“ကနေဒါနိုင်ငံက SCEF စုဖွဲ့မှုအပေါ်မှာ ကြိုဆိုကြပါတယ်။ သူတို့တွေက တော်လှန်ရေး ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ သူတွေကြားက ညီညွှတ်မှုကိုမြင်ချင်တာ၊ အဲဒီစုစည်းညီညွှတ်မှုကို ကျမတို့လုပ်နိုင်သမျှ စပြီးတော့ဆောင်ရွက်တာဖြစ်လို့ သူတို့ကြိုဆိုတယ်”

By MPM 12 ဇွန်, 2026 👁

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ – SCEF အဖွဲ့ဝင်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်နှင့် အမေးအဖြေ

စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြသည့် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့ ပါဝင်ဖွဲ့စည်းထားသော ဖက်ဒရယ်ဒီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF ကိုယ်စားလှယ်များက ကနေဒါနိုင်ငံသို့သွားရောက်ပြီး အစိုးရတာဝန်ရှိသူများ၊ အရပ်ဖက်အဖွဲ့များ၊ နိုင်ငံခြားရောက်မြန်မာများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုခရီးစဥ်အတွင်း နှစ်ဖက် ဆွေးနွေးတင်ပြချက်၊ သဘောထားမှတ်ချက်နှင့် SCEF ၏ လတ်တလောလုပ်ဆောင်ချက်၊ ရှေ့ဆက်လုပ်ငန်းအစီအစဥ်များကို သိရှိနိုင်ရန် ကောင်စီဝင် အမျိုးသားညီညွှတ်ရေးအစိုးရ – NUG ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ကေအိုင်စီက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ကနေဒါနိုင်ငံခရီးစဥ်ဟာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ – SCEF ရဲ့ သံတမန်ရေးရာကိစ္စအတွက် ပထမခြေလှမ်းလို့ပြောရမလား။

ဖြေ။ ကနေဒါခရီးစဥ်က ပထမဆုံးနိုင်ငံတကာခရီးစဥ်လို့ ပြောလို့ရပါတယ်။ သံတမန်ရေးရာအတွက်ကတော့ ဒီလူတွေ့ခရီးစဥ်မတိုင်ခင် SCEF ဖွဲ့စည်းပြီးတဲ့နောက်မှာ နိုင်ငံတကာသံရုံးတွေ၊ သံတမန်တွေဆီကို SCEF အနေနဲ့စာရေးသားပေးပို့ဆက်သွယ်တာတွေ ရှိပြီးသားဖြစ်ပါတယ်။ အခုကတော့ လူထုတွေ့ဆုံမှုခရီးစဥ်လို့ ပြောလို့ရပါတယ်။

မေး။ SCEF အနေနဲ့ ဒီခရီးစဥ်ကနေ ဘာတွေရလိုက်လဲ၊ ဘာတွေဆက်လုပ်ဖို့ရှိလဲ။

ဖြေ။ အဓိကကတော့ ခရီးစဥ်တစ်ခုချင်းဆီမှာ နိုင်ငံတစ်ခုနဲ့တစ်ခု တွေ့တဲ့သူတွေအပေါ်မှာရော ဘာတွေမျှော်လင့်သလဲ၊ ဘယ်လိုရည်ရွယ်သလဲဆိုတာ ကွာခြားချက်ရှိနိုင်ပါတယ်။သို့သော် နိုင်ငံတကာသံတမန်တွေနဲ့တွေ့ဆုံတဲ့အခါမှာတော့ SCEF ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေအပေါ်မှာ ကျမတို့ဆောင်ရွက်တယ်။ SCEF ရဲ့ကနေဒါခရီးစဥ်မှာဆိုရင် ကနေဒါရောက်နေတဲ့မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုး၊ တဖက်မှာလည်း သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးတော့ SCEF ဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက်၊ မြန်မာ့နွေဦးတော်လှန်ရေးရဲ့အခြေအနေ၊ အားနည်းချက်၊ အားသာချက် အစရှိသဖြင့်ပေါ့လေ။

