30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အဓိကတော့ သင်ကြားရေးပိုင်းမှာ အခက်အခဲရှိတာတစ်ပိုင်း၊ ပြီးတော့ လက်ရှိရှိနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့သွားလို့ရပေမဲ့ ခက်ခဲတာက ဆရာ၊ ဆရာမတွေကို...

“အဓိကတော့ သင်ကြားရေးပိုင်းမှာ အခက်အခဲရှိတာတစ်ပိုင်း၊ ပြီးတော့ လက်ရှိရှိနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့သွားလို့ရပေမဲ့ ခက်ခဲတာက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြေး မပေးနိုင်တာက ကျွန်တော်တို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီး ဖြစ်ပါတယ်” John Bosco / ဥက္ကဌ – ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့

ပလက်ဝမြို့နယ်ရှိ ကြားကာလပြည်သူ့အခြေပြုကျောင်းများ လက်ရှိကြုံနေရသည့် အခက်အခဲများနှင့်ပတ်သက်ပြီး ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ ဥက္ကဌ John Bosco နှင့် ဆက်သွယ်မေးမြန်းချက်။

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်တွင် ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ဦးဆောင်မှုဖြင့် ကြားကာလ ပြည်သူ့အခြေပြုကျောင်းများကို ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ကြပြီး ယခုလျှင် ၂ နှစ်ကျော်ရှိလာပြီ ဖြစ်သည်။

ယခုလက်ရှိချိန်တွင် ပလက်ဝမြို့နယ်ထဲက ပလက်ဝကောင်စီထိန်းချုပ်နယ်မြေတချို့နှင့် အိန္ဒိယ-မြန်မာနယ်စပ် စစ်ဘေးရှောင်စခန်းများတွင် ကျောင်းပေါင်း ၁၀၀ ကျော်ဖွင့်လှစ်နိုင်ပြီး ကျောင်းသူကျောင်းသား ၇၀၀၀ ကျော်က ပညာသင်ကြားလျှက်ရှိသည်။ ပလက်ဝမြို့နယ်သည် အာရက္ခတပ်တော် AA သိမ်းပိုက်အုပ်ချုပ်နေသည့်အတွက် ကြားကာလပညာရေး ဖော်ဆောင်သည့်နေရာတွင် အခက်အခဲများ ကြုံနေကြရသည်ဟု သိရသည်။

ကျောင်းဆရာဆရာမ မလုံလောက်မှု၊ ကျောင်းသင်ထောက်ကူပစ္စည်း လိုအပ်ချက်များနှင့် ဆရာဆရာမများအား လစဉ်ကြေးထောက်ပံ့ရန် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်ဟုဆိုသည်။ ထိုအခြေအနေနှင့် ပတ်သက်ပြီး ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ဥက္ကဌ John Bosco ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ဘယ်အချိန်တုန်းက ဖွဲ့စည်းခဲ့တာပါလဲ။ ဘယ်လိုပုံစံနဲ့ ဖွဲ့ခဲ့ကြလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့ NUG အစိုးရဘက်ကနေပြီးတော့မှ လမ်းညွှန်မှုရှိတယ်ပေါ့။ မြို့နယ်ပညာရေးဘုတ်အဖွဲ့ ဖွဲ့ပြီးတော့မှ မြို့နယ်မှာရှိတဲ့ ကြားကာလပြည်သူ့ကျောင်းတွေဖွင့်ဖို့အတွက်ကို အဆင်ပြေအောင် ဦးစီးဦးဆောင် လုပ်ပေးဖို့ဆိုပြီးမှ ကျွန်တော်တို့ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ကို ၂၀၂၂ ခုနှစ် ဧပြီလမှာ ဖွဲ့စည်းခဲ့ကြပါတယ်။

အဲတုန်းက Paletwa Autonomous District Council ပေါ့၊ အခုကတော့ Paletwa Council ပေါ့ အဲဒီက လူကြီးတွေနဲ့ဆွေးနွေးပြီးမှ မြို့နယ်မှာ ဘယ်သူတွေပါဖို့သင့်တော်မလဲ ဆိုပြီးတော့ သူတို့ဘက်က Guidelines ပေးတယ်။ CDM လုပ်တဲ့ ဆရာဆရာမတွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ ရပ်မိရပ်ဖတွေ၊ တော်လှန်ရေးကို အားပေးတဲ့သူတွေ စုပေါင်းပြီးမှ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

