CNO/CNDF မှ မူဝါဒရေးရာပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်းနှင့် ဆက်သွယ်မေးမြန်းချက်။
ချင်းတော်လှန်ရေးအတွက် ကြီးမားသည့် အပြောင်းအလဲ ဖြစ်လာမည့် ချင်းပြည်အစိုးရ ဖွဲ့စည်းပေါ်ပေါက်လာရေး အတွက် ချင်းအမျိုးသားကောင်စီ သို့မဟုတ် ချင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ရန် ချင်းအင်အားစုများက ကြိုးစားနေသည်မှာ ၂ နှစ် ကျော် ရှိလာပြီ ဖြစ်သည်။
နွေဦးတော်လှန်ရေးကာလ မြန်မာနိုင်ငံမှာ ပထမဆုံး ပြည်နယ်အစိုးရ ဖွဲ့စည်းနိုင်ဖို့ ချင်းအင်အားစုများ ကြိုးစား ခဲ့သော်လည်း ကရင်နီပြည်နယ်အစိုးရ ဖွဲ့စည်းပြီး လပိုင်းအတော်ကြာမြင့်သည်အထိ ကောင်စီဖွဲ့စည်းနိုင်ရေး အဆင့်တွင်သာ တန့်နေခဲ့ပါသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်၌ ချင်းပြည်ကောင်စီ ဖွဲ့စည်းနိုင်ရေးအတွက် ချင်းအမျိုးသားတပ်ဦး CNF၊ ချင်းလွှတ်တော်ကိုယ်စားလှယ်များ၊ CJDC မှ အဖွဲ့ ၁၆ ဖွဲ့ ဖြင့် ဦးဆောင်ဆွေးနွေးပွဲ ပြုလုပ်နေသော်လည်း CNO/ CNDF နှင့် ZFU တို့က ပါဝင်တက်ရောက်ခြင်း မရှိခဲ့ပါ။
ယင်းသို့ ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး အစည်းအဝေးကို တက်ရောက်ခြင်းမရှိသည့် CNO/CNDF ၏ သဘောထားအမြင်ကို သိရှိနိုင်ရန်အတွက် CNO/CNDF မှ မူဝါဒရေးရာ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းပီတာထန်း အား ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ ချင်းတော်လှန်ရေးအင်အားစုတွေက ချင်းပြည်ကောင်စီ သို့မဟုတ် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းနိုင်ဖို့ ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့တယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။
ဖြေ။ ။ မြို့နယ်အလိုက် အဖွဲ့အစည်းတွေ ခေါ်မလား၊ မျိုးနွယ်စုအလိုက် အဖွဲ့အစည်းတွေ ခေါ်မလား၊ စတင် ဖွဲ့စည်းဖို့ တာစူနေကတည်းက CSO အဖွဲ့တွေရယ်၊ MP (လွှတ်တော်ကိုယ်စားလှယ်) အစုအဖွဲ့တွေရယ်၊ နိုင်ငံရေး ပါတီတွေရယ် စုဖွဲ့ပြီး ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဆိုပြီးတော့မှ ဖွဲ့ခဲ့ကြတယ်။ တနည်းပြောရရင် ချင်းလဲန်းကောင်စီပဲလေ။ အဓိက ကောင်စီဖွဲ့တယ်ဆိုတာက ကောင်စီမှာ အဆုံးသတ်ဖို့ မဟုတ်ဘဲနဲ့ ချင်းပြည်အစိုးရဖွဲ့ဖို့ပေါ့။ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကမှ ချင်းပြည်အစိုးရ ဖွဲ့စည်းဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ အဖြေမထွက်နိုင်ခဲ့ကြဘူး။ အလျော့အတင်း ပြုလုပ်ရတဲ့အခါမှာ အထူးသဖြင့် CNF နဲ့ CNF မဟုတ်တဲ့ အစုအဖွဲ့တွေကြားထဲမှာပဲ Charter ဆွဲတဲ့အခါမှာ မပြီးမဆုံးနိုင် ဖြစ်သွားတယ်။
အဲလိုနဲ့ ဒီကြားထဲမှာ နှစ်နဲ့ချီပြီး ကြာလာတဲ့အခါမှာ တစ်နှစ်ကျော် ကြာတဲ့အခါမှာ CJDC ခေါ်တဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းအဖွဲ့နဲ့ ရပ်တည်လာတယ်။ ရပ်တည်လာတဲ့အခါမှာ CJDC အဖွဲ့ထဲမှာက မြေပြင်ကိုစိုးမိုးမှု ယူထားတဲ့ အဖွဲ့တွေ များတဲ့အခါကြတော့ တနည်းအားဖြင့် ပြည်သူ့အုပ်ချုပ်ရေး ဖွဲ့စည်းပြီးသား အဖွဲ့ဖြစ်လို့ ဒီအဖွဲ့တွေ စုပေါင်းကြရင် ချင်းလဲန်းကောင်စီပါပဲ။ ချင်းလဲန်းကောင်စီကနေ ချင်းပြည်အစိုးရပါပဲ ဆိုတဲ့ CJDC က ဝင်လာဖူးတယ်။ ကျနော်တို့ ကြိုးကြိုးစားစားနဲ့ ဖြစ်မြောက်ရေးအဖွဲ့တွေ ဖွဲ့စည်းပြီး ဆောင်ရွက်ဖို့ ကြိုးစားခဲ့ ကြတယ်။ CJDC မှာ ပါဝင်တဲ့ အဖွဲ့ဝင်တချို့က CJDC သည် စစ်ရေးအရ ပူးပေါင်းပါဝင်တဲ့ အဖွဲ့အစည်းသာ ဖြစ်တယ်၊ နိုင်ငံရေးအရ ဖွဲ့ထားတဲ့အဖွဲ့ မဟုတ်တဲ့အတွက်ကြောင့် စစ်ရေးအရ ပူးပေါင်းတဲ့အဖွဲ့ကနေ နိုင်ငံရေး ဖွဲ့စည်းတည်ထောင်မယ်ဆိုတာက အဆင်မပြေလောက်ဘူးဆိုပြီး ကန့်ကွက်မှုတွေ ရှိလာတယ်။
