27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အခု လားရှိုးမြို့ကိုဝင်သိမ်းတယ်၊ ဝင်သိမ်းပြီးရင် ဘယ်လိုထိန်းမလဲ။ အစီအစဉ်မရှိဘဲနဲ့ လားရှိုးမြို့ကိုဝင်သိမ်းတယ်၊ ပြည်သူတွေ ထွက်ပြေးရတယ်။ သူခိုးဘေးဖြစ်တယ်။ စစ်ဘေးက ခံရပါတယ်ဆိုနေမှ သူခိုးဘေးကထပ်ခံရတယ်။...

“အခု လားရှိုးမြို့ကိုဝင်သိမ်းတယ်၊ ဝင်သိမ်းပြီးရင် ဘယ်လိုထိန်းမလဲ။ အစီအစဉ်မရှိဘဲနဲ့ လားရှိုးမြို့ကိုဝင်သိမ်းတယ်၊ ပြည်သူတွေ ထွက်ပြေးရတယ်။ သူခိုးဘေးဖြစ်တယ်။ စစ်ဘေးက ခံရပါတယ်ဆိုနေမှ သူခိုးဘေးကထပ်ခံရတယ်။ လားရှိုးကပြည်သူတွေဆိုရင် တော်တော်လေးကို ခါးစည်းပြီးတော့ခံရတယ်” လားရှိုးဒေသခံတစ်ဦး

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA က ၈ လကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့ရာမှ ယခုဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ရမည့် အခြေအနေနှင့်ပတ်သက်ပြီး လားရှိုးဒေသခံတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်ကနေ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး တရုတ်၏ ဖိအားပေးမှုကြောင့် သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ နောက်ဆုံးထား တပ်ဆုတ်ခွာရန် အချိန်ပေးထားကြောင်း လားရှိုးဒေသခံများက ပြောဆိုနေကြသည်။

ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ရာ သဘောတူညီချက် တစုံတရာမရရှိခဲ့ကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ယခုအခါ လားရှိုးမြို့ပေါ်မှ သင်္ကြန်အပြီးတွင် MNDAA က တပ်ဆုတ်ပေးရန် ဖြစ်လာသည်။

တဖက်တွင်လည်း မတ်လဆန်းပိုင်းမှစ၍ လားရှိုးမြို့မှ ကိုးကန့်တပ်သား အင်အားအများအပြားသည် စစ်လက်နက် အပြည့်အစုံကိုင်ဆောင်ပြီး သိန္နီမြို့ဘက်သို့ မျက်နှာမူ၍ ချီတက်သွားခဲ့ခြင်းကြောင့် ယခင်သတင်းထွက်ပေါ်ခဲ့သည့်အတိုင်း ဇွန်လမတိုင်မီ လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်များ အသုတ်လိုက် ဆုတ်ခွာသွားမည်ကို ဒေသခံများက စိုးရိမ်ခဲ့ကြသည်။

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် ပူးပေါင်းတပ်ဖွဲ့များက ၂၀၂၄ ဩဂုတ်လ ပထမပတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ၈ လကျော်ကြာ ထိန်းချုပ်ထားနိုင်ခဲ့ရာမှ ယခု ၂၀၂၅ ဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီထံ ပြန်လည်လက်လွှတ်ရမည့် အခြေအနေနှင့်ပတ်သက်ပြီး လားရှိုးဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းထားသည်။

ပုံစာ – ကိုးကန့်တပ်အုပ်ချုပ်မှုအောက်ရှိ လာရှိုးမြို့ ပြည်သူ့ဆေးရုံကြီးမြင်ကွင်း။

မေး။ ။ လားရှိုးမြို့ကနေ ကိုးကန့်တပ် MNDAA တပ်ဆုတ်မှာက ဘယ်လိုအခြေအနေရှိပါလဲ။ လက်ရှိ လားရှိုးမြို့ အခြေအနေကို ပြောပြပေးပါဦး။

