ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှ စစ်ဘေးရှောင် လူငယ်အမျိုးသားတစ်ဦးနှင့် အမေးဖြေ
ဧပြီလ ၁၁ ရက်က စစ်ကိုင်တိုင်းဒေသကြီး၊ ကန်ဘလူမြို့နယ်၊ ပဇီကြီးရွာရှိ ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲနဲ့ အလှူကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချပြီး တိုက်ခိုက်ရေးရဟတ်ယာဉ် Mi 35 နဲ့ ထပ်မံတိုက်ခိုက်ခဲ့ရာ အသက် ၁၄ နှစ်အောက် ၂၅ ဦး၊ ၁၄ – ၁၈ နှစ်ကြား ၅ ဦး၊ အသက်ခွဲခြား မရတဲ့ ကလေးတွေ ၁၁ ဦး၊ အသက် ၁၈ နှစ်ထက် ၁၂၈ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။ ဧပြီလ ၂၀ ရက်ကလည်း ပဇီကြီးရွာနဲ့ အနီးပတ်ဝန်းကျင်းက ရွာတွေကို စစ်ကောင်စီက မြေပြင်မှ စစ်ကြောင်းထိုးပြီး ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ထပ်မံ ကြဲချခဲ့သလို ရွာကိုလည်း မီးရှို့ခဲ့ပါတယ်။
လက်ရှိမှာ ပဇီကြီး၊ လေးတွင်းစင်၊ မဲဇတော်၊ ရွာသာယာ၊ ထန်းတော၊ ချောင်းသာ၊ ချောင်းမကြီး စတဲ့ ကျေးရွာတွေက ဒေသခံ သောင်းချီဟာ စစ်ကြောင်းရဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ ဧပြီလ ၂၂ ရက်လည်း စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားပြီး စစ်ကေင်စီက သေဆုံးမှု များပြားသလို အဲဒီအနီးကျေးရွာ ဝန်းကျင်တွေမှာ လက်ရှိအချိန်ထိ စစ်ကြောင်း ထိုးနေဆဲဖြစ်ပါတယ်။
မြေပြင်အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် ကန့်ဘလူမြို့နယ် ပဇီကြီးရွာမှ အသက် ၂၃ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ စစ်တပ်က ပဇီးကြီးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ဘယ်လိုမျိုး ရင်ဆိုင်ကြုံတွေ့ရသလဲ အဲဒီကနေ ရှင်းပြပေးပါ။
ဖြေ။ ပြီးခဲ့တဲ့ လေးလပိုင်း ၁၁ ရက်နေ့၊ ၈ နာရီ မတ်တင်းလောက်မှာ ဂျက်ဖိုက်တာလာပြီးတော့ ဝဲပြီးတော့ ပစ်သွားတယ်။ ဂျက်ဖိုက်တာနဲ့က ပေါင် ၅၀၀ ဗုံးနဲ့ လာပစ်သွားတာပါ။ သူပစ်ပြီးတော့ မကြာဘူးဗျ။ Mi 35 က ပတ်ပတ်လည်ကို ပစ်သွားတာပဲ။ ရောက်နေတဲ့ သူတွေကတော့ အတုံအရုံထိတာပဲ။ အဲဒီအချိန်မှာ ပစ်ပြီးတော့ နာရီ ဝတ်လောက်ကြာတော့ ကျွန်တော်တို့ အလောင်းတွေကောက်ပြီးတော့ Dead Bodys တွေကို ပြင်ဆင်ပြီးတော့ မီးသဂြိုလ်ပါတယ်။ အဲဒီပစ်တဲ့အချိန်မှာ ရွာထဲက လူတွေ အကုန်လုံးက လွတ်ရာကို ထွက်ပြေးပြီးတော့ ပုန်းရှောင်နေကြတယ်ဗျ။
