ကရင်နီပြည်နယ်၊ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီဖွဲ့စည်းမှုနှင့် ပတ်သတ်ပြီး ယင်းကော်မတီဥက္ကဋ္ဌဦးအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းချက်။
ကရင်နီ (ကယား) ပြည်နယ် အတိုင်ပင်ခံကောင်စီက ကရင်နီပြည်နယ် အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။
အဲ့ဒီကော်မတီမှာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ၎င်းအပါအဝင် ကော်မတီဖွဲ့ဝင် ၁၅ ဦးနဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ဖွဲ့စည်းလိုက်ခြင်း ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။
ကရင်နီပြည်နယ်၊ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီကို ဘယ်လို ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းလိုက်တာပါလဲ၊ ဘာတွေ ဆက်လုပ်သွားဖို့ရှိပါလဲ၊ လက်ရှိမှာရော ဘာတွေလုပ်ဆောင် နေလဲဆိုတာနဲ့ပတ်သက်ပြီး ကော်မတီဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ။ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဖွဲ့လိုက်တယ်ဆိုပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ကြေညာထားတာရှိတယ်။ ဆိုတော့ အဲ့ဒီအသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ဖွဲ့လိုက်တာနဲ့ပတ်သက်ပြီး ပြောပြပေးပါလား။
ဖြေ။ ။ ကျနော်တို့ Karenni State Constitution Drafting Committee က ကျနော်တို့ ကြာပြီ၊ ကျနော်တို့ ဖွဲ့စည်းထားတာ ကျနော်တို့ ၂၀၀၃ ကတည်းက ကျနော်တို့ State Constitution ကို ကျနော်တို့ လုပ်လာခဲ့ကြတာ။ ဒါပေမယ့်လည်း ဒီ ၂၀၁၅ ခုနှစ်မှာ ကျနော်တို့ ပြည်နယ်လုံးကျွတ် ညီလာခံလုပ်ပြီးမှ ဒီ second draft ကို ပေါ့နော် ကျနော်တို့ ပြည်နယ်ထဲမှာ ချပြခဲ့တယ်။ ချပြခဲ့ပြီး ၂၀၁၈ မှာ ကျနော်တို့အဖွဲ့ဝင်တွေ တိုးချဲ့ပြီးတော့မှ ပြည်တွင်းပြည်ပပေါ့နော်၊ ဒီ Stakeholders တွေအားလုံး ပါဝင်နိုင်အောင် ကျနော်တို့ကဖွဲ့စည်းခဲ့တယ်။ အဲ့တုန်းကလည်း ကျနော်တို့ကလည်း ကျနော်တို့ ၁၅ ဦးပါပဲ။ တဖြည်းဖြည်း ကျနော်တို့ အဲဒီဟာကို ဆက်လုပ် ခဲ့တာပေါ့။
မေး။ ။ ဒီလိုမျိုး တဖြည်းဖြည်းလုပ်လာကြတာ အခုက ဘယ်အဆင့်၊ ဘယ်အခြေအနေကို ရောက်နေပါပြီလဲ။
ဖြေ။ ။ အခုကတော့ ဒီအနာဂတ်ပေါ့၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်တဲ့အခါမှာ ကျနော်တို့ကအဖွဲ့ဝင် ပြည်နယ်တစ်ခုအနေနဲ့ ကျနော်တို့ပါဝင်နိုင်ရေးအတွက် ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲလာတာပေါ့။ ကျနော်တို့ခေါ်တာ fourth draft၊ fourth draft ကို ကျနော်တို့ရရှိထားပြီး ဖြစ်တယ်။ ဆိုတော့ အခုက ကျနော်တို့ ကြားကာလ၊ ကြားကာလပြီးလို့ရှိရင် ကျနော်တို့ ကာလသုံးပါးကို ကျနော်တို့ဖြတ်သွားရမှာ ဖြစ်ပါတယ်။ ကြားကာလပြီးရင် ကျနော်တို့ Transitional Period (အသွင်ကူးပြောင်းရေးကာလ) ပေါ့၊ Transitional Period ပြီးလို့ရှိရင် ကျနော်တို့ ဖက်ဒရယ်ဒီမိုကရေစီ Building ပေါ့နော်။