ပြီးတော့ CJDC ရဲ့ ချမှတ်ထားတဲ့ အရာမှာ MP ရဲ့ အခန်းကဏ္ဍကို သတ်သတ်မှတ်မှတ် မလုပ်ခဲ့နိုင်တာနဲ့ ပတ်သက်ပြီးတော့ ဥပမာ MP က ပါချင်ရင်လည်း ကိုယ့်ရဲ့တော်လှန်ရေးရဲ့ အစုအဖွဲ့တွေထဲကနေ ပါချင်ရင်လည်း ပါဆိုတဲ့ပုံစံနဲ့ သွားတဲ့အခါကြတော့ လက်တွေ့မှာ တကယ်တမ်း အလုပ်မဖြစ်ခဲ့ဘူး ဆိုတော့ ICNCC လည်း အလုပ် မဖြစ်ဘူး။ CJDC လည်း အလုပ်မဖြစ်ဘူး ဆိုတော့ ICNCC နဲ့ CJDC နဲ့ ပေါင်းပြီးတော့ လုပ်ကြရအောင်ဆိုပြီး ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်။ တစ်နှစ်နီးပါးကြာအောင် တွေ့ဆုံမှုတွေ၊ ဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ခဲ့ကြတယ်။ နောက်ဆုံးမှာတော့ De facto နဲ့ De Jure ပေါင်းပြီးလုပ်ကြရင် အဆင်ပြေမယ်ထင်တယ် ဆိုပြီးတော့မှ De Jure အနေနဲ့ ICNCC က ရေးဆွဲထားတဲ့မူကြမ်းနဲ့ CJDC က ရေးဆွဲထားတဲ့ မူကြမ်းရယ် ပေါင်းပြီးတော့မှ Single Text ဖြစ်အောင် ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်ဖြစ်၊ charter ပဲဖြစ်ဖြစ်၊ ရလာတဲ့မူဘောင်အတိုင်း၊ ရလာတဲ့ဥပဒေအတိုင်း ချင်းလဲန်းကောင်စီကို ပြင်ဆင်ပြီးတော့ ဖွဲ့စည်းပြီးတော့ဖြစ်ဖြစ်၊ အဲဒီအောက်ကနေ ဆွေးနွေးညှိနှိုင်းခဲ့တယ်။
အဖြေထွက်ခါနီးနီး အခြေအနေမှာ CJDC ရဲ့ ၁၈ ဖွဲ့နဲ့ အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေးပြီးတော့မှ အများစု ပြောရမလား၊ အားလုံးသဘောတူနိုင်တဲ့ Single Text အဆင့်ကို ရောက်လာနိုင်ခဲ့တယ်။ အဖွဲ့ ၁၈ ဖွဲ့ကနေ Single Text ရဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီအဆင့်အထိ ရောက်ခဲ့တယ်၊၊ ICNCC ဘက်ကလည်း သူတို့ရဲ့ Single Text ရတယ်။ ဒါပေမဲ့ သူတို့မှာ ပြသနာရှိတာက သူတို့ Single Text မှာ ဒီ CNF ရဲ့ပါဝင်မှုက အားနည်းနေတယ်။ ICNCC ရဲ့ မူဘောင်အရ အစုအဖွဲ့ကြီး ၄ ခုမှာ အစုအဖွဲ့တစ်ခုက ပါဝင်မှုမရှိဘူးဆိုရင် ပူးပေါင်းမှု မပြည့်တဲ့ သဘောမျိုး ရှိနေတဲ့အခါကြတော့ သူတို့ရဲ့ Single Text ကို ပိုအဆင်ချောအောင်လို့ ကျနော်တို့ CJDC မှာလည်း CNF က ပါဝင်နေတာဖြစ်လို့ ကျနော်တို့ရဲ့မူကြမ်း (Draft)အပေါ်မှာ CNF ရဲ့ မှတ်ချက်ကို ယူပေးပါဦးဆိုပြီးတော့ အကူအညီတောင်း လာပါတယ်။
ကျနော်တို့လည်း CJDC ရဲ့ Single Text အပေါ်မှာ CNF ရဲ့ သဘောထား တောင်းခံပါတယ်။ တကယ်တမ်း CJDC ကလုပ်တဲ့ Single Text ဆိုတာက CNF က နဂိုမူလလုပ်ထားတဲ့ Draft (မူကြမ်း) အပေါ်မှာ နည်းနည်းပါးပါး ပြုပြင်တာပဲ ရှိတာပါ။ လူဦးရေကို လိုတိုး၊ ပိုလျော့လောက်ပဲ လုပ်ထားတာ ရှိပါတယ်။ ကျနော်တို့က အဲဒီလို သဘောထားမေးတဲ့အခါကြတော့ CNF ကနေမှ တရားဝင် ဘာမှတုံ့ပြန်တာ မရှိတဲ့အခါကြတော့ ကျနော်တို့ CJDC နဲ့ ICNCC နဲ့ တွေ့ဆုံပြီး Single Text လုပ်မယ့်ကိစ္စက နှောင့်နှေးသွားတာပေါ့။ ဆက်ပြီးတော့ ခြေလှမ်းလို့မရတဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ ICNCC က သူတို့မှာ CNF ရဲ့ပါဝင်မှု မပြည့်မှုနဲ့ အခက်အခဲဖြစ်နေချိန်မှာ ကျနော်တို့ဆီမှာရော CNF ပါဝင်မှု တကယ်ရှိသလား ဆိုပြီးတော့မှ အဲဒီမှာ ကျနော်တို့အဖွဲ့က လူငယ်တချို့က ICNCC က တပြည်နယ်လုံးလုပ်ရမယ့်ကိစ္စကို အစုအဖွဲ့တစ်ခုမပါရုံနဲ့ သူတို့ကမသွားဘူးဆိုတာက အစုအဖွဲ့ တစ်ခုပေါ်မှာ အရမ်းအလေးပေးရာ ကျလွန်းတယ်ဆိုပြီးတော့ CJDC အဖွဲ့ဝင်တချို့က ICNCC လူကြီးတွေ အပေါ်မှာ နားလည်မှုလွဲမှားတဲ့ အခြေအနေလည်း ရောက်ခဲ့ပါတယ်။