မေး။ ကူညီကယ်ဆယ်ရေးက ဘယ်လိုမျိုး ဝိုင်းဝန်းလုပ်ပါသလဲ။
ဖြေ။ ကျနော် အဲဒီကို ရောက်ရောက်ချင်းပဲ ဓါတ်ပုံရိုက်တယ်ဗျ။ ဘယ်လိုမှ ရိုက်လို့ မရဘူး။ အနံ့အသက်တွေကလည်း သွေးညှိနံတွေနဲ့ ဘယ်လိုမှ မရိုက်နိုင်တော့တာပါဗျ။ အန်ချင်လို့ မနည်းကို ပါးစပ်ကို ပိတ်ထားရတယ်။ မြင်တွေ့ရတဲ့ မြင်ကွင်းတွေက တကယ့်ကို ထိတ်လန့်စရာကြီးတွေဗျ။ ပြီးတော့ အလောင်းတွေကို မီးသဂြိုလ်တာမှာ ဝိုင်းကူလုပ်တာပါ။
မေး။ ပဇီကြီးရွာဖြစ်စဉ်မှာ ရွာသူရွာသားတွေကို ဘယ်လို သက်ရောက်မှုတွေ ရှိပါသလဲ။
ဖြေ။ ကျွန်တော်ရဲ့ အသိတစ်ယောက်ဆိုရင် အဲဒီအထဲမှာ ပါသွားတယ်။ ကျွန်တော်ရဲ့ အစ်ကိုတစ်ယောက်၊ ပြီးရင် ကျွန်တော်ရဲ့ ဦးလေး မိသားစုထဲကဆိုရင် အစ်ကိုနှစ်ယောက်၊ ညီမတစ်ယောက်၊ တူမ နှစ်ယောက်နဲ့ ညီတစ်ယောက် ပါပါသေးတယ်ဗျ။ သူတို့တွေဆိုရင် ညဘက်မှာ မီးရောင်တောင် မဖွင့်စေချင်တဲ့ အခြေအနေပါဗျ။ မီးရောင် မြင်ရင် ဗုံးနဲ့ လာကြဲပြီးတော့ အဲဒီနေရာပေါ့လေ။ အခုရှောင်နေတဲ့ နေရာကိုပါ။
မေး။ အခုလက်ရှိလည်းစစ်ကြောင်းထိုးပြီး အိမ်တွေ မီးရှို့နေတယ်လို့ သိရပါတယ်။ ဘယ်လိုအခြေအနေ ရှိပါသလဲခင်ဗျာ။
ဖြေ။ အခုချိန်မှာ ကျနော်တို့ အနီးနားက ရွာတွေ ထန်းတောကိုလည်း မီးရှို့သွားပါတယ်။ ချောင်းသာကိုလည်း မီးရှို့သွားပါတယ်။ တခြားမီးရှို့ခံရတဲ့ ရွာတွေလည်း ရှိပါသေးတယ်။ အခုချိန်မှာ ဒီက ခေါင်းဆောင်ပိုင်းက လူတွေကတော့ သူတို့နဲ့ ပွဲက (တိုက်ပွဲဖြစ်) နေကြပါတယ်ဗျ။
မေး။ ပဇီကြီးအပါအဝင် အနီးရွာက ဒေသခံတွေ ဘယ်လိုစစ်ရှောင်နေကြရပါသလဲ။
ဖြေ။ စစ်ကြောင်းထိုးနေတာတော့ အတော်ကြာပါပြီ။ တစ်ပတ်လောက် ရှိပါပြီ။ ၁၉ရက်၊ ၂၀ ရက်လောက်ကတည်းက စစ်ကြောင်းထိုးလာတာပါ။ ၂၀ ရက်နေ့ကတော့ နေ့လည်၂ နာရီလောက်မှာ ပဇီကြီးရွာကိုပဲ ဗုံးနဲ့ ထပ်လာကြဲသွားတယ်။ စစ်ကြောင်းက ပဇီကြီးရဲ့ တောင်ဘက်မှာ လေကြောင်းပစ်ကူတောင်ပြီးတော့ ဂျက်ဖိုက်တာနဲ့ ပစ်ပြီးတော့ အိမ်တွေကို မီးရှို့သွားတာပါဗျ။ အခုချိန်မှာ စစ်ဘေးရှောင်တွေကလည်း သူတို့နဲ့ မတွေ့အောင် အမြဲတမ်းကြိုးစားနေကြပါတယ်။ သူတို့ လာမှာကိုလည်း သေမှာလောက် ကြောက်နေကြတယ်။ တချို့ဆိုရင် ညခင်းကိုပဲ မီးမထွန်းရဲတဲ့ အဖြစ်ပါဗျ။ နီးစပ်ရာ အကူအညီတွေလည်း ရယူကြရပြီး သူတို့က ပဇီကြီးရွာရဲ့ အဝေးဆုံးမှာ ပုန်းရှောင်နေကြပါတယ်။
