“ကာလရှည်ကြာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ဆုံးရှုံးတာတွေ၊ ပညာရေးလက်လှမ်းမမီနိုင်တဲ့ အခက်အခဲတွေလည်း ဖြစ်နေတာတွေ၊ နောက်တခုက ကာလရှည်ကြာ စစ်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်းရှိနေတာ တွေ့ရပါတယ်” စောနန္ဒဆူး/ KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူး

By MPM 2 ဖေ‌ဖော်ဝါရီ, 2024 👁

စစ်ရှောင်ပြည်သူများရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေတွေနှင့်ပတ်သက်ပြီး ကရင်လူ့အခွင့်ရေးအဖွဲ့ KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်အမျိုးသားအစည်းအရုံး KNU နယ်မြေထဲမှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီတပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အရပ်သား ၁၉၅ ဦးသေဆုံးပြီး ၆၆၁ ဦး ထိခိုက်ဒဏ်ရာရရှိထားသလို စစ်ရှောင်ဒုက္ခသည် ၇ သိန်းခွဲ အထိ တိုးလာခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါသည်။

စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် နှစ်အစမှာပဲ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာတွေထဲကို လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် အရပ်သားထိခိုက်သေဆုံးမှု ထပ်မံမြင့်တက် လာခဲ့သည်။

စစ်ကောင်စီတပ်ဘက်က ထပ်မံကျုးလွန်လာတဲ့လူ့အခွင့်အရေးချိုးဖောက်မှုများ၊ နေရပ်စွန့်ခွာထွက်ပြေးတိမ်း ရှောင်ရမှုများ၊ စစ်ရှောင်ပြည်သူများ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကရင်လူ့အခွင့်ရေး အဖွဲ့ KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အခု ၂၀၂၄ ခုနှစ် နှစ်စမှာ KNU နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဘယ်လိုတွေ ဆက်တွေ့နေရပါလဲ။ အရပ်သားထိခိုက်သေဆုံးမှု အခြေအနေရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ ဒီ ၂၀၂၄ ခုနှစ် ပထမလအတွင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေပစ်တာက ကျွန်တော်တို့ ကရင်ပြည်နယ်မှာ ဆက်လက်ဖြစ်ပွားနေပါတယ်။ တိုက်ပွဲတွေကလည်း ဆက်လက်ဖြစ်ပွားနေပါ တယ်။ KNU ထိန်းချုပ်နယ်မြေ ခရိုင်ခုနှစ်ခုအတွင်းမှာ စစ်ဘေးဒဏ်သင့်တုန်းပဲ။ စစ်ပြေးရှောင်ရမှုတွေ ဆက်လက် ရှိနေတုန်းပဲ။ တိုက်ပွဲကြောင့် လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ လက်ရှိအရေအတွက်အားဖြင့် လောလောဆယ်တော့ ကျွန်တော်တို့အနေနဲ့ အတည်ပြုလို့တော့ မရသေးဘူး။

မေး။ ။ KNU နယ်မြေထဲမှာ နှစ်ဖက်တိုက်ပွဲတွေ ဘယ်လိုရှိနေလဲ။ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူဦးရေ ဘယ်လောက်အထိ ရှိလာပြီလဲ။

ဖြေ။ ။ တိုက်ပွဲကတော့ ကျွန်တော် ပြောခဲ့သလိုပဲ။ အထူးသဖြင့် တပ်မဟာ (၁)၊ (၂) ရယ် (၅)၊ (၆) ရယ် (၄) မှာလည်း တိုက်ပွဲ ဖြစ်ပွားမှုတွေရှိတယ်။ တပ်မဟာတိုင်းလိုလိုတော့ တိုက်ပွဲတွေဆက်လက် တည်ရှိနေတုန်းပဲ။ ထွက်ပြေးတိမ်းရှောင်မှုတွေ ဆက်လက်ဖြစ်ပွားနေဆဲပဲ။ ကျွန်တော်တို့ခန့်မှန်းခြေအရ စစ်ဘေးရှောင်ဦးရေ က လက်ရှိအချိန်မှာ ခုနှစ်သိန်းခွဲအထက် ဆက်လက်ရှိနေပါတယ်။