ဖြေ။ ။ လောလောဆယ်ကို ပြောရမယ်ဆိုရင်တော့ လားရှိုးမြို့ကနေ MNDAA ဘက်ကတော့ တပ်ပြန်ဆုတ်ဖို့ ဆိုတာ ၁၀၀ ရာခိုင်နှုန်း ပြောလို့ရပြီပေါ့။ ဒါ သေချာသလောက်လည်းရှိသွားပြီ။ ကျနော်တို့ ကြားသိသလောက် ဆိုရင် စကစရဲ့ အရပ်သားလိုင်းပေါ့၊ အရင်ဆုံး အုပ်ချုပ်ရေးလိုင်းတွေ လာမယ်။ လဝကတို့၊ ပညာရေး၊ ကျန်းမာရေး ဒီဌာနတွေမှာ ပြန်ပြီးတော့ ဝင်ရောက်နေရာယူမယ်။ စကစရဲ့ အုပ်ချုပ်မှုယန္တရားတွေ ပြန်လည်ပတ်မယ်ပေါ့။ သို့သော် အဲ့လိုမျိုးဖြစ်တယ်ဆိုပေမယ့်လည်း ထပ်ကြားရတာတခုက ရပ်ကွက် (၁) ကနေ (၁၂) အထိပါပဲ။ ပြောမယ်ဆိုရင်တော့ မြို့ပေါ်လူနေရပ်ကွက်လောက်ပဲပေါ့။ ကျန်တဲ့ဟာ အပြင်ဘက်အားလုံးကိုတော့ ကိုးကန့်တပ် MNDAA ကပဲ ဆက်ပြီးထိန်းချုပ်မယ်ပေါ့နော်။ အဲ့ဒါလည်း ကျနော်တို့ကြားနေရတယ်။

ဘာလို့လည်းဆိုတော့ ကျနော်တို့ ကြားသိရသလောက်ပေါ့၊ ရောက်မလာသေးပေမယ့် သတင်းထွက်နေတဲ့အတိုင်း ပြောမယ်ဆိုရင် သိန္နီဘက်ထွက်သွားတဲ့ဘက်ဆိုရင် ဟိုပိတ်၊ မိုင်းယော်ဘက်ထွက်သွားတဲ့ဘက်ဆိုရင် (၆၈) တပ်အကျော်ပေါ့။ ရပ်ကွက် (၅) ဘက်ဆိုရင် မန်အိုင်၊ သီပေါထွက်တဲ့ဘက်ဆိုရင် မယ်ဟန် အကျော်မှာပေါ့၊ နမ္မတူ ထွက်သွားတဲ့ဘက် ဆိုရင် အီနိုင်းရဲ့ဒီဘက် မြို့ရှောင်လမ်းနားတဝိုက် အားလုံးသည် ကိုးကန့်တပ်ကပဲ ပြန်ထိုင်မယ်လို့ အဲ့လိုကြားတာ ပေါ့နော်။ အဲ့လိုဆိုရင် ကျနောတို့မြင်ရသလောက် ပြောရမယ်ဆိုရင်တော့ စကစသည် ပြန်ဝင်လာမယ်၊ သို့သော် ပြောရရင် လူနေရပ်ကွက် (၁) ကနေ (၁၂) ထိပဲ သူကလာနေမယ်ပေါ့။

ထပ်တခုက လားရှိုးမြို့ထဲမှာလည်း ကိုးကန့်တပ်ရဲ့ ဆက်ဆံရေးရုံးကလည်း ရှိနေဦးမယ်။ တရုတ်ကလည်း သူ့ရဲ့ ကောင်စစ်ဝန်ရုံးထားမယ်လို့လည်း ကြားတယ်။ နောက်ပြီးတော့ ‘ဝ’ နဲ့ တရုတ် ဒါမှမဟုတ်ရင် စစ်ကောင်စီနဲ့တွဲပြီး ကျန်းမာရေးပိုင်းလုပ်မယ်ဆိုတာလည်း အွန်လိုင်းပေါ်ပျံ့နေတာပဲရှိတယ် အတည်ပြုလို့မရဘူး။ ပြီးရင် စကစက လည်း အရေအတွက်နဲ့သာဝင်လာမယ်။ ဟိုတုန်းကလို တိုင်းစစ်ဌာနချုပ်ကြီးလာထိုင်မှာလည်း မဟုတ်တော့ ဘူးပေါ့။ ဒါက ကျနော်တို့ တောက်လျှောက်ကြားနေရတဲ့အရာပေါ့နော်။ ဝင်လာမယ်ဆိုတာတော့ အတည်ပြုလို့ ရတယ်။ ဒါပေမယ့် ပြန်ဝင်လာပြီးတဲ့နောက် ဘယ်လိုနေရာချမယ်ဆိုတာ တကယ်ဝင်လာတဲ့အခါကျမှပဲ ထပ်ပြောလို့ရမယ်။