မေး။ စစ်ရှောင်ပြေးနေရတဲ့ သူတွေ ဘယ်လောက် ရှိပါသလဲခင်ဗျာ။
ဖြေ။ စစ်ရှောင်က တစ်သောင်းတော့ ကျော်မှာဗျ။ ပဇီကြီးရွာပဲ ပြေးနေရတာမဟုတ်ဘူး။ ဘေးရွာတွေလည်း ပြေးနေရတာပါ။
မေး။ စစ်ရှောင်တွေ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါသလဲ။
ဖြေ။ အခက်အခဲက ဒီလို နွေပူကြီးထဲမှာ ရေအခက်အခဲကတေ့ာ တော်တော်လေးဖြစ်ပါတယ်။ တချို့ဆိုရင် စားဝတ်နေရေး ခက်ခဲတဲ့သူတွေလည်း ရှိပါတယ်။ သူတို့တွေက အရမ်းကို ခက်ခဲနေကြတာပါ။ ဒါပေမဲ့ ကျနော်က မရှင်းပြတတ်ဘူးဖြစ်နေတာပါဗျ။ ဒုက္ခရောက်နေကြတာ အများကြီးပါ။
မေး။ စစ်ရှောင်တွေ ဘယ်လို အကူအညီတွေ လိုအပ်နေပါသလဲ။
ဖြေ။ စစ်ရှောင်တွေက အကူအညီတော့ အများကြီးလိုအပ်နေပါတယ်။ စားဝတ်နေရေးက ခက်ခဲနေတာ အဲဒါက အဓိက လိုအပ်နေပါတယ်။ ဒီလိုဖြစ်သွားတော့ စိတ်ပိုင်းဆိုင်ရာထိတဲ့ လူတွေ ဒီမှာ အများကြီးရှိနေပါတယ်ဗျ။ တချို့ဆိုရင် ရူးသွပ်သွားတဲ့သူတွေတောင် ရှိတယ်ဗျ။ ကျနော်သိတဲ့ အဖွားကြီးတစ်ဦးဆိုုရင် မြေးတွေပဲကျန်တော့တာဗျ။ ကျန်တဲ့ မိသားစုဝင်တွေဆိုရင် အဲဒီအထဲ (လေကြောင်းတိုင်ခိုက်မှု) ပါသွားတာဗျ။ အသိ အစ်မ တစ်ယောက်ဆိုရင်လည်း သားနှစ်ယောက်နဲ့ သမီးတစ်ယောက် ပါသွားတာ၊ သူဆိုရင် သူ့သားတွေကို အတော်မျှော်လင့်ထားတာ၊ ဘွဲ့ရတဲ့အထိ မျှော်လင့်ထားတာဗျ။ သူတို့ဆိုရင် တော်တော်လေခံစားရတယ်ဗျ။ တခြားတစ်ယောက်ဆိုရင် မိသားစုထဲက သားတစ်ယောက်ပဲ ကျန်တော့တာ အခုဆိုရင် သူ့သားကို မျက်စီအောက်ကို အပျောက်မခံတော့တာပါ။
မေး။ အဲလိုလူတွေ ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ဒီဘက်မှာ တော်တော်များများကို ရှိနေတာပါ။ ကျနော်သိသလောက်ပဲကို အနည်းဆုံး ၄/၅/၆ ဦးထက် မနည်းဘူးဗျ။
မေး။ ဒီလိုမျိုး စစ်ကောင်စီရဲ့ အစုအပြုံလိုက် သတ်ဖြတ်တဲ့ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကို ဘယ်လိုတောင်းဆိုချင်ပါသလဲ။
ဖြေ။ အကူအညီကတော့ အများကြီး လိုအပ်နေတယ်လို့ ပြောချင်ပါတယ်ဗျ။ အများကြီး ပေးကြပါလို့။ ကျနော်တို့ က စကစရဲ့ ဝေဟင်ကိုတော့ ဘယ်လိုမှ ရင်ဆိုင်လို့ မရဘူးဗျ။ အဲဒီအတွက် နိုင်ငံတကာအကူအညီတွေလည်း အများကြီး လိုအပ်ပါတယ်။ ကန့်ကွက်ရူတ်ချပါတယ်ဆိုတာထက် ပိုလုပ်စေချင်ပါတယ်ဗျ။ လက်နက်တွေ ရောင်းဝယ်နေတဲ့ နိုင်ငံကိုလည်း ပိတ်ပင်ထားဆီးစေချင်ပါတယ်။
ရှမ်းနီအသံ – ပေးပို့သည်။

