ရှမ်းပြည်၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့က ကိုးကန့်တပ်ဖွဲ့ MNDAA က အပြီးသတ်သိမ်းပိုက်ပြီးနောက်ပိုင်း မြို့ကိုလည်း ပြန်လည်ထိန်းချုပ်နိုင်ခဲ့တာကြောင့် တိုက်ပွဲအတွင်းက ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် မြို့ခံများထဲမှတချို့သည် မြို့တွင်ပြန်လာနေထိုင်နေကြသည်။
လားရှိုးမြို့ပေါ်က အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (ရမခ) နှင့် နီးကပ်သည့် ရပ်ကွက် (၁၂) အပါအဝင် ရပ်ကွက် (၇)၊ (၉) (၁၀) တို့ကလွဲ၍ ကျန်ရပ်ကွက်များမှ မြို့ခံအများစုသည် ပြန်လာနေထိုင်ကြပြီဖြစ်သည်ဟု နေရပ်ကို ပြန်သွားကြည့်သော ဒေသခံတို့က ပြောဆိုသည်။
နေရပ်ပြန်လာသူတို့သည် အဓိကအားဖြင့် တိုက်ပွဲဖြစ်ချိန်က သယ်ယူမသွားနိုင်သော ပစ္စည်းဥစ္စာများ ပြန်လာသယ်ယူခြင်း၊ မိမိနေအိမ်ဖောက်ထွင်းခံရတာကြောင့် ပြန်လာကြည့်ခြင်း၊ နေအိမ်ခြံဝန်းကျင်တွင် သေဆုံးသူတို့၏ အလောင်းများ ပြန်လာရှင်းကြသည်ဟု နေရပ်ပြန်မြို့ခံတို့က ပြောပါသည်။ လက်ရှိ၌ လားရှိုးမြို့ပေါ်တွင် တိုက်ပွဲငြိမ်သက်နေသော်လည်း အတည်တကျ ပြန်လည်အခြေချနေထိုင်ရန် မဖြစ်နိုင်သေးဟု ပြောဆိုကြသည်။
စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် MNDAA တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများအပြင် ရှော့တိုက်ဒုံး၊ ဒရုန်းဗုံးများ လားရှိုးမြို့ပေါ် လူနေရပ်ကွက်များအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်များနှင့် အမျိုးသမီးအပါအဝင် အရပ်သား ၃၀၀ ကျော် သေဆုံးခဲ့ရ သည်ဟု မြို့ခံလူမှုကူညီရေး ပရဟိတအသင်းထံက သိရသည်။
ယင်းအပြင် ဒေသခံနေအိမ်တချို့လည်း မီးလောင်ပျက်စီးသွားတာကြောင့် နေထိုင်စရာအခက်အခဲ ဖြစ်နေကြ သည်ဟု မြို့ခံတစ်ဦးက ပြောသည်။ ထို့အပြင် ကုန်ဈေးနှုန်းလည်း မြင့်တက်နေသည့်အပြင်၊ တိုက်ပွဲများကြောင့် အလုပ်အကိုင မရှိတော့သည့် အခြေအနေတွင် ဒေသခံများက မိမိနေရပ်၌ ရှေ့ဆက်ပြန်ရပ်တည်နေထိုင်ရန် အာမခံချက်မရှိသည့် ဘဝမျိုးရောက်နေပြီဟုလည်း ဆိုကြသည်။ ထိုအခြေအနေများနှင့် ပတ်သက်ပြီး နေရပ်ပြန် မြို့ခံတချို့ ပြောဆိုသည့် လက်ရှိကာလ လားရှိုးမြို့အကြောင်းကို စုစည်းဖော်ပြလိုက်ပါသည်။
