လက်ရှိချိန်ထိ ထိုင်း-မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတို့တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ကရင်နီကျန်းမာရေးဌာန (KnHD) ၏ ဝန်ဆောင်မှုလုပ်ငန်းအတွင်း ကြုံနေရသည့် အခက်အခဲ၊ စိန်ခေါ်ချက်များ နှင့်ပတ်သက်ပြီး KnHD ညွှန်ကြားရေးမှူးနော်ခူဖောနှင့် တွေ့ဆုံမေးမြန်းချက်။
အမေရိကန်အစိုးရက နိုင်ငံတကာကိုထောက်ပံပေးနေသည့် အကူအညီများကို ရက်ပေါင်း (၉၀) ယာယီရပ်ဆိုင်း ထားပြီးနောက် ထိုင်း – မြန်မာ နယ်စပ်ကဒုက္ခသည်များကို အကူအညီပေးနေသည့် နိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့ (IRC – International Rescue Committee) လက်အောက်ရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ ဆိုင်းငံ့ထားခံခဲ့ရသည်။
သို့သော် ဒုက္ခသည်များ၏ ကျန်းမာရေးလိုအပ်ချက်အရ ကရင်နီကျန်းမာရေးဌာန (KnHD) က ကရင်နီဒုက္ခသည်စခန်း အမှတ် (၁) ၌ အရေးပေါ်လူနာ၊ ပြင်ပလူနာ၊ ဆေးရုံရက်ချိန်းလူနာများကို တနင်္လာနေ့ကနေ သောကြာနေ့အထိ (မနက် ၉ နာရီ မှ ၁၂ နာရီ)၊ နေ့လယ် (၁ နာရီ မှ ၃ နာရီ) အထိ ဆေးခန်းပုံမှန်ဖွင့်၍ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆေးခန်းကို ပုံမှန်ဖွင့်လှစ်နေသော်လည်း လူနာများလိုအပ်သည့် ဆေးဝါးများကို အကန့်အသတ်နှင့်သာ ပေးနေရသလို၊ အရေးပေါ်လူနာတချို့ ဆေးရုံလွှဲပြောင်းရချိန်၌ သယ်ယူပို့ဆောင်ရေးက အခက်အခဲ စိန်ခေါ်ချက်တခု ဖြစ်နေသည်ဟု ဆိုပါသည်။
လတ်တလော ထိုင်း-မြန်မာနယ်စပ်က ကရင်နီဒုက္ခသည်စခန်းများမှာ လူထုကျန်းမာရေးစောင့်ရှောက်မှုတို့ကို ဘယ်လိုပုံစံနဲ့ ပေးနေရပါလဲ။ ကျန်းမာရေးစောင့်ရှောက်မှုပေးရာမှာ ကြုံနေရသည့် အခက်အခဲ၊ စိန်ခေါ်ချက်၊ လိုအပ်ချက်တို့နှင့် ပတ်သက်ပြီး ကရင်နီကျန်းမာရေးဌာန (KnHD) ညွှန်ကြားရေးမှူး နော်ခူဖောနှင့် တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ အမေရိကန်အစိုးရရဲ့ ဒုက္ခသည်တွေကိုအကူညီပေးတာ ရက်ပေါင်း (၉၀) ဆိုင်းငံ့လိုက်ပြီးနောက် ဒုက္ခသည်စခန်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုလုပ်ငန်းအခြေအနေကို ဦးစွာပြောပြပေးပါရှင့်။
