1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေကလည်း အစား‌အသောက်ကောင်းကောင်းမစားရဘူး။ အသီးအနှံဆိုရင် မမြင်ဖူးဘူး။ အဟာရတွေ‌လည်း ချို့တဲ့နေကြပါပြီ။ သက်ကြီးရွယ်အို နာမကျန်းဖြစ်ရင်တောင် ဖြစ်သလိုကုသနေကြရတယ်။ ပြည်မဘက်ကို သွားလို့မှမရတော့တာ”...

“ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေကလည်း အစား‌အသောက်ကောင်းကောင်းမစားရဘူး။ အသီးအနှံဆိုရင် မမြင်ဖူးဘူး။ အဟာရတွေ‌လည်း ချို့တဲ့နေကြပါပြီ။ သက်ကြီးရွယ်အို နာမကျန်းဖြစ်ရင်တောင် ဖြစ်သလိုကုသနေကြရတယ်။ ပြည်မဘက်ကို သွားလို့မှမရတော့တာ” တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦး

တောင်ကုတ်မြို့အခြေအနေနှင့် တွေ့ကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့ပေါ်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်က ခရိုင်မြို့တစ်ခုဖြစ်သည့် တောင်ကုတ်မြို့တွင် စစ်ကောင်စီ အမှတ် – ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) အပါအဝင် စစ်ကောင်စီတပ်ရင်းနှစ်ရင်း အခြေစိုက်ထားသည့်မြို့ဖြစ်သည်။

လက်ရှိ၌ တောင်ကုတ်မြို့ပေါ်ကို စစ်ကောင်စီက ထိန်းချုပ်ထားပြီး နယ်ကျေးရွာများအားလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည်။ တောင်ကုတ်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း မြို့ကို AA က ဝိုင်းဝန်းပိတ်ဆို့ထားသည့်အတွက် နှစ်ဖက်ကြား စစ်ရေးတင်းမာမှုလည်း ကြီးထွားနေသည်။

စစ်ကောင်စီက တောင်ကုတ်မြို့ပေါ်က စခက (၅) ဌာနချုပ်နှင့် တပ်ရင်းနှစ်ခုဖြစ်သည့် ခမရ (၅၄၄) နှင့် မခရ (၃၄၆) တပ်ရင်းတို့ကို AA က ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်ပြီး AA ရှိနိုင်သည်ထင်ရသော ကျေးရွာများကို ရမ်းသမ်းဗုံးကြဲနေသည့်တွက် အရပ်သားသေဆုံးမှုလည်း မြင့်တက်နေသည်။

တောင်ကုတ်မြို့တွင် ယခု ၂၀၂၄ ခုနှစ် ဩဂုတ်လ ကနေ အောက်တိုဘာလ ပထမပတ်အထိ စစ်ကောင်စီလေတပ်က ဗုံးကြဲခဲ့သည့်အတွက် သေဆုံးခဲ့ရသည့် အရပ်သားပြည်သူ ၁၁ ဦးရှိပြီး ၂၆ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်။ အာရက္ခတပ်တော် (AA) ၏ ဩဂုတ် ၁ ရက်နေ့ ထုတ်ပြန်ကြေညာချက်ထဲတွင် တောင်ကုတ်မြို့ကို တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု ပြောဆိုဖော်ပြထားသည်။

ယင်းအပြင် တောင်ကုတ်မြို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း မကြာခဏ ဖြတ်တောက်ခံရပြီး ယခု အောက်တိုဘာ ၂၂ ရက်နေ့က ဖုန်လိုင်းဆက်သွယ်မှုရရှိချိန်တွင် တောင်ကုတ်မြို့က အမျိုးသမီးတစ်ဦးကို မြို့အခြေအနေနှင့် တွေ့ကြုံနေရသည့်အခက်အခဲများကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ သာလီစွပါ အစ်မ။ တောင်ကုတ်မြို့ရဲ့ အခုလက်ရှိအခြေအနေ ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ လက်ရှိအခြေအနေဟာဆိုရင် တောင်ကုတ်မြို့ခံလူတွေ ပိတ်မိနေတာကလွဲလို့ မြို့ပေါ်မှာ အခြေအနေအေးဆေးပြောလို့ရတယ်။ ဒါပေမယ့် နယ်ဘက်‌တွေက ဆက်သွယ်ရခက်ခဲလို့ သတင်းအတိအကျ မသိနိုင်ဘူး။ မြို့ခံကလူ‌တွေကကတော့ “အဆင်ပြေတာထက် အခက်အခဲတွေအပေါ် နေသားကျသွားတယ်” လို့ ပြောရမှာပေါ့နော်။

