အာရက္ခတပ်တော် (AA) ၏ ၂၀၂၅ ခုနှစ် စစ်ရေး၊ နိုင်ငံရေးအခင်းအကျင်းအပေါ် ရခိုင့်နိုင်ငံရေးအကဲခတ်တစ်ဦး ဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်နှင့် ဆက်သွယ် မေးမြန်းချက်။
ရခိုင်ပြည်က မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထားသော အာရက္ခတပ်တော်သည် လက်ရှိတွင် စစ်တွေမြို့၊ ကျောက်ဖြူမြို့ အပါဝင် ရခိုင်ပြည်အရှေ့ဘက် ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် ဧရာဝတီတိုင်းတို့ကို စစ်မျက်နှာဖွင့်ကာ မဟာမိတ်တပ်တို့နှင့် ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိနေသည်။
AA ၏ စစ်မျက်နှာသစ်များက ပြည်မဘက်ရှိ စစ်ကောင်စီ၏ ကပစ (ကာကွယ်ရေးပစ္စည်းစက်ရုံ) စက်ရုံများကို ခြိမ်းခြောက်လာမှု၊ မြို့တော် စစ်တွေ၊ ကျောက်ဖြူတို့၏ စစ်ရေးအလားအလာ၊ တရုတ်ပါဝင်မှု အခန်းကဏ္ဍ စသည့် ၂၀၂၅ ရခိုင်ပြည်၏ စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းနှင့် ပတ်သက်ပြီး ရခိုင့်နိုင်ငံရေး အကဲခတ်တစ်ဦးဖြစ်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်ကို ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ပထမဆုံးအနေနဲ့ စစ်အာဏာရှင်တော်လှန်ရေးနဲ့ AA ရဲ့ အခန်းကဏ္ဍကို သုံးသပ်ပေးပါဦး။
ဖြေ။ ။ အခု မြန်မာနိုင်ငံရေးအခင်းအကျင်းရဲ့ ၂၀၂၁ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ လက်နက်ကိုင် တော်လှန်ရေးက တစ်နိုင်ငံလုံးကိုပျံ့နှံ့သွားတယ်။ အထူးသဖြင့် ၁၀၂၇ ရှမ်းမြောက်မှာဖြစ်ပေါ်ပြီးနောက်ပိုင်းမှာ AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ရဲ့ တိုက်ပွဲဖော်ဆောင်မှုနဲ့ မြို့တွေနယ်တွေသိမ်းပိုက်ခြင်းဟာ တော်တော် ရှေ့ကိုရောက်လာတယ်။ အဲဒီအတွင်းမှာ မြန်မာနိုင်ငံမှာရှိနေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေကိုလည်း စောင့်ကြည့်လာရတယ်။ AA ရဲ့လှုပ်ရှားမှုဆိုရင် အကုန်လုံးကသတိထားပြီးတော့ စောင့်ကြည့်တယ်။ လေ့လာ တယ်။ သုံးသပ်တယ်။ နောက်ပြီးတော့ AA ဆီကို မဟာမိတ်အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ တော်တော်များများ ချဉ်ကပ်ပြီးဝင်ရောက်လာတယ်။
