုစလုံးကို ကျနော်တို့က စစ်ရေးကော်မတီမှာ ပြန်ပြီးတော့မှ Joint ပုံစံနဲ့သွားပြီးမှ CB အတွက် စစ်ဦးစီးချုပ်တစ်ဦးကိုလည်းထားတယ်။ Joint Commander ပေါ့လေနော်။ ဒါမှမဟုတ် Joint Chief Of Staff တစ်ခုကိုထားထားပါတယ်။

ဆိုတော့ ဒါပေမယ့် အခုအတွေ့အကြုံအရသွားတဲ့အခါမှာ တချို့စစ်ပွဲတွေမှာ၊ တချို့အခန်းကဏ္ဍတွေမှာ One Command အနေနဲ့သွားဖို့ လိုအပ်တဲ့ဟာတွေက အများကြီးရှိနေတယ်။ မဟာမိတ်ပုံစံနဲ့ ဥပမာအနေနဲ့ မြောက်ပိုင်းညီနောင် ၃ ဖော် ဆိုတာရှိတယ်လေ။ အဲဒီဟာတွေက စစ်ရေးအရပူးပေါင်းကြတဲ့ အဖွဲ့တွေဖြစ်တယ်။ ကျနော်တို့က အဲဒီဟာထက်ပိုပြီးတော့ နက်ရှိုင်းတဲ့ဆက်ဆံမှုနဲ့ ဆက်ဆံပြီးတော့ CB အတွင်းထဲမှာ One Army အနေနဲ့သွားနိုင်ဖို့ လုပ်နေတာဖြစ်တယ်။ ဆိုတော့ CJDC ကတော့ စောစောကပြောသလို loosely လျော့လျော့ရဲရဲ့ alliance (မဟာမိတ်ပူးပေါင်းခြင်း) လုပ်ထားပြီးတော့ ချင်းပြည်နယ်မှာရှိတဲ့ လက်နက်ကိုင်တွေကို စုစည်းထားတာဖြစ်တယ်။

အခု ကျနော်တို့ CB လုပ်ချင်တဲ့ဟာကတော့ တကယ့် One အနေနဲ့သွားနိုင်ဖို့ ဆောင်ရွက်တယ်။ ဒါပေမယ့် ဒီလိုဆောင်ရွက်တဲ့အခါမှာ အချိန်ကာလအတိုင်းအတာကတော့ အများကြီးလိုမယ်။ ကိုယ်ရဲ့ အတွင်းထဲ မှာ ပြင်ဆင်စရာတွေ ၊ နောက်ပြီးတော့ ကိုယ့်ရဲ့အတွင်းထဲမှာ ပြောင်းလဲရမယ့်အရာတွေ အများကြီးရှိတယ်။ တပ်စု တပ်စိပ် ဖွဲ့စည်းပုံကအစ၊ Army တည်ဆောက်ပုံက အစ ၊ ချင်းညီနောင်အဖွဲ့ထဲမှာ အားလုံးကတူညီနေဖို့ လိုအပ်တယ်။ ဒီဟာတွေကို ကျနော်တို့မူတွေ ချထားတယ်။ ဒီဟာတွေကိုလည်း တည်ဆောက်ပုံ Structure တွေ ကိုလည်း ချင်းညီနောင်ရဲ့စစ်ရေးကော်မတီကနေ တာဝန်ယူပြီးမှ ရေးဆွဲဖို့ရန်အတွက် ကျနော်တို့ လုပ်ထားတဲ့ဟာတွေရှိပါတယ်။

မေး။ ။ ချင်းပြည်အစိုးရပေါ်ပေါက်လာရေးက ချင်းညီနောင် TOR အတိုင်း ဆက်လက် အကောင်အထည်ဖော်နေတယ်ဆိုတော့ အခုက ဘယ်အတိုင်းအတာအထိ အောင်မြင်နေပါပြီလဲ။

ဖြေ။ ။ ချင်းပြည်အစိုးရဖွဲ့စည်းဖို့ကတော့ လိုအပ်တဲ့ ကျနော်တို့ရဲ့ချင်းချာတာကိုလည်း ပြန်သုံးသပ်မှုတွေလုပ်ဖို့ ဆွေးနွေးထားတာလည်း ရှိပါတယ်။ ICNCC မှာ Draft (မူကြမ်း)တော့ ထွက်လာပြီ။ အဲဒါကို ချင်းညီနောင်ရဲ့ သဘောထားပြန်ပြီးတော့ review လုပ်ဖို့ ဒီဟာကိုအဖွဲ့အစည်းတခုကနေ လူပုဂ္ဂိုလ် ၂ ဦးစီဆိုပြီး ကိုယ်စားလှယ် လွှတ်ပြီးမှ ချင်းပြည်အစိုးရ ပေါ်ပေါက်လာဖို့လိုအပ်တဲ့ ချင်းချာတာကိုလည်း ပြန်ပြင်ဆင်နေတဲ့အခြေအနေမှာ ရှိပါတယ်။

