စစ်ဘေးရှောင်အမျိုးသမီးများ ကြုံတွေ့နေရသည့် အခက်အခဲစိန်ခေါ်မှုများနှင့်ပတ်သက်ပြီး AA ထိန်းချုပ်နယ်မြေတနေရာရှိ စစ်ဘေးရှောင်စခန်းတခုတွင် ခိုလှုံနေသည့် စစ်တွေမြို့မှ စစ်ဘေးတိမ်းရှောင်လာသူ မသန္တာနှင့် တွေ့ဆုံမေးမြန်းချက်။
ရခိုင်ဒေသတွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေသည်မှာ တစ်နှစ်နီးပါးကြာမြင့်လာနေပြီး လက်ရှိတွင် ရခိုင်က မြို့နယ် ၁၀ ခုနှင့် ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ ဒေသခံ ၆ သိန်းခန့်သည်လည်း အိုးပစ်အိမ်ပစ် ထွက်ပြေးနေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ နေထိုင်ရေးစသည့် ကဏ္ဍအသီးသီး၌ အခက်အခဲ၊ စိန်ခေါ်မှုများဖြင့် ဖြတ်သန်းနေရသည်။
ထိုသို့ နေရပ်စွန့်ခွာတိမ်းရှောင်နေရသူများထဲတွင် အမျိုးသားများထက် အမျိုးသမီးများမှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများနှင့် အခက်အခဲများစွာကို ပို၍ကြုံတွေ့နေကြရသည်။
လက်ရှိတွင် စစ်ဘေးရှောင်အမျိုးသမီးများ ကြုံတွေ့နေရသည့် အခက်အခဲစိန်ခေါ်မှုများနှင့် ပတ်သက်ပြီး စစ်တွေမြို့နယ်မှ AA ထိန်းချုပ်နယ်မြေတစ်နေရာရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခိုလှုံနေသည့် အသက် ၂၀ အရွယ် မသန္တာအားကို တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
မေး။ ။ စစ်ဘေးရှောင်စခန်းမှာ လက်ရှိနေထိုင်နေရတဲ့ အခြေအနေကို ပြောပြပေးပါ။
ဖြေ။ ။ ဒီမှာက နေထိုင်ရတာက မိန်းကလေးတွေအတွက် အရမ်းခက်ခဲတယ်။ အိမ်မှာ နေထိုင်ရတာမျိုးနဲ့မတူတဲ့အခါ မိန်းကလေးတစ်ယောက်အတွက် အစစအရာရာ အားလုံးခက်ခဲတယ်။ နေရာကျဉ်းကျဉ်းထဲမှာ မိသားစုတစ်ခုလုံး စုပြုံပြီး နေထိုင်ရတယ်။ အိပ်ရတာကလည်း အပျို၊ လူပျိုတွေဆိုရင်လည်း မိဘတွေနဲ့ တခန်းတည်း အိပ်ရတယ်။ အဝတ်လျှော်တာကအစ အားလုံးအဆင်မပြေတာ။
မေး။ ။ အမျိုးသမီးတွေရဲ့ တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်လို့ရော ဘယ်လိုအခက်အခဲတွေရှိပါလဲ။