နန်းခမ်းခေါင် (လားရှိုးမြို့ ဒေသခံ)
အခုချိန်တော့ ဘယ်သူမှ ပြန်မနေကြသေးပါဘူး၊ ပြန်တယ်ဆိုတာကလည်း ပစ္စည်းဥစ္စာတွေ ပြန်သယ်ကြတာပေါ့။ တိုက်ပွဲဖြစ်တုန်းက ဘာပစ္စည်းဥစ္စာမှ မသယ်နိုင်ဘူးလေ။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ပြေးလာကြရတာ။ အခုကပြန်ပြီး ပစ္စည်းဥစ္စာသယ်တယ်၊ ပြန်ထွက်လာတယ်။ ပြန်သွားပြီးနေကြမယ် ဆိုတာတော့ မရှိသေးဘူး။ ပြီးတော့ တိုက်ပွဲပြန်ဖြစ်မှာကိုလည်း စိုးရိမ်ရသေးတယ်။ လေယာဉ်နဲ့ ဗုံးကြဲလာမှာကိုလည်း ကြောက်ရသေးတယ်။ အဲ့ကြရင် နောက်ထပ်တစ်ခေါက် ထပ်ပြေးရရင် မလွယ်ဘူးလေ။
ကျမတို့မှာလည်း သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ ပြေးရတာမလွယ်ဘူး။ ပြန်နိုင်ပေမယ့် ပြန်နေလို့တော့ အဆင်မပြေဘူး။ ပြီးတော့ အိမ်တွေလည်း မီးလောင်ပျက်စီးသွားပြီဆိုတော့ ဘယ်လိုပြန်နေကြမှာလဲပေါ့လေ။ အိမ်တွေလည်း မီးလောင်၊ ပစ္စည်းဥစ္စာတွေလည်း အကုန်မီးလောင်သွားပြီဆိုတော့ ဘယ်မှာသွားနေကြမှာလဲ မသိ တော့ဘူး။ တချို့က ပြန်သွားပြီး တစ်ညအိပ်နဲ့ ပြန်လာသလို တချို့လည်း မအိပ်ဘဲ ပြန်လာကြတာရှိတယ်။ အခုက အိမ်တွေ သိမ်းခံရမှာကိုလည်း စိတ်မပူတော့ဘူး။ မီးလောင်သွားပြီဆိုတော့ သိမ်းစရာအိမ်လည်း မရှိတော့ဘူး။
တိုက်ပွဲကြောင့် ထွက်ပြေးနေရတာ အခုဆို ၁ လတောင် မပြည့်သေးဘူး။ အထောက်အပံ့တွေ ရနေသေးတယ်။ ပြန်ဖို့အိမ်လည်း မရှိတော့ဘူးဆိုတော့ လောလောဆယ်မပြန်ဖို့တော့ ဆုံးဖြတ်ထားတယ်။ အခုက စစ်တပ်ဘက် စစ်ရှုံးနေပြီဆိုပေမယ့်လည်း နောက်ပိုင်းကြရင် သူတို့လေယာဉ်နဲ့ ဗုံးလာမကြဲဘူးလို့ မပြောနိုင်ဘူးလေ။