ကျနော်တို့လည်း ဘာကြောင့်မှန်းမသိပေမယ့် CNF က နောက်တော့ ICNCC ကနေ နှုတ်ထွက်လိုက်တယ်။ ပြီးတော့ CJDC မှာလည်း ဥက္ကဌအပြောင်းအလဲ သူလုပ်ပါတယ်။ အရင်တုန်းကဥက္ကဌကို ပြောင်းပြီးတော့ တခြားဥက္ကဌ၊ အဖွဲ့ဝင်တွေလည်း CJDC မှာ သူ့ရဲ့ ကိုယ်စားလှယ်တွေ အကုန်လုံးကို အသစ်လဲလိုက်ပါတယ်။ မူဝါဒလည်း နည်းနည်းပြောင်းလဲလိုက်ပါတယ်။ CJDC ထဲမှာ သက်ဆိုင်တဲ့ကိစ္စတွေ အကုန်လုံးကို အာဂျင်တာ မဖွင့်တော့ဘူးပေါ့။ မဖွင့်တော့ Main ကော်မတီကနေ စစ်ရေးကလွဲရင် ကျန်တဲ့ကိစ္စတွေ မလုပ်တော့တဲ့အခါမှာ Main ကော်မတီရဲ့ Sub ကော်မတီဖြစ်တဲ့ ချင်းလဲန်ကောင်စီ ဖြစ်မြောက်ရေးကော်မတီကလည်း ဘာမှ ဆက်လုပ်လို့မရတဲ့ အခြေအနေ ရောက်သွားပါတယ်။
တဖက်က ICNCC မှာလည်း သူက နှုတ်ထွက်သွားတဲ့အခါကြတော့ ဘာမှ ရှေ့ဆက်လို့မရ ဖြစ်သွားတယ်။ အဲဒီနောက်ပိုင်းမှာ ICNCC က လူကြီးတွေ အထူးသဖြင့် MP တွေက CNF နဲ့ ညှိနှိုင်းပြီးတော့ အဖွဲ့ဝင်ဖို့ ခဏခဏ ညှိနှိုင်းတာကိုတော့ ကြားရတယ်။ အဲလိုတွေ့ရင်းကနေ CNF နဲ့ MP တွေ့ဆုံပွဲ ပုံစံမျိုးတွေ ဖြစ်လာတယ်လို့ ကြားရတယ်။ နောက်တော့ CNF ကနေမှ ICNCC ရော၊ CJDC ရော မဖွဲ့စည်းလိုက်နိုင်တဲ့ ချင်းလဲန်းကောင်စီကို သူကိုယ်တိုင် ကမကထလုပ်ပြီးတော့ ဖွဲ့မယ်ဆိုတဲ့ပုံစံမျိုး ဖြစ်သွားတာပေါ့နော်။ သူက အကြိုအစည်းအဝေး လုပ်ကြမယ် ဆိုပြီးတော့မှ အခုနောက်ဆုံး အစည်းအဝေးခေါ်လိုက်တဲ့ဟာ ဒါကချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ဖို့ အဆင့်ဆင့် ကြိုးစားခဲ့တဲ့အကြောင်း ဖြစ်ပါတယ်။
မေး။ ။ ချင်းလဲန်းကောင်စီက ဘာကြောင့် ဖွဲ့စည်းဖို့လိုအပ်ပါလဲ။ တော်လှန်ရေးအတွက် ဘယ်လို အရေးကြီးပါလဲ။
ဖြေ။ ။ ချင်းလဲန်ကောင်စီဖွဲ့ဖို့ဆိုတာက စောစောကပြောတဲ့အထဲမှာလည်း ပါသွားပါတယ်။ ချင်းပြည်အစိုးရ ဖွဲ့ချင်လို့ပါ။ ချင်းပြည်အစိုးရဖွဲ့ဖို့အတွက်က အခုက လွတ်လပ်တဲ့ခေတ်လည်း မဟုတ်တော့ တိုက်ပွဲဖြစ်နေတော့ ၊ တကယ်တမ်းက ပြည်သူတွေက ရွေးပြီးတော့မှ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်ကနေမှ၊ တိုင်းပြုပြည်ပြု လွတ်တော်အမတ်တွေကနေမှ မူကြမ်းတွေရေးပြီးတော့မှ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကို အတည်ပြုပြီးတော့မှ အဲဒီအတိုင်း အစိုးရ ဖွဲ့လိုက်ရုံပဲဖြစ်ရမှာ။
ဒါပေမဲ့ အခုက ပြည်သူတွေကနေ ကိုယ်စားလှယ်ကောက်ခံတာ၊ သဘောထားကောက်ခံတာတို့ လုပ်လို့မရတဲ့ အနေအထားမျိုးမှာ အခု ပြည်သူတွေကိုယ်စား ရပ်တည်နေတဲ့ အစုအဖွဲ့တွေကို တစုတစည်းထဲ အရင် ပေါင်းပြီးတော့မှ အဲစုပေါင်းမှုကို ပြည်သူကိုယ်စားပြုလို့ သဘောထား ပြီးတော့မှ ဆက်သွားဖို့လိုတဲ့အခါမှာ ချင်းပြည်ကောင်စီ ခေါ်မလား၊ ချင်းလဲန်းကောင်စီ ခေါ်မလား၊ ချင်းအမျိုးသားကောင်စီ ခေါ်မလား လိုအပ်တဲ့ အကြောင်းရင်းပေါ့နော်။
အဓိက ရည်ရွယ်ချက်က ချင်းပြည်အစိုးရ ပေါ်ပေါက်လာနိုင်ဖို့၊ အုပ်ချုပ်ရေးရော၊ တရားစီရင်ရေးရော၊ ဥပဒေပြုရေးဆိုတဲ့ မဏ္ဏိုင် (၃) ခုကို သေချာလည်ပတ်နိုင်မယ့် ပြည်သူကို ၊ ချင်းပြည်တစ်ခုလုံးကို ကိုယ်စား ပြုနိုင်တဲ့ အစုအဖွဲ့ကြီးတစ်ခု ဖြစ်ပေါ်လာဖို့ လိုအပ်လို့ ကျနော်တို့ ချင်းပြည်နယ်မှာ ချင်းပြည်ကောင်စီ၊ ချင်းအမျိုးသားကောင်စီကို ဖော်ဆောင်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ ချင်းပြည်ကောင်စီ သို့မဟုတ် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းနိုင်ဖို့ ဘယ်အချိန်ကတည်းကနေ ဘယ်လူတွေက ဘယ်လိုတွေ ကြိုးစားခဲ့ကြတာပါလဲ။
ဖြေ။ ။ သမိုင်းကြောင်းက ဟိုအရင်းကတည်းက ကြိုးစားခဲ့ကြတာပါ။ ပြောရရင် ကြာသွားမှာစိုးလို့ ကျနော်ကတော့ ၂၀၂၁ ကနေပဲ လက်တွေ့ကျတာကိုပဲ အဲဒီအရင်မတိုင်မီက ကြိုးစားမှုတွေက လက်ရှိနိုင်ငံရေးနဲ့ ဆက်စပ်မှု မရှိတဲ့အတွက်ကြောင့်မို့လို့ လက်ရှိနိုင်ငံရေးနဲ့ ဆက်စပ်မှုရှိတဲ့ ကြိုးစားမှုက ၂၀၂၁ ခုနှစ် ICNCC ဖွဲ့စည်းစဉ်ကနေ အစပြုခဲ့တယ်လို့ ဆိုချင်ပါတယ်။
မေး။ ။ ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ရေး အရင်က CNO/ CNDF က ဘယ်လိုပူးပေါင်းဆောင်ရွက်ခဲ့တယ် ဆိုတာကိုလည်း သိပါရစေ။