ဖြေ။ ။ ကျမတို့ နေထိုင်ရတာက ဓမ္မာရုံထဲ၊ ဟင်းလင်းပြင်မှာ နေရတာဖြစ်တဲ့အတွက် တကိုယ်ရည်သန့်ရှင်းရေးနဲ့ပတ်သက်လို့ လုပ်ဖို့ကကျ လုံးဝအဆင်မပြေဘူး။ ရေချိုးရင်တောင် လူမရှိတဲ့အချိန်မှာ ချိုးရတယ်။ အများသုံးတဲ့ရေကန်မှာပဲ ဒီအတိုင်းချိုးရတာ။ အတွင်းခံ အင်္ကျီတို့၊ ဘောင်းဘီတို့ဆိုရင်လည်း နေလှန်းဖို့ နေရာမရှိဘူး။
အတွင်းခံတွေကလည်း အများဆုံး သုံးထည်လောက်ပဲ ပါတာဆိုတော့ မိုးရာသီမှာ မခြောက်တဲ့အခါဆိုရင် ဒီအတိုင်း ဝတ်လိုက်ရတာရှိတယ်။ တခါတလေဆို ဗိုက်အောင့်တာတွေ ဖြစ်တယ်။ အဆိုးဆုံးက ဓမ္မတာလာတဲ့ အချိန်ပေါ့နော်။ နေလှန်းဖို့ နေရာမရှိလို့ အဝတ်တွေ မခြောက်နိုင်ဘူး။ ဝတ်ဖို့က လိုနေပြီ။ မခြောက်နိုင်သေးဘူး ဆိုရင် တော်တော်လည်း ခက်ခဲပါတယ်။
မေး။ ။ စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ အမျိုးသမီးတွေအနေနဲ့ လစဉ်သုံးပစ္စည်းတွေနဲ့ပတ်သက်လို့ ဘယ်လိုလိုအပ်ချက်တွေ ရှိနေလဲ။
ဖြေ။ ။ အရင်က ပုံမှန်ဆိုရင် တစ်ရက်မှာ pad ကို ၃ ကြိမ်လဲတဲ့အခါလည်း ရှိတယ်။ ၄ ကြိမ်လဲတဲ့အခါလည်း ရှိတယ်။ အခုဆိုရင် တစ်ရက်လုံးမှာမှ တစ်ခါ၊ အများဆုံး နှစ်ခါလဲပြီး နေရတယ် ။ အဓိကတော့ ဈေးအရမ်း ကြီးတော့ အများကြီးမဝယ်နိုင်ဘူးလေ။ တစ်ထုတ်ကို (ငွေကျပ်) ၄,၀၀၀၊ ၅,၀၀၀ နဲ့ ဝယ်မသုံးနိုင်တဲ့ သူတွေလည်း ရှိတယ်လေ။ ဆိုတော့ ထမိန်ကို နှစ်ထပ်သုံးထပ်ထပ်ပြီး ဝတ်နေရတယ်။ လှန်းထားတဲ့ ထမိန်တွေလည်း မခြောက်ရင် အင်္ကျီတွေနဲ့ဖြစ်ဖြစ် သုံးလိုက်တယ်။
စစ်ဘေးရှောင်စခန်းမှာနေရတာက ဘာအထောက်ပံ့မှလည်း မရဘူးလေ။ လစဉ်သုံးက အမျိုးသမီးတွေမှာ မသုံးရင်လည်း မရဘူး။ အမျိုးသမီးနှစ်ယောက်ရှိတဲ့ အိမ်မှာဆိုရင် တစ်ထုတ်ကို မျှပြီးသုံးရတယ်။ ဘာအကူအညီမှ မရတော့ ကိုယ်တို့အချင်းချင်ပဲ အကူညီပေးပြီး သုံးလိုက်ကြတယ်။ အဝတ်လည်း လုံလုံလောက်လောက် မရှိဘူး။ Pad မသုံးဘဲ နေရတဲ့အခါ စိတ်မလုံခြုံသလို ခံစားရတယ်။ သုံးထားတဲ့ ထမိန်တွေ၊ အဝတ်တွေလည်း မခြောက်ဘူးဆိုရင် ‘ငါ့မှာ ဘယ်လိုလုပ်ရလဲ ဘာဝတ်ရမလဲ၊ စွန်းလို့ ပေလို့ ရှိမလား’ ဒီလိုမျိုး စိတ်စိုးရိမ်မှုတွေ ရှိတယ်။ စိတ်ပင်ပန်းရတယ်။ မိန်းကလေးတွေ အကုန်လုံးကအဲဒီလိုပါပဲ။ ကိုယ့်ရောစိတ်ပါ ပင်ပန်းမှုတွေနဲ့ပေါ့။
