29 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အချင်းချင်းမရှိတဲ့ကြားက ဆန်တစ်ဗူးလှူနိုင်တဲ့သူက လှူတယ်။ ပိုက်ဆံတစ်ရာ တတ်နိုင်ရင် တစ်ရာထည့်ကြတယ်။ ၅၀၀ နိုင်ရင် ၅၀၀ ထည့်ကြတယ်။ ရခိုင်မှာကတော့ အဲသလို...

“အချင်းချင်းမရှိတဲ့ကြားက ဆန်တစ်ဗူးလှူနိုင်တဲ့သူက လှူတယ်။ ပိုက်ဆံတစ်ရာ တတ်နိုင်ရင် တစ်ရာထည့်ကြတယ်။ ၅၀၀ နိုင်ရင် ၅၀၀ ထည့်ကြတယ်။ ရခိုင်မှာကတော့ အဲသလို တစ်ယောက်အခက်အခဲဖြစ်ရင် နိုင်တဲ့သူက နိုင်သလောက် ကူညီကြပါတယ်။ အချင်းချင်းကူညီကြလို့လည်း ခုထက်ထိ ငတ်လို့သေရတဲ့အဆင့်မျိုးထိ ရောက်တာတော့ မရှိသေးဘူးလေ” မနုခင်အေး/ ရသေ့တောင်မြို့နယ်

ရခိုင်တကျော့ပြန်တိုက်ပွဲ ပထမဆုံးပြန်လည်စတင်ခဲ့သည့် ရသေ့တောင်မြို့နယ်ရှိဒေသခံတို့၏ လူမှုစီးပွား လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ်၊ လေးခွဆုံကျေးရွာတွင် နေထိုင်သူ မနုခင်အေးနှင့် ဆက်သွယ်မေးမြန်းချက်။

ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်သည် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တကျော့ပြန် တိုက်ပွဲ ပထမဆုံး ပြန်လည်စတင်ခဲ့သည့် မြို့နယ် ဖြစ်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့ မနက်အစောပိုင်းတွင် ရသေ့တောင်မြို့နယ်ရှိ ဒုံးပိုက်နှင့် ချိန်ခါလီ နယ်ခြားစောင့်စခန်းတို့ကို အာရက္ခတပ်တော် (AA) က ပထမဆုံးထိုးစစ်ဆင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှ ရခိုင်တကျော့ပြန် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့သည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၁၇ ရက်တွင် အာရက္ခတပ်တော် (AA) က ရသေ့တောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ခမရ (၅၃၆)၊ (၅၃၇) နှင့် (၅၃၈) တပ်ရင်းတို့ကို သိမ်းပိုက်ခဲ့ပြီးနောက် ရသေ့တောင်မြို့နယ်တစ်ခုလုံးကို AA က အပြီးတိုင် သိမ်းပိုက်လိုက်နိုင်ခဲ့သည်။

ရသေ့တောင်မြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်လိုက်သည်မှာ ယနေ့ချိန်ထိဆိုလျှင် ၉ လ နီးပါး ရှိလာပြီလည်း ဖြစ်သည်။ လက်ရှိတွင် ရသေ့တောင်မြို့နယ်အခြေအနေက ဘယ်လိုရှိနေပါလဲ။

ရသေ့တောင်မြို့နယ်တစ်ခုလုံးရှိ ဒေသခံပြည်သူတို့၏ လူမှုဘဝနေထိုင်ရေး အပါအဝင် အလုပ်အကိုင်၊ စီးပွားရေး အခြေအနေတို့နှင့် ပတ်သက်ပြီး ရသေ့တောင်မြို့နယ် လေးခွဆုံ (ရွာသစ်) ကျေးရွာတွင် နေထိုင်သူ ဒေသခံအမျိုးသမီးငယ် မနုခင်အေးကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ သာလီစွပါ။ လက်ရှိရသေ့တောင်မြို့နယ်က ဒေသခံတွေရဲ့အခြေအနေက ဘယ်လိုရှိပါလဲ။

ဖြေ။ ။ နေထိုင်ရတာက အေးချမ်းပါတယ်။ သူခိုး၊ဓားပြ မရှိ၊ ခိုက်ရန်ဖြစ်ပွားတာတွေ အရင်လို မရှိတော့ အရမ်းအေးချမ်းပါတယ်။  ဒါပေမယ့် ဒေသခံတွေ အလုပ်လက်မဲ့ ဖြစ်နေကြတယ်။ အမျိုးသမီးတွေတင် မကဘူး။ အမျိုးသားတွေကလည်း အလုပ်မရှိ၊ ထင်းခွေစားကြတယ်။ တပိုင်တနိုင် ဝမ်းစာအတွက် ဖြစ်သလို ရုန်းကန်နေကြတယ် ။အဓိကတော့ စပါးရိတ်၊ ထင်းခွေ၊ ငါးဖမ်းစတဲ့ အလုပ်တွေကို လုပ်ကိုင်နေကြတယ်။ တချို့သားစုတွေဆိုရင်လည်း ဆောင်းသီးနှံတွေ စိုက်ပျိုးကြတယ်။  အခုဆိုတော့ စပါးပေါ်ချိန်ဆိုတော့ အများစုက လယ်ယာရိတ်သိမ်းရေးမှာ လုပ်ကိုင်နေကြတယ်။