ဖြေ။ ။ ကျမတို့ဆေးခန်းကိုတော့ ၂၈ (ဇန်နဝါရီ) ကနေစပြီး ပိတ်ထားလိုက်ရတယ်။ ဒါပေမဲ့ ကျမတို့က အရေးပေါ်အနေနဲ့ ဝန်ထမ်းတွေကိုတော့ အတွင်းလူနာ၊ အရေးပေါ်လူနာတွေကိုကြည့်ဖို့ ဂျူတီ ၃ ဆိုင်းနဲ့ ဆက်ပြီးတော့ ထားတာရှိတယ်ပေါ့နော။ လူနာတွေ လာပြီးမေးမြန်းရင် ဆေးတွေမရှိဘူး၊ ဆေးဝါးတွေ ရပ်နား လိုက်ရတဲ့အချိန် လုံးဝသုံးခွင့်မပေးတော့တဲ့အခြေအနေ ဖြစ်နေတာပေါ့။ အဲ့အချိန်မှာ လူနာကလာမေးခဲ့ရင် ဆေးခန်းမှာဆေးမရှိလည်း သူတို့ကိုအကြံပေးတယ်။ ဘယ်လို ကာကွယ်လို့ရလဲ၊ ဘယ်လိုဆေးဝါးတွေလိုလဲ ဆိုတာကို သူတို့ကိုရေးပေးတယ်၊ ပညာပေးတာရှိတယ်။
ဆိုတော့ အဲ့ကနေစပြီတော့ ၄ (ဖေဖော်ဝါရီ) ရက်နေ့မှာ ကျမတို့ဆေးခန်းပြန်ဖွင့်ဖို့အတွက် ဖြစ်လာတယ်ပေါ့နော။ ဖြစ်လာတယ်ဆိုတာကလည်း ကြားထဲမှာ အရေးပေါ် လူနာတွေ အများကြီးဖြစ်လာတော့ ၄ ရက် (ဖေဖော်ဝါရီ) နေ့မှာ ကျမတို့ ဆေးခန်းကိုပြန်ဖွင့်တယ်၊ အခုထိပဲ ပေါ့နော။ စခန်း (၂) မှာလည်း အဲ့လိုပဲ။ အဲ့မှာက လူနာတွေ outbreak တွေ တအားဖြစ်သွားတယ်။ အသက်ရှု လမ်းကြောင်းနဲ့ ပတ်သက်တဲ့ရောဂါတွေ တအားမြင့်သွားတယ်။ နောက်ပြီးတော့ ဝမ်းလျှောတာလည်း နည်းနည်းလေး တက်လာတယ်။ အဲ့လိုဖြစ်လာတဲ့အချိန်မှာ ကျမတို့ စိုးရိမ်ချက်ဖြစ်လာတယ်၊ ခဏနေ လူသေ လူပျောက် ဖြစ်လာမှာဆိုပြီးတော့မှ ကျမတို့ တပတ်ကို ၅ ရက် ပြန်ဖွင့်တာနဲ့ အခုထိပြန်ပြီးတော့ လည်ပတ်နေတာပေါ့နော။
မေး။ ။ ဆေးဝါးရရှိမှုအခြေအနေကရော ဘယ်လိုရှိပါလဲ။ အရင်အခြေအနေကတော့ IRC ကနေယူတယ်ဆိုတော့ အခုကရော ဘယ်လိုလုပ်ဆောင်ပါလဲ။
ဖြေ။ ။ ဒီ ဆေးကတော့ ကျမတို့ပြောရမယ်ဆိုလို့ရှိရင် သူတို့ IRC ကနေပြီးတော့မှ တခြား donor fund ကနေ ရှာပြီးတော့မှ ပေးတယ်လို့ ကျမတို့အဲ့လိုတော့ကြားတယ်။ တပါတ်တကြိမ် ဘာဆေးဝါးတွေလိုလဲဆိုတာကို သူတို့ကိုတင်ပြတယ်။ သူတို့ကနေပြီးမှ ပြန်ပေးလာတာရှိတယ်။ အဲ့ဒါအပြင် ကျမတို့ဆေးဝါးမလုံလောက်တော့ ကရင်နီကျန်းမာရေးဝန်ကြီးဌာနဆိုတာရှိတယ်၊ ကျန်းမာရေးဝန်ကြီးဌာနကနေနဲ့လည်း ကျမတို့ကို ဆေးဝါးတချို့ ထောက်ပံ့ပေးတာရှိတယ်။ အဲ့ဒါတွေကနေ လည်ပတ်နေတာပေါ့။