တချို့လည်း ပြန်ချင်တယ်ပြောတယ်။ တချို့ကြတော့ တစ်လလောက် စောင့်ကြည့်အုံးမယ် ပြောတယ်။ တချို့တွေကြတော့လည်း တိုက်ပွဲတွေလုံးဝမရှိတော့မှ ပြန်နေကြမယ်ဆိုပြီး တစ်ယောက်တမျိုး ပြောနေကြတာပဲ။
နန်းခမ်းအေး (လားရှိုးမြို့ဒေသခံ)
လောလောဆယ်တော့ လားရှိုးမြို့ထဲ ပြန်သွားကြတဲ့သူတွေတော့ များတယ်ပြောရမလား၊ ၃ ပုံ မှာ ၁ ပုံတော့ ရှိတယ်။ ဒါပေမဲ့ ဝမ်းရေးအတွက်တော့ အလုပ်မရှိဘူး။ ကုန်စုံဆိုင်ဖွင့်ထားတဲ့ ဒေသခံတချို့လည်း ဆိုင်ထဲက ရှိတဲ့ပစ္စည်းတွေကို ကားနဲ့သယ်ပြီး မိုင်းရယ်၊ ကျေးသီး၊ လဲချား လမ်းတလျောက် ဖြန့်ကျက်ပြီး ရောင်းနေတာတွေ ရှိသလို သူတို့ရောက်နေတဲ့ နေရာမှာချပြီး ရောင်းနေတာတွေလည်း ရှိတယ်။ ပစ္စည်းတွေတော့ မစုံဘူးပေါ့။ ပြီးတော့ ကုန်ဈေးနှုန်းတွေလည်း ကြီးသေးတယ်။ အသား ၁ ပိဿာကို ကျပ် ငါးသောင်းလောက် ရှိတယ်။ မီးသွေး တစ်အိတ်ကို တစ်သောင်းငါးထောင်ရှိတယ်။ ကျေးသီးမှာ မီးသွေးက တစ်အိတ်ကို တစ်သောင်းပဲ ရှိတာလေ။
စီးပွားရေး မဖြစ်တဲ့ကြားထဲ အခုကုန်ဈေးနှုန်းတွေက နှစ်ဆကနေ သုံးဆအထိ တက်လာတာ။ ကုန်ပစ္စည်းတွေ ဝယ်ရ၊ ကုန်စိမ်းတွေလည်း ဝယ်ရနဲ့၊ အခုက ကုန်စိမ်းတွေလည်း စိုက်မယ့်သူမရှိ၊ လာရောင်းတဲ့သူလည်း မရှိဘူး။ အဲ့တော့ အသင့်စားအစားအစာတွေ၊ ခေါက်ဆွဲခြောက်တွေ စားရတာပေါ့။ သန့်ရှင်းရေးလုပ်တဲ့ အပိုင်းမှာလည်း အဓိက ကိုယ့်အိမ်မှာကိုယ်ပဲ သန့်ရှင်းရေးလုပ်ကြတယ်။ တချို့ပြန်မလာနိုင်တဲ့ အိမ်တွေနဲ့ သူတို့အိမ်ဘေး တဝိုက်မှာ အပုပ်နံ့တွေရရင် ကိုးကန့်တပ်ကို သွားပြောတယ်။ သူတို့လည်း လာရှင်းပေးပါတယ်။ အလောင်းတွေ တော့ အတိုင်းအတာတစ်ခုထိတော့ ရှင်းနိုင်သလောက် ရှင်းနေကြတယ်၊ အကုန်မရှင်းနိုင်သေးဘူးပေါ့။
ပြီးတော့ လားရှိုးမြို့ကလည်း အရမ်းကျယ်တော့ အလောင်းတွေ လာရှင်းပေးဖို့ လာပြောတဲ့သူတွေ ရှိမှပဲ သွားရှင်းပေးရတာ။ ဒီအတိုင်း အလောင်းတွေလိုက်ရှာပြီး ရှင်းပေးတာတော့ မရှိဘူး။ အခုမြို့ပေါ်မှာ လူတွေ ပြန်စည်ကားလာပေမဲ့ ဘယ်အချိန်ဘယ်အခါမှာ မိုးပေါ်ကနေ ဗုံးကျလာမယ်မသိဘူး၊ ကြောက်နေရတယ်။ သိန္နီမြို့မှာလည်း အတူတူပဲ သူတို့စိတ်ထင်သလို ကြဲတာပဲလေ။ အခုလည်း လားရှိုးမြို့ကို စစ်တပ်က ပြန်သိမ်းမယ်လို့လည်း ပြောထားတော့ ကြောက်နေရတာပေါ့။