အဲဒီအပေါ်မှာမှ ခုနကပြောသလို သူတို့ကနေဒါအစိုးရတို့ လွှတ်တော်တို့က ဆောင်ရွက်နိုင်မယ့်ကိစ္စတွေကို ရှင်းလင်းဆွေးနွေးတယ်။ ပူးပေါင်းဆောင်ရွက်နိုင်ကြဖို့ပေါ့နော် ကျမတို့ဆောင်ရွက်နိုင်ခဲ့ပါတယ်။ နောက်တစ်ခုက ပညာရေးအဖွဲ့အစည်းတွေနဲ့တွေ့တာမျိုးလိုပေါ့နော် ဒါတွေကလည်း အရေးကြီးတယ်။ သက်ဆိုင်ရာအစိုးရ လွှတ်တော်တွေရဲ့မူဝါဒတွေကို ပုံဖော်တဲ့နေရာမှာအရေးကြီးပါတယ်။ အဓိကကတော့ ကျမတို့တွေ့ဆုံမှုအားဖြင့် အစိုးရလွှတ်တော်ဘက်အခြမ်းနဲ့ မြန်မာနိုင်ငံရဲ့နွေဦးတော်လှန်ရေးအခြေအနေအပါအဝင် SCEF ရဲ့ဖွဲ့စည်းမှုကိုပြောနိုင်ခဲ့တယ်။ ကနေဒါမှာ မြန်မာနွယ်ဖွားတွေနဲ့ meeting ပြုလုပ်ပြီးတော့ ကျမတို့ဘက်က ပြည်သူလူထုကို လူတွေ့တင်ပြလို့ရတာတွေကို တင်ပြဆွေးနွေးနိုင်ခဲ့တယ်။

နောက်ပြီးတော့ အရပ်ဖက်အဖွဲ့အစည်းတွေ မြန်မာအရေးဆောင်ရွက်တဲ့အဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နိုင်တဲ့ကိစ္စတွေ၊ သူတို့ကိုလုပ်စေချင်တဲ့ကိစ္စတွေကိုလည်း ကျမတို့ Advocate လုပ်ပြီးဆွေးနွေးနိုင်ခဲ့ပါတယ်။ ပြောရမယ်ဆိုရင် ဘာတွေရလိုက်သလဲဆိုတာထက် ရှိပြီးသားဆက်ဆံရေးတွေ မြန်မာနိုင်ငံအပေါ်မှာ သူတို့လုပ်လက်စ ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်နိုင်ဖို့ ကျမတို့ Advocate လုပ်နိုင်ခဲ့တယ်။ အထူးသဖြင့် မြန်မာနွယ်ဖွားတွေနဲ့ SCEF ကြားထဲမှာ ပိုပြီးတော့ရင်းရင်းနှီးနှီးနဲ့ ထိတွေ့နိုင် ဆက်ဆံရေးတည်ဆောက်နိုင်ခဲ့တယ်လို့ပြောလို့ရတယ်။

မေး။ SCEF အပေါ်မှာ၊ ပြီးတော့ မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအပေါ်မှာ တဖက်နိုင်ငံရဲ့သဘောထား၊ သိမြင်မှုက ဘယ်လိုရှိနေလဲ။ SCEF အနေနဲ့ရော ဘာတွေ အသိပေးလိုက်နိုင်ခဲ့လဲ။

ဖြေ။ အဓိကကတော့ ကနေဒါနိုင်ငံက SCEF စုဖွဲ့မှုအပေါ်မှာ ကြိုဆိုကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက တော်လှန်ရေးဘက် ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားနေကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ သူတွေကြားက ညီညွှတ်မှုကိုမြင်ချင်တာပေါ့နော်။ ကျမတို့တွေအချင်းချင်းကြားက ညီညွှတ်မှုကိုမြင်ချင်တယ်။ တဖက်မှာလည်း ကျမတို့တိုင်းပြည်က လူမျိုးရေးအရ ဘာသာရေးအရ အစုအဖွဲ့တွေကလည်း များတယ်၊ စုံလင်ကွဲပြားတဲ့အနေအထားအပေါ်မှာ ဒီလိုစုစည်းမှုက မရှိမဖြစ်လိုအပ်တယ်၊ စုစည်းညီညွှတ်ဖို့ဖြစ်တယ်ပေါ့နော်။ အဲဒီစုစည်းညီညွှတ်မှုကို လက်တွေ့လုပ်နိုင်တဲ့အတိုင်းအတာမှာ ကျမတို့လုပ်နိုင်သမျှ စပြီးတော့ဆောင်ရွက်တာဖြစ်လို့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စအနေနဲ့ရော သူတို့ကြိုဆိုပါတယ်။