မေး။ ။ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး Building Period ကို ဘယ်လိုသွားဖို့ စီစဉ်ထားပါလဲ။
ဖြေ။ ။ Building Period ကို သွားတဲ့အခါမှာ အခုကျနော်တို့က စစ်အာဏာရှင် ပြုတ်ကျပြီးလို့ရှိရင် ကျနော်တို့က အသွင်ကူးပြောင်းရေး ကာလမှာ ကျနော်တို့က အသွင်ကူးပြောင်းရေးအစိုးရကို ကျနော်တို့ ဖွဲ့စည်းဖို့ရှိတယ်။ ဆိုတော့ အဲဒီဘက်ကို ဖွဲ့စည်းတဲ့အခါမှာ ကျနော်တို့က အစိုးရတစ်ရပ်ကို ဖွဲ့စည်းတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လိုအပ်လာတယ်။ အဲဒီအတွက်ကို ကျနော်တို့က အခုထဲကနေမှ ကြိုတင်ပြင်ဆင်ထား တာ ဖြစ်တယ်။ ဆိုတော့ ဖွဲ့စည်းတဲ့ဟာကတော့ ကျနော်တို့ အသစ်မဟုတ်ဘူး။ နဂိုကရှိပြီးသား ကရင်နီပြည် State Constitution Drafting Committee ကိုပဲ ကျနော်တို့က ပြန်လည်မွမ်းမံပြီးတော့မှ ကျနော်တို့ KSCC ရဲ့ Member တချို့နဲ့ နောက်ပြီးမှ ကျနော်တို့ IEC ကပေါ့နော ဒီ Member ၂ ဦးကို ကျနော်တို့ ပြန်ပေါင်းပြီးတော့မှ ကျနော်တို့ ပြန်ဖွဲ့စည်းလိုက်တာ ဖြစ်တယ်။
အဓိကအားဖြင့် ဒီထဲမှာတော့ ကျနော်တို့ အရင်တုန်းက ကရင်နီပြည်နယ်ပေါ့ State Constitution Drafting Committee က လူဟောင်းတွေက ပိုများတာပေါ့နော။ ဘာကြောင့် ကျနော်တို့ ဒီလိုဆုံးဖြတ်ရတာလဲဆိုတော့ ဒီကွန်စတီကျူးရှင်းတစ်ခု ရေးဆွဲတဲ့အခါမှာ ကျနော်တို့က နည်းပညာပိုင်းနဲ့ ကျနော်တို့ concept ပိုင်းပေါ့နော် ဒါ လိုအပ်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ နဂိုကရှိပြီးသားအဖွဲ့ကိုပဲ ကျနော်တို့ တာဝန်ပေးလို့ရှိရင် ပိုပြီးတော့မှ ကျနော်တို့သွားတဲ့ Process က မှန်ကန်မယ်လို့ ကျနော်တို့ အဲ့လိုသုံးသပ်တဲ့ အတွက်ကြောင့် ရှိပြီးသား အဖွဲ့ကိုပဲ ကျနော်တို့ KSCC Member နဲ့ IEC Member ကိုပဲ ကျနော်တို့ ပေါင်းစပ်ပြီးမှ ပြန်ဖွဲ့စည်းလိုက်တဲ့ ပုံစံမျိုး ဖြစ်တာပေါ့နော။ အဲဒါလေးပါ။
မေး။ ။ အသွင်ကူးပြောင်းရေးကာလအတွက် အခြေခံဥပဒေတွေက ဘယ်လောက်အထိ အရေးကြီးပါလဲခင်ဗျ။