မေး။ ။ မြို့ပေါ်ကနေရော တခြားနေရာတွေကို သွားလို့ရလား။

ဖြေ။ ။ မရပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်လို့ရတဲ့လူက အပြင်ထွက်ကြတယ်။ ဟိုတလောက၊ ဒီလ ပထမအပတ်လောက်က သင်္ဘောနဲ့ ပြည်မဘက်ကို သွားခွင့်ရတယ်ဆိုပြီး စီမံဆီမှာ စာတင်ကြတာ။ လူအယောက် ၇၀၀ ကျော် ဖြစ်သွားလို့ သင်္ဘောလည်း မထွက်တော့ဘူး။ ထွက်ခွင့်မပေးတော့ မြို့ကနေ ဘယ်ကိုမှ သွားလို့မရပါဘူး။ တောင့်ခံနေကြရပါတယ်။

မေး။ ။ လက်ရှိမှာ အစ်မတို့အနေနဲ့ စားဝတ်နေရေး ဘယ်လိုဖြတ်သန်းနေကြရပါလဲ။ ကျန်းမာရေးနဲ့ပက်သက်ရင်ရော ဘယ်လိုရင်ဆိုင်နေကြရလဲ။

ဖြေ။ ။ ဆေးရုံမှာ ဒေါက်တာဟေမာန်ဦး ဆရာဝန်အမျိုးသမီးနဲ့ သူနာပြုဆရာမတစ်ယောက်၊ နှစ်‌ယောက်ပဲ ရှိပါတယ်။ ကျန်တဲ့ အရိုးခွဲစိပ်၊ OG အကုန်လုံးက ပြည်မဘက်ကို သွားတာကြာပြီ။ ဒီဆရာဝန်မကြီး တစ်ယောက် ရှိနေလို့ တော်သေးတယ်လို့ ပြောရမှာပါ။ ကလေးမွေးလည်း သူ၊ ခွဲစိပ်လည်း သူ။ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေကလည်း အစား‌အသောက်ကောင်းကောင်း မစားရဘူး။ အသီးအနှံဆိုရင် မမြင်ဖူးဘူး။ အဟာရတွေ‌လည်း ချို့တဲ့နေကြပါပြီ။ သက်ကြီးရွယ်အို နာမကျန်းဖြစ်ရင်တောင် ဖြစ်သလို ကုသနေကြရတယ်။ ပြည်မဘက်ကို သွားလို့မှ မရတော့တာ။

မေး။ ။ လက်ရှိ တောင်ကုတ်မြို့ပေါ်မှာနေထိုင်ရတာ စိတ်လုံခြုံမှုရှိပါလား။

ဖြေ။ ။ စိတ်က လုံခြုံလားဆိုတော့ သတိဝိရိယနဲ့ နေရတယ်။ နယ်ဘက်တွေမှာ ဗုံးကြဲတယ်။ မိသားစု ဆွေမျိုးတွေရှိတယ်။ စိတ်ပူ ရတယ်။ မြို့ပေါ်မှာလည်း ဘယ်နေ့ဖြစ်မှန်း မှန်းဆလို့မရဘူး။ ထွက်ပြေးစရာ နေရာလည်းမရှိဘူး။ နောက်တစ်ခုက ဖုန်းလိုင်း၊ အင်တာနက် အဆက်အသွယ်မရတာ ပိုဆိုးတယ်။ တခုခုဆို ဘာတွေ ဖြစ်နေမှန်းမသိရဘူး။

မေး။ ။ တောင်ကုတ်မြို့ပေါ်မှာ ဘာထူးခြားမှုတွေရှိသေးလဲ။

ဖြေ။ ။ အရင်လတွေကလောက် အစစ်အဆေး သိပ်မရှိဘူး။ ဒါပေမယ့် လျှပ်စစ်မီတာခ လာမကောက်တာ ၂ လ ရှိနေပြီ။ မီတာခ တိုးမြှင့်ကောက်မယ် ဆိုကတည်းက လာမကောက်တော့ဘူး။ ပြီးတော့ လျှပ်စစ်မီး ဖြတ်တောက်တော့မယ်လို့လဲ ကြားနေတယ်။ ဒီလျှပ်စစ်မီးကလည်း ကျမတို့အတွက် အရေးပါလို့ ဖြတ်တောက်ခံရမှာလည်း ကြောက်တယ်။

မေး။ ။ မြို့ပေါ်မှာနေကြသူတွေ စားသောက်နေထိုင်ရေးရော အဆင်ပြေကြပါလား။

ဖြေ။ ။ အခြေခံလူတန်းစား‌တွေက ဘယ်လိုအဆင်ပြေပါ့မလဲ။ တောထဲကနေဖြတ်ပြီး ကုန်ပစ္စည်းအထုတ် သယ်တဲ့သူက သူကသယ်၊ ကြုံရာကျဗန်းလုပ်တဲ့သူက လုပ်စားနေကြရတယ်။ ကုန်ပစ္စည်းက မရှားပေမယ့် ကုန်ဈေးနှုန်းတွေက မကျတော့ လက်လုပ်လက်စားတွေအတွက် အရမ်းခက်ခဲကြပါတယ်။ အခက်အခဲကတော့ ဘက်ပေါင်းစုံ ရှိပါတယ်။

နိရဉ္စရာ ပေးပို့သည်။