မေး ။ အခု လက်ရှိ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့ရဲ့ ဆောင်ရွက်နေတဲ့အခြေအနေကိုလည်း ပြောပြပေးပါ။

ဖြေ။ ။ ကျွန်တော်တို့က ပလက်ဝမြို့နယ်၊ ပလက်ဝကောင်စီရဲ့ အုပ်ချုပ်ရေးထိန်းချုပ်နယ်မြေအတွင်းမှာ ပြည်သူ့ကျောင်းတွေဖွင့်ပေးဖို့ ကျွန်တော်တို့က NUG အစိုးရပညာရေးဝန်ကြီးဌာနကနေဖြစ်ဖြစ်၊ ချင်းပြည် အစိုးရအဖွဲ့ အစည်းအဝေးကနေ ဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ ချိတ်ဆက်ပေးပြီးတော့မှ ပြည်သူ့ကျောင်းတွေ ဖွင့်ပေးခဲ့တယ်ပေါ့။

အဲဒီလို ဖွင့်ပေးတဲ့အခါမှာ အဓိကတော့ သူတို့ရဲ့အတတ်ပညာ အာမခံချက်ပေးနိုင်တဲ့ လမ်းညွန်မှုပေးတာပေါ့။ ပြီးရင် ပြည်သူလူထုကနေ ကမကဌပြုပြီးမှ ကျောင်းအတွက်လိုအပ်တဲ့ အရာတွေ၊ ဆရာဆရာမတွေရဲ့ ထောက်ပံ့ ကြေးကအစ သင်ထောက်ကူပစ္စည်းကအစ မိဘတွေကပူးပေါင်းပြီးတော့ သူတို့ဖွင့်ချင်တဲ့ရွာတွေမှာ ဖွင့်နိုင်အောင် ကျွန်တော်တို့ဘက်ကနေ ကူညီဆောင်ရွက်ပေးနိုင်တယ်ပေါ့နော်။

မေး။ ။ စစ်အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်မှာ ပလက်ဝမြို့နယ်ပညာရေးဘုတ်အဖွဲ့အနေနဲ့ ပလက်ဝမြို့နယ် ထဲက ကြားကာလပညာရေးဖော်ဆောင်မှု အခြေအနေလည်းသိချင်ပါတယ်။

ဖြေ။ ။ အာဏာမသိမ်းခင် တစ်မြို့နယ်လုံးရဲ့ကျောင်းပေါင်းက ၃၈၀ ကျော် ၄၀၀ ဝန်းကျင် ရှိတယ်ပေါ့။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းကြတော့ စစ်ကောင်စီကျောင်းမှာမတက်ချင်တဲ့ ကလေးတွေအများကြီးရှိတယ်။ ပြီးတော့ စစ်ဘေးရှောင်တဲ့ကလေးတွေ အများကြီးရှိတယ်။ CDF – Paletwa လှုပ်ရှားနယ်မြေအတွင်းမှာရှိတဲ့ ကလေးတွေလဲ အများကြီးရှိတဲ့အခါကြတော့ သူတို့အတွက်ကို ဒီကြားကာလပညာရေးကို ဖော်ဆောင်မှ သူတို့ရဲ့ ပညာရေးက ရပ်တန့်မသွားအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ ပြည်သူ့ကျောင်းကနေစပြီးတော့ ဖယ်ဒရယ်ပညာရေးအထိ သွားနိုင်မဲ့ ရည်ရွယ်ချက်နဲ့ပြုလုပ်ထားတယ်။