မေး။ ။ MNDAA က လားရှိုးမြို့ကို တရုတ်ဖိအားကြောင့် စစ်ကောင်စီကို ပြန်အပ်တယ်၊ ပြန်မအပ်ရင်လည်း လေကြောင်းနဲ့ဗုံးထပ်ကြဲမှာ စိုးရိမ်ရတယ်ဆိုပြီးတော့ ပြောဆိုနေကြတယ်။ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲ ပြန်အပ်ရတဲ့ တကယ့်အကြောင်းရင်းက ဘာများဖြစ်နိုင်လဲ။

ဖြေ။ ။ ဒါကတော့ ပြောမှာပဲ၊ ဒီကိစ္စမှာ ပြည်သူတစ်ယောက်အနေနဲ့ပြောရရင် ဒါကိုဘယ်လိုမြင်လဲဆိုတော့ လေယာဉ်နဲ့ဗုံးကြဲမယ်။ တရုတ်က ဖိအားပေးမယ်ပြောလို့ ဆုတ်တယ်ဆိုတာ လက်သင့်ခံလို့လည်းရသလို လက်မခံချင်တဲ့အပိုင်းမှာလည်း ကျနော်တို့ ပြည်သူအနေနဲ့ရှိတယ်။ ပြည်သူကတော့ စကစပဲ အုပ်ချုပ်သည်ဖြစ်စေ၊ ကိုးကန့်တပ်ကပဲ အုပ်ချုပ်သည်ဖြစ်စေ ကြိုက်တဲ့လူအုပ်ချုပ်ပါစေ ပြည်သူကတော့ အုပ်ချုပ်တဲ့လူတွေ ပြည်သူတွေ အပေါ် မျှမျှတတဖြစ်ဖို့ပဲ လိုချင်တယ်။ ဘယ်သူလာအုပ်ချုပ်ပါ၊ ဘယ်သူ မအုပ်ချုပ်နဲ့လို့လည်း ပြောပိုင်ခွင့်မရှိဘူး။ လက်ယက်ခေါ်လို့လည်း မရဘူး။ ပြည်သူတွေက ပွင့်တဲ့ပန်းကိုနမ်းရမှာပဲ။ ဟိုပန်းပွင့်ပါ ဒီပန်းမပွင့်နဲ့ ပြောလို့ မရဘူး။ သို့သော် ခုနကပြောသလို တရုတ်ပြည်ရဲ့ဖိအားကြောင့်နဲ့၊ လေယာဉ်ကိုကြောက်လို့ဆိုတာ ဘာလို့ အစကတည်းက မသိဘူးလားပေါ့ ဒါမေးချင်တယ်။ ဘာလို့လည်းဆိုတော့ သျှမ်းပြည်မြောက်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ ခြံပေါက်လူပါ။ မွေးလာကတည်းက ဒီတိုင်းရင်းသားလက်နက်ကိုင်တွေ ဘာလဲဆိုတာ ကိုယ်လည်းအားလုံးမြင်တယ်။ ပြောရမယ်ဆိုရင် တောင်ပေါ်ဒေသမှာမွေးတဲ့လူဆိုတာ နှစ်ပေါင်း (၇၀) တိုက်ပွဲ ကြားထဲမှာ မွေးလာတဲ့လူတွေပါပဲ။

