“ကျနော်တို့ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ တစ်စထက်တစ်စ များလာတဲ့အပေါ် တစ်အချက်က အနီးစပ်ဆုံး ကျနော်တို့ထိန်းချုပ်နိုင်တဲ့နေရာဒေသအသီးသီးမှာ အတက်နိုင်ဆုံးနဲ့ အကောင်းဆုံး ကာကွယ်ပေးသွားဖို့တော့ အစီအစဥ်ရှိပါတယ်” ပဒိုစောကလယ်စေး(KNU ပြောခွင့်ရသူ)

0
318

ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရ ပဒိုစောကလယ်စေးနှင့် အမေးအဖြေ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ (၁၇) ကြိမ်မြောက်ကွန်ကရက်ပြီးဆုံးပြီးနောက် ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ဆောင်ချက်များ၊ လက်ရှိဆောင်ရွက်နေမှုများ၊ ကွန်ကရက်တွင်ဆုံးဖြတ်ခဲ့သည့်ဆုံးဖြတ်ချက်အချို့နှင့်ပတ်သက်သော လုပ်ငန်းစဥ်များအား သိရှိနိုင်ရန် ကေအဲန်ယူ၏ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးနှင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ကွန်ကရက်ပြီးဆုံးသွားပြီးနောက် လက်ရှိ KNU က လုပ်ဆောင်နေတဲ့လုပ်ဆောင်ချက်တွေ ဘာတွေရှိမလဲ ပြောလို့ရသလောက် ပြောပြပေးပါဦး။

ဖြေ ။ ကျနော်တို့ကွန်ကရက်ပြီးတဲ့နောက် ဌာနအပြောင်းအလဲလေးတွေရှိတဲ့အတွက် အဲဒီပြောင်းလဲလိုက်တဲ့အပေါ် ဘယ်လိုပုံစံနဲ့ဆက်သွားမလဲဆိုတာ ဆွေးနွေးလုပ်ဆောင်တာတွေရှိတယ်၊ ပြီးတော့ ဌာနတွေ Develop ဖြစ်ဖို့အတွက် ဘယ်သူတွေကိုတာဝန်ပေးမလဲဆိုတာတွေကို လက်ရှိဆွေးနွေးနေပြီး အခြားလိုအပ်တဲ့ပြင်ဆင်မှုတွေလည်း လုပ်ဆောင်နေတာရှိပါတယ်။

မေး ။ (၁၇) ကြိမ်မြောက်ကွန်ကရက်လုပ်ဆောင်ရာမှာ ယခင်နဲ့မတူတဲ့ထူးခြားချက်နဲ့ ကြုံတွေ့ရတဲ့စိန်ခေါ်မှုတွေက ဘာတွေရှိမလဲ။

ဖြေ ။ ဒီကွန်ကရက်က အရင်ကွန်ကရက်တွေထက်စာရင် ခက်ခဲခဲ့တယ်ဆိုတာ တော်တော်များများလည်း ပြောထားပြီးသားဖြစ်တယ်၊ လုံခြုံရေးအခြေအနေကြောင့်၊ ပြင်ပနိုင်ငံရေးအခင်းအကျင်းတွေကြောင့်၊ ကိုဗစ်ကပ်ရောဂါကြောင့်ရော အခု (၁၇)ကြိမ်မြောက်ကွန်ကရက်မှာ အများကြီးချိန်ဆပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ရတာဖြစ်တယ်။ နောက်တစ်ခုက ကွန်ကရက်ကို အဆင့်(၃)ဆင့်နဲ့ဆောင်ရွက်တာဖြစ်ပြီး ပထမအဆင့်နဲ့ဒုတိယအဆင့်မှာ Region နဲ့တွေ့ဆုံပြီး တတိယအဆင့်မှာတော့ လုံခြုံရေးနဲ့သွားလာရေးခက်ခဲတဲ့အခြေအနေအရ အွန်လိုင်းကနေ ကျင်းပပြုလုပ်ရတာဖြစ်တယ်။