ဖြေ။ ။ ကျနော်တို့က ဒီစစ်အာဏာရှင်ပေါ့နော် ကျနော်တို့ရဲ့ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး အတွက်က ကျနော်တို့မှာ နိုင်ငံရေး Road Map တွေ ရှိတယ်။ ဒါကိုသွားဖို့ ပထမဆုံးက စစ်အာဏာရှင် ပြုတ်ကျရေးက အဓိက ဖြစ်တယ်။ သူပြုတ်ကျပြီးတာနဲ့ ကျနော်တို့က ဖယ်ဒရယ်ဒီမိုကရေစီရဲ့ ဖွဲ့စည်းပုံကို အသွင်ကူးပြောင်းရေး ကာလမှာ စဥ်းစားရမှာ ဖြစ်တယ်။ ဒီချိန်မှာ ကျနော်တို့ အဆင်သင့် မလုပ်ထားဘူးဆိုရင် အဲ့ချိန်ကျ ကျနော်တို့ပြည်နယ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးကို အဲချိန်ကျမှ ကျနော်တို့က စဥ်းစားကြမယ်ဆိုရင် ကျနော်တို့က လက်တွေ့မကျဘူးပေါ့။ အခုကတည်းက ပြင်ဆင်ထားမယ်ဆိုရင် အသွင်ကူး ပြောင်းရေး ကာလရောက်တာနဲ့ ကျနော်တို့ စဥ်းစားချက်တွေကို လက်တွေ့အကောင်အထည် ဖော်ဆောင်ဖို့ ရှိတယ်ပေါ့နော် တစ်ခါတည်းပေါ့။ အဲ့ဒီအတွက် ကျနော်တို့ ကြိုတင်ပြင်ဆင်ထားတဲ့ သဘောပါပဲ။
မေး။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးကော်မတီကို ဘယ်လိုရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထားတာပါလဲ။
ဖြေ။ ။ ကျနော်တို့က ပြည်နယ်ကိုယ်စားပြု ကျနော်တို့ လိုအပ်တယ်။ ကျနော်တို့ရည်မှန်းချက်က ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ ဖြစ်တယ်။ အဲ့ဒီအခါမှာ ကျနော်တို့က ဖယ်ဒရယ်လို့ပြောပြီဆိုရင် ဖယ်ဒရယ် ပြည်ထောင်စုမှာ constitution ရှိသလို ကျနော်တို့ state တွေမှာလည်း constitution ရှိတယ်။ အဲ့ဒီအတွက်ကြောင့် ကျနော်တို့ပြည်နယ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ကိုယ်တိုင် ရေးရမှာဖြစ်တယ်။ ပြည်နယ်ရဲ့အစိုးရအဖွဲ့ကို ကျနော်တို့ကိုယ်တိုင် ဖွဲ့စည်းရမှာဖြစ်တယ်။ ဒါ ဖယ်ဒရယ် concept အရ အဲ့ဒီအတွက် ကျနော်တို့က ပြင်ဆင်မှုမရှိဘူးဆိုရင် ကျနော်တို့အတွက်က ရောက်တဲ့အချိန်ကျမှ ဗရုတ်သုတ္ခ ဖြစ်သွားနိုင်တယ် ပေါ့ဗျ။ အဲဒီချိန်မှဆွေးနွေးရင် ဒါကြောင့်မလို့ အခုချိန်ကတည်းက ကြိုတင်စဥ်းစားရမယ်။ ကြိုတင်သဘောထား တွေ ရယူထားရမယ်။
ကြိုတင်ပြီးတော့မှ ပြင်ဆင်ထားတယ်ဆို ကျနော်တို့အတွက် အနာဂါတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ အဖွဲ့ဝင်ပြည်နယ်တစ်ခုဖြစ်ဖို့ ခိုင်မာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ ချမှတ်ထားဖို့ အရေးကြီးတယ်။ ကျနော်တို့မှာမရှိဘဲ ကျနော်တို့ကိုယ်တိုင်က မပြင်ထားဘဲနဲ့ ဖယ်ဒရယ်စနစ်ကိုသွားမယ်၊ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိပြီးတော့မှ တိုင်းရင်းသားတန်းတူရေး တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖယ်ဒရယ်စနစ်ကို တည်ထောင်ဖို့ ဖယ်ဒရယ်ပြည်ထောင်စု ထဲက ပြည်နယ်တစ်ခုအနေနဲ့ ရပ်တည်သွားမယ်၊ ဘာညာနဲ့ ကျနော်တို့ပြောပေမယ့် ကျနော်တို့က လက်တွေ့ကျဖို့ လိုတယ်လေ။ အဲ့ဒီအတွက် ကျနော်တို့ constitution က အရေးကြီးတာပေါ့။ အဲဒီရည်ရွယ်ချက်ကြောင့် ကျနော်တို့ ရေးတာပေါ့လေနော်။ အနာဂါတ်အတွက် ကြိုတင်ပြင်ဆင်ထားတာ ဖြစ်တယ်။
NMG ပေးပို့သည်။