အဲဒီလိုနဲ့ ၂၀၂၂ မှာ ပညာရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းခဲ့တယ်။ အဲဒီမတိုင်ခင်ကတော့ ဒီတိုင်းပဲ အဆင်ပြေသလို စစ်ဘေးရှောင်ကျောင်းမှာရော၊ တော်လှန်ရေးသမားတွေ လှုပ်ရှားတဲ့နယ်မြေရဲ့ ကျေးရွာတွေမှာရော သင်ပေး တယ်။ ဒါပေမဲ့ အဲလောက်ထိ ကျွန်တော်တို့ သတ်သတ်မှတ်မှတ်မသွားနိုင်သေးဘူး။ ပညာရေးဘုတ်အဖွဲ့ကို ဖွဲ့စည်းပြီးမှ သူတို့ဘက်ကနေ ဘယ်ရွာမှာကျောင်းဖွင့်ချင်လဲ၊ ဘယ်လိုပုံစံနဲ့ လုပ်ရင်ကောင်းမယ်ဆိုပြီးမှ ကျောင်းသားမိဘနဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ဖြစ်ဖြစ် ကာကွယ်ရေးအဖွဲ့နဲ့ဖြစ်ဖြစ် တိုင်ပင်ညှိနှိုင်းပြီးမှ ကျောင်းတွေ ဖွင့်ပေးပါတယ်။

မေး။ ။ ပလက်ဝမြို့ရဲ့ ဘယ်ဒေသမှာ ကျေးရွာဘယ်လောက်မှာ ပေါ့နော် ကြားကာလပညာရေးကို ဖော်ဆောင် ဖြစ်တာပါလဲ။

ဖြေ။ ။ ကျွန်တော်တို့ပလက်ဝမှာ စစ်ကောင်စီ မရှိတော့ဘူး။ လွတ်မြောက်နယ်မြေလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ လက်နက်ကိုင် ၂ ဖွဲ့ရှိတော့ တစ်ဖွဲ့က CDF-Paletwa, နောက်တစ်ဖွဲ့က အာရက္ခတပ်တော် AA ပေါ့။ ဆိုတော့ AA ထိန်းချုပ်တဲ့နယ်မြေမှာ ကျွန်တော်တို့အနေနဲ့က လောလောဆယ်ယန္တရားလည်ပတ်လို့ မရဘူး။ ပလက်ဝဒေသရယ်၊ ဆမီးဒေသရယ်၊ မီးဇာဒေသရယ် နောက် သံထောင်ဒေသ ဆိုပြီးတော့မှ ဒေသ ၄ ခု ခွဲထား တယ်။ အဲဒီမှာ တကယ့်ကိုရာခိုင်နှုန်းအားဖြင့် တော်တော်များများ လည်ပတ်နိုင်တဲ့ဒေသကတော့ ဆမီးဒေသ တစ်ခုပဲရှိတယ်။ ဒါတောင်မှ ၁၀၀ ရာခိုင်နှုန်း မလည်ပတ်နိုင်သေးဘူး။ ဘာကြောင့်လဲဆိုတော့ AA အုပ်ချုပ်ရေး ယူထားတဲ့ဒေသမှာ ကျွန်တော်တို့ပညာရေးဖော်ဆောင်ဖို့ အဆင်မပြေဘူးပေါ့၊ သူတို့ဘက်က ဝင်ခွင့်မပေးဘူး။ ခွင့်မပြုဘူးလို့ ပြောရမှာပေါ့။

ပြီးတော့ ပလက်ဝဒေသမှာဆိုရင် ကျွန်တော်တို့ လုံးဝကို အကောင်အထည်ဖော်လို့မရဘူး။ မီးဇာဒေသဆိုရင်လဲပဲ တော်တော်များများ ကလေးတွေဟာ မီဇိုရမ်ဘက်မှာ စစ်ဘေးရှောင်ကြတယ်။ ဆိုတော့၊ မီးဇာဒေသမှာ ၄ ၊ ၅ ကျောင်းလောက်ပဲ ဖွင့်နိုင်တယ်။ ပြီးရင် သံထောင်ဘက်မှာကြတော့ ကျွန်တော်တို့ကျောင်းပေါင်း ၂၀ ဝန်းကျင် လောက်ပဲ ဖွင့်နိုင်တယ်ပေါ့၊ အဲလိုမျိုး အနေအထားရှိပါတယ်။ ကျွန်တော်တို့ ပလက်ဝမြို့နယ်တစ်ခုလုံးမှာ ကျောင်းပေါင်း ၄၀၀ နီးပါးရှိတဲ့အထဲမှာ လက်ရှိကျောင်းပေါင်း ၉၆ ကျောင်းပဲ လည်ပတ်နိုင်တဲ့ အနေအထား ရှိတယ်။ ကျန်တဲ့ ၃၀၀ ဝန်းကျင်ကတော့ လက်လှမ်းမမီနိုင်ဘူးလို့ ပြောရမှာပေါ့။ ဒါကတော့ ULA/AA ထိန်းချုပ်တဲ့ နယ်မြေဆိုတော့ ကျွန်တော်တို့သွားပြီးမှ အကောင်အထည်ဖော်လို့မရတဲ့ အနေအထားဖြစ်တာပေါ့။