ဖြေ။ ။ CNO ဆိုတာက ဖလမ်းမြို့နယ်နဲ့ ဖလမ်းမြို့နယ်ကနေမှ ချက်မြှပ်ဇာတိတွေဖြစ်တဲ့ ဖလမ်းမြို့နယ်က မျိုးနွယ်စုတွေကို အခြေပြုပြီးတော့မှ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကျနော်တို့ CNO ဆိုတာ အဲဒီမျိုးနွယ်စုတွေ ကိုယ်စားသွားနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ ICNCC ဖွဲ့တဲ့အခါမှာ CNO/ CNDF အနေနဲ့ နာမည်နဲ့ ICNCC ထဲမှာ ပါဝင်ခြင်း မရှိပေမယ့်လည်း ဖလမ်းမြို့နယ်မှာရှိတဲ့ ချင်းလူမျိုးတွေရော၊ ဖလမ်းမြို့နယ်အနေနဲ့ သွားနေတဲ့ CSO အဖွဲ့တွေရော အကုန်လုံးက CNO အဖွဲ့ထဲမှာ လင့်ခ်ရှိနေပြီးသားဖြစ်တော့ တိုက်ရိုက်မဟုတ်ပေမယ့် ICNCC မှာ ဘာတွေလုပ်ပါတယ်၊ ဘာတွေ ဖြစ်ပါတယ်ဆိုတာကို ICNCC ထဲမှာ သွားနေတဲ့ ကျနော်တို့ရဲ့ နိုင်ငံရေးသမားတွေ ခေါ်မလား MP တွေရော CSO သမားတွေကရော မြို့နယ်ရဲ့အသံကို သိချင်တဲ့အခါမှာ၊ မြို့နယ်ရဲ့ဆန္ဒကို မေးမြန်းတဲ့အခါမှာ CNO ကို အမြဲတမ်းဆွေးနွေးဖြစ်ပါတယ်။
ICNCC မှာ ကတည်းက CNO အနေနဲ့ ပါဝင်မှု ရှိခဲ့တယ်လို့ ပြောရမှာပေါ့နော်၊ ပြီးတော့ CJDC အနေနဲ့ သွားခဲ့တဲ့ အချိန်တုန်းကလည်း ချင်းလဲန်းကောင်စီကို ကျနော်တို့ကလည်း လိုချင်နေတဲ့အတွက်ကြောင့် ချင်းပြည်အစိုးရကို ဖွဲ့ချင်တဲ့အခါကြတော့ ဖြစ်မြောက်ရေးကို ဘယ်လိုလုပ်ကြမလဲ ဆိုခဲ့စဉ်ကတည်းက CJDC အဖွဲ့ဝင်တွေကနေ CNO က ဥက္ကဌတာဝန်ကို ယူထားပေးနိုင်မလားလို့ ပြောတဲ့အခါမှာ ဝမ်းပန်းတသာ လက်ခံခဲ့ပါတယ်။ ကျနော်တို့ ကြိုးစားပြောဆို စည်းရုံးခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်ပြောတဲ့အတိုင်း သူရဲ့ချန်နယ်က လွဲနေတော့ ကျနော်တို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှု မရှိခဲ့ဘူး။
နောက် CJDC နဲ့ ICNCC နဲ့ ပေါင်းပြီးတော့မှ လုပ်မယ်ဆိုပြီးတော့ Perfect Plan ဆိုပြီး အားလုံးက တကယ် ဖြစ်တော့မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဘတ်ဂျတ်လည်း မြန်မာငွေ သိန်းထောင်ဂဏန်း ကုန်ခဲ့တယ်။ ပြည်ပအလှူရှင်တွေ အများကြီးနဲ့ ကျပ်သိန်းထောင်ဂဏန်းနဲ့ သွားနေတဲ့ အချိန်တုန်းကလည်း ICNCC ဘက်ကလည်း ကျနော်တို့ရဲ့ MP တွေရယ်၊ CSO ရဲ့ ကိုယ်စားလှယ်တွေရယ် ကြိုးစားပြီးတော့မှ ဖြစ်မြောက်ရေး ကော်မတီ ခေါ်မလား ၊ အဓိက အရေးကြီးတာက မူတစ်ခု၊ ဥပဒေတစ်ခု ထွက်လာဖို့ အရေးကြီးတော့ ဥပဒေတစ်ခု ထွက်လာဖို့ ဦးဆောင်တာက ကျနော် MP ဖြစ်တဲ့ Pu Salai Lian Luai က အဲဘက် (ICNCC)က တာဝန်ယူထားတယ်။
ကျနော်က CJDC ဘက်ကနေမှ Constitution ဖြစ်မြောက်ရေးကော်မတီရဲ့ အဖွဲ့ဝင်၊ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူပြီးတော့မှ ကျနော်တို့ဘက်က ချင်းလဲန်ကောင်စီ ဖြစ်ပေါ်လာနိုင်ဖို့အတွက် CJDC ဘက်မှာ ကျနော်က CNO/ CNDF ကိုယ်စားလှယ်အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်။ ICNCC ဘက်ကနေလည်း အဲဒီလို ပါဝင်ခဲ့ကြတယ်။ ဘာလို့လည်းဆိုတော့ အဲတုန်းက ICNCC ဆိုတာ အစုအဖွဲ့ တစ်ခုထဲကိုပဲ ကိုယ်စားမပြုဘူး။ CJDC ဆိုတာလည်း အစုအဖွဲ့တစ်ခုထဲကို ကိုယ်စားမပြုဘူး။ အဲဒီအစုအဖွဲ့တွေ ထဲမှာ နည်းနည်းအင်အားကြီးတဲ့ အဖွဲ့တွေ၊ ဩဇာကြီးတဲ့အဖွဲ့သော်လည်း အဖွဲ့အစည်း တစ်ခုထဲကို ကိုယ်စားပြု တဲ့ဟာ မဟုတ်တဲ့အခါကြတော့ အဲတုန်း CNO/ CNDF အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ကြတယ်။
မေး။ ။ အခု စက်တင်ဘာလဒုတိယပတ်က ကျင်းပခဲ့တဲ့ ချင်းလဲန်းကောင်စီပေါ်ပေါက်ရေး ဆွေးနွေးမှုတွေမှာ CNO/ CNDF က ဘယ်လိုကြောင့် မပါဝင်ခဲ့တာပါလဲ။