ဒီလက်နက်ကိုင် နှစ်ဖွဲ့ကြားမှာ တစ်ဖွဲ့ဖွဲ့က လုံးဝအင်အားမရှိ၊ မတိုက်နိုင်တော့မှဘဲ ကျမတို့တော့ စိတ်ချလက်ချ ဖြစ်မှာ။ အခုကတော့ ဘယ်အချိန် တိုက်ပွဲထဖြစ်မှာလဲမသိတော့ စိုးရိမ်နေရတယ်။ ဒီမှာ သက်ကြီးရွယ်အိုတွေ အတွက်လည်း လုံလုံလောက်လောက် ကုသမှုမရကြဘူး။ ကျန်းမာရေးအတွက် ကူညီထောက်ပံ့မှု လုံလုံလောက်လောက် မရှိဘူး။ လူငယ်တွေအတွက်လည်း အလုပ်မရှိဘူး၊ အရာရာ ခက်ခဲနေတာပေါ့ရှင်။ တချို့လည်း ထိုင်း၊ တရုတ်၊ ဖိလစ်ပိုင်တို့ သွားကြတယ်။ မြန်မာပြည်မှာ ကျားဖြန့်လုပ်ငန်းတွေလည်း ရှိတယ် ဆိုတော့ ကျားဖြန့်သွားလုပ်ကြမလားဆိုပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာကြတာလည်း ရှိတာပေါ့။
ပညာရေးလည်း ဆုံးရှုံးတယ် ကျောင်းတွေလည်း မတက်ရဘူး။ အစစ အရာရာ ဆုံးရှုံးနေတာပေါ့။ ဒီတိုက်ပွဲက တကယ်တော့ ထိခိုက်ဆုံးရှုံးမှုတွေ အများကြီးရှိတယ်။ ရုပ်ပိုင်းအပြင် စိတ်ပိုင်းဆိုင်ရာတွေပါ ထိခိုက်တယ်။ ဒါတွေကို ကုသဖို့၊ နွေးထွေးမှုရဖို့ ဆိုတာလည်း အရေးကြီးတယ်လေနော်။ လောလောဆယ် မဖြစ်လာသေးပေမဲ့ ကျမတို့ကတော့ အဖွဲ့အစည်းတစ်ခုခုကနေ လာလုပ်ပေးဖို့တော့ မျှော်လင့်နေတယ်။ အခုကုန်ဈေးနှုန်းတွေက ကြီးတော့ မစားနိုင်မသောက်နိုင်ဘူး၊ မတတ်နိုင်ဘူးလေ။ ထွက်ပေါက်တွေပဲ များတယ်၊ ဝင်ငွေက မရှိဘူး။
တချို့တွေလည်း ဆွေမျိုးတွေနဲ့အတူ သွားနေရတယ်ဆိုပေမဲ့ ကြာလာရင်တော့ ဘယ်သူက တင်ကျွေးထားမလဲ။ တစ်ရက်စားသောက်စရိတ်က လေးငါးသောင်းလောက် ရှိတယ်လေ၊ ရေရှည်ဆို မခံနိုင်ဘူးလေ။ စစ်ဘေးရှောင် စခန်းမှာ သွားနေရတဲ့သူတွေလည်း အစပိုင်း ထောက်ပံ့မှုရကြပေမဲ့ နောက်ပိုင်းကြရင် ထောက်ပံ့မှုတွေက မလာတော့ဘူးလေ။ အစပိုင်းတုန်းက ရှိသမျှ အလှူရှင်တွေ၊ အသိတွေ လာလှူလာပေးတာရှိပေမဲ့ နောက်ပိုင်းကြ မရှိတော့ဘူး။