မေး။ ။ အခုလက်ရှိမှာ ကျောင်းသူ/ကျောင်းသား ဘယ်လောက်ရှိလဲပါ။ ကျောင်းဆရာ/ဆရာမ ဘယ်လောက် ရှိပါလဲ။

ဖြေ။ ။ အခု ဒီ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်မှာဆိုရင် ကျောင်းပေါင်းက ၁၀၇ ကျောင်း ဖွင့်နိုင်ခဲ့တယ်။ အဲဒီထဲမှာ အထက်တန်းကျောင်းက ၈ ကျောင်း ရှိမယ်။ ပြီးတော့ ပြင်ပလို့ ပြောရမှာပေါ့၊ မီဇိုရမ်ဘက်မှာ စစ်ဘေးရှောင်ရွာ တွေမှာလဲပဲ ပညာရေးဘုတ်အဖွဲ့နဲ့ ပူးပေါင်းချိတ်ဆက်ပြီးမှ စစ်ဘေးရှောင်ကျောင်း ၁၁ ခုကို ဖွင့်ပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့ ၁၀၇ ကျောင်းမှာ ကျောင်းသားစုစုပေါင်း ၇၀၀၀ ကျော် ရှိတယ်။ ဒါတောင်မှ ကျွန်တော်တို့ဆီ စာရင်း မရောက်နိုင်တဲ့ ကျောင်းတချို့ရှိတယ်။ ဆရာဆရာမကတော့ လက်ရှိ အနေအထားဆိုရင် ၅၀၀ ကျော်နဲ့ လည်ပတ်နေပါတယ်။

မေး။ ။ ကျောင်းသားဦးရေနဲ့ ဆရာ၊ ဆရာမအင်အားက လုံလောက်မှုရှိလားရှင့်။ ဒီလို ကြားကာလ ဖော်ဆောင်တဲ့နေရာမှာ ဘယ်လိုအခက်အခဲတွေကြုံနေရလဲ။ အဲဒီအခက်အခဲတွေကို ဘယ်လိုဖြေရှင်းနေလဲ။

ဖြေ ။ ဆရာ၊ ဆရာမ ၅၀၀ ကျော်ဆိုတာ တကယ်တော့လုံလောက်မှုမရှိဘူး။ ကျွန်တော်တို့ပလက်ဝမှာ CDM ဝန်ထမ်းအင်အား တော်တော်လေးအားနည်းတဲ့အခါကြတော့ သင်ကြားရေးမှာ တော်တော်လေးအခက်အခဲ ဖြစ်တာပေါ့။ အဓိကတော့ သင်ကြားရေးပိုင်းမှာ အခက်အခဲရှိတာတပိုင်း၊ ပြီးတော့ လက်ရှိရှိနေတဲ့ ဆရာ၊ ဆရာမ တွေနဲ့ အတိုင်းအတာတစ်ခုအထိ ကျွန်တော်တို့သွားလို့ရပေမဲ့ ခက်ခဲတာက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ကြေး မပေးနိုင်တာက ကျွန်တော်တို့အတွက် အကြီးမားဆုံးစိန်ခေါ်မှုကြီး ဖြစ်ပါတယ်။ တဖက်မှာတော့ တော်လှန်ရေးကို အားပေးတဲ့ လူငယ်တွေရော ပြီးရင်တက္ကသိုလ်ကို တဝက်တပျက်နားထားတဲ့ ကျောင်းသားတွေက ပါဝင်ပေးနိုင်တာရှိတယ်။