မေး။ ။ ဆိုတော့ အမေရိကန်အစိုးရက အထောက်အပံဆိုင်းငံ့လိုက်တဲ့ ရက်ပေါင်း ၉၀ အတွင်း ဘာအပြောင်းအလဲတွေ ဖြစ်သွားပါလဲ။
ဖြေ။ ။ ကျမတို့ IRC နဲ့ အစည်းဝေးထိုင်တယ်။ အစည်းဝေးထိုင်တော့ လက်ရှိ approve တော့ မဖြစ်သေးပေမဲ့ ပြောပြတာပေါ့နော့၊ ကျမတို့ emergency lifesaving case activity တွေကိုပဲ လုပ်ဖို့ရှိတယ်။ အဲ့ဒါတွေကိုပဲ ဆက်ပြီးတော့ လုပ်သွားရမှာပေါ့။ ဒီ ၃ လအတွင်း ရက်ပေါင်း ၉၀ ရပ်တန့်ထားတဲ့အတွင်းမှာပေါ့နော။ ဆိုတော့ ဘာတွေလုပ်ရမလဲ case activity တွေတောင်းတော့ ကျမတို့ပေးပြီးသွားပြီ။ အဲ့ဒီ case activity ထဲမှာကျမတို့ ဝန်ထမ်းတွေကို လျော့ချလိုက်ရတာ ရှိတယ်ပေါ့နော။
ကျမတို့ကျန်းမာရေးဝန်ထမ်းက ၂၂၀ နီးပါး ရှိတယ်။ ကျမတို့ case activity တွေကိုပဲ လုပ်ရတဲ့အတွက် ကြောင့်မို့လို့ တချို့သော programs တွေကို ရပ်နားထားရတယ်။ ဝန်ထမ်းတွေကိုလည်း ရပ်ဆိုင်းခိုင်း လိုက်ရတာပေါ့နော။ ဆိုတော့ ကျမတို့ ဝန်ထမ်း ၁၀၀ ကျော်နဲ့ပဲ ဒီ case activityကို ဆက်လုပ်ဖို့ ကျလာခဲ့လို့ ရှိရင်ပေါ့နော၊ Donor Fund က ကျလာမယ်ဆိုလို့ ကျမတို့ဝန်ထမ်းက ၁၀၀ ကျော်ပဲ အလုပ်ဆက်လုပ်ရမှာ ပေါ့နော။ ခက်ခဲတဲ့စိန်ခေါ်မှုတခုလည်း ဖြစ်တယ်။ ဝန်ထမ်း ၂၀၀ ကျော်က စခန်းနှစ်ခုစလုံးက ပေါင်းထားတာပေါ့။
ကျမတို့အမြဲတမ်း လုပ်နေကျ၊ ပေးနေကျဝန်ဆောင်မှု service ပေးနေတာကလည်း တချို့ service တွေဆို community health care အဓိကက prevention နဲ့ ပတ်သက်တဲ့အဖွဲ့ပေါ့နော၊ သူတို့ဆိုရင် အလုပ်တွေ ရပ်နား ထားလိုက်ရတာပေါ့နော။ အကုန်လုံးလိုလို နားထားလိုက်ရတာပေါ့ ၃ လအတွင်းမှာ။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ mental illness ပေါ့နော၊ စိတ်ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဝန်ထမ်းတွေရှိတယ်လေ။ စခန်း ( ၁ )၊ ( ၂ ) ၊ CHW လည်း အဲ့လိုပဲ စခန်း (၁ )၊ (၂ ) ရှိတော့ သူတို့ဝန်ထမ်းတချို့ကိုပဲ Case Activity ပဲ လုပ်ခွင့်ရတော့ အကန့်အသတ် တော့ ရှိတာပေါ့။ ဒီ Clinic တို့၊ ဆေးခန်းကြီးတို့ဆိုလည်း ဝန်ထမ်းနှစ်ယောက်သုံးယောက်လောက် ရပ်နားထား လိုက်ရတာပေါ့။ ပုံမှန်အနေအထားတော့ ဖြစ်မနေတော့ဘူး အားလုံးက အကန့်အသတ်နဲ့ ဖြစ်သွားတာပေါ့။

