“ကိုယ့်ရဲ့ဒေသအတွင်း၊ ပြီးတော့မှ အလှူရှင်တွေပေါ့နော အသီးသီးကိုပြောချင်တာက CDM တွေကို မမေ့ပါနဲ့ပေါ့နော။ CDM တွေကလည်း နွေဦးတော်လှန်ရေးမှာ သူရဲကောင်းတွေဖြစ်တယ်၊ စွန့်လွှတ်အနစ်နာခံထားတဲ့သူတွေ ဖြစ်တယ်။ သူတို့တွေအတွက် ဒီကာလမှာ ရှင်သန်ရပ်တည်ဖို့အတွက် ထောက်ပံ့မှုလေးတွေ လုပ်ပေးချင်တယ်”

By MPM 28 ဇူလိုင်, 2024 👁

CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး အမည်ပျက်စာရင်း Black List သွင်းခံထားရသည့် နိုင်ငံ့ဝန်ထမ်းများကို ဖြေလျှော့ ပေးမည်ဟု စစ်ကောင်စီ၏ပြောဆိုမှုအပေါ် ကျေးလက်မြေအဖွဲ့ဒါရိုက်တာမူစဲနှင့် ဆက်သွယ်မေးမြန်းချက်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ခဲ့သည့် နိုင်ငံဝန်ထမ်းများကို နာမည်ပျက်စာရင်း (Black lists) ကနေ ဖြေလျှော့ပေးမည်ဟု စစ်ကောင်စီ၏ပြောဆိုမှုသည် လူထုတော်လှန်ရေးအားကို ပြိုကွဲသွားစေရန် သွေးထိုးသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ကရင်နီပြည်နယ်ရှိ တက်ကြွလှုပ်ရှားသူတွေနဲ့ CDM ဝန်ထမ်းများက ပြောဆိုပါသည်။

CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး အမည်ပျက်စာရင်း Black List သွင်းခံထားရသည့် နိုင်ငံ့ဝန်ထမ်းများ ပြန်လည် တာဝန်ထမ်းဆောင်လိုပါက လုပ်ငန်းခွင် ပြန်ဝင်နိုင်သည်ဟု စစ်ကောင်စီက ဇူလိုင် ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ စစ်ကောင်စီ၏ ထိုသို့ကြေညာထုတ်ပြန်မှုက လူထုတော်လှန်ရေးကို အားနည်းသွားစေရန် ကြိုးပမ်းမှု ဖြစ်သည်ဟု ထောက်ပြပြောဆိုမှုများလည်း ရှိနေပါသည်။

CDM လှုပ်ရှားမှုတွင်ပါဝင်ပြီး အမည်ပျက်စာရင်း Black List သွင်းခံထားရသည့် နိုင်ငံ့ဝန်ထမ်းများကို ဖြေလျှော့ ပေးမည်ဟု စစ်ကောင်စီ၏ ပြောဆိုမှုနှင့်ပတ်သက်ပြီး လူ့အခွင့်အရေးပညာပေးအဖွဲ့လည်းဖြစ်၊ စစ်ရှောင်များ သာမက CDM များကိုပါ တတ်နိုင်သည့်ဘက်ကနေ ကူညီထောက်ပံ့မှုပေးနေသည့် ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မူစဲကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီက အာဏာဖီဆန်ရေးလှုပ်ရှားသူ CDM မှာ ပါဝင်နေသူတွေကို ပြန်ခေါ်တဲ့ ထုတ်ပြန်ချက် အပေါ် ဘယ်လိုမြင်လဲ၊ ဘာကြောင့်လို့ထင်ပါလဲ။

ဖြေ။ ။ မင်းအောင်လှိုင်နဲ့အုပ်စုက ဘာကြောင့် ဒီ CDM တွေကို ပြန်ခေါ်တာလဲ ဆိုလို့ရှိရင်တော့ သူတို့က မြန်မာနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ သူတို့ယန္တရားတွေ လည်ပတ်မှုက လုံးဝကို ကျရှုံးနေပြီပေါ့နော်၊ သူလည်ပတ်လို့ မရတော့ဘူး။ အထူးသဖြင့် ပဋိပက္ခတွေဖြစ်တဲ့ဒေသတွေမှာ တော်လှန်ရေးတိုက်ပွဲတွေ ဖြစ်တဲ့နေရာတွေမှာ ဆိုလို့ရှိရင် သူတို့က လုံးဝ ယန္တရားတွေကို ရပ်ထားလိုက်ရသလိုမျိုး ဖြစ်တယ်။

ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် ကရင်နီပြည်နယ်မှာ သူတို့က ၈၀ ရာခိုင်နှုန်းကျော် လောက်ကို သူတို့ယန္တရားတွေ က လည်ပတ်လို့ မရတော့ဘူး ပေါ့နော်။ အခု သူတို့လည်ပတ်နေတဲ့ ယန္တရားတွေကလည်း ဝန်ထမ်းလုံလောက်မှု မရှိဘူး။ ပြီးတော့မှ သူတို့ရဲ့ အထောက်အကူ ပစ္စည်းတွေအရလည်း လုံလောက်မှုမရှိတဲ့ အနေအထားတွေ ဖြစ်တယ်ပေါ့နော်။ ဒါက ဒီဝန်ဆောင်မှုကို ရယူသူတွေကနေ ပြောလာတာပေါ့နော်။ ဥပမာ လွိုင်ကော်ဆေးရုံကြီး မှာဆိုလို့ရှင် တော်တော်လေးကို မပြည့်မစုံဖြစ်နေတာတွေ့ရတယ်ပေါ့နော်။ ဒီအခြေအနေတွေကြောင့် ဖြစ်တယ်။

မေး။ ။ ဝန်ထမ်းတွေက CDM တော်လှန်ရေးလုပ်လို့ လူ့အရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲပါအချက်ကိုရော ဘယ်လိုသုံးသပ်ပါလဲ။

ဖြေ။ ။ တကယ်တမ်းကြတော့ CDM တွေ တော်လှန်ရေးလုပ်လို့ လူ့အရင်းအမြစ်တွေဆုံးရှုံးတယ်လို့ မင်းအောင် လှိုင်က ပြောတာနဲ့ပတ်သက်ပြီး ကျမတို့အနေနဲ့ တုန့်ပြန်ရမယ်ဆိုရင် လူ့အရင်းအမြစ်တွေက ဘယ်မှမဆုံးရှုံး ဘူးပေါ့နော်။ လူ့အရင်းအမြစ်တွေက ရှိနေပြီးသားပဲ။ အဓိက က ဒီ CDM လုပ်တဲ့သူတွေက ဒီစစ်ရဲ့အုပ်ချုပ်မှု၊ စစ်ရဲ့ လူထုအပေါ်မှာပေါ့နော် စစ်အုပ်စုက အာဏာကိုဓားပြတိုက်သွားတာကို သူတို့လုံးဝမကျေနပ်လို့ လက်မခံလို့ CDM လုပ်တာဖြစ်တယ်။ ဒါတွေက သူတို့တွေက ပြည်သူတွေကို ဝန်ဆောင်မှု မပေးချင်တော့တာမဟုတ်ဘူး။ ပြည်သူတွေအပေါ်မှာ ရပ်တည်ပြီးတော့မှ ပြည်သူတွေအတွက် ဝန်ဆောင်မှုဆက်လုပ်ပေးနိုင်ဖို့ ပြည်သူ့ဝန်ထမ်း အနေနဲ့ ပြည်သူတွေကိုသစ္စာရှိပြီး CDM လုပ်ခြင်း ဖြစ်ပါတယ်။

မေး။ ။ CDM တွေအတွက် လက်ရှိပြည်သူ့အစိုးရ NUG အနေနဲ့ရော ဘယ်လိုကုစားမျိုး လုပ်ဆောင်ပေးဖို့ လိုအပ်ပါလဲရှင့်။