ဒီလို ရပ်ရွာမှာရှိတဲ့သူတွေက အဲလိုပါဝင်မပေးနိုင်ရင် ကျောင်းတွေက ဘယ်လိုမှ လည်ပတ်လို့ မရနိုင်ဘူး၊ ဒါကြောင့်လဲပဲ လူငယ်တွေက ကိုယ့်ရပ်ရွာအတွက် ကလေးတွေအတွက်ဆိုပြီး လုပ်အားပေးနဲ့ ပါဝင်ပေးကြ တာပေါ့။ အဲလိုပါဝင်ပေးတဲ့အခါ သူတို့ကလဲ ထောက်ပံ့ကြေးတွေ မရတဲ့အခါကြတော့ စာသင်ရင်းနဲ့ တခြား လုပ်ငန်းလုပ်ဖို့ကလဲ သူတို့မှာအချိန်မရှိတော့ဘူး။ အဲချိန်မှာ ကျွန်တော်တို့ကလဲ ထောက်ပံ့ကြေးမပေးနိုင်၊ ကျောင်းသားမိဘတွေ၊ ပြည်သူတွေအနေနဲ့ ပေးဖို့ဆိုပြန်တော့လဲ ဘာဝင်ငွေမှလဲမရှိတဲ့ အခါကြတော့ ရေရှည်မှာ ဒီဟာကို ဘယ်လိုဆက်သွားရမလဲဆိုတာ အများကြီးစိန်ခေါ်မှုရှိတယ်။ ဒီ ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်ကုန်ဖို့တောင်မှ ကျွန်တော်တို့ဘက်ကနေ သူတို့ကို ဖျောင်းဖျပေးရတာပေါ့။

အဲလိုကြောင့်သာ သူတို့ တောင့်ခံပေးနိုင်တာပေါ့နော်။ နောက်တစ်ခုကျတော့ သင်ထောက်ကူပစ္စည်းပေါ့။ အဲမှာ ပုံနှိပ်စာအုပ်လဲပါတယ်၊ ဒီဟာက ကျွန်တော်တို့ ဘယ်မှာမှ ဝယ်လို့မရဘူး။ ကိုယ့်ဟာနဲ့ကိုယ် ထုတ်မယ်ဆိုရင်လဲပဲ ငွေကြေးမတတ်နိုင် ပြန်ဘူး။ ဒါကြောင့်လဲပဲ ကလေးတွေအတွက် သင်ကြားရေးမှာ အခက်အခဲဖြစ်စေတယ်။ တစ်ဆက်တည်းမှာပဲ ကျောင်းသုံးကိရိယာတွေ နောက် စာရေးကိရိယာတွေပေါ့။ ကျွန်တော်တို့ဒေသမှာ ဝယ်ဖို့ နေရာမရှိတာ။ ဘောပင်၊ ခဲတံ၊ ဗလာစာအုပ်တွေ ဝယ်မယ်ဆိုရင်တောင်မှ ချင်းပြည်နယ်မြောက်ပိုင်းသွားပြီ နှာရိန်ဘက်မှာ ဝယ်ရတာ။ ဝယ်ရတော့ လမ်းပမ်းဆက်သွယ်ရေးက တော်တော်လေး ခက်ခဲတယ်။ အခု ပလက်ဝ ကနေ နှာရိန်အထိကို ဆိုင်ကယ်ငှားမယ်ဆိုရင် ၈ သိန်းလောက် ပေးရတယ်။ ဒါတောင် အသွားပဲပေါ့နော်။ ဆိုတော့ ဝယ်မဲ့ပစ္စည်းထက် လမ်းစရိတ်ဖိုးက ပိုပြီးမှကုန်ကျတာပေါ့။

