“ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး လွတ်မြောက်ဖို့ အတွက်ကတော့ ကိုယ်တိုင်တိုက်ပွဲဝင်မှပဲ ရပါ့မယ်။ ဒီလို ကိုယ်တိုင်တော်လှန် တိုက်ပွဲဝင်တဲ့အခါမှာ ကျနော်တို့ နည်းမျိုးစုံသုံးပြီးတော့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲဝင်တာလည်း ပါဝင်သလို တဖက်မှာလည်း နိုင်ငံရေးနည်းအရ စုပေါင်းပြီးတော့ တိုက်ပွဲဝင်ကြဖို့လည်း လိုအပ်ပါတယ်” ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တာဝန်ခံ နိုင်ပညာမာန်

By MPM 26 ဖေ‌ဖော်ဝါရီ, 2024 👁

“တော်လှန်ရဲမှ လွတ်လပ်မည်” ကမ်ပိန်းကို ဦးဆောင်လှုပ်ရှားနေသည့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) တာဝန်ခံ နိုင်ပညာမာန်နှင့်ဆက်သွယ်မေးမြန်းချက်။

“၇၇” ကြိမ်မြောက် မွန်အမျိုးသားနေ့အထိမ်းအမှတ်အနေနှင့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) က ဦးဆောင်ပြီး “တော်လှန်ရဲမှ လွတ်လပ်မည်” ဆိုသည့် ကြွေးကြော်သံစာတန်းနှင့်အတူ ကမ်ပိန်းလုပ်ဆောင် နေပါသည်။

အာဏာရှင်ဖိနှိပ်မှုအောက်က ကျင်းပနေရသည့် မွန်အမျိုးသားနေ့အခမ်းအနားကို အဆုံးသတ်နိုင်ရန်နှင့် လွတ်လပ်ပြီး ဂုဏ်သိက္ခာရှိသည့် မွန်အမျိုးသားနေ့အခမ်းအနားများ ဆက်ပြီးကျင်းပနိုင်ရန်အတွက် ရွှေဟင်္သာ အပေါင်းတို့ သွေးစည်းညီညွတ်စွာနှင့် စစ်အာဏာရှင်ကို စုပေါင်းတော်လှန်ကြရန်လည်း နှိုးဆော်ထားသည်။

“တော်လှန်ရဲမှ လွတ်လပ်မည်” ကမ်ပိန်းကို ဦးဆောင်လှုပ်ရှားနေသည့် ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) မှ တာဝန်ခံနိုင်ပညာမာန်နှင့် ကမ်ပိန်း၏ရည်ရွယ်ချက်၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန်ရေးအတွက် လှုပ်ရှားလုပ်ဆောင်မှုများကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ “တော်လှန်ရဲမှ လွတ်လပ်မည်” campaign လုပ်ရတဲ့ ရည်ရွယ်ချက်လေး သိပါရစေ။

ဖြေ။ ။ မွန်အမျိုးသားနေ့က မွန်လူမျိုးတို့ရဲ့ အထွဋ်မြတ်ထားရာနေ့တစ်နေ့ ဖြစ်ပါတယ်။ မွန်အမျိုးသားနေ့ သည် မွန်တွေပိုပြီးတော့ နိုင်ငံရေးနိုးကြားလေ့ရှိပါတယ်။ မွန်လူမျိုးတွေသည် အတိတ်သမိုင်းကြောင်းမှာ ယဉ်းကျေးမှုအရပဲဖြစ်ဖြစ် နိုင်ငံရေးအရပဲဖြစ်ဖြစ် ကြီးကျယ်ခမ်းနားတဲ့ သမိုင်းအစဉ်အလာတွေ ရှိခဲ့ပါတယ်။ ဒီလိုအရာတွေကို မွန်အမျိုးသားနေ့ ရောက်ပြီးဆိုရင် မွန်တွေ ပြန်လည်အောက်မေ့တမ်းတကြလေ့ ရှိပါတယ်။ တဖက်မှာလည်း မပြီးပြတ်သေးတဲ့ အမျိုးသားလွတ်မြောက်ရေး တာဝန်အတွက်ပေါ့နော် နိုင်ငံရေးအတွက် ပိုပြီးတော့ နိုင်ငံရေး နိုးကြားကြလေ့ရှိပါတယ်။ ဒါတွေအားလုံးကို တွေးပြီးတော့ ကျနော်တို့သည် မွန်အမျိုးသားနေ့ မှာပဲ ဒီကမ်ပိန်းလေးကို လုပ်ဖြစ်ပါတယ်။

