28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူးအွန်လိုင်းအသုံးပြုလုပ်ကိုင်သူများကြား ဆိုက်ဘာလုံခြုံရေးဥပဒေကြောင့် ကြုံလာကြရသည့် အကျပ်အတည်းစကားသံများ။

အွန်လိုင်းအသုံးပြုလုပ်ကိုင်သူများကြား ဆိုက်ဘာလုံခြုံရေးဥပဒေကြောင့် ကြုံလာကြရသည့် အကျပ်အတည်းစကားသံများ။

စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကို ၂၀၂၅၊ ဇန်နဝါရီ ၁ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းလိုက်ပြီးနောက် သျှမ်းပြည်တဝှမ်းတွင် မိုဘိုင်းလ်အော်ပရေတာများအား ဖုန်းဒေတာဖြင့် အသုံးပြုကြသည့် အင်တာနက်မြန်နှုန်းသည် နှေးကွေးသွားပြီး ဆိုရှယ်မီဒီယာလူမှုကွန်ရက်များ အသုံးပြုနိုင်ရေးအတွက် VPN ချိတ်ဆက်ရာတွင်လည်း ပိုမိုခက်ခဲလာကြောင်း ဒေသနေလူငယ်များက ပြောသည်။

စစ်ကောင်စီ၏ ဆိုက်ဘာလုံခြုံရေးဥပဒေထဲတွင် ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ဗွီပီအန် (VPN) ထူထောင်ခြင်း သို့မဟုတ် ဝန်ဆောင်မှုပေးခြင်း၊ အီလက်ထရွန်နစ် နည်းပညာအသုံးပြုပြီး အလွဲသုံးစားပြုလုပ်ခြင်းနှင့် အွန်လိုင်းလောင်းကစားစနစ် တည်ဆောက်ခြင်းတို့အတွက် ထောင်ဒဏ်နှင့်ငွေဒဏ် ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီက ယခုပြဋ္ဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေသည် လူထုကို သတင်းအမှောင်ချပြီး နိုင်ငံသား များ၏ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိန်းချုပ်ရန်နှင့် VPN အသုံးပြုသူများကို ဖမ်းဆီးရန်သာ လုပ်ဆောင်သည့် သဘောဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူများက ထောက်ပြပြောဆိုသည်။

လက်ရှိတွင်လည်း ဖုန်းဒေတာဖြင့် အင်တာနက်အသုံးပြုပြီး သက်ဆိုင်ရာအက်ပလီကေးရှင်းများမှ တဆင့် အွန်လိုင်းငွေပေးချေမှုများ ပြုလုပ်ရာတွင်လည်း နှေးကွေးလွန်းသည့် အင်တာနက်လိုင်းကြောင့် နှောင့်နှေး ကြန့်ကြာမှုများ ကြုံတွေ့နေရသလို အွန်လိုင်းအသုံးပြုလုပ်ကိုင်သူများကြား ကြုံတွေ့နေရသည့် အကျပ်အတည်း များနှင့် ပတ်သက်ပြီး ဒေသခံများတချို့၏ စကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။

နန်းစံခမ်း (အွန်လိုင်းမှ ပစ္စည်းရောင်းဝယ်သူ)

ညီမ အွန်လိုင်းမှာဈေးရောင်းတော့ ပုံတွေ၊ ဗွီဒီယိုတွေ တင်ရတယ်။ အဲ့ဒါ VPN မချိတ်ရင် ဘယ်လိုမှလုပ်လို့မရဘူး။ ကိုယ့်ဆီဝယ်ချင်တဲ့သူ စာပို့လာရင်လည်း နောက်ကျမှရောက်တယ်။ Reply ပြန်တာနောက်ကျရင်လည်း ဈေးဝယ် ကို အလေးမထားသလိုဖြစ်တော့ စိတ်ထဲတော့မကောင်းဘူးပေါ့။ နောက်ပြီး ပစ္စည်းမှာထားတာ၊ ပစ္စည်းရောက်တာ တို့ဆိုရင် ကတ်စတန်မာ (Customers) ကို ချက်ချင်းမပို့နိုင်ဘူး။ လိုင်းမရတာနဲ့၊ Wifi နဲ့ သုံးလည်း VPN မချိတ်တာ နဲ့မျိုးစုံပဲ။ အခုဆို Wechat မဟုတ်ရင်လည်း တစ်တော့ Tik Tok နဲ့ တယ်လီဂရမ်မှာ စကားပြောမှရတယ်။ Viber ကတော့ တချို့လည်းသုံးတယ်။