မေး။ ။ ဆိုတော့ အမျိုးသမီးတွေအတွက် ကျန်းမာရေးနဲ့ပတ်သတ်လို့ ဘယ်လိုစိုးရိမ်မှုတွေရှိနေလဲ။
ဖြေ။ ။ ရေချိုးရတာက နေဝင်မှချိုးရတယ်။ ပြီးရင် အဝတ်စိုတွေနဲ့ပဲ နေရတော့ အမျိုးသမီးတွေမှာ မှိုစွဲရောဂါတွေ၊ ဆီးလမ်းကြောင်း ပိုးဝင်တာဖြစ်မှာကိုလည်း စိုးရိမ်ရတယ်။ အမျိုးသမီးအင်္ဂါစပ်နဲ့ ပတ်သက်လို့ တခြားရောဂါတွေဖြစ်မှာကိုလည်း အများကြီးစိုးရိမ်ရတယ်။ အမျိုးသမီးတွေနဲ့ ပတ်သက်လို့ တခုခုဖြစ်ပြီဆိုရင် ဆေးဝါးတွေလည်း လုံလုံလောက်လောက် မရှိဘူး။
ပြီးရင် ဒီမှာ အိပ်ရတာက သမန်တလင်းဖြစ်တဲ့အတွက် အအေးပတ်ကြတယ်။ ဖျားနာ၊ ချောင်ဆိုးကြတယ်။ လူကြီးတွေဆိုရင် လေဖြတ်မှာကို အများကြီး စိုးရိမ်ရတာပေါ့နော်။ ကျန်းမာရေးကိစ္စ တခုခုဖြစ်ရင် ဆေးဖိုးပိုက်ဆံ မတတ်နိုင်ဘူး။ ဆေးကလည်း ရှာမရတော့ ငွေကုန်ကျနှုန်းကလည်း အရင်ထက် အများကြီးကုန်တယ်။ အဲဒါကြောင့် ကျန်းမာရေးမကောင်းဖြစ်မှာကို အဓိက စိုးရိမ်ပါတယ်။
မေး။ ။ စားဝတ်နေရေးအတွက်ရော ဘယ်လိုဖြေရှင်းနေကြရလဲ။
ဖြေ။ ။ ဒီမှာနေတာ ကြာလာတော့ ပါလာတဲ့ငွေကလည်း ကုန်ပြီ။ ဝင်ငွေလည်း မရှိ၊ အလုပ်အကိုင်လည်း အများကြီး မရှိတော့ ရှိတဲ့အလုပ်ကို ရှာကြံလုပ်ရတာပေါ့။ အဝတ်လိုက်လျှော်၊ မြက်ခုတ်ပေါင်းရှင်းတယ်။ တစ်ရက်မှာ (ငွေကျပ်) ၅,၀၀၀ လောက်ရတဲ့ နေ့တွေရှိတယ်။ မိန်းကလေးတွေက ပုံမှန်ဆိုရင် ထမင်းချက်၊ ဟင်းချက်တာကိုပဲ လုပ်နေကြတာ။ အခုက ဘုတ် (စက်လှေ) ထက်တွေကို တက်ပြီး ကုန်ထမ်းတယ်။ ယောင်္ကျားတွေနဲ့တန်းတူ အလုပ်လုပ်နေရတယ်။