ဒီအချိန်မှာ ရခိုင်ပြည်မှာလည်း မြို့နယ်အများစုကို AA က သိမ်းပိုက်လိုက်တယ်။ AA နဲ့ ဆက်စပ်တဲ့နေရာတွေ မှာလည်း တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းပါဝင်မှုတွေရှိလာတယ်။ ဒီတော့ အထူးသဖြင့် ရခိုင်ရိုးမရဲ့ အရှေ့၊ ဧရာဝတီမြစ်အနောက်ခြမ်းမှာ တိုက်ပွဲတွေပေါ်လာတယ်။ ဒါကလည်း မြန်မာတစ်နိုင်ငံလုံးက ဖက်ဆစ်စစ်အစိုးရ ကို လက်မခံတဲ့အတွက် တော်လှန်ချင်တဲ့စိတ်၊ သူတို့ရဲ့အာဏာရှင်စနစ်ကို မုန်းတီးရွံရှာတဲ့စိတ်နဲ့ ပူးပေါင်းလာတဲ့ အခါမှာ အားကျစရာ၊ မိတ်ဖက်အဖြစ် ပေါင်းစည်းစရာဆိုပြီးတော့ AA ကို ပေါင်းစည်းဝင်ရောက်လာကြတယ်။ AA အားကိုယူပြီးတော့ အဲဒီနေရာတွေမှာ သိမ်းဆည်မှုတွေဖြစ်လာတယ်လို့ ကျနော်နားလည်ပါတယ်။
မေး။ ။ အာရက္ခတပ်တော်က မကွေး၊ ပဲခူး၊ ဧရာဝတီတိုင်းတို့ကို မဟာမိတ်တွေနဲ့ ထိုးစစ်ဆင်နေတယ်ဆိုတော့ ကပစ စက်ရုံတွေအတွက် ဘယ်လောက်အတိုင်းအတာထိ သက်ရောက်နိုင်ပါလဲ။
ဖြေ။ ။ ရခိုင်ရိုးမ အရှေ့ခြမ်းမှာရှိတဲ့ စစ်လက်နက်ထုတ်လုပ်တဲ့စက်ရုံတွေဟာ မြန်မာနိုင်ငံမှာရှိတဲ့ စက်ရုံ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်တောင်ရှိမယ်။ ဒီစက်ရုံတွေကလည်း အင်မတန်အရေးပါတယ်။ စက်ရုံတွေက ထုတ်လုပ်လိုက်တဲ့ စစ်လက်နက်တွေ၊ ဗုံးတွေ၊ ကျည်တွေနဲ့ ပြည်သူတွေကို ပစ်ခတ်နှိမ်နင်းပြီးတော့ အကြမ်းဖက် နေတာဖြစ်တယ်။ အဲဒီကထွက်လာတဲ့ လက်နက်ခဲယမ်းတွေဟာ ပြည်သူတွေကိုအကြမ်းဖက်ဖို့အတွက် ဖက်ဆစ် မအလ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) အစိုးရကထွက်တဲ့ လက်နက်တွေ၊ ကျည်တွေနဲ့ အားယူပြီးတော့ ပြည်သူတွေကို အကြမ်းဖက်နေတာဖြစ်တယ်။
ဒီစက်ရုံတွေဟာ စစ်ကောင်စီအတွက် အင်မတန်အရေးပါတာကြောင့် မဖြစ်မနေသိမ်းရပါလိမ့်မယ်။ ဒါမှသာ ဖက်ဆစ်စစ်တပ်ရဲ့ လက်နက်ကျည်ထောက်ပံ့မှုကို ဖြတ်တောက်နိုင်ဖို့ထဲက တစ်ခုဖြစ်တယ်။ အဲဒီဟာတွေကို သိမ်းပြီးမှသာ ဒီတော်လှန်ရေးဟာ AA ရဲ့ တော်လှန်ရေး၊ တခြားပြည်မမှာရှိတဲ့ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့ပေါင်းစုံရဲ့အားဟာ ပိုပြီးတော့ ရှေ့အလားအလာကောင်းနိုင်လိမ့်မယ်။