လူတိုင်းက ဆိုင်ကယ်မသုံးနိုင်တဲ့ အနေအထားရှိတော့ ဒီလိုမျိုးစိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ကလေးတွေ အတွက် သင်ထောက်ကူပစ္စည်းတွေ ကျောင်းသုံးကိရိယာတွေ မသုံးနိုင်တဲ့ပြသာနာပေါ့။ အဲဒီအခက်အခဲတွေက အများကြီးရှိပါတယ်။ ဒီလိုအခက်အခဲလိုအပ်ချက်တွေရှိတော့ တစ်ချို့ရွာတွေဆိုရင် မိသားစုအခက်အခဲကြောင့် နိုင်ငံခြားရောက်နေတဲ့ ညီအကိုတွေရှိတာပေါ့။ သူတို့ဆီကနေ အကူအညီတွေတောင်းပြီးတော့ တချို့အဆင်ပြေတဲ့ ရွာတွေရှိသလို တချို့ရွာတွေကျတော့ လုံးလုံးအဆင်မပြေတဲ့ ရွာတွေရှိတာပေါ့။ ကျွန်တော်တို့ကလဲ တခြား NGO အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး လက်လှမ်းမီသလောက် တော့ရှာတယ်။ အဲဒီကနေရတဲ့ ပိုက်ဆံနဲ့ အလှူရတဲ့ ဟာနဲ့ ခုနလိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ၊ ဆရာ၊ ဆရာမတွေအတွက် လက်ဖက်ရည်ဖိုး ဖြစ်ဖြစ်ပေါ့။ လုပ်ပေးနိုင်တာတော့ ရှိတယ်၊ ဒါပေမဲ့ အများကြီးလုပ်ပေးနိုင် တာမရှိဘူးပေါ့။

မေး။ ။ ပလက်ဝမြို့နယ် ပညာရေးဘုတ်အဖွဲ့ကို ပုံမှန်ထောက်ပံ့ပေးတဲ့အဖွဲ့ရော ရှိပါလား။

ဖြေ။ ။ အဲလိုပုံမှန်ထောက်ပံ့ပေးတဲ့ အဖွဲ့ဆိုတာတော့ မရှိဘူး။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် တုန်းကတော့ CHRO ကနေ project တစ်ခု ဝင်ထားတာရှိတယ်။ မြို့နယ်တစ်ခုလုံးကို မလွှမ်းခြုံနိုင်ဘူး။ ရပ်ရွာ ၂၀ မှာ တစ်နှစ်အတွက် ထောက်ပံ့ပေးတာ ရှိတယ်။ အဲဒီကနေ သင်ထောက်ကူပစ္စည်းတွေ စာရေးကိရိယာတွေ နဲနဲပါးပါးရတယ်။

ပြီးတော့ ဆရာ၊ ဆရာမ ထောက်ပံ့ကြေးဆိုရင်လဲပဲ တစ်ကျောင်းကိုတစ်ယောက်နှုန်းပဲ ပေးတာ။ ကျပ် ၁၈၅၀၀၀ နှုန်း ပေါ့နော်။ ဆိုတော့ ကျောင်းတစ်ကျောင်းမှာ ဆရာ၊ဆရာမ များရင်တော့ တစ်ယောက်ကို ၂၀,၀၀၀ လောက်ပဲ ရတယ်ပေါ့။ ဒါပေမဲ့ အဲဒီ project ကလဲ ကုန်သွားပြီ။ တောက်လျှောက်ကူညီတဲ့ အဖွဲ့အစည်းကတော့ မရှိဘူး ပေါ့နော်။

မေး။ ။ လက်ရှိမှာ အရေးပေါ်လိုအပ်ချက် ဒါမှမဟုတ် အကူအညီပေါ၊ ဘာလိုအပ်ချက်တွေ ရှိနေလဲ။