ဖြေ။ ။ မပါဝင်ခဲ့ရတဲ့ အကြောင်းအရင်းတွေကတော့ နံပါတ်တစ်က အခုအစည်းအဝေးကိုခေါ်တဲ့ CNF ရဲ့ သဘောထားအပေါ်မှာ ယုံကြည်မှု မတည်ဆောက်နိုင်တာပါတယ်။ ဘာလို့လဲဆိုတော့ ICNCC နဲ့ CJDC နဲ့ ပူးပေါင်းပြီးတော့မှ ကြိုးစားခဲ့ကြတဲ့ Òဆင်ပြောင်ကြီး အမြီးကြမှတစ်Ó သွားတဲ့ဟာကို နားမလည်နိုင်ဘူး။ CNF သာ အဲဒီအချိန်တုန်းက ပူးပေါင်းပါဝင်ခဲ့မယ်ဆိုရင် ခုချိန်မှာ ချင်းလဲန်းကောင်စီက ထွက်ပြီးနေလောက်ပြီ။ ကယားပြည်နယ်ထက်ကို ချင်းပြည်အစိုးရက အရင်ဖွဲ့နေလောက်ပြီ။ အဲဒီအချိန်တုန်းက ဘာကြောင့် သူမပါဝင်ခဲ့တာလဲ ဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေတယ်။ ကျနော်တို့ နားမလည်ပေမယ့် သေချာတာက အဲဒီအချိန်တုန်းက သူမပါဝင်ခဲ့ဘဲ ထွက်သွားပြီးတော့မှ သူရဲ့အတောင်အောက်ကနေ သီးခြားထပ်ဖွဲ့ဖို့ လုပ်လာတဲ့ အခါမှာ အခုကြည့်ပါ။
အကြိုညှိနှိုင်းအစည်းအဝေးကနေ ဘာထပ်လုပ်ရလဲဆိုတော့ ဖြစ်မြောက်ရေးကော်မတီ ထပ်ဖွဲ့နေရတယ်။ အစကနေ ပြန်လုပ်နေရတယ်။ ဟိုအရင်က ကျနော်တို့ဆွဲထားတဲ့ CJDC ၁၈ ဖွဲ့၊ မျိုးနွယ်စု ခေါင်းဆောင်၊ မြို့နယ် ခေါင်းဆောင်တွေရဲ့ ကြားထဲမှာ သဘောထား အမြဲတမ်းကွဲလွဲနေရတဲ့ဟာတွေ အဲဒီ ၁၈ ဖွဲ့လုံး သဘောတူညီတဲ့ Draft (မူကြမ်း) တစ်ခု ထပ်ရလာဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး။ ဒါပေမဲ့ အခုက သူက အစကနေ ပြန်ပြီးတော့ လုပ်နေရတာပါ။ အဲဒါတွေက ဘာအတွက်လည်းဆိုတာ ကျနော်တို့ နားမလည်နိုင်ဘူး။ ယုံကြည်မှုလည်း မတည်ဆောက်နိုင်ဘူး။ တကယ်တမ်းက CJDC ဆိုသည်မှာလည်း သူ(CNF) ကိုယ်တိုင် ဥက္ကဌ အနေနဲ့ တည်ထောင်ခဲ့တဲ့အဖွဲ့အစည်း၊ ICNCC ဆိုတာမှာလည်း အစုအဖွဲ့ (၄) ခု ရှိတဲ့အထဲကနေ အစုအဖွဲ့တစ်ခု နေရာကို ယူထားတဲ့ဟာကနေမှ အဲနှစ်ဖွဲ့ပေါင်းပြီးလုပ်ကြမယ့် ချင်းလဲန်းကောင်စီမှာ ဘယ်လိုမှမဖြစ်မြောက် လာဖို့အတွက် သူကိုယ်တိုင် ပူးပေါင်းပါဝင်မှုမရှိခဲ့တဲ့ဟာ ခုကြမှ သူ့ရဲ့ဦးဆောင်မှုအောက်ကနေ သွားမယ်ဆိုတော့ ကျနော်တို့စိတ်ထဲမှာ မရိုးသားဘူးလို့ပဲ ခံစားမိတယ်လို့ ဆိုကြပါစို့။
ပိုဆိုးတာက ဒီကြားထဲမှာ တွေ့ရတဲ့အတိုင်းပဲ CNO/ CNDF သည် ဖလမ်းမြို့နယ်ကို ကိုယ်စားမပြုပါဘူးဆိုတဲ့ ပုံစံတွေ အများကြီး သူက လုပ်လာတယ်။ လက်တွေ့မှာလည်း တပ်စခန်းတွေကိုလည်း အများကြီးတိုးချဲ့လာပြီး တော့မှ ဖလမ်းမြို့နယ်ထဲမှာ CNO/ CNDF ပဲ ရှိတာ မဟုတ်ဘူး၊ CNA/ CNF လည်း ရှိတယ်၊ ဟိုအဖွဲ့လည်း ရှိတယ်၊ ဒီအဖွဲ့လည်း ရှိတယ် ပုံစံမျိုးနဲ့ လုပ်လာတဲ့အခါကြတော့ အဲလိုမျိုး ယုံကြည်မှုတည်ဆောက်ဖို့အတွက် ပူးပေါင်း ပါဝင်ဖို့အတွက် သူ့တစ်ယောက်ထဲသဘောထားနဲ့ သွားရမယ့်ပုံစံမျိုးမှာ ပါဝင်ဖို့က အဆင်မပြေဘူး။ ICNCC နဲ့ CJDC တို့ဆိုတာက အထဲမှာရှိတဲ့ အဖွဲ့ဝင်အချင်းချင်း၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ယုံကြည်မှု မတည်ဆောက်နိုင်ဘူး ဆိုရင်တောင်မှ အဖွဲ့ပေါင်းချုပ်ဖြစ်တဲ့အခါကြတော့ အဖွဲ့တစ်ခုထဲရဲ့ သဘောထားက သိပ်ပြီးတော့အရေးမပါတဲ့ အနေအထားမျိုးမှာ ရှိတယ်။
အခုကြတော့ သူကနေပြီးတာ့မှ အစည်းအဝေးကို ခေါ်လိုက်ပြီးတော့ သူကနေ ကမကထ လုပ်ရတဲ့ အနေအထား ဖြစ်တဲ့အခါကြတော့ ပါဝင်ဖို့ဆိုတာ သူ့ရဲ့သဘောထားအပေါ်မှာ ယုံကြည်မှုတည်ဆောက်နိုင်မှ လုပ်လို့ရမယ့် အနေအထားမျိုး ရှိနေတဲ့အခါကြတော့ ကျနော်တို့ကြိုးစားခဲ့တဲ့ သမိုင်းကြောင်းအရသော်လည်းကောင်း၊ ပါဆင်နယ်နယ်မြေကိစ္စအရ ကြည့်တဲ့အခါကြသော်လည်းကောင်း CNF က သဘောထား မှန်ကန်မှုမရှိဘူးလို့ ယူဆရတဲ့ အတွက်ကြောင့် ရိုးသားမှု မရှိတဲ့ ဖွဲ့စည်းပုံမှာပါဝင်ရင် ကြားညှပ်တဲ့ပါဝင်မှုပဲ ဖြစ်သွားမယ်။ ကျနော်တို့ ခေါင်းဆောင်တွေက သွားပါခဲ့ရင်တောင်မှ ထွက်လာတဲ့ရလဒ်က ကျနော်တို့ မြို့နယ်မှာရှိတဲ့ လူတွေရဲ့ သဘောထားနဲ့ မကိုက်ညီတဲ့အခါကြရင် ကျနော်တို့ကိုယ်တိုင်က အလိုလိုနေရင်းနဲ့ သမိုင်းတရားခံတွေ ဖြစ်သွားမှာလည်း စိုးရိမ်တဲ့အတွက်ကြောင့် ကျနော်တို့က ဒီလမ်းကြောင်းကတော့ မဖြစ်သင့်ဘူး။