မေး။ ။ ပြည်မက တိုင်း ၃ တိုင်းကို AA ရဲ့ထိုးစစ်ဆင်လာမှုက နေပြည်တော်ကို ဘယ်လောက်ရိုက်ခတ်နိုင်ပါလဲ။
ဖြေ။ ။ AA က တိုင်း ၃ တိုင်းကို ဝင်ရောက်လာတာ ရခိုင်ပြည်နဲ့ တဆက်တစပ်တည်း ဖြစ်လို့ပေါ့။ သိရသလောက် မြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေ အထူးသဖြင့် ဗမာအများစုပါတဲ့ တော်လှန်ရေးအင်အားစုတွေက အစဖြစ်တယ်။ ဖြစ်နိုင်ရင် ဒီနေ့တော်လှန်ရေးမှာ ဦးဆောင်မှုအခန်းကဏ္ဍကို AA ရဲ့တပ်မှူးချုပ်တို့၊ KIO က ဂွန်မော်တို့ ပုဂ္ဂိုလ်မျိုးတွေကို ဦးဆောင်ပေးစေချင်တဲ့ အသံမျိုးတောင် ကျယ်ကျယ်လောင်လောင် ထွက်လာတာ ရှိတယ်။ ဆိုတော့ ဒီပုဂ္ဂိုလ်တွေရဲ့စစ်ဆင်ရေးဗျူဟာကို နှစ်သက်ကြတယ်ပေါ့။
ဒါကြောင့် အခု AA ရဲ့ အခု တိုင်း ၃ တိုင်းကို ဖြန့်လာတဲ့စစ်ဆင်ရေးကို အားရကြတယ်။ ပူးပေါင်းပါဝင်မှုရှိတယ်။ အခုဖြစ်နေတဲ့ စစ်ဆင်ရေးကနေ နောက်ထပ် ရှေ့ကိုသွားမယ့်ခြေလှမ်းဟာ နေပြည်တော်မှာရှိတဲ့ ဖက်ဆစ်စစ်တပ် ဟာ အိပ်လို့မရစားလို့မဝင်ဆိုတဲ့ အနေအထားမျိုးထိရောက်နိုင်တယ်။ သူတို့တွေရဲ့ထိုင်ခုံတွေဟာ လှုပ်လာတယ်။ ဖက်ဆစ်စစ်တပ်ရဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်ဟာ လုံးဝပြိုလဲသွားနိုင်တဲ့ အနေအထားအထိရောက်လာနိုင်ပါတယ်။
မေး။ ။ နောက်တစ်ခုက လက်ရှိစစ်တွေနဲ့ ကျောက်ဖြူတို့ရဲ့စစ်ရေးအရွှေ့က ဘယ်လိုဖြစ်လာနိုင်ပါလဲ။
ဖြေ။ ။ ရခိုင်ပြည်မြို့တော် စစ်တွေပေါ့ဗျာ။ တနည်းအားဖြင့် အဲဒီမှာအိန္ဒိယရဲ့ရင်းနှီးမြုပ်နှံမှု ကုလားတန် စီမံကိန်းရှိတယ်။ နောက်တခါ တရုတ်စီမံကိန်းရဲ့အချက်အချာကျတဲ့ ကျောက်ဖြူမြို့၊ ဒီမြို့နှစ်မြို့ကိုတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံတကာဆက်ဆံရေးအရသော်လည်းကောင်း ဒီနိုင်ငံကြီးတွေရဲ့ရင်းနှီးမြုပ်နှံမှုအရ သော်လည်းကောင်း တိုက်ပွဲတွေကဖယ်ထားပြီးတော့ ညှိနှိုင်းပေးခြင်းအားဖြင့် AA လည်း ရခိုင်ပြည်ကို အတိုင်းအတာတစ်ခုအထိ နားလည်မှုနဲ့ အုပ်ချုပ်မှုရမယ်ဆိုရင်တော့ ပြည်သူတွေလည်း ထိခိုက်သေကြေပျက်စီးမှု သက်သာမယ်။ ဟိုဖက်ဒီဖက်အတွက် ကောင်းလိမ့်မယ်။ ဒါနိုင်ငံရေးအရ တွေးကြည့်တာလေ။