မေး။ ။ ဒီကမ်ပိန်းမှာ ဘယ်သူတွေ ပါဝင်ပူးပေါင်းလာတာရှိပါလဲ။

ဖြေ။ ။ ကမ်ပိန်းကာလကိုတော့ ဒီဖေဖော်ဝါရီလ ၁၉ ရက်နေ့ ကနေပြီးတော့ ၂၆ ရက်နေ့ အထိ သတ်မှတ်ထား ပါတယ်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကတော့ မွန်အမျိုးသားနေ့ ဖြစ်ပါတယ်။ မွန်အမျိုးသားနေ့ပြီး နောက်တစ်ရက် အထိပေါ့နော် ကမ်ပိန်းကာလကို ကျနော်တို့ သတ်မှတ်ထားတယ်။ လက်ရှိအချိန်ထိကတော့ ဒီတော်လှန်ရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းတော်တော်များများ ပူးပေါင်းပါဝင်နေကြပါတယ်။ တော်လှန်ရေး ပူပေါင်းပါဝင် အဖွဲ့အစည်းတို့ ပြောတဲ့အခါမှာ နိုင်ငံရေးအရင်းနှီးနဲ့ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းထဲမှာ ပါဝင်ကြသလို တဖက်မှာလည်း လက်နက်ကိုင်နည်းနဲ့ တော်လှန်နေတဲ့ PDF အဖွဲ့တွေလည်း ဒီကမ်ပိန်းမှာ ပူးပေါင်းပါဝင်နေကြတာ တွေ့ရပါတယ်။

ပြီးတော့ ပြည်တွင်းထဲက လူငယ်တွေလည်း ပူးပေါင်းပါဝင်နေကြတာကို တွေ့ရပါတယ်။ ကျနော်တို့ကတော့ အဓိက ကတော့ မွန်ပြည်နယ်အတွင်းကလူငယ်တွေ မွန်လူငယ်တွေ ပြီးတော့ ပြည်နယ်ပြင်ပနဲ့ တိုင်းတပါးမှာ သွားရောက်နေထိုင်နေကြတဲ့ မွန်လူငယ်တွေကို ဒီကမ်ပိန်းကို ပါဝင်ပေးဖို့ ဖိတ်ခေါ်ထားပါတယ်။ ဒါအပြင် ကျနော်တို့နဲ့ ဒီတော်လှန်ရေးလုပ်ဖော်ကိုင်ဖက်အဖွဲ့အစည်းတွေ တခြားသော လူမျိုးစု အဖွဲ့အစည်းတွေကိုလည်း ကျနော်တို့ ဒီကမ်ပိန်းထဲမှာ ပါဝင်ပေးဖို့ ဖိတ်ခေါ်ထားတာရှိပါတယ်။

မေး။ ။ စစ်အာဏာရှင်စနစ် အမြစ်ပြတ်တွန်းလှန်ဖို့အတွက် ဘယ်လိုလုပ်ဆောင်မှုမျိုးတွေကို လုပ်ဆောင်နေတာ ရှိပါလဲ။