အရင်က ပစ္စည်းရောင်းရင် အွန်လိုင်းမှာ Facebook မဟုတ်ရင် Tik Tok မှာ ညဆို Live လွှင့်ပြီး ရောင်းတယ်။
အခုကြတော့ လိုင်းအခြေအနေနဲ့ အရင်လို ပုံမှန်မလုပ်နိုင်တော့ အော်ဒါရတာ နည်းလာ တယ်။ Live လွှင့်တဲ့အချိန် လည်း လိုင်းကျတာ၊ VPN ပြုတ်သွားတာဆိုရင် ကိုယ်ကကြော်ငြာနေရင်းတန်းလန်း ဘာမှဆက်လုပ်လို့မရဘူး။ ဝယ်ထားတဲ့ပစ္စည်းလည်း ဂိုထောင်ထဲမှာ ကြာနေတာမျိုးဖြစ်တယ်။ ရောင်းအားက အရင်ထက်ကျတာပေါ့။ Online Shopping ဆိုတော့ လိုင်းကောင်းမှပဲ အလုပ်ဖြစ်တာလေနော်။ ကိုယ်က ကြော်ငြာချင်ရင်တောင် လိုင်းမကောင်းတော့ ပုံမတင်နိုင်ဘူး။

နန်းနဒီ (တောင်ကြီးဒေသခံ ကျောင်းသူတစ်ဦး)

ကိုယ့်ဖုန်းနဲ့အင်တာနက်သုံးရင်း နှစ်စမှာ လိုင်းကတဖြည်းဖြည်း နှေးလာတယ်။ အိမ်မှာ Wifi လည်းရှိတော့ ဖုန်းလိုင်းအဆင်မပြေရင် ဝိုင်ဖိုင်နဲ့ချိတ်သုံးတယ်။ အဲ့တာလည်း ပုံမမြင်ရတာ၊ နှေးတာ ဖြစ်နေတုန်းပဲ။ Wifi က ဈေးဘယ်လောက်တန် ယူထားယူထား YouTube လည်း ကြည့်လို့မရဘူး။ ဒီရက်ပိုင်း ကြတော့ VPN အခက်အခဲ ကြောင့် Tik Tok မှာပဲ ဝင်ကြည့်တယ်။ သတင်းတို့ဇာတ်လမ်းတို့ ကြည့်ချင်ရင်ကြတော့ တယ်လီဂရမ်ဝင်ရတယ်။ အဲ့မှာလည်း တချို့ဟာ မက်ဂါဘိုက်များတော့ မတတ်နိုင်ဘူး၊ အင်တာနက်လိုင်းကသာ မကောင်းတာ ပေးရတဲ့ ပက်ကေ့ချ်က ဈေးမလျော့ဘူးလေ။

အွန်လိုင်းအတန်းတွေလည်း ၂ ပတ်လောက် ပိတ်ထားတာရှိတယ်။ ဆရာဘက်လိုင်းမကောင်းလိုက် တပည့်ဘက် လိုင်းမကောင်းလိုက်ဆိုတော့ အတန်းလည်း အဆင်မပြေဘူး။ Zoom ဝင်ရင်လည်း VPN ချိတ်သုံးရတော့ ဖုန်းဟန်း သလိုဖြစ်တာ၊ တခါတလေ လိုင်းပဲမကောင်းတာလား ကိုယ့်ဖုန်းပဲစက်လေးနေတာလား ခဏခဏဖြစ်တယ်။ ဆရာမအိမ်စာပေးရင်လည်း ဓာတ်ပုံရိုက်ပြီးတော့ ထပ်လိုက်တာ၊ နောက်ရက်ကျ မရောက်ဘူးလို့ ဆရာမ ပြန်ပြော တာ အဲ့လိုလည်းဖြစ်တယ်။ လိုင်းဖွင့်တဲ့အချိန် VPN မိရင် ဂရုချက်ဆို မက်ဆေ့အများကြီးဝင်တော့ ဖုန်းက အလုပ် မလုပ်တော့ဘူး။ အပြင်သွားရင်တော့ စစ်ခံရမှာစိုးလို့ ဖုန်းမယူရဲဘူး၊ လမ်းမှာ VPN စစ်တယ်လို့လည်း ပြောတယ်။

စိုင်းလိန်ခမ်း (တာချီလိတ်ဒေသခံ လူငယ်တစ်ဦး)