အဖွဲ့အစည်း တစ်ခုထဲကနေပြီးမှ ဖွဲ့စည်းလိုက်တဲ့ ချင်းလဲန်းကောင်စီမျိုးမှာတော့ ပါလို့မဖြစ်ဘူး။ ရှိပြီသား CJDC သော်လည်းကောင်း သို့မဟုတ် ICNCC သော်လည်းကောင်း သို့မဟုတ် အဲဒီနှစ်ခုဖွဲ့စည်းထားတဲ့ အဖွဲ့ကနေမှ အားလုံးပြန်ပါကြမယ့် အရေးလား၊ ဒါမှမဟုတ်ရင် ခုနကလို အဖွဲ့အစည်းတစ်ခုထဲကနေ ကမကထလုပ်ပြီးတော့မှ လက်ဖက်ရည်တိုက်ပြီးခေါ်တဲ့ အစည်းအဝေးမျိုး မဟုတ်တဲ့ ဖြစ်မြောက်ရေးပုံစံမျိုးမှာ ဆိုရင်တော့ ပိုအဆင်ပြေ လိမ့်မယ်။ အဲလိုမဟုတ်ဘဲနဲ့ အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှုအောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့်အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့်၊ တကယ်လည်း အဲလိုမျိုးဆိုရင်လည်း အဆင်ပြေမှာမဟုတ်ဘဲနဲ့ အချိန်ကုန်လူပမ်းပဲဖြစ်မယ်လို့ ယူဆတဲ့အတွက် မပါဝင်ရခြင်း ဖြစ်ပါတယ်။
မေး။ ။ အခုလက်ရှိသွားနေတဲ့ပုံစံနဲ့ ပတ်သက်လို့ရော ဘယ်လိုသဘောထားရှိပါလဲခင်ဗျ။
ဖြေ။ ။ အခုလည်း မတူပီကနေလည်း တောင်းဆိုနေပါတယ်။ အခုလည်း CNF က ဦးဆောင်နေတာကို အားလုံးကလည်း သိနေတဲ့အခါကြတော့ ခင်ဗျားသဘောထား တကယ်မှန်ကန်တယ်ဆိုရင် ကျနော်တို့မြို့နယ် ထဲက ခင်ဗျားလုပ်နေတဲ့ ပြည်သူ့အုပ်ချုပ်ရေး ကိစ္စတွေအားလုံးကို အကုန်ပြန်ရုပ်သိမ်းပေးပါ၊ အဲလိုမှ မရုပ်သိမ်းဘူး ဆိုရင် ကျနော်တို့ပါဝင်နိုင်မှာ မဟုတ်ဘူးဆိုပြီး တောင်းဆိုမှုတွေ ရှိထားပါတယ်။ ဇိုလန်းထဲမှာလည်း တချို့သော တပ်စခန်းတွေကို Zoland CDF ကနေ ရုတ်သိမ်းပေးဖို့ တောင်းဆိုထားတာတွေ ရှိပါတယ်။ ခုဒီကိစ္စကို ခေါင်းတည်ပြီး စီစဉ်နေတဲ့ CNF အနေနဲ့ မြို့နယ်တွေကြားထဲမှာ ယုံကြည်မှုကို မတည်ဆောက်ထားဘူး၊ မတည်ဆောက်ထားတော့ မြို့နယ်အဖွဲ့အစည်းတွေက CNF အပေါ်မှာ အယုံအကြည် မရှိတဲ့အခါကြတော့ သူ့ကို ခေါင်းတည်လုပ်ထားတဲ့ ကောင်စီမျိုးက မြို့နယ်တွေရဲ့ ပူးပေါင်းပါဝင်မှုက တဖြည်းဖြည်း လျော့နည်းသွားလိမ့်မယ် လို့ ယူဆထားပါတယ်။
အဖွဲ့အစည်းတွေ တစ်ခုနဲ့တစ်ခုက ယုံကြည်မှု ၁၀၀ ရာခိုင်နှုန်း တည်ဆောက်နိုင်ဖို့ဆိုတာ အင်မတန်မှ ခက်ပါတယ်။ စောစောက ကျနော်ပြောတဲ့အတိုင်း အဖွဲ့အစည်းတစ်ခုကနေမှ ခေါင်းတည်လိုက်တဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ စုဖွဲ့ထားတဲ့ အသင်းချုပ်ကနေမှ လုပ်ထားတဲ့ဟာမျိုးဆိုရင် တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားထဲမှာရှိတဲ့ မပြေလည်မှု ရှိနေခဲ့ရင်တောင်မှ သွားနိုင်မယ့် အနေအထားမျိုးမှာ ရှိတယ်လို့ ကျနော်ယူဆတယ်။ အခုလို အဖွဲ့အစည်းတစ်ခုကို အဓိက ခေါင်းတင်ပြီးတော့မှ သူရဲ့ အတောင်အောက်ကနေမှ သူ့ရဲ့Branch (အခွဲတစ်ခု) တစ်ခုလိုမျိုး ထောင်တဲ့ကိစ္စမျိုးမှာတော့ အောင်မြင်ဖို့ အရမ်းခက်လိမ့်မယ်လို့ ယူဆတယ်။ အဲလိုမျိုး အောင်မြင်ချင်တယ်ဆိုရင်တော့ အဲလိုကမကထ လုပ်တဲ့အဖွဲ့အစည်းက ကျန်တဲ့အဖွဲ့အစည်းတွေအပေါ်မှာ သူတို့ယုံကြည်မှု ပျက်ပြားအောင် လုပ်ထားတဲ့ကိစ္စတွေကို ပြန်လည်တည်ဆောက်နိုင်မှ အဆင်ပြေမယ်လို့ မှတ်ချက်ပြုချင်ပါတယ်။
မေး။ ။ ချင်းပြည်ကောင်စီ သို့မဟုတ် ချင်းအမျိုးသားကောင်စီ ဖွဲ့စည်းနိုင်ဖို့က ဒီလိုအရေးကြီးတဲ့အချိန်မှာ ဘယ်လိုနှစ်ဖက်ပြေလျော့မှုတွေက ချင်းလဲန်းကောင်စီပေါ်ပေါက်နိုင်ဖို့ စည်းလုံးညီညွတ်စွာ သွားနိုင်မလဲခင်ဗျာ။