ကုန်ထမ်းတာက တစ်ရက်မှာ ငွေ ၂,၅၀၀ ရတဲ့နေ့လည်း ရှိတယ်။ တခါတလေ ငွေ ၂၅,၀၀၀ ရတဲ့နေ့လည်း ရှိတယ်။ ဒါပေမယ့် အလုပ်မလုပ်ရတဲ့နေ့က ပိုများတာပေါ့နော်။ အလုပ်လုပ်လို့ ရလာတဲ့အခါကျမှ ထမင်းချက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေဝယ်ပြီး ချက်ပြုတ်စားသောက်ရတယ်။ ကိုယ့်အိမ်မှာနေခဲ့တဲ့ အချိန်နဲ့ ဘယ်တူပါ့မလဲ။ ငါးကောင်းကောင်းနဲ့ တစ်နပ်စားချင်ရင်တောင် ဝယ်မစားနိုင်တဲ့ အခြေနေပါ။ ကိုယ် စားချင်သလို မစားရ၊ ဝတ်ချင်သလို မဝတ်ရနဲ့ အများကြီးခက်ခဲ ကျပ်တည်းတယ်။ တကယ့်ကို စိတ်လည်း မွန်းကျပ်ပါတယ်။
မေး။ ။ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ လုံခြုံရေးနဲ့ပတ်သတ်လို့ စိုးရိမ်ချက်တွေကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ဒီကာလက တိုက်ပွဲဖြစ်နေတဲ့ကာလဆိုတော့ စစ်ဘေးရှောင်စခန်းမှာနေရတာက ပွင့်ပွင့်လင်းလင်းပြောရရင် မလုံခြုံသလို ခံစားရတယ်။ ညနေပိုင်းရောက်ရင် ထမင်းကို ၃ နာရီလောက်ကတည်းကစားပြီး ဘုရားရင်ပြင်ပေါ် နေရတယ်။ စခန်းရှေ့မှာ တူးမြောင်းတစ်ခုရှိတယ်။ ဂျက်ဖိုက်တာ၊ လေယာဉ်တွေလာတယ်ဆိုရင် အဲဒီမှာသွားပုန်းကြရတယ်။ အကုန်လုံးက ကိုယ့်လုံခြုံဖို့နေရာကိုရှာပြီး ပုန်းကြတယ်လေ။ အဓိကတော့ လေကြောင်းအန္တရယ်တစ်ခုပဲ စိုးရိမ်ရတယ်။
မေး။ ။ စစ်ဘေးရှောင်စခန်းက အမျိုးသမီးတွေရဲ့ အခက်အခဲနဲ့ပတ်သက်လို့ ဖြည့်စွက်ပြီး ဘာများပြောချင်လဲ။
ဖြေ။ ။ အမျိုးသမီးတွေကို အဓိကထားလို့ ရခိုင်သားအချင်းချင်း ဖေးမကူညီပြီး အလုပ်အကိုင်ပေးစေချင်တယ်။ ထမင်းဆိုင်တွေကို သွားပြီးအလုပ်ရှာတယ်။ ဒါပေမယ့် အဆင်မပြေဘူး။ ဒီလိုမျိုး အဆင်မပြေတာတွေများလာတော့ ကယ်ဆယ်ရေးအကူအညီရဖို့ကိုပဲ တောင့်တတယ်။ နိုင်ငံတကာနဲ့ တခြားအဖွဲ့အစည်းတွေကိုလည်း ကယ်ဆယ်ရေးပေးဖို့ တောင်းဆိုချင်တယ်။
များသောအားဖြင့် လစဉ်သုံးပစ္စည်းတွေ၊ အတွင်းဝတ် အင်္ကျီတွေ၊ ဆောင်းရာသီ ရောက်တော့မှာဆိုတော့ ဆောင်းအဝတ်တွေ လိုတယ်။ ကိုယ်ဝန်ဆောင်တွေအတွက်ဆိုလည်း ကလေးအသုံးအဆောင်တွေ အများကြီးလိုအပ်နေတယ်။ ကျေးဇူးပြုပြီး ကူညီကယ်ဆယ်ရေးပေးဖို့ကိုပဲ တောင်းဆိုချင်ပါတယ်။
မေး။ ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။
အောင်ထိန် (DMG) ပေးပို့သည်။