ဒီတခါ VPN တွေပိတ်လိုက်တာ တော်တော်ဆိုးတယ်။ ဖေ့စ်ဘုတ်ဆိုရင် ဘယ်လိုဝင်ကြည့်ကြည့် ဘာမှမတက်ဘူး။ ကိုယ့်ဖုန်းဒေတာနဲ့ ဘာပဲတင်တင်မရဘူး။ စာပို့တာလည်း မရ၊ အသံနားထောင်တာလည်းမရ အဲ့လိုဖြစ်တာ။ တယ်လီဂရမ်တို့၊ Viber တို့ဆိုရင်လည်း အကြာကြီးနေမှ စာပို့လို့ရတာမျိုးဖြစ်တယ်။ ဖုန်းဒေတာနဲ့ကတော့ ဘာပက်ကေ့ချ်ပဲသုံးသုံး အဝိုင်းလည်ပြီးနှေးတာပဲ။ ငွေလွှဲငွေထုတ်နဲ့ ကိုယ့်ဖုန်းဘေလ် ပြန်ထည့်တာတောင် ကြာတာ။ ပုံမှန်ဖေ့စ်ဘုတ်နဲ့ သတင်းကြည့်တာ အသစ်ဆို အခုဘာမှမမြင်ရဘူး။

ဆိုရှယ်မီဒီယာကို ကန့်သတ်တာတင် မဟုတ်ဘူး၊ ပေးမသုံးစေချင်တာမျိုး ဖြစ်နေတယ်။ VPN က ပြောင်းသုံးလည်း တစ်ခုမှ မချိတ်တော့ဘူး။ တာချီလိတ်ဘက်မှာ တချို့လည်း ထိုင်းဘက်က လိုင်းမိတဲ့နေရာဆို ထိုင်းဆင်းမ်ကတ် ဝယ်သုံးကြတယ်။ တချို့အိမ်လည်း ဝိုင်ဖိုင်နဲ့ကြတော့ အဆင်ပြေတယ်။ သျှမ်းမြောက်ဘက် ဖုန်းလိုင်းပိတ်ခံရတဲ့ နေရာဆို အင်တာနက်သုံးလို့ရအောင် Star Link စတားလင့်စက် မှာဝယ်ကြတာရှိတယ်။ စတားလင့်နဲ့ အင်တာနက်သုံးရင်ကြတော့ VPN မလိုဘူး။

မသီရိ (IT နည်းပညာကျွမ်းကျင်ပညာရှင်)

ဆိုက်ဘာလုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ ဥပဒေတွေဆိုတာကလေ စကစဘက်က ရေးဆွဲခဲ့တာတော့ မဟုတ်ဘူး ပေါ့။ အရင်တုန်းကတည်းက NLD လက်ထက်ကတည်းကိုက ဆိုက်ဘာလုံခြုံရေးဆိုပြီးတော့ ဒီဟာကို သူတို့ရေးဆွဲ နေကြတာ။ အဲ့ဒီတုန်းက ပုံစံလိုမျိုး အများကြီးပြန်ပါလာတာမျိုး သူတို့ဥပဒေကို ဖတ်ကြည့်တဲ့အခါမှာ အဲ့လိုတွေ့ရ တယ်ပေါ့။ အဓိက ဘာလဲဆိုရင် အွန်လိုင်းပေါ်ကနေပြီးတော့ အမုန်းစကား ပြောတာတွေ၊ အွန်လိုင်းပေါ်ကနေ Attack လုပ်ခံရတာတွေ ဒါတွေကို ကာကွယ်အောင်လို့သာ ပြောပေမယ့် အဓိက အထဲမှာဘာတွေပါလဲဆိုရင် ပွင့်ပွင့်လင်းလင်း အနှစ်ချုပ်ပြောရရင် ငါ့ကိုမကျေနပ်ဘူး၊ အွန်လိုင်းပေါ်ကနေ နင်ငါ့ကိုအတင်းပြောတယ်။ ဆိုက်ဘာလုံခြုံရေး Cyber Security ဥပဒေနဲ့ ပြန်ပြီးတရားစွဲဆိုလိုက်မယ်ဆိုတဲ့ သဘောမျိုးနဲ့ပဲလုပ်တာပေါ့နော်၊
ဒါပေမယ့် အဲ့ဒါကို ဥပဒေရဲ့အားနည်းချက်လို့ပဲ ပြောရမှာပေါ့။ ဥပဒေထဲမှာကို အများကြီး ပြန်ပြီးတော့စစ်ရမယ်၊ ကြည့်ရမယ်။