ဖြေ။ ။ CNF ဆိုတာက EAO အနေနဲ့ ရပ်တည်ခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်းပေါ့နော်၊ အရင်သူတို့ ရပ်တည် ခဲ့ကတည်းက သူတို့က အုပ်ချုပ်ရေးနဲ့တွဲခဲ့တာ မရှိဘူး။ နွေဦးတော်လှန်ရေးစတဲ့အချိန်မှာလည်း သူက အုပ်ချုပ်ရေးနဲ့ မတွဲဘဲနဲ့ သူဟာသူ၊ တပ်ကိုပဲတည်ဆောက်လာတဲ့ အဖွဲ့အစည်းပေါ့နော်။ ကျနော်တို့မြို့နယ် အလိုက်သော်လည်းကောင်း၊ မျိုးနွယ်စု အလိုက်သော်ကောင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်လာတဲ့အခါမှာ တိုက်ခိုက်မှုသာ မဟုတ်ဘဲနဲ့ နယ်မြေစိုးမိုးရေး ၊ အုပ်ချုပ်ရေးနဲ့ပါ တွဲပြီးတော့လုပ်လာတယ်။ ဆိုတော့ ၂ နှစ်တာ ကာလအတွင်းမှာ မြို့နယ်အလိုက် နယ်မြေထိန်းချုပ်မှုက တော်တော်လေး ရှိသွားပြီ။ သူ့မြို့နယ်အလိုက်က တစ်ရာမှာတစ်ရာ ရာခိုင်နှုန်း မဟုတ်သော်လည်းပဲ၊ ချင်းပြည်အစိုးရကို ဖော်ဆောင်ဖို့ လုံလောက်တဲ့ နယ်မြေအနေအထားကို ရောက်လာတယ်။
အတိုးအလျော့အနေနဲ့က ကျနော်တို့ကနယ်မြေတွေပေါင်းပြီးမှ မြို့နယ်တွေ ဖြစ်မယ်၊ မြို့နယ်တွေ ပေါင်းပြီးမှ ချင်းပြည်နယ် ဖြစ်လာမှာဆိုတော့ အရေးကြီးတာက မြို့နယ်တွေပေါင်းလိုက်ဖို့ အရေးကြီးတယ်။ မြို့နယ်မှာ မျိုးနွယ်စုတွေ အများကြီးရှိပါတယ်။ တချို့မျိုးနွယ်စုတွေက မြို့နယ်တွေထဲမှာ သီးခြားလက်နက်ကိုင်တာတွေ ရှိတယ်။ ဒါက မြို့နယ်အဆင့်တွေရဲ့ သီးခြားစိန်ခေါ်မှုလို့ပဲ ထားလိုက်ပါ။ ဆိုတော့ မြို့နယ် ၉ ခုကို ပေါင်းလိုက်ဖို့ လိုအပ်တဲ့အခါမှာ တနည်းအားဖြင့် ချင်းပြည်နယ်မှာရှိတဲ့ နယ်တွေပေါင်းလိုက်ရတဲ့အခါမှာ နယ်ကို ပိုင်စိုးမှုနယ်မြေ မရှိပေမယ့်လည်း ချင်းပြည်တခုလုံးရဲ့ ကိုယ်စားလှယ်ဝင်လာတာမျိုးက လက်ခံလို့ရပါတယ်။ MP တွေလည်း နယ်မြေစိုးမိုးမှုရှိလို့ မဟုတ်ဘူး၊ ဒါပေမယ့် ချင်းပြည်သူတွေရွေးခဲ့တဲ့ MP (လွှတ်တော်ကိုယ်စားလှယ်များ) တွေ ဖြစ်လို့ ပေါ်လာမယ့်ချင်းလဲန်းကောင်စီမှာ လက်ခံလို့ရပါတယ်။
လက်ခံလို့ရတဲ့အနေအထားနဲ့ အတိုင်းအတာတွေလည်း ရှိပါတယ်။ ချင်းပြည်တခုလုံးအနေနဲ့ ပေါင်းလိုက်မယ် ဆိုရင်လည်း CNF ပါဝင်မှာကို ကျနော်တို့ကလက်ခံပါတယ်၊ ကြိုဆိုပါတယ်။ သို့ပေမယ့် ကျနော်တို့အားလုံး ပေါင်းပြီးတော့မှ CNF အောက်မှာ ဝင်မယ်ဆိုတာကိုတော့ ဘယ်လိုမှလက်ခံမှာ မဟုတ်ဘူး။ သူလည်း ကောင်းကောင်းသိပါတယ်။ သူ့ဘက်က အလျော့ပေးဖို့လိုတာက သူသည် One among us ကို လက်ခံရင် ကျနော်တို့ဘက်က အလျော့အတင်း အများကြီးလုပ်လို့ ရပါတယ်။ အခုက သူက One among us ကို လက်မခံနိုင်ဘဲနဲ့ သူက ဖန်ဆင်းရှင်၊ သူက မွေးဖွားပေးတဲ့သူလို့ သူဟာသူခံယူနေသမျှ ကာလပတ်လုံးကတော့ အဆင်ပြေမှာ မဟုတ်ဘူး။ ကျနော်တို့ဘက်က သူ့ကိုပေးထားတဲ့ နေရာကအကြီးကြီးပါ။ CJDC ဖွဲ့တုန်းကတောင်မှ မြို့နယ်တစ်ခုကနေ ကိုယ်စားလှယ် ၂ ယောက်လို့ ပြောထားတဲ့အချိန်မှာ သူ့အဖွဲ့က ကိုယ်စားလှယ် ၃ ယောက် ဆိုပြီး ပေးထားပါတယ်။
ပြီးတော့ CJDC ကနေ Drafting (မူကြမ်း) လုပ်တုန်းကလည်း မြို့နယ်တစ်ခုကနေ ကိုယ်စားလှယ် ၆ ယောက် သွားမယ်လို့ မူကြမ်းဆွဲခဲ့တုန်းက CNF အနေနဲ့ ၁၃ ဦး အထိ အဆိုပြုထားပါတယ်။ ပြောချင်တာက မြို့နယ်တစ်ခုရဲ့ ကိုယ်စားလှယ် နှစ်ဆအထိ နေရာပေးထားပါတယ်။ ထိုနည်းလည်းကောင်းပဲ ICNCC မှာလည်း အစုအဖွဲ့ ၄ ခု ရှိတဲ့ အထဲက မြို့နယ် ၉ ခု က MP တွေက အစုအဖွဲ့တစ်ခု ဖြစ်တဲ့အချိန်မှာ CNF က သူတစ်ဖွဲ့ထဲနဲ့ အစုအဖွဲ့တစ်ခု အဖြစ်ပေါ့နော်၊ CNF က စီနီယာဖြစ်တဲ့အပေါ်မှာ အနှစ် ၃၀ လုံးလုံး တော်လှန်ရေး လုပ်ခဲ့တဲ့အပေါ်မှာ အင်အားအကြီးဆုံး ဖြစ်တဲ့အပေါ်မှာ အသိအမှတ်ပြုပြီးတော့မှ နေရာပေးပါတယ်။ ဒါပေမဲ့ အဲလောက်နဲ့ မလုံလောက်ဘဲနဲ့ သူက နေရာအကုန်ယူပြီးတော့ ကျနော်တို့ကို အဆင်ပြေသလိုနေရာပေးမယ် ပုံစံမျိုးနဲ့ကတော့ အလျော့အတင်းက ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ပါဘူး။