ဖြေ။ ။ အခုက ပညာသင်နှစ်ကလဲ တစ်ဝက်ကျော်ကုန်သွားပြီဆိုတော့ သင်ထောက်ကူပစ္စည်းတွေကတော့ လိုသေးတယ်။ ဒီနှစ်ထဲ မဟုတ်ဘူး၊ နောက်နှစ်လဲ လိုအုံးမှာပဲဆိုတော့ အရေးပေါ်ဆိုလို့ရှိရင် သင်ထောက်ကူပစ္စည်း တွေလဲ အများကြီးလိုတယ်။ အခုချိန်မှာ အဓိကလိုတာကတော့ ဆရာ၊ ဆရာမတွေရဲ့ ထောက်ပံ့ကြေးဆိုလို့ရှိရင် နံပါတ်တစ်နေရာမှာ ထားဖို့တော့လိုမယ်ထင်တယ်။ ဘာလို့လဲဆိုတော့ အခု ကျွန်တော်တို့ဘက်ကနေတော့ နိုင်ငံတကာမှာရှိတဲ့ ညီအစ်ကိုတွေဆီမှာ အကူအညီတွေ တောင်းရင်လည်းပဲ သူတို့ဘက်ကနေလဲ မပေးနိုင်တဲ့ အနေအထားတွေရှိတယ်ပေါ့။

အဲလိုဆိုတော့ ဒီဘက်က ဆရာ၊ဆရာမတွေ ဒီလိုပုံစံအတိုင်းသွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲပေါ။ ကျွန်တော်တို့တွေ နောက်ထပ် ဒီလိုပေးဆပ်ခြင်း သက်သက်နဲ့တော့ ကျွန်တော်တို့လဲ မခံနိုင်တော့တဲ့အနေအထား ဖြစ်သွားနိုင်တယ်ဆိုတဲ့ဟာတွေ အများကြီး အသံတွေထွက်လာတဲ့အခါတော့ ဆရာ၊ ဆရာမတွေရဲ့ ထောက်ပံ့ကြေးသာ အတတ်နိုင်ဆုံးပေးနိုင်မယ်ဆိုလို့ရှိရင် ပညာရေးယန္တရား လည်ပတ်တဲ့အခါမှာ နဲနဲတော့ ခံသာဖို့တော့ ရှိတယ်ပေါ့။

မေး။ ။ ပလက်ဝမြို့နယ်ဆိုတာ AA က သိမ်းပိုက်အုပ်ချုပ်ထားတယ်ဆိုတော့လေ ကြားကာလပညာရေး ဖော်ဆောင်တဲ့နေရာမှာ အခက်အခဲဖြစ်စေတာမျိုးတွေ ရှိပါလား။

ဖြေ။ ။ ကျွန်တော်တို့က NUG နဲ့ ချိတ်ဆက်ထားတာဖြစ်တဲ့အတွက် ပလက်ဝမြို့နယ်မှာရှိတဲ့ ရွာတိုင်းလိုလိုက ကျွန်တော်တို့နဲ့ ချိတ်ဆက်ချင်တာ။ အဲလိုမျိုး ချိတ်ဆက်ဖို့ဆိုရင်လဲ ကျွန်တော်တို့ သူတို့နေရာကိုကွင်းဆင်းလို့ မရဘူး၊ အဝင်မခံတာပေါ့နော်။ ကျွန်တော် သူတို့ပြောတာ ကြားသိရသလောက်ဆိုရင် ဘယ်လောက်တောင် ဖြစ်လဲဆိုတော့ ULA/AA ကနေပြီး လာမယ့် ၂၀၂၅ ခုနှစ်ကနေ စပြီးတော့မှ သူတို့ရဲ့ပညာရေးကို အကောင်အထည် ဖော်မယ်ပေါ့။ တကယ့် curriculum တောင်မှ သူတို့ရဲ့ curriculum ကို သုံးမယ်ဆိုပြီး ကြားသိရတယ်ပေါ့လေ။