တိုက်ပွဲတွေလည်း ငြိမ်နေပြီဆိုတော့ ဘယ်သူမှ သိပ်မလှူကြတော့ဘူး။ တချို့လည်း လယ်ယာတွေရောင်း၊ အိမ်တွေရောင်း၊ နွားတွေရောင်းကြတာပေါ့။ ပိုက်ဆံလိုချင်ရင်တော့ လယ်ယာမြေတွေ ရောင်းရတာပေါ့၊ အခုတော်တော်များများ အဲ့လိုရောင်းကြကုန်ပြီ။ ကျမတို့ဘဝက အာမခံချက်မရှိဘူး။ ဘယ်သူပဲ ထိန်းချုပ် ထိန်းချုပ်၊ သူတို့သိမ်းထားတဲ့ နေရာတွေကိုတော့ သူတို့စီမံချင်သလို သူတို့သိမ်းလို့ရတယ်ဆိုတော့ အလကား အသိမ်းခံရမယ့်အစား ရသလောက်ရောင်းကြတာပေါ့။

ပုံစာ – လားရှိုးမြို့လယ်တနေရာ။
စိုင်းနောင့် (လားရှိုးဒေသခံ အမျိုးသားတစ်ဦး)
လားရှိုးအခြေအနေက အခု တိုက်ပွဲဖြစ်တဲ့အပိုင်းကတော့ ပြီးသွားပြီ။ မြို့ထဲ ပြန်ဝင်တဲ့လူကတော့ ပြန်တာပေါ့၊ ဒါပေမယ့် အိမ်ပြန်ကြည့်တဲ့လူတွေမှာ ၁၀ ယောက်ဆိုရင် ၈ ယောက်လောက်က ပြန်ထွက်လာကြတယ်။ တကယ် ပြန်နေတာတော့ အနည်းစုပေါ့။ နေချင်တဲ့လူနေ၊ သွားချင်တဲ့လူသွား အဲ့လိုပေါ့၊ ကိုးကန့်တွေကတော့ ဘာမှ မပြောပါဘူး။ ကိုယ့်သဘောနဲ့ဆိုရင်တော့ အိမ်မှာ ပြန်မနေရဲသေးဘူး။ ဘာလို့လဲဆိုတော့ စစ်တပ်ရော ကိုးကန့်တပ်ရောက နှစ်ဘက်စလုံး ဆွေးနွေးညှိနှိုင်းတာ မရှိသေးဘူး။ သူတို့ကြား ဆွေးနွေးမှုတစ်ခုခု၊ သဘောတူညီမှုတစ်ခုခု မရှိသေးဘူးဆိုရင်တော့ ဘာသတ်မှတ်ချက်မှ မရှိသေးရင်လည်း ပြန်မနေရဲသေးဘူး။
အခု တကယ်ပြန်နေတာဆိုရင် ဆယ်ပုံမှာတစ်ပုံပဲ ရှိဦးမှာ။ အခုတော့ လားရှိုးမြို့ကို ကိုးကန့်တပ် ထိန်းချုပ်ထား တယ်လို့ပဲ ပြောရမှာ။ ပြည်သူကတော့ ကိုးကန့်အုပ်ချုပ်တာ မကြိုက်လို့ မနေဘူး၊ ကိုးကန့်အုပ်ချုပ်တာ ကြိုက်လို့ ဆက်နေမယ် ဆိုတာလောက်ပဲ ဘာမှမတတ်နိုင်ဘူး အဲ့လိုပဲတွေးနိုင်တယ်။ တကယ်ဆိုရင် သိန္နီတို့၊ လားရှိုးတို့ ဆိုတာ အထူးဒေသ (၁) နဲ့ ဘာမှမဆိုင်ဘူး၊ ကိုးကန့်တပ်က ဒီအထိတိုက်ပြီးတော့ ထိန်းချုပ်တယ်ဆိုတာ တကယ်စဉ်းစားကြည့်ရင် ကျူးကျော်စစ်နဲ့တော့ တူတာပေါ့။
နန်းဆိုင်ဟန် (လားရှိုးမြို့ဒေသခံ ဈေးသည်တစ်ဦး)
