“ကနေ့ လူငယ်တွေကို ခြုံငုံပြီး ပြောရရင် လူငယ် ၉၅ ရာခိုင်နှုန်းလောက်က မူးယစ်းဆေးဝါး သုံးစွဲနေတယ်လို့ ပြောလို့ရတယ်။ မွန်ပြည်နယ်အတွင်းမှာပေါ့” နိုင်ချမ်းအောင်မာန် (NMSP)

0
401

မွန်ပြည်သစ်ပါတီ မူးယစ်ဆေးစွဲသူ ကုသရေးနှင့် ပြည်လည်ထူထောင်ရေးဌာန တာဝန်ခံနှင့် အမေးအဖြေ

မွန်ပြည်နယ်အတွင်းမှာ လူငယ်တွေအကြား မူးယစ်ဆေးဝါးသုံးစွဲမှုများပြားနေပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အခြေအနေ ပိုမိုဆိုးရွားလာနေတယ်လို့ မူးယစ်ဆေးဝါးအရေး လုပ်ကိုင်ဆောင်ရွက်နေသူတို့က ပြောပါတယ်။ ပြည်နယ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေဆိုးရွားလာတဲ့နောက်ပိုင်းမှာ မွန်ပြည်သစ်ပါတီက မူးယစ်ဆေးစွဲသူတွေကို လက်ခံထိန်းသိမ်းဖို့ ကုသရေးနှင့် ပြည်လည်ထူထောင်ရေးဌာနတစ်ခုကို ဖွင့်လှစ်ခဲ့ပါတယ်။

ပြည်နယ်အတွင်းက မူးယစ်ဆေးဝါးသုံးစွဲမှုအခြေအနေ၊ မူးယစ်ဆေးစွဲနေသူတွေကို ထိန်းသိမ်းနေတဲ့အခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ မူးယစ်ဆေးစွဲသူ ကုသရေးနှင့် ပြည်လည်ထူထောင်ရေးဌာန တာဝန်ခံ နိုင်ချမ်းအောင်မာန်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ လက်ရှိ မွန်ပြည်နယ်အတွင်းက မူးယစ်ဆေးဝါးသုံးစွဲမှု အခြေအနေ ဘယ်လိုရှိနေလဲ။

ဖြေ ။ ။ ကနေ့ မူးယစ်ဆေးဝါးအကြောင်း ပြောမယ်ဆိုရင် လူငယ်တွေကို ဦးတည်ပြီး ပြောရပါမယ်။ ကနေ့ လူငယ်တွေကို ခြုံငုံပြီး ပြောရရင် လူငယ် ၉၅ ရာခိုင်နှုန်းလောက်က မူးယစ်းဆေးဝါး သုံးစွဲနေတယ်လို့ ပြောလို့ရတယ်။ မွန်ပြည်နယ်အတွင်းမှာပေါ့။

မေး ။ ။ မွန်ပြည်သစ်ပါတီက ဖွင့်လှစ်ထားလတဲ့ မူးယစ်ဆေးစွဲသူ ကုသရေးနှင့် ပြည်လည်ထူထောင်ရေးဌာနမှာ မူးယစ်ဆေးစွဲသူတွေ ဘယ်လောက်ရှိနေလဲ။

ဖြေ ။ ။ မွန်ပြည်သစ်ပါတီက ဖွင့်လှစ်လားတဲ့ မူးယစ်ဆေးစွဲသူ ကုသရေးနှင့် ပြည်လည်ထူထောင်ရေးဌာနကို ၂၀၂၂ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ စဖွင့်တယ်ဆိုတော့ အခုဆိုရင် တစ်နှစ်လောက်ရှိလာပြီးဖြစ်တယ်။ ဒီကာလမှာ ကျွန်တော်တို့ဆီရောက်လာတဲ့လူက ၂၆၀ ကျော်ရှိတယ်။ ဒီ ၂၆၀ ကျော်မှာ လူဟောင်းပေါ့ ဝင်ပြီး ထွက်သွားတယ် နောက်ပြန်ဝင်လာတယ် အဲလိုလူက ၁၀ ယောက်လောက်ရှိတယ်။ ကြည့်မယ်ဆိုရင် ကျွန်တော်တို့ဆီရောက်လာတာကတော့ နည်းတယ်လို့ ပြောလို့ရတယ်။ ကျွန်တော်တို့လည်း လက်ရှိက အကုန်လုံးလက်ခံနိုင်တဲ့အနေအထားမဟုတ်သေးတော့ ပါတီက သတ်မှတ်ထားတဲ့ ခရိုင် ၃ ခုနဲ့ ဒေသ ၂ ခုမှာ လက်ရှိကတော့ ထားဝယ်ခရိုင်ဘက်ကိုပဲ ထိန်းသိမ်းနိုင်သေးတယ်။ လက်ခံနိုင်သေးတယ်။

မေး ။ ။ ထိန်းသိမ်းရေးစခန်းမှာ ရောက်နေတဲ့လူတွေက လူငယ်တွေပဲလား။

ဖြေ ။ ။ အသက်အပိုင်းအခြားနဲ့ ပြောရမယ်ဆိုရင် အသက် ၁၈ နှစ်အထက် ၄၀ အထိက များတယ်။ ၁၈ နှစ်အောက်လည်းရှိတယ်။ ဒါပေမယ့် နည်းတယ်။ အဲလိုပဲ ၄၀ အထက်လည်းရှိတယ်။ နည်းတယ်။ ပြောချင်တာက ဒီအသက်အရွယ် လူငယ်တွေက မူးယစ်ဆေးနဲ့ ရောနှောတာ တော်တော်များတယ်။ အဓိပ္ပာယ်က ပွဲတော်တွေနဲ့ ပျော်ကြတယ်ပေါ့။ ရွာတွေမှာ လုပ်တဲ့ပွဲတွေဆို ဒီမူးယစ်ဆေးဝါးက မပါမဖြစ် သုံးနေတဲ့အနေအထား ဖြစ်နေတယ်ပေါ့။