မေး။ ။ ရှိတဲ့လူ့အရင်းအမြစ်နဲ့ပဲ ဘယ်အပိုင်းတွေကို ကျန်းမာရေးဝန်ဆောင်မှု အဓိကလုပ်ဆောင်ပေးနေပါလဲ။
ဖြေ။ ။ မရှိမဖြစ်လုပ်ဆောင်ရတာက ဘာရှိမလဲဆို ပထမဆုံးက ကူးစက်ရောဂါနဲ့ မကူးစက်ရောဂါတွေကို သူတို့ကို ကုသမှုပေးတဲ့အပိုင်းမှာ လုပ်ရမယ်။ ပြီးတော့မှ ဒဏ်ရာဒဏ်ချက်ကြီးကြီးမားမား လုပ်တဲ့ဟာတွေရှိမယ်။ ပြီးတော့မှ ကျမတို့ဒီမှာ အထွေထွေကုသရေးပိုင်း အဲ့ဒါဆက်ရှိမယ်။ ဆေးဝါးပေါ့နော၊ ဆေးဝါးနဲ့ပတ်သက်ပြီးတော့ စီမံတဲ့ဟာတွေရှိမယ်။ HIS ( Health information System) ကျမတို့ သတင်းအချက်အလက်ကို စောင့်ကြည့်တဲ့ အဖွဲ့ အဲ့ဒါတွေဆက်လုပ်ဖို့ရှိမယ်။
အဲ့ဒါတွေလုပ်မှပဲ ဘာရောဂါက တက် ၊ ဘာရောဂါက ကျတယ်ဆိုတာကို သိရမှာ ပေါ့နော။ နောက်ပြီးတော့မှ သားဖွားမိခင်နဲ့ ကလေးပေါ့ RCH ရှိမယ်။ ကျမတို့ မိခင်နဲ့ကလေး ဝန်ဆောင်မှုပေးတဲ့ဟာက ပုံမှန်ကတော့ မိသားစုစီမံကိန်းတွေပါတယ်။ ဒါပေမဲ့အခုက မရှိမဖြစ် Emergency Life Saving မှာကြတော့ မိသားစုစီမံကိန်းက မပါတော့ဘူး။ ဥပမာ – ကလေး ကာကွယ်ဆေးထိုးတာတို့၊ မိခင်ကလေးမွေးဖွားတာတို့၊ မမွေးမီ စောင့်ရှောက် တာတို့ ၊ ပြီးတော့ ၅ နှစ်အောက်တွေကို စောင့်ရှောက်တာတို့ အဲ့ဒါတွေတော့ဆက်ရှိမယ်။
မိခင်နဲ့ကလေးကတော့ ဆက်မရှိတော့ဘူး။ နောက်တခုက ကျမတို့ဒီဓာတ်ခွဲပေါ့နော့၊ ရောဂါတွေကို ဖော်ထုတ် ပေးတဲ့ ဌာနက မရှိမဖြစ်ဆိုတော့ အဲ့ဒါတွေက ဆက်ရှိတယ်ပေါ့နော။ ဆိုတော့ ဒီအဓိက သုံးခုတော့ ဆက်ရှိ နေမယ်။ ပြီးတော့ခုဏကပြောတဲ့ စိတ်ပိုင်းဆိုင်ရာတွေကိုတော့ လိုအပ်ရင် ဆေးခန်းမှာလာယူတယ်။ အဲ့လိုမျိုးပြန်ဖြစ်မယ်။ အဓိကဦးစာပေးလုပ်တဲ့ ဥစ္စာတွေပေါ့နော။ ကျန်တာတော့နားထားရတာပေါ့။
မေး။ ။ စိန်ခေါ်မှု ၊ အခက်အခဲကတော့ ဘာတွေရှိပါလဲ။