အစကတည်းက ကျနော်တို့မြင်နေတာပဲ ဒီနှစ်ပေါင်း (၇၀) လိမ်ဖယ်လိမ်ဖယ် စစ်ပွဲကြားထဲ ဆန်ပေးဆီရ ဆီပေးဆန်ရ ဒီလိုမျိုးနေလာတာ မျက်မြင်ကိုယ်တွေ့ပဲ။ တရုတ်ဖိအားကို မလွန်ဆန် နိုင်ဘူးဆိုတာ ဒီ “၁၀၂၇ စစ်ဆင်ရေး” မြို့သိမ်းတိုက်ပွဲဖြစ်မှ မဟုတ်ဘူးလေ။ ဟိုတုန်းကတည်းက လက်နက်ကိုင် အဖွဲ့အစည်းဆိုတာ တရုတ်ကို ဘယ်တော့မှမလွန်ဆန်နိုင်ခဲ့ပါဘူး။ ပြီးတော့ ဒီလိုမျိုးလုပ်ရင် တပ်မတော်မှာ လေယာဉ်ရှိတယ် ဆိုတာလည်း အခုမှသိကြတာမဟုတ်ဘူး။ ဟိုတုန်းကတည်းက သိကြတယ်။ ကျနော်တို့ ပြောချင်တာ မဖြစ်နိုင်ရင်မလုပ်နဲ့၊ လုပ်ပြီဆိုရင် အဆုံးစွန်အထိလုပ်။ သဘောတရားက လားရှိုးမြို့ကို ဝင်တိုက်တယ်။ လားရှိုးကလူတွေ ထွက်ပြေးနိုင်သလောက် ထွက်ပြေးပြီးပြီပဲ။ နံပါတ်တစ်အချက် – တရုတ်ပြည်က ဖိအားပေးမယ် ဆိုတာ တရုတ်ရဲ့ဖိအားကို ဘယ်လိုရှောင်ကွင်းမလဲဆိုတာ ဘာလို့မစဉ်းစားပြီးမှလုပ်လဲ။ နံပါတ်နှစ် – စစ်တပ်က လေယာဉ်နဲ့ဗုံးလာကြဲမယ်ဆိုတာလည်း သိနေတယ်လေ။ သိပြီဆိုရင် လေကြောင်းရန်ကာကွယ်ရေး တွေ မရှိဘဲနဲ့ဘာလို့လာတိုက်လဲ။ အဲ့ဒီအတွက် ဘာပြောချင်လဲဆိုရင် အခုလိုမျိုးစကားနဲ့ အကြောင်းပြ အကြောင်းဦးတည်ပြီးတော့ ပြောနေလို့အဆင်မပြေဘူး။ လားရှိုးမြို့ကပြည်သူတွေက ဘာနဲ့သွားတူလဲဆိုတော့ သူတို့ရဲ့နိုင်ငံရေးစကားဝိုင်း၊ နိုင်ငံရေးလောင်းကစားမှာ သက်သက်ထိုးကျွေးခံရတာ။