သို့သော် အခုက မအလ (ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်) စစ်တပ်က အဲဒီလိုမျိုး နိုင်ငံရေးအတွေးခေါ်အယူအဆ မရှိဘူး။ သူတို့ကတော့ ဘယ်လောက်ပဲပြည်သူတွေနာနာ ဘယ်တိုင်းရင်းသားပဲ ပြာဖြစ်သွားသွားဂရုမစိုက်ဘူးပေါ့။ အရာရာကို ကိုယ့်ခုံမြဲရင်ပြီးရောဆိုပြီး အနေထားရောက်လာတယ်ပေါ့ဗျာ။ ဒီဟာရဲ့ နောက်ဆက်တွဲအရ အခုဆိုရင် ကျောက်ဖြူနဲ့ အနီးအနားနေရာတွေ၊ နေဗီ (Navy) တွေရှိတဲ့နေရာမျိုးမှာ ကျည်ပေါက်လာတယ်။ ထိုနည်းတူပဲ စစ်တွေမြို့ရဲ့အစွန် မြို့ကိုရံထားတဲ့ ရပ်ကွက်၊ကျေးရွာတွေမှာ ကျည်ပေါက်လာတယ်။ ဆိုလိုတာကတော့ ဒီကိစ္စက မကြာခင်မှာ ပွဲပြတ်သွားနိုင်တယ်။ နောက်ရခိုင်ပြည်မှာ ပလက်ဝအပါဝင် မြို့နယ် ၁၅ မြို့နယ်ကို သိမ်းထားပြီး တော့ နားနေတဲ့ကာလတစ်ခု ရောက်သွားပြီးဆိုတဲ့အချိန်မှာ အကယ်၍ တက်ပြီးသိမ်းဖို့ဆိုရင်တော့ AA အတွက် သိပ်ခက်ခဲလိမ့်မယ်မထင်ဘူး။ ဒီအခက်ခဲတွေကိုလည်း AA ကျော်နိုင်မှာပါ။
ဘာဖြစ်လို့လည်းဆိုတော့ ရခိုင်ပြည်ရဲ့နယ်မြေအားလုံးနီးပါး တနံတလျားသိမ်းလာပြီးတော့ ဒီနေရာတွေကို ဝိုင်းလိုက်ပြီးဆိုရင်တော့ ဒီဟာတွေက ရခိုင်ပြည်ရဲ့အလယ်ပိုင်းမှာရှိတဲ့ကျောက်ဖြူနဲ့ မြောက်ပိုင်းမှာရှိတဲ့ စစ်တွေ ကလည်း AA က ဝိုင်းဝန်းထိန်းချုပ်ထားပြီးသားဖြစ်တယ်။ ပြည်သူတရပ်လုံးကလည်း ဒီနေရာတွေကိုသိမ်းဖို့ မျှော်လင့်နေတယ်။ ဆိုတော့ ပြည်သူအားလည်းပါတယ်။ ဒီစစ်အာဏာရှင် ဖက်ဆစ်စစ်တပ်ဟာလည်း နေရာတိုင်း မှာကျရှုံးနေတယ်။ အကယ်၍ AA ကသာ သိမ်းမယ်ဟေ့ဆိုရင် သူတို့ကြောက်လန့်ပြီးတော့ အလံဖြူထောင်ပြီး တော့ လက်နက်ချသွားနိုင်တယ်ဆိုတဲ့ အနေအထားမျိုးမြင်တယ်။ သိပ်တော့ ကြာမယ်မဟုတ်ပါဘူး။ ရခိုင်ပြည် ဟာ AA ရဲ့ထိန်းချုပ်မှုအောက်ကို လုံးဝရောက်သွားလိမ်မယ်လို့ ခန့်မှန်းမိတယ်။
မေး။ ။ စစ်တွေနဲ့ ကျောက်ဖြူမြို့တို့ကိုသာ AA သိမ်းပိုက်နိုင်ရင် တရုတ်နဲ့အိန္ဒိယတို့ရဲ့ ဆက်ဆံရေးတွေမှာ ဘယ်လိုရှိလာနိုင်ပါလဲ။
