“အဲ့ဒီစစ်ကြောင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်လောက်ကနေစပြီး ခင်ဦးနယ် အနောက်ခြမ်းကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့ပြီး ၁၂ ရက်နေ့မှာ ကိုယ်ဝန်သည် အမျိုးသမီး ၁ ယောက်နဲ့ ပြည်သူ ၄ ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်သွားသေးတယ်” ဒီပဲယင်းကျေးရွာကာကွယ်ရေးတာဝန်ရှိသူတစ်ဦး

0
290
ပုံစာ - စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာလို့ တိမ်းရှောင်ထွက်ပြေးကြသည့် ဒီပဲယင်းဒေသခံများ။

ဒီပဲယင်းတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့် နောက်ဆက်အခြေအနေများနှင့်ပတ်သက်ပြီး ဒီပဲယင်းကျေးရွာ ကာကွယ်ရေးတာဝန်ရှိသူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းက ရွာတွေကို စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ – ၁၁ နှင့် ခြေမြန်တပ်ရင်း ခမရ – ၇၀၈ တို့က ဘီလူးစစ်ကြောင်းဟာ စစ်ကြောင်း ထိုးလာပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါဝင် ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်သွားခဲ့သည်။

ယင်းအပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၈ ရက်နေ့တွင်လည်း ဒီပဲယင်းမြို့နယ် မဲအိုးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီး ၁ ဦး အပါအဝင် ဒေသခံ ၄ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်သွားပြီး ဒေသခံ ၁၀ ဦး ကျော်ကိုလည်း ထပ်မံဖမ်းဆီးသွားခဲ့သည်။

ဒီပဲယင်းတွင်စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာသည့် နောက်ဆက်အခြေအနေများနှင့် ပတ်သက်ပြီး ဒီပဲယင်းကျေးရွာ ကာကွယ်ရေးပိုင်းတွင် ဝာာဝန်ယူထားသည့် လုံခြုံရေးအရ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။

မေး။ ။ ဒီပဲယင်းမှာ စစ်ကောင်စီစစ်ကြောင်းဝင်လာပြီး အခြေအနေဘယ်လိုရှိပါလဲ။

ဖြေ။ ။ စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း ခလရ – ၁၁ နဲ့ ခြေမြန်တပ်ရင်း ခမရ – ၇၀၈ တို့က ဇန်နဝါရီ ၁၈ ရက် မနက်ပိုင်းမှာ ဝင်လာတာ၊ တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ရုတ်တရက်ဝင်လာတာမျိုးပေါ့။ အင်အားကတော့ ၈၀ လောက် ပါမယ်လို့ ကျနော်တို့ခန့်မှန်းပါတယ်။ အဲ့ဒီမှာ ဒေသခံတွေကလည်း ရုတ်တရက် ရှောင်ချိန် မရှိလိုက်တဲ့သူတွေ အဖမ်းခံလိုက်ရပြီး အသတ်ခံလိုက်ကြရတာ။

မေး။ ။ အဖမ်းခံလိုက်ရသူတွေနဲ့ အသတ်ခံရသူတွေက ဘယ်သူတွေလဲဆိုတာကိုရော သိရပါလား။

ဖြေ။ ။ သိရပါတယ်ဗျ။ ဖမ်းခံရတာက ဒီပဲယင်းနယ်အရှေ့ခြမ်း မဲအိုးရွာက ဒေသခံ ၁၅ ယောက်ပေါ့။ အဲ့ဒီထဲက ၄ ယောက်ကို သတ်သွားတာ။ အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၃ ယောက်။ အမျိုးသမီးက မခင်နှင်းဌေး အသက်က ၃၇ နှစ်တဲ့။ သူက NLD က ပါတီဝင်ပေါ့။ အရင်က ဒီပဲယင်းမြို့နယ် အမှတ် (၁) တိုင်းလွှတ်တော်အမတ် ဒေါ်နှင်းခိုင်စိုးရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေး ကိုယ်စားလှယ်လည်း ဖြစ်တယ်။ နောက်ပြီး ဒီပဲယင်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဥပဒေတာဝန်ခံလည်း ဖြစ်တယ်။