မေး။ ။ မနုခင်အေးအနေနဲ့  ကိုယ်နေတဲ့ကျေးရွာတွေက တပိုင်တနိုင် ရှာဖွေလုပ်ကိုင်စားသောက်နေကြတဲ့ လက်လုပ်လက်စားတွေရဲ့ ဘဝအခြေအနေကို ဘယ်လိုမြင်တွေ့နေရပါလဲ။

ဖြေ။ ။ ညီမလေးမြင်ရတာက လူတွေက အရင်နဲ့စာရင် စစ်ပွဲကာလဆိုတော့ ဆင်းရဲကျပ်တည်းလာတယ်။ အလုပ်အကိုင် မရှိဘူး။ လူတိုင်းလိုလို အခက်အခဲ ရှိနေကြတယ်။ အထူးသဖြင့် သက်ကြီးပိုင်းနဲ့ ကလေးငယ်တွေ အလှူခံ တောင်းရမ်းစားသောက်တာတွေ များလာတယ်။ လူတွေကတော့ နေရာစုံကပါပဲ။ ရသေ့တောင်ကလည်း ပါတယ်။ ပေါက်တော၊ ပုဏ္ဏားကျွန်း လူပေါင်းစုံပါပဲ။

မေး။ ။ သူတို့က ဘာကြောင့် ဒီလိုတောင်းစားရတဲ့ အခြေအနေမျိုးထိ ရောက်သွားရတာလဲ။

ဖြေ။ ။ အလုပ်အကိုင် မရှိဘူး။ သားသမီးနောက်ခံ မရှိဘူး။ တချို့ဆိုရင် ကျန်းမာရေး မကောင်းဘူး။ အဓိက တော့ စစ်ကောင်စီက လေယာဉ်တွေနဲ့ ရွာတွေ၊ မြို့တွေကို ဗုံးကြဲတော့ အိမ်တွေကနေ စွန့်ခွာထွက်ပြေး ကြရတယ်။ နီးစပ်ရာမှာ ဆွေမျိုးလည်း မရှိ၊ စောင့်ရှောက်မယ့်သူလည်း မရှိတော့ ရွာတွေကိုဝင်ပြီး ခုလို အလှူခံတဲ့ အနေအထားမျိုး ဖြစ်လာတယ်။ အမျိုးသမီးတွေဆိုရင် အသက် ၃၅ ၊၄၀ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ ပါပါတယ်။ အမျိုးသားတွေအထဲမှာဆိုရင် အဓိက အသက်ကြီးပိုင်းတွေ ခံကြတယ်။ စားဝတ်နေရေး တော်တော်ကျပ်တည်း နေကြတယ်။ နေရပ်ကလည်း မပြန်နိုင်ကြပါဘူး။ အိမ်တွေကို ဝင်ပြီး ဆန်တွေ အလှူခံပါတယ်။

မေး။ ။ ရသေ့တောင်ဒေသခံလူတွေကရော သူတို့ကို ကူညီပေးကြလား။

ဖြေ။ ။ လှူကြပါတယ်။ အချင်းချင်း မရှိတဲ့ကြားက ဆန်တစ်ဗူးလှူနိုင်တဲ့သူက လှူတယ်။ ပိုက်ဆံတစ်ရာ တတ်နိုင်ရင် တစ်ရာထည့်ကြတယ်။ ၅၀၀ နိုင်ရင် ၅၀၀ ထည့်ကြတယ်။ ရခိုင်မှာကတော့ အဲသလို တစ်ယောက် အခက်အခဲဖြစ်ရင် နိုင်တဲ့သူက နိုင်သလောက် ကူညီကြပါတယ်။ အချင်းချင်း ကူညီကြလို့လည်း ခုထက်ထိ ငတ်လို့သေရတဲ့ အဆင့်မျိုးထိ ရောက်တာတော့ မရှိသေးဘူးလေ။  သူတို့လည်း ကျမတို့ ဒေသခံတွေလို ဘဝတူတွေပဲလေ။ ကူတာတော့ ကူကြပါတယ်။

မေး။ ။ လက်ရှိမှာလည်း အလုပ်အကိုင်က ရှားတယ်။ လူတွေ စားဝတ်နေရေးလည်း အခက်အခဲရှိကြတော့ အကူညီပေးတဲ့ အဖွဲ့အစည်းတွေရော မရှိဘူးလား။