ဖြေ။ ။ မြို့တော် စစ်တွေ၊ ကျောက်ဖြူတို့ကို ပြတ်ပြတ်သားသားသိမ်းပစ်လိုက်ပြီဆိုရင် သေချာပေါက် အဲဒီနိုင်ငံတွေကတော့ ကိုယ်စားလှယ်လွှတ်ပြီး တနည်းမဟုတ်တနည်း နိုင်ငံရေးနည်းအရချဉ်းကပ်ပြီးတော့ စကားပြောကြရမှာဖြစ်ပါတယ်။ ဒါကတော့ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုလားတန်စီမံကိန်းဆိုတာ အိန္ဒိယရဲ့ကုန်းတွင်းပိတ် ပြည်နယ်တွေကိုထောက်ပံ့ဖို့အတွက် အရေးပါတယ်။ ဒီအတွက်လည်း ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးပြီးလုပ်ထားတာ။
ဒီအတွက် သူတို့ဒေသဖွံ့ဖြိုးဖို့ ရခိုင်ပြည်မှာအုပ်ချုပ်လာမယ့် AA ရဲ့ခေါင်းဆောင်တွေနဲ့ သေချာပေါက်စကားပြော ကြရမှာ။ ထိုနည်းတူ ကျောက်ဖြူစီမံကိန်းဆိုတာလည်း တရုတ်ရဲ့စွမ်းအင်ပိုင်းဆိုင်ရာ ဂတ်စ်တို့၊ ရေနံတို့ကို ထောက်ပို့တဲ့ လမ်းကြောင်းပေါ်မှာရှိတယ်။ ဒီဟာအတွက်လည်း သူတို့သေချာပေါက် AA က တာဝန်ရှိတဲ့ ခေါင်းဆောင်တွေနဲ့ သံတမန်ရေးအရသော်လည်းကောင်း ပုံစံတစ်မျိုးမျိုးနဲ့တော့ ချဉ်းကပ်ဆက်သွယ်ပြီးတော့ ဒီကိစ္စကိုအဖြေရှာကြရမှာပေါ့လေ။
မေး။ ။ AA က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုပြီး ကမ်းလှမ်းချက်စာတစ်စောင်ထုတ်ခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်။ ဆိုတော့ ရှေ့ဆက် ဘယ်လိုမြင်တွေ့ရနိုင်ချေရှိပါလဲ။
ဖြေ။ ။ ဂွမြို့ကိုသိမ်းပြီး AA က နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမယ်လို့စာထုတ်တာ၊ ဒါကတော့ AA က သူ့အနေနဲ့ ရခိုင်ပြည်မြောက်ဖျားကနေဝင်လာပြီးတော့ နောက်ဆုံးတောင်ဖက်အစွန်းဆုံး ဂွမြို့ကိုသိမ်းပြီးတဲ့အချိန်မှာ ရခိုင်ပြည်ကို ဆုပ်ကိုင်နိုင်ပြီဆိုတဲ့အနေအထားနဲ့ ကြေညာတာ။ ဒါက အင်မတန်သဘာဝကျပါတယ်။ တဖက်မှာ AA ကမ်းလှမ်းလိုက်တဲ့ထုတ်ပြန်ချက်ကိုက ရှင်းရှင်းပြောလို့ရှိရင် မအလ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) စစ်ဘီးလူက ဒီဟာကိုဘယ်လိုနည်းနဲ့မှ တုံ့ပြန်လာတာမရှိဘူး။
တုံ့ပြန်ဖို့ကလည်း အင်မတန်သွေးဆာနေတဲ့သူတစ်ယောက်ဖြစ်တယ်။ ဒီဟာတွေဆုံးရှုံးသွားလည်း ဂရုမစိုက်ဘူး ဆိုတဲ့အနေအထားမျိုးလည်း မြင်ရတယ်။ ဒါကြောင့်လည်း စစ်ကောင်စီဟာ တဖြည်းဖြည်းနဲ့ နယ်မြေပေါင်းစုံမှာ ဆုံးရှုံးလာတာဖြစ်တယ်။ ဒီဟာအတွက်ကို တချို့တချို့သောပုဂ္ဂိုလ်တွေက အသံတွေပေးကြတာပေါ့။ နိုင်ငံရေးအရ ဖြေရှင်းရတော့မယ်။ အာဆီယံအပါဝင် တခြားသောနိုင်ငံတွေကလည်း ဒီဟာမျိုးတွေကိုခေါ်ပြီးတော့ ညှိပေးတာ မျိုးရှိတယ်။ ဒါပေမဲ့ သူတို့ (စစ်ကောင်စီ) က အမြဲတမ်းအပေါ်စီးမှာနေမယ်။ သူတို့ပြောတဲ့အတိုင်းပဲ လုပ်ရမယ် ဆိုတဲ့အနေအထားမျိုးပေါ့။