နောက်ထပ် အမျိုးသား ၃ ယောက်က ဦးမောင်ထွန်း၊ ဦးဇော်ဝင်း၊ ဦးအောင်မြင့်ကျော် (ခ)ကိုကုလားတဲ့ သူတို့ကတော့ အသက်လေးဆယ်ကျော်၊ ၅၀ နား အရွယ် တွေပေါ့။ သူတို့ကို သတ်သွားတာ။ မခင်နှင်းဌေးကိုကျတော့ အိမ်တစ်လုံးထဲမှာ နှိပ်စက်ညှင်းဆဲပြီးမှ မီးရှို့သတ်ခဲ့ တယ်လို့ ကျနော်တို့ယူဆတယ်။ ဘာကြောင့်လည်းဆို အိမ်ထဲမှာ သွေးကြောင်းကြီးတွေက တရွတ်တိုက်ဆွဲ ခေါ်ခံထားရပုံမျိုးတွေ တွေ့ရတယ်။ ကျန်တဲ့အမျိုးသား ၃ ယောက်ကိုကျတော့ လည်လှီးပြီး ခြေတွေလက်တွေ ဖြတ်တောက် သတ်ထားခဲ့တယ်။ သတ်တာက မဲအိုးရွာမှာ မဟုတ်ဘူး။ လက်ယက်ကုန်းရွာကို ခေါ်သွားပြီး သတ်ခဲ့တာ။

မေး။ ။ ဖမ်းခံရတဲ့ထဲက ကျန်တဲ့သူတွေကိုရော ပြန်လွှတ်ပေးခဲ့ပါလား။

ဖြေ။ ။ မလွှတ်ပေးဘူးဗျ။ အခုထိ (ဇန်နဝါရီ ၁၉ ရက် မနက်ထိ) မလွှတ်ပေးသေးဘူး။ အဲ့ဒီသူတွေကို သူတို့ (စစ်အုပ်စု) ပါလာတဲ့ပစ္စည်းတွေ လက်နက်တွေ အဓမ္မသယ်ခိုင်းပြီး ရေဦးဘက်ထိကို ခေါ်သွားတယ်။ RPG တွေ ဘာတွေ ထမ်းပေးရတယ်လို့ မြင်တဲ့သူတွေက ပြန်ပြောတာတော့ ကျနော်တို့ကြားရတယ်ပေါ့နော်။ ဖမ်းခံထားရသူတွေရဲ့ နာမည်တွေလည်း ကျနော်တို့သိထားရပါတယ်။

မေး။ ။ လက်ရှိမှာရော အဲ့ဒီစစ်ကောင်စီစစ်ကြောင်းက ဘယ်ရွာကိုဝင်နေလဲသိရပါလား။

ဖြေ။ ။ အခုက သူတို့ လက်ယက်ကုန်းကနေ ရေဦးနယ်ထဲက ရွာတွေကိုဝင်နေတယ်။ ဆည်ကြီး၊ ဇိန့်ဇွန်း ကျေးရွာတွေကို ဝင်နေတယ်။ လမ်းတလျှောက်မှာလည်း နောက်ထပ်ဒေသခံတွေကို နောက်ထပ် ထပ်ဖမ်း သွားသေးတယ်လို့လည်း ကျနော်တို့ ကြားရပါတယ်။ အရေအတွက်ကတော့ မဲအိုးရွာက ၁၅ ဦးပဲ အတည် ပြုနိုင်သေးတယ်။ နောက်ထပ် ဘယ်လောက်ဖမ်းခံထားရလဲဆိုတာ အရေအတွက်ကို ကျနော်တို့ မပြောနိုင် သေးပါဘူး။

မေး။ ။ စစ်ကြောင်းဝင်လာတော့ ဒေသခံတွေ ရှောင်တိမ်းနေရတဲ့ အခြေအနေကိုလည်း ပြောပြပေးပါဦး။