မေး ။ ။ စခန်းမှာ ရောက်နေတဲ့ မူးယစ်ဆေးစွဲသူတွေထဲမှာ အမျိုးသမီးတွေရောပါလား။

ဖြေ ။ ။ ကျွန်တော်တို့ ဌာနက ဖွင့်ထားတာလဲ မကြာသေးဘူးဆိုတော့ အမျိုးသမီးတွေကို လက်ခံတဲ့အစီအစဥ်ကတော့ လောလောဆယ် မရှိသေးဘူး။ လောလောဆယ်ကတော့ အမျိုးသမီးတွေကို လက်မခံရသေးဘူး။ ဒါပေမယ့် ကြားနေရတယ်။ သူတို့လည်း အခက်အခဲရှိနေတော့ ဒါလည်း အနာဂတ်မှာ ထည့်သွင်းစဥ်းစားရမယ့်အချက်ဖြစ်တယ်။

မေး ။ ။ မူးယစ်ဆေးဝါးသုံးစွဲသူတွေ စိန်ခေါ်မှု အခက်အခဲ ဘာတွေရှိလဲ။

ဖြေ ။ ။ စိန်ခေါ်မှုလို့ ပြောရင် ကျွန်တော်တို့က သူတို့ကို ထိန်းသိမ်းရတာ အတွေ့အကြုံရှိလို့ ကျွမ်းကျင်လို့တော့ မဟုတ်ဘူး။ ဒါပေမယ့် သူများဆီက အကြံဥာဏ်ယူပြီးတော့ အကောင်အထည်ဖော်တာပေါ့။ ဆိုတော့ သူတို့ကို ထိန်းသိမ်းရတာ သိပ်တော့ ခရီးမရောက်ဘူးပေါ့။ ဒါကတော့ စိန်ခေါ်မှုပါပဲ ပြီးတော့ ဒီကိုရောက်လာတဲ့လူတွေက ပြောရရင် ပကတိအကောင်းလူတွေတော့ မဟုတ်ဘူး။ သူတို့ကို သူတို့ ဆေးလာဖြတ်တယ်ဆိုတဲ့စိတ် မရှိကြဘူး။ ဒါပေမယ့် မိဘတွေက ထိန်းမနိုင်လို့ လာအပ်ကြတယ်။ ဒါကို သူတို့ မသိကြတော့ ဒါကတစ်ချက်။ နောက်တစ်ခုက သူတို့ ဒီစင်တာကိုရောက်နေတာက သူတို့မှာ ပြစ်မှုတစ်ခုခု ရှိနေတယ်လို့ ထင်ကြတယ်။ ဆိုတော့ အခွင့်အရေးရတာနဲ့ ကျွန်တော်တို့ သတိလွတ်သွားတာနဲ့ ထွက်ပြေးတာတွေရှိတယ်။ ထွက်ပြေးပြီးဆို ကျွန်တော်တို့က လိုက်ရတာပေါ့ ပြန်မိတာရှိသလို မမိတာတွေလည်းရှိတယ်။ ဒါတွေကတော့ အကြီးမားဆုံး စိန်ခေါ်မှုတွေပါပဲ။ နောက်တစ်ခုက ကျွန်တော်တို့စင်တာက ဆောက်ထားတာရော နေရာရောက လူတွေနဲ့ နီးနေတော့ သူတို့ထွက်ပြေးရင် အလွယ်တကူပြန်လို့ရတယ်။ အဲလိုဖြစ်နေတယ်။ ဒါပေမယ့် သူတို့ကို အမြင်တွေ ရှင်းပြမှုတွေများလာတော့ ဒီနောက်ပိုင်းမှာ ထွက်ပြေးတာတွေ နည်းလာတယ်။ ဆိုတော့ ဒီနောက်ပိုင်း ထွက်ပြေးတဲ့ စိန်ခေါ်မှုကတော့ နည်းလာတယ်။ စားရေးသောက်ရေးအပိုင်းမှာလည်း စိန်ခေါ်မှုမရှိဘူးလားဆိုတော့ ရှိတယ်။ အရာရာစျေးကြီးနေတဲ့ချိန်မှာ ဝယ်ရတဲ့ ဥပမာ ဆန်၊ ဆီ၊ ဆားတို့က အကုန်လုံး ဝယ်ရတယ်။ ဒီစင်တာက ထောက်ပံ့မှုနဲ့ ရပ်တည်နေတာမဟုတ်တော့ ဒါကလည်း စိန်ခေါ်မှုတစ်ရပ်ပါပဲ။ နောက်တစ်ခုက ဒီမူးယစ်ဆေးဝါး ထိန်းသိမ်းရေးလုပ်နေတဲ့လူအားလုံးက မူးယစ်ဆေးဝါးထိန်းသိမ်းရေးမှာ ကျွမ်းကျင်ကြတဲ့လူတွေမဟုတ်ဘူး။ တခါတလေမှာ ကိုင်တွယ်နည်းမှားပြီး ဥပမာ သူတို့ကို ရိုက်မိသွားတာရှိတယ်။ ဒီလိုမျိုးမဖြစ်အောင် ပြီးတော့ သူတို့စိတ်ထဲမှာ သူတို့ကိုယ်သူတို့ ပြစ်မှုရှိတဲ့လူလို့ မထင်မိသွားအောင် ဒါမျိုး ကျွန်တော်တို့မှာ အဆက်မပြတ်ဆွေးနွေးတာတွေလည်းရှိတယ်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here