နောက်တစ်ခုကကျတော့ SCEF အနေနဲ့ ကျမတို့တိုင်းပြည်မှာလိုအပ်နေတဲ့စုစည်းမှုမျိုး၊ အလုပ်အပေါ်မှာအခြေခံတဲ့စုစည်းညီညွှတ်မှုတွေကလည်း လိုအပ်တာပေါ့။ နိုင်ငံရေးသဘောတရားအရ နိုင်ငံရေးကြေညာချက်တွေထုတ်ပြန်ရုံသာမက အလုပ်အပေါ်မှာအခြေခံတဲ့စုစည်းညီညွှတ်မှုကလည်း အရေးကြီးတဲ့အတွက် SCEF စုဖွဲ့ရတဲ့နောက်ခံအကြောင်းအရင်း၊ ရည်ရွယ်ချက်တွေ၊ ရှေ့မှာကျမတို့ဘာတွေလုပ်နိုင်မလဲ၊ နိုင်ငံတကာရဲ့ နိုင်ငံရေးအရရပ်တည်ချက်တွေ၊ ထောက်ခံမှုတွေရဲ့အရေးပါပုံပေါ့လေ၊ ဒါတွေကိုပူးပေါင်းဆောင်ရွက်သွားမယ့် အခန်းကဏ္ဍတွေကို ကျမတို့အသိပေးနိုင်ခဲ့ပါတယ်။

မေး။ ဒီခရီးကနေ လူသားချင်းစာနာမှု၊ ဖက်ဒရယ်အရေး လူ့အခွင့်အရေးအတွက် ပိုပေါ်လာမယ် ပူးပေါင်းဆောင်ရွက်ကြမယ်လို့ သိရတယ်။ ဘယ်လိုပူးပေါင်းလုပ်သွားကြမလဲပေါ့လေ အသေးစိတ်ပြောပြပေးပါလား။

ဖြေ။ ဒါကတော့ ရှေ့မှာဖြေခဲ့တဲ့အတိုင်းပါပဲ။ ကျမတို့ပြည်သူလူထုတွေ နေ့စဥ်နဲ့အမျှဗုံးကြဲခံနေရတယ် အကြမ်းဖက်ခံနေရတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေရော၊ နယ်စပ်ဖြတ်ကျော်ဒုက္ခသည်တွေရော ရှိနေတဲ့အနေအထားမှာ လိုအပ်တဲ့လူသားချင်းစာနာမှုအကူအညီတွေ ကိုပေးနိုင်ဖို့ လိုအပ်ကြောင်းနဲ့ ရှိနေတဲ့အနေအထားမှာ SCEF အနေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဆင်သင့်ရှိတယ်ဆိုတဲ့အကြောင်း ဆွေးနွေးခဲ့တယ်။ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ လည်း ကနေဒါနိုင်ငံက ဖက်ဒရယ်နိုင်ငံဖြစ်သလို ဖက်ဒရယ်အရေးအတွက် နိုင်ငံတကာကိုအကူအညီပေးနေတဲ့နိုင်ငံတကာ အေဂျင်စီတွေ ထူထောင်တဲ့နေရာမှာ တက်တက်ကြွကြွဆောင်ရွက်နေတဲ့နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့အတွက် ဖက်ဒရယ်အရေးအတွက်ရော လူ့အခွင့်အရေးအတွက်ရော ပူးပေါင်းဆောင်ရွက်လို့ရမယ့်နယ်ပယ်မှာ ဆောင်ရွက်ဖို့လို့ရှိတယ်ပေါ့နော်။

မေး။ SCEF က ပြည်တွင်းမှာလည်း အညာဖက်ဒရယ်ယူနစ်တွေနဲ့ တွေ့ဆုံမှု ရှိလာတယ်။ ကောင်စီအဖွဲ့ဝင်ထပ်တိုးလာဖို့ ဘယ်လောက် အလားလာရှိလဲ သိပါရစေ။