ဒီအချိန်အထိ အာဏာရှင်ဆန်ပြီးတော့ တစ်ကိုယ်ကောင်း သူ့ကိုယ်ကျိုးလောက်ပဲကြည့်တာဖြစ်တယ်။ ဒါကြောင့် အခုအချိန်အထိ နိုင်ငံရေးစေ့စပ်ညှိနှိုင်းမှုမရနိုင်တာပါ။ အခုဆို နိုင်ငံတကာကလည်း ဖမ်းဝရမ်းထုတ်တဲ့ အဆင့်အထိ ဖြစ်လာတယ်ဆိုတဲ့အခါမှာ စေ့စပ်ညှိနှိုင်းဖို့ နိုင်ငံရေးစကားပြောဖို့က ခက်နေပါဦးမယ်။ တနည်း အားဖြင့်ပြောရရင် ဒီစစ်မိစ္ဆာအုပ်စုကို ရှင်းပလိုက်ပြီးမှသာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးတို့၊ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့ ဖြစ်လာလိမ့်မယ်လို့မြင်တယ်။
မေး။ ။ စစ်ကောင်စီနဲ့ AA တို့ ကူမင်းမြို့မှာ ဆွေးနွေးဖို့ရှိတယ်လို့သိထားရတယ်။ ဒီဆွေးနွေးပွဲက ရခိုင်စစ်ရေး အရှိန်ကို လျော့ချနိုင်မယ်လို့ ပြောလို့ရနိုင်မလား။
ဖြေ။ ။ ကျနော်ထင်တယ် သိပ်တော့ဖြစ်နိုင်ဖွယ်မရှိဘူး။ ဘာဖြစ်လို့လည်းဆိုတော့ စောစောကဖြေတဲ့အထဲမှာ လည်းပါတယ်။ ဂွမြို့ကိုသိမ်းပြီးတဲ့အခါမှာ ဆွေးနွေးဖို့တည့်တည့်ပြောတာလေ။ ဒါပေမဲ့ တုံ့ပြန်တာမရှိဘူးဗျ။ နောက်တခုကလည်း အခုရခိုင်ပြည်မှာ စောစောကပြောသလို ကျောက်ဖြူတို့၊ စစ်တွေတို့မှာ ကျည်ပေါက်လာပြီ။ သိမ်းပိုက်ဖို့ဆို ဒီနယ်မြေက ကျနော်တို့နယ်မြေလေဗျာ။ ကျနော်တို့ဘက်ခြမ်းထဲမှာ ကျနော်တို့ရခိုင်ပြည်သူတွေပဲ ရှိတာ ဘယ်အချိန်မှာဖြစ်ဖြစ် ဘင်္ဂလားပင်လယ်ကို မောင်းထုတ်ပစ်လို့ရတဲ့အနေအထားရှိတယ်။
ဒုက္ခပေးနိုင်တာကတော့ လေကြောင်းကနေပြီးတော့ဗုံးလာကြဲမယ်။ ပင်လယ်ကနေပြီးတော့ အဝေးကနေ လှမ်းပစ်မယ်ဆိုတဲ့ အနေအထားလောက်ဖြစ်နေမှာပဲ။ ဒါကတော့ ကာလတခုဖြတ်ရမှာ။ တရုတ်ကြီးကနေပြီးတော့ မင်းတို့ညှိနှိုင်း ဘာညာဆိုတဲ့ဟာတွေက မအလ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) မှာ ကိုယ်တိုင်က ဒီလိုမျိုး တွေးခေါ်ဖို့ လိုက်လျောလိုတဲ့ဆန္ဒမပေါ်တော့ ဘယ်လိုနဲ့မှ မဖြစ်နိုင်ဘူးလေ။ နောက် AA ရဲ့ ဦးစီးချုပ်က ပြောပြီးသား အင်္ဂါဂြိုလ်ကလာတားရင်တောင် တိုက်မှာပဲဆိုတာမျိုး ပြောထားပြီးသား။ အခုစလည်း စနေပြီ ဆိုတော့ ဒီအချိန်မှ အဲဒီလိုညှိနှိုင်းလို့လည်း အဖြေတစ်ခုတော့ ရမယ်မထင်ပါဘူး။