ဖြေ။ ။ အထူးသဖြင့် ဒီစိန်ခေါ်မှုကတော့ အရေးပေါ်လူနာပဲပေါ့နော၊ သူတို့ မရှိမဖြစ်ဆေးရုံရက်ချိန်းတွေ သွားရတာရှိတယ်။ ဥပမာ နာတာရှည်ရောဂါသည်တချို့ပဲ ဖြစ်ဖြစ်၊ ဆေးလုံးဝပြတ်လို့မရတဲ့ လူနာတွေရှိတယ်၊ ရက်ချိန်းအမြဲတမ်းသွားရတဲ့ လူနာတွေရှိတယ်။ အခုတော့ ကျမတို့ တကယ်အခက်အခဲ ကြုံရတာပေါ့နော။ အထူးသဖြင့် သယ်ယူပို့ဆောင်ရေးပေးရမယ့် ကားပေါ့နော။ စခန်း ( ၂ ) ဆို ပိုဆိုးတယ် ကားကလူနာကိုယ်တိုင်ပဲ ပေးရတာပေါ့။ ကားတစီးက ခုံရုံးဆေးရုံထိဆို (ဘတ်) ၂၀၀၀ ပေးရတယ်။ အသွား ၂၀၀၀ အပြန် ၂၀၀၀။ ပြီးတော့ မယ်ဟောင်ဆောင်ဆေးရုံထိဆို (ဘတ်) ၃၀၀၀ လား၊ ၃၅၀၀ လားဆိုတာ ကျမလည်းသေချာမသိဘူး။ အသွား ၃၅၀၀ ဆို အပြန်လည်း ၃၅၀၀ ဖြစ်မှာပဲ။ ဆိုတော့ ပိုဆိုးတာပေါ့။ စခန်း (၂ ) က လမ်းခရီးလည်း ပိုဝေးတယ်။
ဒီစခန်း (၁) မှာက အခုလောလောဆယ်တော့ KnRC (ကရင်နီဒုက္ခသည်ကော်မတီ) ကားက ကျမတို့ကိုအကူအညီ ပေးနေတာပေါ့နော။ ဒါပေမဲ့ KnRC လည်း သူ့အလုပ်နဲ့သူရှိတဲ့အချိန်မှာ ဒီလူနာတွေကိုပဲ ပို့နေရတယ်။ Follow up (လူနာ) တွေကို ပို့နေရတာတမျိုး၊ အရေးပေါ် ပေါ်လာရင် ညဆိုရင်လည်း ညပို့ရတယ်၊ နေ့ဆိုလည်း နေ့ပေါ့နော။ အဲ့ဒီလိုမျိုး KnRC (ကရင်နီဒုက္ခသည်ကော်မတီ) ကတော့ ဆက်ကူနေတာပေါ့နော။ သို့သော်လည်းပဲ ဒါကလည်း တကယ့်ကြုံတွေ့ရတဲ့ အခက်ခဲတွေပဲ၊ ကားမောင်းပေးတဲ့ ကားဆရာတွေလည်း အခက်အခဲရှိတာပေါ့နော။ ပြီးတော့ ဟိုဆေးရုံမှာရောက်ရင်လည်း အခုကျမတို့ လူနာလွှဲလို့ရှိရင် ဖောင်ပေါ်မှာ KnRC Logo နဲ့ တပ်ရတယ်၊ ကျမတို့ KnHD (ကရင်နီကျန်းမာရေးဌာန) Logo နဲ့သုံးလို့ မရဘူး။
ကျမတို့က ခုနကပြောတဲ့ PRM Fund ((IRC နဲ့ဆက်စပ်) ကို ယူတဲ့အတွက်ကြောင့်ပေါ့နော။ ရပ်တန့်ဆို အားလုံး ရပ်တန့်ရမယ်။ Logo လည်း သုံးခွင့်မပေးဘူး။ ဆိုတော့ KnRC ဟာနဲ့ပဲသုံးတော့ ကျမတို့ ဟိုမှာ (ဆေးရုံ) ရောက်လို့ ရှိရင် တချို့ငွေတောင်းတယ်၊ ကုန်ကျစရိတ်ပေါ့နော။ တချို့လည်း မတောင်းဘူး။ ကျမတို့ဆီမှာ အောက်ဆီဂျင် တွေရှိတယ်။ ပြီးတော့ Gas တွေပေါ့နော။ Gas ဆိုတာက ပေါင်းအိုးပေါ့နော။ ဒီမှာအသုံးပြုဖို့ ပတ်တီးတွေကို ပေါင်းအိုးနဲ့ ပေါင်းတာတွေရှိတယ်လေ။ မွေးလူနာဆိုလည်း မွေးပြီးရင် သူ့ရဲ့ပစ္စည်းကိရိယာတွေကို ပြန်ပေါင်း ရတယ်လေ။ အဲ့ဒီ Gas ရယ်၊ ပြီးတော့ ဘက်ထရီဆိုတာက ညဆိုရင် အရေးပေါ်လူနာလာရင် မီးတွေထိုးဖို့ပေါ့နော် အဲ့လို ဘတ်ထရီခြောက်တွေ၊ အဲ့လိုမျိုးဟာတွေ အခုကကုန်နေတယ်။ ကျမတို့ကို သယ်ပို့ပေးမယ့်သူတွေ မရှိဘူး။
မေး။ ။ ကရင်နီပြည်အစိုးရအဖွဲ့ကိုရော အကူညီတောင်းခံမှုအပိုင်းတွေ ရှိပါလား။
ဖြေ။ ။ ကျမတို့အစိုးရကို အကူအညီတောင်းထားတယ်၊ ကားနဲ့တော့ လာသယ်ပေးထားတယ်။ ဒါပေမဲ့ ဂစ်စ်သွင်းခတွေ လိုမယ်၊ အောက်ဆီဂျင်တွေ သွင်းခလိုမယ်၊ ဘတ်ထရီတွေဆိုလည်း သွင်းခတွေလိုမယ်။ အခက်ခဲတွေက အဲ့လိုရှိတယ်ပေါ့နော။ အဲ့တာက စခန်း (၁ )၊ (၂ ) နှစ်ခုစလုံး ကြုံတွေ့နေရတဲ့ အခက်အခဲ ပေါ့နော။
ခုနကပြောတဲ့ သယ်ပေး၊ ပြုပေးဖို့ ကားတွေလည်းလိုသလို အားသွင်းခ၊ အားဖြည့်ခတွေလည်း အခက်အခဲ တကယ်လိုနေတယ်ပေါ့နော။ ကျမတို့အစိုးရကိုလည်း တင်ထားပါတယ်၊ ကျန်းမာရေးဌာနကနေ တဆင့်ပေါ့နော။ တင်ပြထားတယ်ပေါ့နော။ လောလောဆယ်ကတော့ အားသွင်းခတွေကိုတော့ အစိုးရဆီကနေ တောင်းပေးမယ်လို့ တော့ ဝန်ကြီးဌာနက ပြောထားတယ်ပေါ့နော။
မေး။ ။ ဆေးခန်းကပစ္စည်းကိရိယာတွေကိုရော IRC ရဲ့ ခွင့်ပြုချက်နဲ့သုံးနေတာပါလား။ အခြေအနေ ဘယ်လို ရှိပါလဲ။
ဖြေ။ ။ သူတို့ (IRC) အကုန်လာသယ်သွားတယ်။ အောက်ဆီဂျင်တွေ၊ ဂစ်စ်တွေ လာသယ်သွားတယ်။ ဒါပေမဲ့ အရေးပေါ်အနေနဲ့ ချန်ထားခိုင်းခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီဟာတွေကို ပြန်ဖြည့်ဖို့လိုတဲ့အခါမှာ ကူမယ့်လူမရှိတော့ အခက်အခဲတော့ ရှိတာပေါ့။ အဲ့တော့ ဝန်ကြီးဌာနကို အကူညီတောင်းထားတော့ ဟိုနေ့ကတော့ ပို့ပေးပြီးသွားပြီ ဆိုတော့ သွင်းခတွေ ဘယ်လောက်ကျလာမလဲ မသိသေးဘူး။
နောက်ပြီးတော့ အဆိုးဆုံးကဘာရှိလဲဆိုရင် ညလူနာအရေးပေါ်လာလို့ရှိရင် မီးစက်နိုးပေးရတယ်။ မီးစက်နိုး ပေးရတော့ ဒီဇယ်ဓာတ်ဆီတွေ မရှိဘူး။ ဓာတ်ခွဲ (ဌာန) မှာ ရောဂါရှာဖွေဖို့က မီးစက်နိုးပေးမှ ကြည့်လို့ရတယ်လေ။ မိုက်ခရိုစကုတ်နဲ့မှ ကြည့်လို့ရတယ်၊ အဲ့ဒီ အတွက်ကလည်း အခုဆိုရင် ဓာတ်ဆီ၊ ဒီဇယ်ဆီအတွက် ကူညီမယ့် လူတွေမရှိဘူး ဖြစ်နေတယ်။ ငွေရေးကြေးရေးနဲ့ ကူညီမယ့်လူမရှိဘူး ဖြစ်နေတယ်။