ဖြေ။ ဟုတ်ပါတယ် SCEF အနေနဲ့ အညာဖက်ဒရယ်ယူနစ်တွေနဲ့တွေ့ဆုံမှုက ကောင်စီရဲ့စုဖွဲ့မှုထဲမှာပြည်နယ် ဖက်ဒရယ်ယူနစ်တွေရဲ့ပါဝင်မှုပေါ့၊ ဒီအပေါ်မှာလည်း အခြေခံမဏ္ဍိုင်ဖြစ်တဲ့အတွက် ဘယ်လိုမျိုးပါဝင်နိုင်မလဲ ပါဝင်တဲ့အခါမှာ ဘယ်လိုတာဝန်ယူ တာဝန်ခံမှုတွေနဲ့ပါဝင်ရမလဲဆိုတာ ညှိနှိုင်းဆွေးနွေးမှုတွေလိုအပ်ပါတယ်။ အဲဒီအပေါ်မှာ ကနဦးတွေ့ဆုံဆွေးနွေးမှုအနေနဲ့ ကျမတို့ အဓိကကတော့ ပေါ်ထွန်းလာတဲ့ဖက်ဒရယ်ယူနစ်တွေကို တွေ့ဆုံဆွေးနွေးရှင်းပြတယ်။ SCEF ရဲ့ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်၊ နိုင်ငံရေးရည်မှန်းချက်၊ Optional လုပ်ရမယ့်ဟာတွေ ဒီဟာတွေကို အရင်ဆုံးရှင်းလင်းဆွေးနွေးတဲ့အနေနဲ့ ကျမတို့ အညာဖက်ဒရယ်ယူနစ်တွေနဲ့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုတွေက ကျမတို့ဆက်လက်ပြီးတော့ နှစ်ဖက်အဆင်ပြေတဲ့အချိန်မှာ ဆောင်ရွက်ကြရဦးမှာဖြစ်ပါတယ်။

မေး။ လတ်တလော SCEF ရဲ့ လုပ်ဆောင်ချက်၊ ရှေ့ဆက်လုပ်မယ့်အစီအစဥ်တွေကိုလည်း ပြောရသလောက် ပြောပြပေးပါဦး။


ဖြေ။ SCEF ဖွဲ့စည်းပြီးရက်ပေါင်း (၆၀) အတွင်းမှာ လတ်တလောဆောင်ရွက်ရမယ့်ကိစ္စတွေကို ဆောင်ရွက်တာရှိတယ် ဆောင်ရွက်ခဲ့တာရှိတယ်။ ဥပမာ သတင်းစာရှင်းလင်းပွဲလုပ်တာမျိုး၊ SCEF ရဲ့ဆက်သွယ်ရေးပလက်ဖောင်း တည်ဆောက်တာမျိုး၊ လုပ်ငန်းအဖွဲ့တွေ ဖွဲ့စည်းတာမျိုးပေါ့နော်။ မဟာဗျူဟာနယ်ပယ်သတ်မှတ်ထားတဲ့အပေါ်မှာ လုပ်ငန်းအဖွဲ့တွေဆောင်ရွက်တာ။ ဒီအပေါ်မှာ အဲဒီလုပ်ငန်းအဖွဲ့တွေရဲ့ ရှေ့လုပ်ငန်းစဥ်တွေကို ဆွေးနွေးပြီးတော့ ဒီဟာနဲ့အညီ အကောင်အထည်ဖော်လို့ရသလောက် လုပ်နေတာရှိတယ်။ အခုလောလောဆယ်ဆိုရင် ကျမတို့ Diplomatic Briefing (သံတမန်ရေးရာ အစီရင်ခံတင်ပြချက်) တွေကိုလုပ်နိုင်ခဲ့တာရှိတယ်။ ခုနကပြောသလို နိုင်ငံတကာခရီးစဥ်တွေကိုလည်း စတင်လို့ရတာတွေစတင်နေပြီပေါ့နော်။ ရှေ့ဆက်ပြီးတော့လည်း နိုင်ငံခြားရေးနဲ့သံတမန်ရေးရာ ဆောင်ရွက်တာအပြင် ဖက်ဒရယ်ရေးရာလုပ်ငန်းအဖွဲ့တို့ ကျမတို့လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တွေ၊ ဘဏ္ဍာရေးနဲ့စီးပွားရေးဆိုင်ရာ လုပ်ငန်းအဖွဲ့တွေရဲ့ လုပ်ငန်းစဥ်ချမှတ်တာတွေ ဆွေးနွေးညှိနှိုင်းတာတွေကို ဦးစားပေးကဏ္ဍသတ်မှတ်တာတွေကို ဆောင်ရွက်နေတာရှိတယ်။ ဆောင်ရွက်ပြီးပြီဆိုရင်တော့ ကျမတို့ အကောင်အထည်စဖော်ပါမယ်။ ပြီးရင် စစ်ရေးဆိုင်ရာ အလုပ်တွေကိုလည်း စစ်ဘက်ဆိုင်ရာပေါင်းစည်းညှိနှိုင်းရေးကနေ ဆောင်ရွက်နေတာရှိပါတယ်။