ဖြေ။ ။ ဒေသခံတွေက ရှောင်နေရတယ်။ မရှောင်လို့ မရဘူး။ သူတို့က တွေ့တဲ့သူ အကုန်ဖမ်းတာဆိုတော့ အခုလက်ရှိကိုမှ ဒီပဲယင်းနယ် အရှေ့ခြမ်းက ညောင်ကြီးကုန်း၊ မဲအိုး၊ လက်ယက်ကုန်း၊ ညောင်လှ၊ အောင်ချမ်းသာ၊ မူးခတွင်း၊ သရက်တော၊ ရွာရှည် အဲ့ဒီရွာတွေက ဒေသခံငါးထောင်ကျော်လောက် ရှောင်နေရတယ်။ အခုဆို ရေဦးနယ်တောင်ခြမ်း ကျေးရွာတွေကလည်း ရှောင်နေရပြီ။ သူတို့ (စစ်အုပ်စု) ဘက်က ကင်းပုန်းတွေ ချထားတာမျိုးတွေလည်း ရှိနေတယ်။ အဲ့ဒီစစ်ကြောင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်လောက်ကနေ စပြီး ခင်ဦးနယ် အနောက်ခြမ်း ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့ခဲ့ပြီး ၁၂ ရက်နေ့မှာ ကိုယ်ဝန်သည် အမျိုးသမီး ၁ ယောက်နဲ့ ပြည်သူ ၄ ဦးကိုလည်း သေနတ်နဲ့ ပစ်သတ်သွားသေးတယ်။ နောက် ဦးမြင့်ရွှေဆိုတဲ့ အသက် (၆၇) နှစ် ကိုတော့ လည်ပင်းကို လှီးသတ်ခဲ့တယ်။ အခုအဲ့ဒီစစ်ကြောင်းကပဲ ခင်ဦးကနေ တဆင့် ဒီပဲယင်းနယ်နဲ့ ရေဦးနယ်တွေကို ဆက်ထိုးလာတာပေါ့။ ဘီလူးစစ်ကြောင်းပေါ့နော်။ အဲ့ဒီစစ်ကြောင်းက ရွှေဘိုခရိုင်ထဲက နယ်တွေကို ပတ်မွှေနေတာကြာပြီ။

မေး။ ။ လက်ရှိမှာရော ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အဲ့ဒီစစ်ကြောင်းက ထိတွေ့တိုက်ပွဲတွေဖြစ်တာမျိုးရော ရှိပါလား။

ဖြေ။ ။ တိုက်ပွဲကတော့ လက်ရှိထိတော့ မရှိသေးပါဘူး။ အဲ့ဒီပြီးခဲ့တဲ့ရက်ကတော့ ခင်ဦးနယ်မှာတုန်းက တစ်ရွာကနေ နောက်တစ်ရွာအကူး ကြားထဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်လိုက်သေးတယ်။ ပြီးတော့ နောက်တစ်ရွာဆက်ကူးသွားတာပေါ့ အဲ့ဒီစစ်ကြောင်းက။ အခုကကျ တိုက်ပွဲလည်းမရှိဘဲ ရုတ်တရက်ကြီး ဆိုတော့လည်း အကုန်လုံးက အခြေအနေကြည့်နေရသေးတယ်။ သူတို့(စစ်အုပ်စု)ကလည်း ပြည်သူတွေကိုပါ ဓါးစာခံအဖြစ် ဖမ်းသွားတယ်ဆိုတော့လေ။ နယ်မြေရှင်းလင်းရေးတွေလည်း မလုပ်နိုင်သေးပါဘူး။

မေး။ ။ ဘာများဖြည့်စွက်ပြောချင်တာ ရှိပါသေးလဲ။

ဖြေ။ ။ အခုစစ်ကြောင်းက နာမည်ကြီးတဲ့ ဘီလူးစစ်ကြောင်းဆိုတော့ ပြည်သူတွေကို သတ်တဲ့နေရာမှာလည်း တအား ရက်စက်တာပေါ့နော်။ စစ်ကြောင်းတလျှောက်မှာလည်း ကိုယ်ဝန်ဆောင်တွေရော၊ အမျိုးသမီးတွေရော သတ်ထားခဲ့ပြီးဆိုတော့လေ ဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကြောင်းနဲ့လွတ်တဲ့ ဘေးလွတ်ရာကို အမြန်ဆုံး ရှောင်တိမ်းကြဖို့ပဲ ပြောချင်ပါတယ်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here