မေး ။ ကွန်ကရက်က ချမှတ်ခဲ့တဲ့ဆုံးဖြတ်ချက်တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ကော်သူးလေအမျိုးသားကောလိပ် တည်ထောင်ရန် ဆိုတာမှာ ကောလိပ်တည်ထောင်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တဲ့အကြောင်းအရင်းက ဘာတွေရှိမလဲ။ ဒီကောလိပ်တည်ထောင်ဖို့ဆောင်ရွက်နေတဲ့ အဆင့်ကရော ဘယ်အထိရောက်ပြီလဲ။

ဖြေ ။ ကျနော်တို့ကရင်အမျိုးသားတွေ မိမိရဲ့ပညာရေးအဆင့်အတန်းကို ကြိုးစားစေလိုတဲ့စိတ်နဲ့ရော လိုအပ်ချက်အရရော ကော်သူးလေအမျိုးသားကော်လိပ် ထူထောင်ရတာပါ။ ဒီအကြောင်းအရင်းရဲ့နောက်မှာတော့ ကရင်အမျိုးသားတွေရဲ့အခန်းက မပျောက်ဆုံးစေချင်ဘူး၊ ကရင်အမျိုးသားရဲ့ကကလည်း ဆက်လက်ရှိနေပြီးတော့ ဘဝဆက်လက်တိုးတက်မြင့်မားနိုင်ဖို့အတွက် ပညာရေးကအဓိက အကျဆုံးဖြစ်တဲ့အတွက်ကြောင့် ဆုံးဖြတ်ခဲ့တာဖြစ်တယ်။ ဒီကိစ္စကိုစီစဥ်ခဲ့တာကြာပါပြီ။ ပြီးတော့ ကျနော်တို့ရဲ့ခရိုင်အသီးသီးမှာ ဂျုနီယာကောလိပ်တွေကို ဖွင့်လှစ်ခဲ့တာ နှစ်အနည်းငယ်ရှိနေပြီဖြစ်တယ်။ ဒီဂျူနီယာကောလိပ်ပြီးရင် ကော်သူးလေအမျိုးသားကော်လိပ်ကို တက်လှမ်းနိုင်ဖို့ဖြစ်တယ်။ ကရင်လူမျိုးတွေရဲ့ပညာရေးအတွက်လိုအပ်တဲ့ကိစ္စတွေကို ဆောင်ရွက်ခဲ့တာလည်းရှိတယ်ဆိုတော့ ဒီနေ့အချိန်က အမျိုးသားကော်လိပ်အဆင့်ကို တက်လှမ်းဖို့အချိန်ကျလာပြီလို့ ယုံကြည်တဲ့အတွက် လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မေး ။ယခုကွန်ကရက်ကနေ ယခင်ကတည်းကရှိလာခဲ့တဲ့ မဟာမိတ်ရေးရာနဲ့စည်းရုံးရေးဌာနကို ဖျက်သိမ်းခဲ့တယ်ဆိုတော့ ဒီလုပ်ငန်းစဥ်တွေလုပ်ဆောင်ဖို့မလိုအပ်တော့တဲ့သဘောလား။

ဖြေ ။ ဒီဌာနတွေက နိုင်ငံရေးနဲ့တိုက်ရိုက်သက်ဆိုင်နေတဲ့အတွက် ဌာနအနေနဲ့ခေါ်ဝေါ်သုံးစွဲခြင်းမပြုတော့ဘဲနဲ့ သီးသန့်ကော်မတီဖွဲ့ပြီးတော့ ဒီလုပ်ငန်းစဥ်တွေကို ဆက်လက်ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မေး ။ ဗဟို၊ ခရိုင်နဲ့မြို့နယ် ဆိုင်ရာဥက္ကဌအသီးသီးက (၄) နှစ်သက်တမ်းကို (၂) ကြိမ်ဆက်တိုက် တာဝန်မထမ်းဆောင်ရလို့ ကွန်ကရက်မှာဆုံးဖြတ်ခဲ့တာလည်း တွေ့ရတယ်။ ဆိုတော့ ဒီလိုအပြောင်းအလဲလုပ်ဆောင်ဖြစ်တဲ့ ရည်ရွယ်ချက်ရှိရင် ပြောပြပေးပါဦး။