ဖြေ။ ။ အနည်းနဲ့အများတော့ ရှိကြပေမယ့် လူထောင်နဲ့မက ရှိတဲ့လူတွေအတွက် မဖူလုံပါဘူး။ လှူတာရလို့ စားလိုက်ရင် ကုန်သွားတယ်။ အဲလို သံသရာ လည်နေတယ်။ ကိုယ့်အိမ်၊ ကိုယ့်ယာ၊ ကိုယ့်ရွာကို ပြန်နိုင်ရင် ထမင်းတနပ်စာ ရှာဖွေစားသောက်နိုင်တယ်။ သူများရွာတွေ၊ အိမ်တွေမှာ ကပ်နေရတာ ကြာလာတော့ စိတ်ပင်ပန်း လာကြတယ်။ အဓိကဘာလုပ်လို့ လုပ်ရမှန်းမသိဘူး။ နဂိုကတည်းက ဆင်းရဲပင်ပန်းကြတဲ့ လူတွေဆို ပိုဆိုးတယ်။

မေး။ ။ တခြားဘယ်လိုအခက်အခဲတွေရော ကြုံတွေ့နေရတာ ရှိပါလဲ။

ဖြေ။ ။ ဆန်ကလွဲပြီး ကျန်တဲ့ပစ္စည်းတွေ ဈေးကြီးပါတယ်။ ဆေးဝါးကအစ စျေးကြီးတယ်။ ကျန်းမာရေး အရလည်း ဆေးခန်းတွေရှိပေမယ့် မလုံလောက်သေးဘူး။ ကုန်ပစ္စည်းဈေးနှုန်းက ဈေးမြင့်တယ်လေ။ အရင်နဲ့ စာရင်တော့ ပစ္စည်းတွေတော့ နည်းနည်းပေါလာတယ်။ အမျိုးသမီးလစဥ်သုံး Pad ထုပ်တွေ ဈေးကြီးတာတော့ ရှိတယ်။ အမျိုးသမီးအတွင်းခံတွေကအစ ဝယ်မဝတ်နိုင်တဲ့သူတွေက အများကြီး။ အဲဒါတွေကအစ လိုအပ်နေတယ်။ မိတ်ကပ်၊ သနပ်ခါးကအစ စျေးကြီးတယ်။ မိန်းခလေးတွေကတော့ ပိုအခက်အခဲရှိတာပေါ့။



မေး။ ။ ရသေ့တောင်မြို့ကဒေသခံတွေ မြို့ပေါ်ကို ပြန်လာလို့ ရကြပြီလား။ ဘယ်လိုအခြေအနေတွေ ရှိနေပါလဲ။

ဖြေ။ ။ မြို့ကို တရားဝင် ဝင်ခွင့်မရသေးပါဘူး။ မြို့ကလူတွေက အိမ်ပြန်ချင်ကြပြီ။ မြို့ခံအများစုက နယ်ခံ တွေလို မလုပ်စားတတ်ကြတော့ မြို့က ကိုယ့်အိမ်ကို အရမ်းပြန်ချင်ကြတယ်။ မြို့ကို ဘာလို့ ဝင်ခွင့်မရလဲ ဆိုတော့ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေး လုပ်တာတွေ မပြီးသေးတာရယ်၊ နောက်ပြီး စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲနိုင်သလို စစ်တွေကလည်း အမြောက်နဲ့ပစ်နိုင်တဲ့အတွက် ဝင်ခွင့်မပေးသေးဘူးလို့ သိရပါ တယ်။ ဒါပေမယ့် အိမ်တွေကိုတော့ ရံဖန်ရံခါ သွားကြည့်လို့တော့ ရတယ်လို့ သိရပါတယ်။

မေး။ ။ ရသေ့တောင်ဘက်မှာ ဒီနှစ် စပါးစိုက်ကြပါလား။ လယ်သမားတွေရော အဆင်ပြေကြလား။

ဖြေ။ ။ စပါးတွေတော့ စိုက်တော့စိုက်ကြတယ်။ ဒါပေမယ့် အများကြီး မစိုက်နိုင်ဘူး။ သွင်းအားစုတွေ များတယ်။ မြေဩဇာ မရှိဘူး။ ဈေးကြီးတာတွေကြောင့်ပါ။ ဒါပေမယ့်ဒီနှစ်တော့ စပါးရကြတယ်။ စပါးစိုက်တဲ့ လူတွေလောက်တော့ ဝမ်းစာရကြတယ်။ လိုအပ်တဲ့ ဆန်တွေကတော့ ကျောက်တော်၊ မြောက်ဦးဘက်ကဝင်တယ်။

မေး။ ။ ဖြည့်စွက်ပြီး ဘာတွေပြောချင်ပါသေးလဲ။

ဖြေ။ ။ အများကြီးတော့ ပြောစရာမရှိပေမယ့် ဒေသခံတွေအများစုက အခက်အခဲဖြစ်တာ မြင်ရတော့ စိတ်မကောင်းဘူး။ ဒေသအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးဖို့ လိုပါတယ်။ လက်ရှိတော့ စားနပ်ရိက္ခာက အရေးကြီးဆုံးပေါ့။

နိရဉ္စရာ ပေးပို့သည်။