ဥပမာဆိုရင် သူတို့ပြောတဲ့ အီလက်ထရောနစ်ဥပဒေက ခွင့်ပြုချက်မရှိဘဲ ရယူမှု၊ ပေးပို့မှုဆိုတဲ့ဟာက ဒါတွေ အကုန်လုံးပါပြီ။ အခု ပိုစ့် Post တွေတင်တယ်၊ သူတို့ Black List ထည့်ထားတဲ့ ပေ့ချ် Page တွေ၊ သတင်းဌာန တွေရဲ့ပို့စ်တွေကို ကိုယ်တွေက Share ရှယ်လိုက်ရင် ရှယ်တယ်၊ ကောမန့်ပေးတယ်။ အဲ့ဒါက ဘာလဲဆိုရင် အဲ့ဒီဆိုက်ဘာလုံခြုံရေးဥပဒေနဲ့ သွားငြိတယ်။ ကိုယ်တွေက အဲ့ဒါတောင် လုပ်ခွင့်မရှိဘူး။ လုံးဝ ဒီအွန်လိုင်းနဲ့ ပတ်သက်ပြီးတော့ အွန်လိုင်းပေါ်မှာ သတင်းအချက်အလက်တွေ ထုတ်ဖော်ပြောဆိုခွင့် ဘာမှမရတော့တဲ့ အနေအထားမျိုး ဖြစ်သွားမယ်။ ပြည့်ပြည့်စုံစုံဆိုရင် နောက်တခုက အဓိကကြတော့ Digital Platform ဝန်ဆောင်မှုလုပ်ငန်းဆိုတဲ့ဟာက VPN တွေကို ပြောချင်တာ။ သူတို့အဲ့ဟာတွေကို ထိန်းချုပ်နိုင်ဖို့ လုပ်နေတာ ပါနိုင်တယ်၊ လုပ်လည်းလုပ်နေတယ်။ ထပ်ပြီးတော့ ခုနကပြောတဲ့ သတင်းအချက်အလက်တွေ အကုန်ပါပြီးသား ဒါတွေရှိမယ်။ ဥပဒေကို ဖတ်ကြည့်လိုက်ရင် အဓိက သူတို့ဘာတွေလုပ်လို့ရနိုင်မလဲပေါ့။

အရင်တုန်းက ပုဒ်မ ၆၆ (ဃ) ကိုပြောသလို ပုံစံမျိုးအနေနဲ့ပဲလုပ်တာ။ အခုဆိုရင် ဥပဒေထုတ်လာပြီဆိုတော့ ပိုဆိုးသွားပြီ။ အဓိက လူတွေကို ပိုပြီးတော့ ကြပ်လိုက်တဲ့သဘောပါ။ ဥပဒေထဲမှာ ဖတ်ကြည့်ရတာဆိုရင် ကွန်ပျူတာတွေကိုပါ စစ်ဆေးနိုင်ခွင့်၊ ကွန်ပျူတာတွေမှာပါ တွေ့တယ်ဆိုရင်ဖြစ်တယ်ပေါ့နော်။ App အပလီကေးရှင်းတွေသုံးတာရော၊ ကွန်ပျူတာတွေ သုံးတာရော အမုန်းစကားဖြန့်တာတွေရော စသဖြင့် ဒါတွေအကုန်ပါတယ်။ ဥပမာ – ကြည့်ရှုခြင်းမသင့်ဘူး၊ ဘယ်လိုမျိုးဖြစ်တယ် အဲ့လိုဟာမျိုးတွေပေါ့နော်၊ အဲ့ဒါတွေ က အရင်ကတည်းက ထည့်ထားပြီးသားဆိုတော့ ပြဿနာတော့ မရှိဘူး။ အဓိက သူတို့က အမုန်းစကားကို ထည့်ပြီးပြောတယ်ပေါ့နော်။ သတင်းတုသတင်းမှားတောင် မဟုတ်ဘူး၊ အမုန်းစကားတွေ ပြောတာနဲ့တင်တောင်မှ သူတို့ကရစ်နိုင်တယ်။ သဘောမှာ ကိုယ်က မအလကို ဆဲလိုက်တယ်၊ ဆဲတဲ့ပိုစ့်ဆိုရင်လည်း ဒါသည် အမုန်းစကား ပြောတာပဲဆိုတော့ အဲ့ဒါသည်လည်း ဒီဆိုက်ဘာလုံခြုံရေးဥပဒေထဲမှာ အများကြီးပါတယ်။ ပြီးတော့ ဒီအကြမ်းဖက်မှုကို သူတို့ပြောတယ်ဆိုတာမျိုး ထည့်ထားတော့ အကုန်လုံးပါလာတယ်။ နောက် ကမ်ပိန်း campaign လုပ်တယ်၊ ကိုယ်က ဝင်လုပ်တယ်ဆိုရင် အရင်တုန်းက ဒီတိုင်းဖမ်းတာ။ အခုက ဒီဥပဒေနဲ့ဖမ်းမယ်၊ ဒါပဲပေါ့ အဲ့လိုသဘောသက်ရောက်တယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။