မေး။ ။ ချင်းညီနောင်အနေနဲ့ ဘာတွေဆက်လုပ်ဖို့ရှိပါလဲ။

ဖြေ။ ။ ချင်းညီနောင်ရဲ့ ရည်ရွယ်ချက်တွေထဲမှာ အဓိကဖြစ်တဲ့ စစ်ရေးပိုင်းဆိုင်ရာမှာဆိုရင် ချင်းပြည်တခွင် စကစကင်းစင်ဆိုတဲ့အတိုင်း ကျနော်တို့ဆောင်ရွက်နေတဲ့ အချိန်ကာလဖြစ်တယ်။ ကျနော်တို့သတ်မှတ်ထားတဲ့ နယ်မြေတွေမှာ ဥပမာ – မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ ဆိုပြီးတော သတ်မှတ်ထား ပါတယ်။ အဲဒီနေရာတွေမှာ အခုက တီးတိန်တခုထဲပဲ စကစကျန်တော့တယ်။ တခြားအကုန်လုံးက စစ်ရေးအရ ကျနော်တို့မဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ စစ်ဆင်ရေးလုပ်တဲ့အခါမှာ အောင်မြင်တယ်။ ဒါက စစ်ရေးဆိုင်ရာမှာ အောင်မြင်တဲ့အချက်တွေဖြစ်တယ်။ အဲဒီလိုစစ်ရေးဆိုင်ရာမှာ အောင်မြင်မှုတွေလိုအပ်သလို၊ တဖက်ကနေလည်း နိုင်ငံရေးပိုင်းမှာ တပြေးညီသွားဖို့လိုတယ်။ စောစောကပြောတဲ့ ချင်းချာတာတွေကိုလည်း ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်။

နောက်ပြီးတော့ တော်လှန်ရေးက ၄ နှစ်တာကြာလာတဲ့အခါကြတော့ ပြည်သူ့ဝန်ဆောင်မှုက ပြည်သူတွေ တော်တော်လေးခက်ခဲတဲ့ အခြေအနေမှာရှိတယ်။ မြို့သိမ်းစစ်ပွဲတွေ ကျနော်တို့ဆောင်ရွက်တဲ့အခါမှာ မြို့မှာ နေတဲ့လူတွေက ကျေးရွာတွေမှာ၊ တောရွာတွေမှာ၊ တောင်ယာတွေမှာနေရတယ်။ ဆိုတော့ သူတို့ရဲ့ လူသားချင်း ထောက်ထားမှုဆိုင်ရာတွေကိုလည်း နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လုပ်ဆောင်သွားဖို့ရှိမယ်။ ကျနော်တို့ကို ကူညီမယ့်သူ၊ ကျနော်တို့ကို ထောက်ပံ့မယ့်သူ ဘယ်အဖွဲ့အစည်းနဲ့မဆို ၊ ကျနော်တို့တွေ့ဆုံပြီးတော့ အတူတကွ လက်တွဲသွားဖို့ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ဝန်ဆောင်မှုအပိုင်းတွေကိုလည်း ဆက်လက်ပြီးတော့ ဒီထက်မက လုပ်ဖို့ရန်အတွက်လည်း ဆွေးနွေးထားတာရှိပါတယ်။

မေး။ ။ ချင်းညီနောင်အနေနဲ့ ပြည်တွင်း မဟာမိတ်ဆက်ဆံရေးနဲ့ နိုင်ငံတကာဆက်ဆံရေးမှာက ဘယ်လို အခြေခံသဘောထားတွေ ရှိပါလဲခင်ဗျာ။

ဖြေ။ ။ မဟာမိတ်ဆိုင်ရာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ ကိုယ်ရဲ့ချင်းအိမ်နီးနားချင်းတွေနဲ့ ကျနော်တို့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ဖော်ဆောင်သွားဖို့ရှိတယ်။ ရန်သူနည်းနိုင်သမျှ နည်းပြီးမှ ၊ ကိုယ့်ရန်သူတောင်မှ မိတ်ဆွေဖြစ်အောင် ကျနော်တို့ကြိုးစားနေတယ်။ ပြောချင်တာက ရန်သူကို နည်းနိုင်သမျှနည်းမယ်၊ မိတ်ဆွေ ကောင်းတွေ များနိုင်သမျှများမယ်ဆိုတဲ့ မူဝါဒနဲ့ကျနော်တို့သွားပါတယ်။ မဟာမိတ်ဆက်ဆံရေးမှာလည်း စစ်ရေး ဆိုင်ရာနဲ့ပူးပေါင်းတဲ့ မဟာမိတ်တွေရှိသလို၊ တဖက်ကနေလည်း လိုချင်တဲ့အရာကတော့ Win – Win situation မျိုး သွားဖို့ရှိမယ်။