ဖြေ။ ။ NUG အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ ဒါကလုပ်သင့်တဲ့ကိစ္စတွေ ဖြစ်တယ်။ ပြီးတော့မှ ဒီဥစ္စာကို လည်း အနှေးနဲ့အမြန် အမြန်ဆုံးကို လုပ်ဆောင်စေချင်တယ်ပေါ့နော်။ ဘာလို့လဲဆိုလို့ရှိရင် ဒီ CDM တွေက သူတို့ရဲ့ယုံကြည်မှုနဲ့ ပြည်သူတွေကို သစ္စာရှိမှုနဲ့ နိုင်ငံကိုသစ္စာရှိမှုနဲ့ သူတို့ CDM လုပ်လာခဲ့တာဖြစ်တယ်။

ဖယ်ဒရယ်ဒီမိုကရေစီကို ရရှိစေချင်လို့ ပူးပေါင်းပါဝင်ကြတာ ဖြစ်တဲ့အပေါ်မှာ ဒီ CDM တွေကိုပေါ့နော် သူတို့ တွေရဲ့ ဆက်လက်ပြီးတော့မှ ရပ်တည်နိုင်ဖို့ ပြည်သူတွေကို ဝန်ဆောင်မှုပေးနိုင်ရေးအတွက် လုပ်ဆောင်နိုင် ဖို့အတွက်က အမြန်ဆုံးထောက်ပံ့မှုတွေ၊ ထောက်ပံ့တဲ့ အစီအစဉ်တွေ၊ လုပ်ငန်းစဉ်လေးတွေ ပြန်လည်ချမှတ် ပေးဖို့ လိုအပ်တယ်ပေါ့နော်။

မေး။ ။ ကရင်နီပြည်မှာရော CDM တွေအတွက် ဘာတွေလုပ်ပေးတာရှိလဲ၊ ဘာတွေလုပ်ပေးဖို့ လိုအပ်မယ်လို့ မြင်လဲ။

ဖြေ။ ။ ကရင်နီပြည်မှာ ကြားကာလအုပ်ချုပ်ရေးကောင်စီဆိုတာ ရှိနေပြီပေါ့နော်။ အတိုကောက် အင်္ဂလိပ်နဲ့ ပြောမယ်ဆို IEC ပေါ့နော။ IEC မှာ ကျမတို့ဌာနအလိုက် ပြန်လည်ပြီးတော့မှ ဖွဲ့စည်းထားတာ ရှိတယ်ပေါ့။ ဒီ IEC မှာ ကျမတို့ဌာနအလိုက် ပြန်ဖွဲ့စည်းထားတာ ဖြစ်တဲ့အတွက်ကြောင့်မို့ CDM တွေကိုလည်း သူ့ရဲ့သက်ဆိုင်ရာ ကျွမ်းကျင်မှု သူ့ရဲ့သက်ဆိုင်ရာ နယ်ပယ်အလိုက်လုပ်ခဲ့တဲ့ ဒီဌာနဆိုင်ရာတွေမှာ ပြန်ပြီးတော့မှပေါ့နော် လုပ်လို့ ရတယ်။ ဥပမာဆိုလို့ရှင် လဝက ဆိုရင်လည်း လဝက နေရာမှာ ထွေအုပ်ဆိုရင်လည်း ထွေအုပ်ကဏ္ဍတွေမှာ ပြီးတော့မှ လူသားချင်းစာနာထောက်ထားမှုနဲ့ ပြန်လည်နေရာချထားရေး ဌာနတွေလည်း ရှိတယ်။

ဆိုတော့ သူတို့ သက်ဆိုင်ရာ သူတို့ကဏ္ဍအလိုက်၊ သူတို့ ဌာနအလိုက် သူတို့ကျွမ်းကျင်ရာနယ်ပယ်ဖြစ်တဲ့ ကဏ္ဍတွေမှာ ပြန်လည် ပြီးတော့မှ လုပ်ဆောင်လို့ရပါတယ်။ IEC မှာလည်း သူတို့ ဌာနဆိုင်ရာတွေမှာ ပြန်ပြီးတော့မှ ပါဝင်တဲ့ CDM တွေကို ပေါ့နော် သူတို့ တတ်နိုင်သလောက် ပြန်လည်ပြီးတော့မှ အသေးသုံးတွေရရှိဖို့ လစာတွေရရှိဖို့ ကြိုးစားနေတယ်။ ဒါလည်း ဆက်လက်ပြီးတော့မှ ကောင်းမွန်အောင် ပိုပြီးတော့မှ ထောက်ပံ့နိုင် အောင် စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်။