မေး။ ။ အခု ၂၀၂၅ ခုနှစ်မှာ ရခိုင်ပြည်ရဲ့ စစ်ရေး၊ နိုင်ငံရေးအလားအလာ ဘယ်လိုသုံးသပ်နိုင်ပါလဲ။
ဖြေ။ ။ ယုံကြည်မှုကတော့ ၂၀၂၅ ခုနှစ်မှာ ရခိုင်တစ်ပြည်လုံးဟာ AA ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွား လိမ့်မယ်လို့ ကျနော် မြင်ပါတယ်။ AA ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီဆိုရင် ဒေသလုံခြုံရေးအတွက် စောစောကပြောတဲ့ အင်အားကြီးနိုင်ငံတွေ ရင်နှီးမြုပ်နှံမှုတွေလည်း ရှိတယ်ဆိုတော့ သူတို့ကလည်း သံတမန်ရေး အရလည်းကောင်း သူတို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက်သော်လည်းကောင်း မဖြစ်မနေ ရခိုင်ပြည်မှာ ပြည်သူတွေကို အခုလို လက်နက်ကြီးပစ်တာ လေယာဥ်နှင့်ပစ်တာတို့ သေချာပေါက်တနည်းနည်းနဲ့ သူတို့ ဟန့်တားပေးနိုင်လိမ့်မယ်လို့ မြင်တယ်။ တဖက်မှာလည်း ပြည်မမှာရှိတဲ့ နိုင်ငံရေးအခင်းအကျင်းပေါ့ဗျာ။ အပြောင်းအလဲတခုတော့ ဖြစ်လာမှာပေါ့။
ဘာဖြစ်လို့လည်းဆိုတော့ အခုတောင်မှ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်တွေဟာ AA အနေနဲ့ဆိုလည်း တိုင်းသုံးတိုင်းကိုဝင်လာတယ်။ အရှေ့ဘက်က တိုက်လာတဲ့တပ်တွေပေါ့ဗျာ။ အခုဆို ပဲခူးတိုင်းလိုမျိုးမှာဆိုရင် တော်တော်လေးရောက်လာပြီဖြစ်တယ်။ အခြားအထက်ပိုင်းမှာဆိုရင်လည်း မေမြို့ (ပြင်ဦးလွင်) တို့၊ နောင်ချိုတို့လိုအထိ ဆင်းလာကြတဲ့ အနေအထားတွေ့ရတယ်။ အထက် ကချင်ဘက်မှာဆိုလည်း ဒီတိုင်းပဲ အောက်ကို တဖြည်းဖြည်းနဲ့ ဆင်းလာတဲ့အနေအထားမျိုးတွေကို ကျနော်တို့မြင်နေရတဲ့အတွက် ရခိုင်ပြည်သူတွေ အတွက်ကတော့ ပြန်လည်ထူထောင်ရေးနဲ့ ရခိုင်ပြည်တည်ဆောက်ရေးဘက်မှာနေပြီးတော့ ကျနော်တို့ ၂၀၂၅ နှောင်းပိုင်းမှာ စတင်ပြီးတော့ အရှိန်အဟုန်ပြင်းပြင်းနဲ့လုပ်ဖို့အတွက်တော့ လမ်းကြောင်းကို မြင်နေရတယ်လို့ ကျနော်ပြောချင်တယ်။
မေး။ ။ အခုလို အချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အောင်ထိန် (DMG) ပေးပို့သည်။