မေး။ ။ ဆေးရုံရောက်သွားတော့ တစ်ဦးချင်းရဲ့ကုန်ကျစရိတ်က ကုသတဲ့ရောဂါအပေါ်မူတည်ပြီး ကွာခြားမှု ရှိပါလား။
ဖြေ။ ။ တချို့က ကုန်ကျတာများသွားတယ်။ အပြောင်းလဲအစမှာ အူအတက်ပေါက်လို့ ဆေးရုံရောက်သွားတဲ့ လူနာဆိုရင် နှစ်သောင်းကျော်၊ ကလေးမွေးတဲ့လူနာလည်း ၁၅၀၀၀ ကျော်ဆို လူထုတွေကလည်း အများကြီး ကုန်ကျတယ်။ တကယ်ပဲသူတို့အတွက် ဝန်ထုပ်ဝန်ပိုးတွေဖြစ်တယ်။ အဲ့ဒီကြားထဲမှာလည်း လူနာတယောက် ဆေးခန်းက ပိတ်ထားတဲ့အချိန်ဖြစ်တော့ ဆေးခန်းကိုသူမလာဘူး။ ဘေးပတ်ဝန်းကျင်ကပြောတယ် ဆေးခန်း သွားပါလို့ပြောရင် ဆေးခန်းသွားလို့ရှိရင် ကျနောပိုက်ဆံမှမရှိဘဲ အဲ့လိုပြောတယ်။
ဆေးခန်းသွားရင် ဆေးရုံသွားရမယ်ဆိုတာကို သူသိတယ်ပေါ့နော။ ဆေးရုံကြီးရောက်ရတော့မယ်လူနာက သူ့အခြေအနေကို သူသိတယ်။ ဒီမှာကို ရောက်လာတဲ့အချိန်ကြ သတိလစ်ပြီးတော့ ရောက်လာတဲ့အချိန် ဖြစ်သွားပြီ။ သူ့ကိုဆေးရုံပို့လိုက်သော်ငြားလည်း အဲ့ဒီညမှာ နောက်တမနက်မှာပဲ၊ ညနေပိုင်းလေးရောက်လာတယ်၊ ပို့လိုက်တယ်။ နောက်တမနက်မှာ အသက်ဆုံးရှုံးသွားတယ်။ အဲ့ဒီလိုမျိုး အခက်အခဲတွေလည်း ရှိတာပေါ့။
အဲ့ဒီအချိန်ကလည်း ဘယ်သူကဘာပေးမလဲ ဘယ်သူကဘာကူညီမလဲ မသိသေးတဲ့အချိန်ဖြစ်တော့ ကိုယ့်ပိုက်ဆံနဲ့ပဲ ကိုယ်သွားရတယ်။ တချို့ငွေကြေးမရှိတဲ့သူတွေဆိုရင် မသွားနိုင်ဘူးပေါ့နော။ အသက်ဆုံးရှုံးရတာ ဖြစ်သွားတာ ပေါ့၊ နောက်ကျသွားတာပေါ့။ စခန်း (၂) က ခရီးလည်းဝေးတယ်၊ ကုန်ကျစရိတ်လည်းများတယ်။ ဆေးခန်းလာတာ နောက်ကျလို့လားမသိဘူး၊ ကလေးလေးတယောက်ဆုံးသွားတယ် ချင်းမိုင်ဆေးရုံမှာ။ ခုနကပြောတဲ့ အသက်ရှု ရောဂါကနေစပြီးတော့ ရောဂါပိုးဝင်သွားတာပေါ့နော။ ကလေးတစ်ယောက် ဆုံးသွားတာရှိတယ်။ နှစ်ယောက်ပေါ့။
မေး။ ။ လက်ရှိမှာရော ဒီစခန်း (၁) ကဆေးခန်းမှာ တစ်ရက်တစ်ရက် လူနာလာရောက်ပြသတဲ့ဦးရေ ဘယ်လောက်ရှိပါလဲ။