ဖြေ။ ။ ကျနော်တို့ ဒီ NRFF ပေါ့နော်၊ ရာမညဖက်ဒရယ်အင်အားစုသစ် အနေနဲ့ကြတော့ ကျနော်တို့ ဒီစစ်အာဏာသိမ်းကတည်းက ကျနော်တို့သည် စစ်အာဏာသိမ်းမှုကို လက်မခံဘူး။ ၃ နှစ်ကာလပေါ့နော် အာဏာသိမ်းမှုသည် ၃ နှစ်ကျော်လာပြီ။ ကျနော်တို့သည် တောက်လျှောက် နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်တယ်။ ကမ်ပိန်းတွေ လုပ်ခဲ့တာလည်း ရှိပါတယ်။ အာဏာသိမ်းမှု အစောပိုင်းကာလက ကျနော်တို့သည် လမ်းပေါ်ထွက် ဆန္ဒပြ ကျနော်တို့လုပ်ခဲ့ပါတယ်။ လမ်းပေါ်ထွက်တဲ့အခါမှာ သပိတ်စစ်ကျောင်းတွေမှာလည်း မွန်လူငယ်တွေမှ မကပါဘူး ကရင်၊ ပအိုဝ်းလူငယ်နဲ့ ဗမာလူငယ်တွေပါ ပူးပေါင်းပါဝင်ပြီးတော့ ကျနော်တို့အတူတကွ သပိတ် စစ်ကြောင်းတွေ ထွက်ခဲ့တာမျိုးတွေ အရင်ကလုပ်ခဲ့တာ ရှိပါတယ်။

ပြီးတော့ ဒီသပိတ်စစ်ကြောင်းတွေ ထွက်လို့မရတဲ့ကာလမှာပေါ့၊ ဖမ်းဆီးသတ်ဖြတ်တာတွေ ပြင်းထန်တဲ့ကာလ မှာဆိုရင်လည်း ကျနော်တို့ ရတဲ့နည်းနဲ့ ကျနော်တို့သည် မတရားမှုကို တော်လှန်တယ်။ ကမ်ပိန်းတွေ ကျနော်တို့ လုပ်ခဲ့တာတွေ ရှိခဲ့ပါတယ်။ အထူးသဖြင့် မွန်လူမျိုးတွေမှာ သက်ဆိုင်နေတဲ့ နေ့ထူးနေ့မြတ်တွေပေါ့နော် မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ တွေမှာဆိုရင်လည်း ကျနော်တို့သည် ကမ်ပိန်းတွေလုပ်လေ့ ရှိပါတယ်။ ဒီလိုလုပ်တဲ့နေရာမှာ ကျနော်တို့နဲ့ အတူတကွ လုပ်ဆောင်နေတဲ့ မဟာမိတ်အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင် ကြတာရှိပါတယ်။ တော်လှန်ရေးထဲမှာ ပါဝင်နေတဲ့ လူငယ်တော်တော်များများ ပါဝင်ပါတယ်။

ရှေ့လျှောက်လည်း ကျနော်တို့ NRFF (ရာမည ဖက်ဒရယ် အင်အားစုသစ်) အနေနဲ့ ကျနော်တို့ နိုင်ငံရေး လှုံဆော်မှု ကမ်ပိန်းတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ဒီအာဏာသိမ်းမှု အစောပိုင်းကာလမှာ မွန်နိုင်ငံရေးပါတီ MUP က စစ်ကောင်စီနဲ့ ပေါင်းသွားတယ်။ ဒီလိုအချိန် လူငယ်တွေကြားမှာ နိုင်ငံရေးဝါဒ အများကြီးကွဲတဲ့ အချိန်မှာကတည်းက ကျနော်တို့သည် နိုင်ငံရေးနိုးကြားမှုရှိရှိနဲ့ ပြီးတော့ တဖက်မှာ ကျနော်တို့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ကျနော်တို့ နိုင်ငံရေး ပန်းတိုင်ကို သွားဖို့အတွက် ဝေဝါးသွားခြင်းမရှိဘဲနဲ့ တော်လှန်တဲ့လူငယ်တွေ လာရောက်စုဖွဲ့ထားတဲ့ အဖွဲ့အစု တစ်ခု ဖြစ်ပါတယ်။