ချင်းက အိန္ဒိယနဲ့လည်း နယ်နိမိတ်ချိတ်ဆက်တယ်။ ရခိုင်၊ စစ်ကိုင်းနဲ့ မကွေးနဲ့လည်း နယ်နိမိတ်ခြင်း ချိတ်ဆက် တဲ့အခါမှာ ပြည်သူဝန်ဆောင်မှုပိုင်းမှာ လိုအပ်တဲ့ဆေးဝါး၊ ပြီးတော့ စီးပွားရေးပိုင်းဆိုင်ရာ ဒီဟာတွေအကုန်လုံးက ကျနော်တို့အိမ်နီးနားချင်းတွေနဲ့ သဟဇာတရှိစွာနေထိုင်နိုင်ဖို့ လိုပါတယ်။ ဒီဟာတွေနဲ့ ချင်းပြည်ရဲ့အနာဂါတ်၊ ချင်းပြည်နယ်ကောင်းစားဖို့အတွက် ရန်သူနည်းနိုင်သမျှနည်းပြီးတော့ နှစ်ဦးနှစ်ဖက်က သူသာ-ကိုယ်သာ အခြေအနေမျိုးပူးပေါင်းမှုနဲ့ ဆက်လက်သွားဖို့အစီအစဉ်တွေရှိပါတယ်။

မေး။ ။ ဒီထုတ်ပြန်ချက်က ချင်းညီနောင်ဟာ အစိုးရနဲ့ တပ်မတော်တရပ်ကို အောင်မြင်စွာ ဖွဲ့စည်းထူထောင်ပြီး တရားဝင်မှုရှိစွာနဲ့ လည်ပတ်နိုင်ရေးကို လုပ်ဆောင်နေတယ်လို့ မြင်မိပါတယ်။ ဒီလိုဆိုရင် CC ချင်းလဲန်းကောင်စီနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေနဲ့ ပေါင်းစည်းမှုတွေက ဘယ်လိုအခြေအနေရှိနေပါလဲခင်ဗျာ။

ဖြေ။ ။ ချင်းလဲန်းကောင်စီနဲ့ရော ဆက်လက်ပြီးတော့လုပ်ဆောင်သွားဖို့တွေရှိပါတယ်။ အခုကတော့ third party အနေနဲ့ မီဇိုရမ်အစိုးရလို့ပဲပြောရမှာပေါ့။ သူတို့ရဲ့လုပ်ဆောင်မှုကြောင့် CNC (ချင်းအမျိုးသားကောင်စီ) ဆိုတဲ့ လမ်းကြောင်းကလည်းရှိတယ်။ လမ်းကြောင်းရှိရင်တော့ ကျနော်တို့ process (လုပ်ငန်းစဉ်) ကတော့ နှေးတာ၊ မြန်တာပဲရှိမယ်။ အဲဒါကတော့ ဆက်လက်ပြီးတော့ ကျနော်တို့က ငြိမ်းချမ်းရေးကိုလိုလားတယ်။

ကျနော်တို့ဘယ်လောက်ပဲ စစ်ရေးပိုင်းဆိုင်ရာ အောင်မြင်၊ အောင်မြင်၊ ဘယ်လောက်ပဲ နိုင်ငံရေးပိုင်းဆိုင်ရာမှာ အောင်မြင်ခဲ့ရင်တောင်မှ ကျနော်တို့ချင်းပြည်အတွင်းမှာ နှစ်ခြမ်းကွဲနေတာတို့ ၊ စည်းလုံးညီညွတ်မှုမရှိတာက တဖက်ကနေ အောင်မြင်တယ်လို့ပြောလို့မရပါဘူး။ ဒီဟာတွေကိုလည်း ကျနော်တို့ဘက်ကနေ ငြိမ်းချမ်းရေး လမ်းစဉ်ပေါ့လေ၊ ဆက်လက်ပြီးတော့သွားဖို့ရန် ပြင်လည်းပြင်ဆင်ထားပါတယ်။ ဆက်လက်ပြီးတော့လည်း လုပ်ဆောင်သွားမှာပါ။

KMG ပေးပို့သည်။