မေး။ တော်လှန်ရေးအရှိန်မြင့်ဖို့ကလည်း SCEF ရဲ့ရည်ရွယ်ချက်တစ်ခုဖြစ်တယ်လေ။ ဆိုတော့ စစ်ရေးစစ်ရာ နည်းဗျူဟာအပိုင်းမှာ ပူးပေါင်းလုပ်ဆောင်မှုအားဘယ်လောက်ကောင်းလာသလဲ ရှေ့လျှောက်ရော ဘယ်လောက်ကောင်းဖို့ရှိသလဲ ပြောပြပေးပါ။

ဖြေ။ စစ်ရေးဆိုင်ရာနည်းဗျူဟာပိုင်း ပေါင်းစပ်လုပ်ဆောင်မှုက ကျမတို့မဟာဗျူဟာနယ်ပယ်ထဲက တစ်ခုဖြစ်ပါတယ်။ အဲဒါကိုတော့ စစ်ရေးဘက်မှာဦးဆောင်နေကြတဲ့သူတွေ ကိုယ်တိုင်ကိုက ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ အသေးစိတ်ကတော့ စစ်ရေးကိစ္စဖြစ်တဲ့အတွက် စစ်ဘေးဆိုင်ရာခေါင်းဆောင်တွေ ထုတ်ဖော်ပြောလို့ရတဲ့အချိန် ပြောသွားမှာပါ။

မေး။ နောက်ဆုံးအနေနဲ့ SCEF အနေနဲ့ ပြည်သူကိုသတင်းစကားပါးချင်တာရှိပါသလား။

ဖြေ။ SCEF စုဖွဲ့မှုမျိုးက အရှေ့ကစုဖွဲ့မှုတွေနဲ့ ဘာကွာခြားချက်ရှိလဲဆိုတာ ပြည်သူလူထုလည်းသိချင်မှာပဲ။ အရှေ့မှာလည်း တော်လှန်ရေးအရ လိုအပ်ချက်အရ ညီညွှတ်မှုတွေ ကျမတို့တိုင်းပြည်ရဲ့တည်ဆောက်လိုတဲ့ သွားချင်တဲ့ အနာဂတ်ရည်မှန်းချက်၊ မျှော်မှန်းချက်တွေ အပေါ်မှာ ကျမတို့သဘောထားတွေတူညီအောင် စုစည်းပြီးတော့ ဆွေးနွေးခဲ့တာတွေရှိတယ်။ ဒါတွေကဆက်ရှိနေမှာဖြစ်သလို SCEF က နိုင်ငံရေးသဘောတူညီချက်တွေကို စုဆောင်းရုံသာမဟုတ်ဘဲနဲ့ ကျမတို့ကြားမှာ စုစည်းညီညွှတ်ပြီးသား ဖြစ်သလို တော်လှန်ရေးပန်းတိုင်၊ နိုင်ငံရေးပန်းတိုင်ကိုရောက်ရှိဖို့အတွက် လက်တွေ့ကျတဲ့ပူးပေါင်းဆောင်ရွက်မှုတွေကို အကောင်အထည်ဖော်သွားနိုင်ဖို့ ရည်ရွယ်ပြီးစုဖွဲ့မှုဖြစ်တယ်။ ဒီစုဖွဲ့မှုက တော်လှန်ရေးအောင်မြင်ဖို့သာမက တော်လှန်ရေးအလွန်ကာလ ပြည်ထောင်စု၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး အသွင်ကူးပြောင်းရေးအတွက်ပါ လိုအပ်တဲ့ပြင်ဆင်မှုလည်းဖြစ်တယ်ဆိုတာ ကျမပြည်သူကိုသတင်းစကားပေးချင်ပါတယ်။

ကေအိုင်စီ