ဒီတော့ CDM တွေကိုလည်း ဥပမာဆိုလို့ရှင် ကျမတို့ ဒီကရင်နီမှာ ကြည့်မယ်ဆိုလို့ရှင် CDM လုပ်လာတဲ့သူတွေက သူရောက်ရှိတဲ့ နေရာတွေမှာ ရှိနေတဲ့ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေမှာပေါ့နော်၊ ပြန်လည်ပြီးတော့မှ လုပ်ဆောင်နေတာ ရှိတယ်ပေါ့လေ။ သို့သော်လည်းပဲ အခု IEC ပေါ်လာပြီးဆိုတော့ IEC မှာလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ပြီးတော့မှ ပါဝင်လို့ရတယ်။ ပြီးတော့မှ ဒီ CDM ဘာမှမလုပ်သေးတဲ့ စစ်ရှောင်တွေမှာ ရှိတဲ့ CDM ပဲ ဖြစ်ဖြစ်၊ တခြားနေရာမှာ ရောက်သွားတဲ့ CDM ဖြစ်ဖြစ်၊ IEC နဲ့ ပြန်လည် ချိတ်ဆက်ပြီးတော့မှ သက်ဆိုင်ရာလုပ်ငန်းမှာ ပါဝင်ဖို့ကိုလည်း တိုက်တွန်းချင်တယ်။

မေး။ ။ CDM တွေကိုပါ တတ်နိုင်သလောက် ကူညီနေတဲ့ ကျေးလက်မြေက တာဝန်ရှိသူတစ်ယောက်အနေနဲ့ သူတို့ကိုယ်စား ဘာတွေများ ပြောချင်တာ၊ အကြံပြုချင်တာ၊ တောင်းဆိုချင်များရှိပါလဲ။

ဖြေ။ ။ ကျမတို့ ကျေးလက်မြေအနေနဲ့ CDM တွေ အတွက်ပေါ့နော်၊ နိုင်ငံတကာအနေနဲ့ပဲဖြစ်ဖြစ် ပြီးတော့ ကိုယ့်ရဲ့ဒေသအတွင်း၊ ပြီးတော့မှ အလှူရှင်တွေပေါ့နော အသီးသီးကို ပြောချင်တာက CDM တွေကို မမေ့ပါနဲ့ ပေါ့နော။ CDM တွေကလည်း နွေဦးတော်လှန်ရေးမှာ သူရဲကောင်းတွေဖြစ်တယ်၊ စွန့်လွှတ် အနစ်နာခံထားတဲ့ သူတွေ ဖြစ်တယ်။ သူတို့တွေအတွက် ဒီကာလမှာ ရှင်သန်ရပ်တည်ဖို့အတွက် ထောက်ပံ့မှုလေးတွေ လုပ်ပေးချင်တယ်။

CDM တွေ ရေရှည်ရပ်တည်နိုင်အောင်လို့ တစ်နိုင်တစ်ပိုင်လုပ်ငန်းတွေ လုပ်ဆောင်နိုင်အောင်လို့ မတည် ငွေလေးတွေကိုလည်း ပေးစေချင်တယ်ပေါ့နော်။ လူမှုအဖွဲ့အစည်းတွေ နိုင်ငံရေးအဖွဲ့စည်း အသီးသီးတွေကို ပြောချင်တာက CDM တွေကို ပြန်လည်ကူညီပေးဖို့အတွက် ပြန်လည်ပြီးတော့မှ ကြည့်ရှုဖို့အတွက် စည်းရုံး လှုံ့ဆော်ရေးတွေမှာ ဘဏ္ဍာငွေရရှိရေးတွေမှာ ပြန်လည် ပြီးတော့ကူညီစေချင်ပါတယ်။

NMG ပေးပို့သည်။