အဲလိုအနေအထားရှိတဲ့အခါကြတော့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုစီမံပြီး ဘယ်လိုလုပ်ကြမလဲ ဆိုတာတောင်မှ ဆုံးဖြတ်ဖို့ မရသေးတဲ့ အနေအထားရှိတယ်။ သူတို့က ကျွန်တော်တို့ပညာရေး အကောင်အထည်ဖော်တဲ့ဟာနဲ့ ပူးပေါင်းပြီးမှ သွားချင်တာပေါ့၊ ဒါပေမဲ့ သူတို့က ရခိုင်စာပေ သင်မယ်ဆိုတဲ့ဟာလဲ ရှိတော့ ဒါကြောင့်လဲ ပြည်သူက မကြိုတ်တာပေါ့။ ရခိုင်စာပေ မသင်ချင်ကြဘူး၊ ကိုယ့်ဘာသာပဲ သင်ချင်ကြတာပေါ့။ သူတို့က ကျွန်တော်တို့ကိုလဲ ဆက်သွယ်ထားတာ ရှိတယ်။ သူတို့ရဲ့ ပညာရေးကော်မတီနဲ့တွေ့ဆုံပြီး ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ ဆွေးနွေးဖို့တော့ရှိတယ်။ အတိအကျတော့ မပြောတတ်သေးဘူးပေါ့နော်။

မေး။ ။ AA က ပလက်ဝမှာ အာရက္ခပညာရေးစနစ် ဖော်ဆောင်မယ်ဆိုတဲ့အပေါ်မှာ ဘယ်လိုသဘောရပါလဲ။

ဖြေ။ ။ အမှန်တော့ သူတို့က အရက္ခနိုင်ငံတည်ထောင်မှာဆိုတော့ သူတို့ရဲ့စာပေ၊ ပညာရေး အကောင်အထည် ဖော်တာကို သူတို့ရဲ့ အုပ်ချုပ်တဲ့ဒေသ၊ သူတို့ရဲ့ပြည်နယ်မှာ လုပ်တာကတော့ ကောင်းပါတယ်။ တကယ်ပြောမယ် ဆိုရင် ကျွန်တော်တို့ပလက်ဝမြို့နယ်က ရခိုင်တိုင်းရင်းသားတွေနေတဲ့နေရာမှာ အကောင်ထည်ဖော်ရင်လဲ သိပ်မပြောလိုဘူးပေါ့နော်။

ခက်တာက ကျွန်တော်တို့ ပလက်ဝမြို့နယ်က ချင်းပြည်နယ်ဆိုတော့ အကုန်လုံး ချင်းပြည်နယ်ရဲ့ ပညာရေးနဲ့ သွားရမှာပဲ၊ ရခိုင်ရွာတွေမက ကျွန်တော်တို့ချင်းလူမျိုးတွေရှိတဲ့ နေရာအထိ ရခိုင်စာပေသင်ဖို့၊ အမျိုးသားရေး ဖော်ဆောင်မယ်ဆိုတဲ့ဟာအထိတော့ မဖြစ်စေချင်ဘူးပေါ့နော်။ ဖြစ်လဲမဖြစ်သင့်ဘူးလို့ မြင်တယ်ပေါ့လေ။

မေး။ ။ တခြားဘာများ ဖြည့်စွက်ပြောစရာရှိပါလဲ။

ဖြေ။ ။ ကြားကာလမှာ ပညာရေးအားကောင်းဖို့ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ရဲ့ စိန်ခေါ်မှုတွေကို ကူညီပေးနိုင်တဲ့ အဖွဲ့အစည်းရှိလို့ရှိရင် ကျွန်တော်တို့အတွက် အားရှိမှာပေါ့။ အဲလိုမဟုတ်ဘူး ဆိုလို့ရှိရင် ကျွန်တော်တို့ ပညာရေးယန္တရား လည်ပတ်မှုက တော်တော်လေး ခက်ခဲသွားနိုင်တယ်။ ပညာရေး မလည်ပတ် နိုင်ဘဲ ဒီတိုင်းရပ်တန့်သွားမယ် ဆိုလို့ရှိရင်လဲပဲ ကျွန်တော်တို့က ပညာမရှိဘဲနဲ့ ပညာမဲ့တဲ့လူမျိုး ဖြစ်သွားရင် ပိုပြီးတော့မှ ဖိနှိပ်ခံ၊ ဘဝမှာ ပိုပြီးတော့မှ နစ်မြုပ်သွားမဲ့ အနေအထားရှိတော့ ကျွန်တော်တို့ ပညာရေး အားကောင်းအောင် အဖက်ဖက်ကနေ ကူညီပံ့ပိုးကြဖို့ တောင်းဆိုချင်ပါတယ်။

KMG ပေးပို့သည်။