မေး။ ။ စစ်ဘေးရှောင်တွေ လတ်တလောကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ နေရပ်မပြန်နိုင်သေးတဲ့ အခြေအနေတွေလည်း ပြောပြပေးပါဦး။ စစ်ရှောင်နေရတဲ့အချိန် အလုပ်အကိုင်အခွင့်အလမ်းလည်း မရှိကြတော့ သူတို့ဘယ်လို နေထိုင်စားသောက်ရုန်းကန်နေကြရလဲ။

ဖြေ။ ။ လက်ရှိ စစ်ဘေးရှောင်တွေကြုံတွေ့နေရတဲ့ အခက်အခဲကတော့ အမြဲတမ်းလိုလို ဖြစ်နေတဲ့ အခက်အခဲဖြစ်တဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီ လုံလောက်မှု မရှိတာ၊ အထူးသဖြင့် အခြေခံ စားနပ်ရိက္ခာတွေ၊ နေရာထိုင်ခင်းတွေကလည်း ဆက်လက်လိုအပ်နေဆဲပဲ။ နောက်ထပ်ဆေးဝါးတွေ လိုအပ်နေ တာတွေလည်းရှိတယ်။ လူသားချင်း စာနာထောက်ထားမှုအကူအညီကို လုပ်ဆောင်ပေးနေတဲ့ ဒေသခံ လူထုအခြေပြု အဖွဲ့အစည်းတွေလည်းပဲ ပြည့်စုံလုံလောက်စွာ အချိန်နဲ့တပြေးညီ လုပ်ဆောင်ပေးဖို့ကတော့ အခက်အခဲတွေ ရှိတယ်။

အထူးသဖြင့် ငွေကြေးဆိုင်ရာလုံလောက်မှု မရှိကြသေးတော့ အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေမှာလည်း စိန်ခေါ်မှုတရပ် ဖြစ်နေတာပေါ့။ နောက်တခါ စစ်ဘေးရှောင်ပြည်သူတွေမှာ လုံခြုံမှု အခက်အခဲတွေရှိတယ်။ နေ့စဉ်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေမှာ အခြေခံလိုအပ်ချက်တွေ ပြည့်စုံမှုမရှိတာ၊ ကာလရှည်ကြာ ထွက်ပြေးတိမ်းရှောင် နေရတဲ့အတွက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ဆုံးရှုံးတာတွေ၊ ပညာရေး လက်လှမ်းမမီနိုင်တဲ့ အခက်အခဲတွေလည်း ဖြစ်နေတာတွေ၊ နောက်တခုက ကာလရှည်ကြာ စစ်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်းရှိနေတာ တွေ့ရပါတယ်။

မေး။ ။ လက်ရှိဖြစ်ပွားနေဆဲဖြစ်နေတဲ့ ကော့ကရိတ်မြို့တိုက်ပွဲမှာ အရပ်သားထိခိုက်မှု၊ နေအိမ်အဆောက်အဦး မီးလောင်ပျက်စီးမှုတွေ ဘယ်လိုဆက်တွေ့နေရပါလဲ။ ကော့ကရိတ်စစ်ဘေးရှောင်တွေရဲ့ အခြေအနေလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ဒီဇင်ဘာလ ၂၈ ရက် ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။ ဒီတောင်ကြားအင်းရွာမှာ တိုက်ပွဲဖြစ်နေတဲ့ကာလအတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်။ အရပ်သားပြည်သူတွေရဲ့ အိမ် ၂၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်။ အိမ်တွေအပြင် ဘုန်းကြီးကျောင်းကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာတွေ ရှိတယ်။ ခမရ ၅၄၅ ကနေပြီးတော့ ညဘက် ကိုးနာရီ ဝန်းကျင်မှာ လက်နှက်ကြီးပစ်ခတ်မှု အကြိမ်ကြိမ် ပြုလုပ်ခဲ့တယ်။ ဒေသခံ ပြည်သူလူထုတွေရှိနေတဲ့အချိန်မှာ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာပေါ့။

လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၁ နှစ်အရွယ် ယောကျာ်းလေးတစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်။ အသက်ဆယ့်ကိုးနှစ်နဲ့ ဆယ့်သုံးနှစ်အရွယ်၊ ကလေးနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရတာပေါ့။ သူတို့ရဲ့ပစ်ခတ်မှု ကြောင့် တခြားပြည်သူတစ်ဦးနဲ့ ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရတာကိုတော့ ကျွန်တော်တို့ရဲ့ မှတ်တမ်းအရ သိရှိရပါတယ်။ ကော့ကရိတ်မြို့နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားပြည်သူလူထုတွေက ဘေးကင်းလုံခြုံမှုကို စိတ်မချဖြစ်ပြီး အကြောက်တရားနဲ့ ဆက်လက်ရှင်သန် နေထိုင်နေရတာပေါ့။

မေး။ ။ နောက်ဆုံးအနေနဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သားတွေရဲ့ထိခိုက်မှုအခြေအနေ နောက်ဆက်တွဲ ကြုံလာရတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး ရှင်းပြပေးပါဦး။

ဖြေ။ ။ ဒီမြေမြှုပ်မိုင်းပြဿနာက ကရင်ပြည်နယ်အတွင်းမှာ တိုက်ပွဲဖြစ်နေတဲ့ ဆယ်စုနှစ်နှစ်ခုအတွင်းမှာ ကြုံတွေ့ရတဲ့ပြဿနာပေါ့။ ကရင်ပြည်နယ်မှာ မြေမြှုပ်မိုင်း ရှိနေတာတွေကလည်း ဒီလက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်နေတဲ့အချိန်ကတည်းက ယခုအချိန်ထိ ဆက်လက်ဖြစ်ပေါ်နေတယ်။ မြေမြှုပ်မိုင်းကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးနေရတာတွေမက သူတို့ရဲ့မိသားစုဝင်တွေပါ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှု ကို ကြုံတွေ့ရတယ်။ အထူးသဖြင့် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သူဟာ အိမ်ထောင်ဦးစီး ဖြစ်ခဲ့မယ်ဆိုရင် မိသားစု တစ်စုရဲ့ အသက်မွေးဝမ်းကြောင်းပေါ်မှာ ဆိုးဆိုးရွားရွားထိခိုက်မှုကို ဖြစ်ပေါ်စေတယ်။

ဥပမာ – ကိုယ်လက်အင်္ဂါ ဆုံးရှုံးတာမျိူး၊ ခြေပြတ်လက်ပြတ်၊ မျက်စိထိခိုက်ပျက်စီးတာမျိုးဆိုရင် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း ပြုနိုင်တဲ့အပေါ်မှာ ဆိုးကျိုးသက်ရောက်မှုကို ဖြစ်စေတယ်။ အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို မှီခိုနေရတဲ့ ရွာသူရွာသားတွေအနေနဲ့ မြေမြှုပ်မိုင်းကြောင့် အသက်အန္တရာယ် ထိခိုက်ပျက်စီးမယ်ဆိုရင် ကျန်ရှိနေတဲ့ မိသားစုဝင်တွေရဲ့ စီးပွားရေးအပေါ်မှာ ဆိုးကျိုးဖြစ်ပေါ်စေတယ်။ သူတို့ရဲ့ ဝင်ငွေရှာဖွေနိုင်စွမ်း အပေါ်မှာလည်း ဆိုးကျိုးသက်ရောက်မှု ဖြစ်တယ်။ မြေမြှုပ်မိုင်းတွေဟာ ရွာသူရွာသားတွေ မက အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ဝက်၊ နွား ၊ ကျွဲတွေကိုလည်း ထိခိုက်ဒဏ်ရာရတာတွေ၊ သေဆုံးမှုတွေကိုလည်း ဖြစ်ပေါ်စေတာပေါ့။

သံလွင်တိုင်းမ် ပေးပို့သည်။