လားရှိုးမြို့တော့ တဖြည်းဖြည်းပြန်စည်လာပြီ။ အရင်လောက်တော့ မစည်သေးပါဘူး။ ပြန်နေကြတာ ၃ ပုံမှာ ၁ ပုံ လောက်တော့ ရှိပါတယ်။ မြို့တွေက ဘာတွေပြောင်းလဲသွားလဲဆိုတာက အထင်ကရနေရာတွေမှာ ကိုးကန့်အလံ တွေထောင်ထားတယ်။ လမ်းမှာလည်း ကိုးကန့်စစ်သားနဲ့ ကိုးကန့်ရဲတွေ များတယ်။ ဈေးတွေလည်း နေရာပြောင်း ပြီး ရောင်းကြတယ်။ အခွန်လွတ်ပေါ့၊ ဘာရောင်းရောင်း အခုလောလောဆယ်တော့ အခွန်မဆောင် ရသေးဘူး။ အဓိကရောင်းတာက စားသောက်ကုန်တွေ ရောင်းကြတယ်။ တချို့လည်း ကားပေါ်မှာရောင်း၊ တချို့လည်း မြေကြီးပေါ်မှာ ဈေးခင်းပြီး ရောင်းကြတယ်။
မန်ဆူဘုန်းကြီးကျောင်းရဲ့ ရှေ့နှစ်ဘက်လမ်းမပေါ်မှာ ရောင်းနေကြတာ။ ဆီ၊ ဆား၊ ကြက်သွန်၊ ခရမ်းချဉ်သီး၊ ဟင်းသီးဟင်းရွက်တွေ ရောင်းကြတယ်။ လားရှိုး-သိန္နီ လမ်းမကြီးပေါ်တော့ သန့်ရှင်းရေး တော်တော်များများ လုပ်ဖြစ်ကြပါတယ်။ လမ်းကြိုလမ်းကြားမှာတော့ သန့်ရှင်းရေးပိုင်း မလုပ်ရသေးဘူး။ ဓာတ်တိုင်တွေလည်းကျိုး၊ မီးကြိုးတွေပြတ်ကျ၊ Wifi ကြိုးတွေလည်း တွဲလောင်းကျနေတာ။ မြို့ကြီးက တော်တော်လေး ပျက်စီးသွားတာ။ အခုထိ နေထိုင်ဖို့တော့ ခက်ခဲတယ်။ မြို့ကို ပြန်လည်ထူထောင်ဖို့က အများကြီး လုပ်ရအုံးမယ်။ စားသောက်ကုန် တွေလည်း ဈေးကြီးနေတာ။ အခုက ဘာဝယ်ဝယ် အကုန်ဈေးကြီးနေတာ။
အရင်က ရွာကလူတွေကိုယ်တိုင်စိုက်ပြီး မြို့ပေါ်လာရောင်းကြတယ်။ ဝယ်စားရတာ ဈေးချိုတယ်။ အခုကတော့ ရွာကလူလည်း မြို့ပေါ်တက်မရောင်းတော့ဘူး။ မြို့ပေါ်မှာ တဆင့် သယ်လာရောင်းတဲ့ ဈေးသည်ပဲရှိတယ်။ လက်ရှိဒေသကထွက်တဲ့ဟာ ဘာမှမရှိသေးဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း နည်းပါးတယ်။ ပြောရရင် ဘာအလုပ်မှ မရှိဘူး။ လက်ရှိ ဈေးရောင်းတဲ့အလုပ်ပဲ ရှိတယ်။ တချို့လူငယ်တွေလည်း မြဝတီဘက်မှာ ကျားဖြန့် သွားလုပ်ကြတယ်။ ဒီမှာက လူငယ်တွေ လမ်းပျောက်နေတယ်။ ကျောင်းတွေလည်းမဖွင့်တော့ ဒီအတိုင်း နေနေရတယ်။ ရရာအလုပ်တွေ လုပ်နေရတယ်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။