ရှေ့လျှောက်လည်း ကျနော်တို့ ရာမညမွန်ပြည်ကနေ စစ်အာဏာရှင်အပါအဝင် အာဏာရှင်စနစ်ဟူသမျှ ပျောက်ကွယ်သွားဖို့ ကျနော်တို့ ကြိုးပမ်းသွားပါမယ်။ တဖက်မှာ မွန်လူမျိုးတွေ တောက်လျှောက်လိုချင်ခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိတဲ့အထိ ကျနော်တို့ တိုက်ပွဲဝင်သွားမယ်။ ကိုယ့်ပြည်နယ်၊ ကိုယ့်လူမျိုး လွတ်မြောက်ဖို့ အတွက်ကတော့ ကိုယ်တိုင်တိုက်ပွဲဝင်မှပဲ ရပါ့မယ်။ ဒီလို ကိုယ်တိုင်တော်လှန် တိုက်ပွဲဝင်တဲ့အခါမှာ ကျနော်တို့ နည်းမျိုးစုံသုံးပြီးတော့ တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။ လက်နက်ကိုင် တိုက်ပွဲဝင်တာလည်း ပါဝင်သလို တဖက်မှာလည်း နိုင်ငံရေးနည်းအရ စုပေါင်းပြီးတော့ တိုက်ပွဲဝင်ကြဖို့လည်း လိုအပ်ပါတယ်။

မေး။ ။ “တော်လှန်ရဲမှ လွတ်မြောက်မည်” ကမ်ပိန်းနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်တာရှိလဲ။

ဖြေ။ ။ မွန်လူမျိုးတွေသည် ဒီဟံသာဝတီပျက်သုဉ်းပြီးကတည်းက ဒီနေ့အထိတောက်လျှောက် အမျိုးသား လွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ ဖိနှိပ်တဲ့သူက ကျနော်တို့ကို နည်းမျိုးစုံနဲ့ ဖိနှိပ်နေမှာ ဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ တဖက်မှာလည်း ကိုယ်ကျိုးသမားတွေပေါ့ ကျနော်တို့ပန်းတိုင် ဝေဝါးသွားအောင် နည်းမျိုးစုံသုံးပြီးတော့ လှည့်စားနေတာပဲ ဖြစ်ပါတယ်။ ဒါလည်း ကျနော်တို့ အာဏာသိမ်းပြီးပြီးချင်း MUP ပါတီ စစ်ကောင်စီနဲ့ ပေါင်းလိုက်တဲ့ကိစ္စကို ဥပမာပေးပြီး ပြောလို့ရပါတယ်။ ဒီအချိန်မှာတော့ ကျနော်တို့အားလုံးသည် စုပေါင်းအားနဲ့ ပန်းတိုင်ကို အရောက် သွားနိုင်ဖို့ လိုအပ်နေပါပြီ။

ကျနော်တို့နဲ့ဘဝတူတွေ အိမ်နီးချင်းလူမျိုးစု တိုင်းရင်းသားတွေသည် သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြတယ်။ တချို့တွေဆိုရင်လည်း ပြည်နယ်တစ်ခုလုံး နီးပါးလောက် ရရှိသွားကြပြီဆိုတာမျိုး လွတ်မြောက်သွားကြပြီဆိုတာမျိုး သတင်းထဲမှာ တွေ့မြင်နိုင်ပါတယ်။ ဒီလိုအခြေအနေမှာ ကျနော်တို့သည် နိုင်ငံရေးနိုးကြားဖို့ လိုအပ်ပါတယ်။ နိုင်ငံရေးနိုးကြားမှု ရှိမှသာလျှင် ကျနော်တို့လိုချင်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့က ကျနော်တို့ကို ဖိနှိပ်ထားတဲ့စနစ်တွေကို တွန်းလှန်ပစ်ဖို့ လိုပါတယ်။ ဒါကြောင့် လက်ရှိစစ်အာဏာရှင်စနစ် အမြစ်ပြတ်ကျရှုံးရေးအတွက် ကျနော်တို့ အတူတကွ စုပေါင်းအားနဲ့ တွန်းလှန်တိုက်ပွဲဝင်ကြဖို့ ကျနော်တို့ ဒီရာမညဖက်ဒရယ်အင်အားစုသစ်က တိုက်တွန်းလိုပါတယ်။

IMNA ပေးပို့သည်။