ဖြေ။ ။ တစ်ရက်တစ်ရက်လာတဲ့လူနာတွေက ၁၀၀ ကနေ ၈၀ ရှိမယ်။ တချို့ outbreak လို့ ပြောရမှာပေါ့။ ရာသီအကူးအပြောင်းကာလဆို ရောဂါအဖြစ်များကြတယ်။ ဥပမာအားဖြင့် အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါဆိုလို့ရှိရင်တော့ ပိုများတာပေါ့။ ပုံမှန်မှာဆိုတော့ ၈၀ နဲ့ ၁၂၀ ကြားပေါ့၊ အဲ့လောက်ရှိတယ်။
မေး။ ။ ကျန်းမာရေးကဏ္ဍနဲ့ပတ်သက်ပြီး တခြားစိုးရိမ်မှုတွေရော ဘာတွေရှိပါလဲ။
ဖြေ။ ။ ဒီရက်ပေါင်း ၉၀ ပြီးလို့ရှိရင် သူတို့ကပြန်ခွင့်ပြုပါ့မလားပေါ့နော် ။ ဒါပေမဲ့ ကျမတို့ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ခွင့်ပြုပြု၊ မပြုပြု ကိုယ့်ရဲ့လူထုအတွက်တော့ ဆက်ပြီးတော့ လုပ်ရအုံးမှာပဲ။ လိုအပ်တဲ့အကူအညီတွေ လည်း ဆက်ရှာရအုံးမှာပဲပေါ့နော် ။ ဒါပေမဲ့ ပုံမှန်ဖြစ်တဲ့အထိတော့ တော်တော်လေးရုန်းကန်ကြိုးစားရအုံးမှာ ပေါ့နော။ တဖြည်းဖြည်းနဲ့ လုပ်သွားရမှာပေါ့။ အကယ်လို့ ပြန်ရရင်တော့ အတိုင်းထက်အလွန်ပေါ့။ အခုလည်း ကျမတို့အကူအညီတွေ အများကြီးလိုအပ်တာပေါ့။
ဝန်ကြီးဌာနတွေလည်း ဒီအခက်အခဲတွေ သိထားပြီးသား ဆိုတော့ သူတို့တွေလည်းကြိုးစားပြီးတော့ သံတမန် ရေးရာကအစ ရှာလုပ်မယ်လို့တော့ပြောတယ်။ ချက်ချင်းလက်ငင်းတော့ ရနိုင်မှာမဟုတ်ဘူးလေ။ ကျမတို့ တဖြည်းဖြည်းနဲ့ ကြိုးစားသွားရမှာပဲ။ ဆိုတော့ ကျမတို့လည်း တင်ပြထားပါတယ်ပေါ့နော်၊ အခက်အခဲတွေ ဒီလိုရှိတဲ့အကြောင်းတွေ။ PRM ကမဟုတ်တဲ့ fund တွေ ရှာကြည့်ကြည့်မယ်လို့တော့ စဉ်းစားထားတယ်ပေါ့နော် ။ စတင်လည်း လုပ်နေပါပြီ။
မေး။ ။ ဒုက္ခသည်စခန်းက ကျန်းမာရေးဝန်ဆောင်မှုဆိုင်းငံ့တဲ့ ရက်ပေါင်း (၉၀) ပြီးတဲ့နောက် ဘယ်လို အပြောင်းအလဲမျိုး မျှော်လင့်ထားပါလဲ။
ဖြေ။ ။ ဘယ်လိုမျှော်လင့်လဲဆိုရင် အကယ်၍ ရက်ပေါင်း (၉၀) အတွင်း အဲ့လိုမျိုးမဖြစ်ဘူးဆိုရင် ထိုင်းကလည်း ဒီဒုက္ခသည်ကို တာဝန်ယူပေးလိုက်ရင် ကောင်းတာပေါ့။ သူတို့မယူဘူးဆိုရင် ကျမတို့လူထုတွေပဲ ကိုယ့်ကျန်းမာရေး ကိုယ်ကုန်ကျခံတဲ့နည်းပဲ သွားရလိမ့်မယ်ထင်တယ်။ ဆိုတော့ ကျမတို့လည်း ကိုယ့်လူထုတွေအတွက် ကိုယ့်ဒေသအတွက် အကူအညီရရှိအောင်လုပ်သွားမယ်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။