ကျနော်တို့ သူကို အကိုကြီးနေရာမှာထားပြီးတော့မှ မြို့နယ်တွေရဲ့ နှစ်ဆသော်လည်းကောင်း၊ မြို့နယ်ထက် နည်းနည်းပိုပြီးတော့ လည်းကောင်း ခွဲတမ်းတွေ ချပေးတဲ့အခါမှာ သူ့အနေနဲ့ စောစောကပြောတဲ့အတိုင်း One among us ညီအစ်ကိုဆိုတဲ့ စိတ်ဓါတ်မွေးနိုင်မှ ကျနော်တို့က အဆင်ပြေမှာ၊ သိတဲ့အတိုင်းပဲ စစ်တပ်မှာက အထက်အောက် ရှိတယ်၊ ဒါပေမဲ့ နိုင်ငံရေးမှာက အထက်အောက် မရှိဘူး။ အကုန်လုံးက အလျားလိုက်ပဲ ပူးပေါင်း ရတာကိုး။ NUG နဲ့တောင်မှ ကျနော်တို့က အထက်နဲ့အောက် ဆက်ဆံချင်တာ မဟုတ်ဘူး။ ကျနော်တို့က အလျားလိုက်ပဲ သွားချင်တာ။ ဆိုကြပါစို့ ချင်းလဲန်းကောင်စီ ရွေးကောက်လိုက်မယ်ဆိုရင် ဥက္ကဌ လိုလာမှာပဲ၊ ချင်းအစိုးရဖွဲ့လာရင် ဝန်ကြီးချုပ်တွေ လိုအပ်လာမှာပဲ။
သူအနေနဲ့ တကယ်အရည်အချင်း ရှိတယ်၊ သူ့အဖွဲ့တွေအပေါ်မှာ လွှမ်းမိုးနိုင်တယ်ဆိုရင် ဝန်ကြီးချုပ်ဖြစ်အောင် မဲဆွယ်စည်းရုံးလေ၊ သူ့ဟာဝန်ကြီးချုပ် ဖြစ်သွားရင် ဖြစ်သွားမှာပဲ။ အဲလိုပုံစံမျိုးဆိုရင်တော့ ကျနော်တို့က ဘာပဲဖြစ်ဖြစ် လက်ခံပေးဖို့ ရကောင်းရနိုင်ပါလိမ့်မယ်။ အဲလို မဟုတ်ဘဲနဲ့ သူကပဲ ချင်းပြည်နယ်အစိုးရကို သူပဲဖွဲ့၊ ချင်းကောင်စီကို သူပဲဖွဲ့၊ သူလက်အောက်မှာ ဝင်ချင်တဲ့သူဝင်၊ သူ့နောက် လိုက်ချင်တဲ့သူလိုက်၊ မလိုက်ချင်တဲ့သူက နေဆိုတဲ့ ပုံစံမျိုးနဲ့ကတော့ ဖြစ်လာမှာမဟုတ်ဘူး။ ကျနော်တို့အနေနဲ့ လိုအပ်တဲ့ အလျော့အတင်းက ချင်းမှာ ရှိနေတဲ့ အစုအဖွဲ့တွေထဲမှာ One among us သူ့ဘက်က လျော့ပေးနိုင်မယ်ဆိုရင်တော့ ကျနော်တို့ အဆင်ပြေ လောက်တယ်။
မေး။ ။ အတိုချုပ်လေး ပြန်ပြောပေးပါလား။
ဖြေ။ ။ အကျဉ်းချုပ်ပြောရရင် အလျော့အတင်းကတော့ CNF အနေနဲ့ သူဟာသူ the servant of God ဆိုတဲ့ စိတ်ဓါတ်ကိုလျော့ပြီးတော့မှ သူ့ဟာသူ One among us သဘောထားမျိုးနဲ့ ဝင်လာမယ်ဆိုရင်တော့ ကျနော်တို့ ဘက်က ကြိုဆိုလက်ခံထားပြီးသာပါ။ သူ့ကို အကိုကြီးနေရာမှာ ထားပြီးသားဆိုတာကို ပြောချင်ပါတယ်။
မေး။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါ။
ဖြေ။ ။ ချင်းလဲန်းကောင်စီ ဖွဲ့စည်းနိုင်ဖို့ လိုအပ်တာက ဘယ်သူတွေပဲဖြစ်ဖြစ် ၊ ဟို လူဆိုတာက အစုအဖွဲ့တွေ ဖြစ်လာရင် အင်အားကြီးတဲ့အဖွဲ့တွေ ရှိမယ်။ အားနည်းတဲ့အဖွဲ့တွေ ရှိမယ်။ အစုအဖွဲ့တစ်ခုချင်းစီဟာ အစုအဖွဲ့ တစ်ခုချင်းစီရဲ့ စိတ်ဓါတ်ရှိဖို့ လိုပါတယ်။ ဥပမာ – UN မှာ ဆိုရင် အားအကြီးဆုံးက US ဖြစ်ပါတယ်။ ဒါပေမဲ့လည်း US က သူဟာ နိုင်ငံ ၁၀ ခုရဲ့ ပုံစံမျိုး မယူထားပါဘူး။ သူ့သဘောထားက UN ရဲ့ သဘောထား ထက်ဝက်ဆိုပြီး မယူထားပါဘူး။ နိုင်ငံတစ်ခုအနေနဲ့ပဲ ပါဝင်ပါတယ်။ ဒါပေမဲ့ နိုင်ငံတစ်ခုအနေနဲ့ပဲ ပါဝင်ပေမယ့်လည်း UN မှာ ရှိတဲ့ မန်ဘာတွေကလည်း သူကိုလေးစားမှု ထားကြပါတယ်။ US သဘောထား ဘယ်လိုရှိမလဲဆိုတာ အလေးထားတဲ့ အဖွဲ့က အလေးထားပါတယ်။ သူလည်း UN မှာ အထိုက်အလျောက် ဩဇာရှိပါတယ်။
ထိုနည်းအတိုင်း ခရစ်ယာန်အသိုင်းအဝိုင်းကို ပြောမယ်ဆိုရင် မြန်မာပြည်မှာ ခရစ်ယာန်အသင်းတော်များကောင်စီ မှာဆိုရင် ကျန်တဲ့အသင်းတော်အားလုံးပေါင်းက နှစ်ခြင်းအသင်းတော်ရဲ့ တစ်ဝက်တောင်မရှိပါဘူး။ ဒါပေမဲ့ နှစ်ခြင်းအသင်းတော်က အဖွဲ့တစ်ခုကဲ့သို့ပဲ ပါဝင်ပါတယ်။ ကိုယ်စားလှယ်အနေနဲ့က သူများထက်တစ်ယောက်၊ နှစ်ယောက် ပိုများတာရှိပေမယ့် သူက MCC (မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်များ ကောင်စီ) ရဲ့ ပိုင်ရှင်လို မနေပါဘူး၊ အုပ်ချုပ်သူလို မနေပါဘူး။ ဒီအတိုင်းပဲ ဖွဲ့စည်းမယ့် ချင်းလဲန်းကောင်စီသည်လည်းပဲ တစ်ခုတစ်ဖွဲ့က ခြယ်လှယ်ထားတဲ့ ၊ နောက်ကွယ်က ကြိုးကိုင်ထားတဲ့ ချင်းလဲန်းကောင်စီမှာ ဘယ်သူမှ ပါဝင်ချင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ အဲအထဲမှာပါဖို့ဆိုတာက အရည်အချင်းရှိတဲ့သူက ရှိတဲ့အလျောက် နေရာရမှာပဲ၊ နေရာရချင်ဇောနဲ့ မဖွဲ့ခင် ကတည်းက သေချာနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုံစံလို လုပ်နေတာမျိုးက ဘယ်တော့မှ အဆင်ပြေမှာ မဟုတ်ပါဘူး။
KMG ပေးပို့သည်။