ဖြေ ။ ဒီလိုဆုံးဖြတ်ရတဲ့အဓိကရည်ရွယ်ချက်က လူတစ်ယောက်တစ်ဦးတစ်ယောက်က ဒီတာဝန်နဲ့ရာထူးမှာ အမြဲတမ်းရှိမနေသင့်ဘူးဆိုတဲ့ယူဆချက်ကြောင့်ပါ။

မေး ။ ကွန်ကရက်အပြီးထုတ်ပြန်ချက်မှာ ထုတ်ပြန်ခဲ့တဲ့ ရာဇဝတ်မှုနဲ့ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့အဖွဲ့ဖွဲ့တယ်ဆိုတာ အဖွဲ့ဖွဲ့တာရော ဘယ်အဆင့်ရောက်ပြီလဲ။ စုံစမ်းမှုတွေစတင်နေပြီလား။

ဖြေ ။ လောလောဆယ် အဲဒီကိစ္စအတွက်ကတော့ ပြင်ဆင်နေဆဲပဲဖြစ်တယ်။ တိတိကျကျကတော့ (၁၇) ကြိမ်မြောက်အပြီး ဗဟိုကော်မတီအစည်းအဝေးပွဲပြီးဆုံးမယ့်အချိန်ကျရင် သိရမှာပါ။

မေး ။ ရှေ့လျှောက်မှာရော ကေအဲန်ယူအနေနဲ့ လူထုအသံကိုနားထောင်ပြီး ဘယ်လို ပွင့်လင်းမြင်သာတဲ့ပြောင်းလဲမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမလဲဆိုတာကို ရှင်းပြပေးပါ။

ဖြေ ။ ကျနော်တို့အမြဲတမ်း လူထုရဲ့အသံကိုနားထောင်ပြီးလုပ်ဆောင်ပါတယ်။ လူထုဆိုတာကလည်း လူတန်းစားအမျိုးမျိုးရှိတာကြောင့် လူထုရဲ့ဒုက္ခ၊သုခတွေကို ကျနော်တို့က အမြဲတမ်းနားထောင်ဖို့လိုအပ်တယ်။ တချို့သောလူထုတွေကလည်း ကျနော်တို့နဲ့ဆွေးနွေးချင်တယ် တိုင်ပင်ချင်တယ်ဆိုလာရင် ကျနော်တို့က နားထောင်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါတယ်။ လူထုလူတန်းစားများပြားပြီး အယူအဆ အတွေးအခေါ်တွေ မတူကွဲပြားမှုရှိတဲ့အပေါ်မှာ သေသေချာချာစိစစ်ပြီးတော့ လုပ်ဆောင်ရမယ့်အရာတွေကို လုပ်ဆောင်ဖို့ အစီအစဥ်ရှိပါတယ်။

မေး ။ လူထုအနေနဲ့ ကွန်ကရက်အပြီးထုတ်ပြန်ချက်ရဲ့ အချက် (၅) နဲ့ (၆) မှာဆိုထားတဲ့အတိုင်း စစ်ကောင်စီကိုဆန့်ကျင်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုတာကို ဝမ်းသာကြိုဆိုစောင့်ကြည့်နေကြတာကို တွေ့ရတယ်။ ဒီအပေါ်မှာရော လူထုကို ဘာများထပ်ဖြည့်ပြောလိုပါသလဲ။

ဖြေ ။ ကျနော်တို့ကိုဒီလိုဝမ်းသာကြိုဆိုစောင့်ကြည့်နေတဲ့အပေါ်မှာ ဘာမှတော့ပြောစရာမလိုပါဘူး။ အရင်ဆုံးဒီအတွက် များစွာ ကျေးဇူးတင်ပါတယ်။ ကျနော်တို့ဆောင်ရွက်နေတဲ့အပေါ်မှာ ပါဝင်ပူးပေါင်းလို့ရသလို အပြုသဘောနဲ့ဝေဖန်ပေးလို့ရပါတယ်လို့ ပြောချင်ပါတယ်။

မေး ။ ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေမှာ စစ်ကောင်စီက ဝင်ရောက်ပြီးလူ့အခွင့်အရေးချိုးဖောက်မှုတွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေတာကို ရှိတဲ့အပေါ် ကေအဲန်ယူဘက်ကရော စစ်ကောင်စီကို ဘယ်လို Action ယူပြီး လုပ်ဆောင်သွားမလဲ။

ဖြေ ။ ကျနော်တို့ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ တစ်စထက်တစ်စ များလာတဲ့အပေါ် တစ်အချက်က အနီးစပ်ဆုံး ကျနော်တို့ထိန်းချုပ်နိုင်တဲ့နေရာဒေသအသီးသီးမှာ အတက်နိုင်ဆုံးနဲ့ အကောင်းဆုံး ကာကွယ်ပေးသွားဖို့တော့ အစီအစဥ်ရှိပါတယ်။ နောက်တစ်ချက်က စစ်ကောင်စီက ဒီလိုလုပ်ဆောင်နေတဲ့အပေါ် ကျနော်တို့စာရင်းဇယားတွေ သေချာပြုစုပြီးတော့ ရှာဖွေဖော်ထုတ်မှုတွေပြုလုပ်ပြီးတော့ သက်ဆိုင်ရာ လိုအပ်တဲ့အဖွဲ့အစည်းတွေကို တင်ပြပြီးဆွေးနွေးပြောဆိုသွားဖို့ စဥ်းစားထားတာရှိပါတယ်။

မေး ။ လက်ရှိ စစ်ကောင်စီနဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ ပဋိပက္ခဖြစ်ပွားနေတဲ့ နေရာတွေက အကူအညီလိုအပ်နေသူတွေအတွက် လက်ရှိဖြစ်ဖြစ် နောင်မှာဖြစ်ဖြစ် ကူညီထောက်ပံ့ဖို့ရေးဆွဲထားတဲ့ လုပ်ဆောင်နေတဲ့ အစီအစဥ်တွေရှိရင် ပြောပြပေးပါဦး။

ဖြေ ။ အခုလောလောဆယ် စစ်ဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ ကျနော်တို့လူထုတွေအတွက် သက်ဆိုင်တဲ့အဖွဲ့အစည်း၊ နိုင်ငံတွေနဲ့ ပြောဆိုဆွေးနွေးထားတာရှိပါတယ်။ ဥပမာအားဖြင့် အာဆီယံနိုင်ငံတွေနဲ့ကျနော်တို့ တောင်းဆိုထားတာရှိတယ်၊ ကျနော်တို့လူထုတွေအတွက် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာအစီအစဥ်တွေကို ကူညီလုပ်ဆောင်ပေးဖို့ပေါ့နော်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းတွေဆီလည်း တင်ပြပြီးတောင်းဆိုထားတာရှိတယ်။ NGO လိုမျိုး နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့လည်း ပြောထားတာရှိတဲ့အတွက် ကျနော်တို့အရေးအတွက် အကောင်းဆုံးပြောဆိုထားတာရှိတယ်လို့ ပြောချင်ပါတယ်။

မေး ။ ယခု (၁၇) ကြိမ်မြောက်ကွန်ကရက်ကနေ ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲဆိုတာ ကေအဲန်ယူရဲ့ပြောရေးဆိုခွင့်ရှိသူတစ်ယောက်အနေနဲ့ တစ်ကိုယ်ရည်အမြင်နဲ့သုံးသပ်ချက်ကို ပြောပြပေးပါဦး။

ဖြေ ။ (၁၇) ကြိမ်မြောက်ကွန်ကရက်အပြီး တက်လာတဲ့ခေါင်းဆောင်ပိုင်းတွေမှာ လူငယ်၊လူလတ်တွေ တော်တော်လေးများပြားလာတာ တွေ့ရတယ်။ ကျနော်တစ်ယောက်တည်းရဲ့အမြင်အနေနဲ့ကတော့ ရှေ့ဆက် ပွင့်လင်းမြင်သာမှုပိုများလာပြီး ကျနော်တို့ရဲ့ရှေ့လုပ်ငန်းစဥ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ပိုပြီးအားကောင်းလာမယ်လို့ သုံးသပ်ပါတယ်။

နန့်ဆန်းထီ(KIC) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here