ဘာလို့လဲဆိုတော့ လားရှိုးမြို့ကလူတွေဆိုတာ သေတဲ့လူသေတယ်၊ ကြေတဲ့လူကြေတယ်။ အိမ်တွေ ပျက်စီး တယ်၊ မီးလောင်တယ်။ တချို့လူဆို စစ်ရှောင်ဘဝနဲ့ ဆင်းရဲမွဲတေသွားတာလည်း အများကြီးဖြစ်တယ်။ စစ်ရှောင်ဘဝနဲ့ တခြားဒေသမှာ မျက်ရည်မျက်ခွက်နဲ့ဖြစ်ပြီးတော့ ဒုက္ခဆင်းရဲ အမျိုးမျိုးကြုံရတယ်။ တချို့ဆို စစ်ရှောင်ပြီးတော့ ရေဘေးနဲ့ သေရတာရှိတယ်။ စစ်ရှောင်ပြီးတော့ ငလျင်ဘေးနဲ့ သေပေးရတာရှိတယ်။ ဒါတွေသည် အားလုံး ပြည်သူတွေ တကယ်ခံစားရတယ်။ အခုဒီလိုမျိုး စကားဝိုင်းနဲ့ပြန်ပြီးတော့ ထိုးပေးလိုက်တယ် ဆိုတာ ပြည်သူကဘာနဲ့တူလဲဆိုတော့ အောင်နက်နဲ့ဂုတ်ကြား ကြားထဲမှာ ဘောလီဘောဖြစ်နေတာ၊ ဟိုဘက်က လည်း ဒီဘက်ရိုက် ဒီဘက်ကလည်း ဟိုဘက်ရိုက် အလှည့်ကျရိုက်နေတာ ကျနော်တို့ပြည်သူကို။ ဒီအချိန်မှာမှ ချော်လဲရောထိုင်လုပ်ပြီးတော့ တရုတ်ပြည်ကဖိအားပေးလို့၊ စကစကလေယာဉ်နဲ့ဗုံးကြဲလို့ဆိုတာ ဒါအစကတည်း က သိရမယ်လေ။ ဖြစ်လာမယ့်အရာကို ဘာမှကြိုတင်ပြင်ဆင်မှုမရှိဘဲနဲ့ ဘာလို့ပြည်သူတွေကိုဒုက္ခပေးတာလဲ။ အစကတည်းက မလုပ်နဲ့လေ၊ ဒီလိုမျိုးဖြစ်လာမယ်ဆိုတာ မစဉ်းစားဘူးလား။ အခု လားရှိုးမြို့ကိုဝင်သိမ်းတယ်၊ ဝင်သိမ်းပြီးရင် ဘယ်လို ထိန်းမလဲ။ အစီအစဉ်မရှိဘဲနဲ့ လားရှိုးမြို့ကိုဝင်သိမ်းတယ်၊ ပြည်သူတွေထွက်ပြေးရတယ် သူခိုးဘေးဖြစ်တယ်။ စစ်ဘေးကခံရပါတယ်ဆိုနေမှ သူခိုးဘေးကထပ်ခံရတယ်။ လားရှိုးကပြည်သူတွေဆိုရင် တော်တော်လေးကို ခါးစည်းပြီးတော့ခံရတယ်။

မေး။ ။ စစ်ကောင်စီနဲ့ကိုးကန့်တပ်တို့ သဘောတူညီမှုအတွက် အလဲအထပ်လုပ်တဲ့အချိန်မှာ ပြည်သူတွေအတွက် ဘယ်လိုအာမခံချက်မျိုး တောင်းဆိုချင်ပါလဲ။

ဖြေ။ ။ ဘယ်လိုတောင်းဆိုချင်လဲဆိုတော့ နံပါတ်တစ်အချက်က စကစက ပြန်ဝင်လာမယ်၊ MNDAA က ထွက်သွားမယ်။ အခု ရပ်ကွက် (၁) ကနေ (၁၂) အထိရှိတယ်။ တချို့လူတွေဆိုရင် MNDAA ပြန်ဝင်လာလို့ စားဝတ်နေရေး မပြေလည်လို့ MNDAA လက်အောက်မှာဝင်ပြီးတော့ ဝန်ထမ်းတွေလုပ်ရတယ်။ ကျန်းမာရေး ဝန်ထမ်းရှိတယ်၊ လုံခြုံရေး ဝန်ထမ်းရှိတယ်၊ EPC ဝန်ထမ်းရှိတယ်။ အစုံပါပဲ ဌာနဆိုင်ရာအားလုံးမှာပေါ့။ စီးပွားရေးအရ ဝမ်းစာအရ အလုပ်မရှိလို့ဝင်ပြီးတော့ အလုပ်လုပ်ရတဲ့လူတွေရှိတယ်။ နောက်ပြီး ကိုယ့်ရဲ့ရပ်ကွက် သာယာပြည့်ဖြိုးဖို့အတွက် ဟိုတုန်းက ထမ်းဆောင်ခဲ့တဲ့အုပ်ချုပ်ရေးမှူးတွေ နယ်မြေမှူးတွေ ရာအိမ်မှူး တွေကလည်း စစ်ရှောင်သွားကြပြီ။

အခုရှိတဲ့လူတွေနဲ့ ကိုယ့်ရပ်ရွာအရေး ကိုယ်မလုပ်ရင် ဘယ်သူလုပ်မလဲ ဆိုတဲ့စိတ်နဲ့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အုပ်ချုပ်ရေးမှူးလုပ်တဲ့လူရှိတယ်။ ရာအိမ်မှူး လုပ်တဲ့လူရှိတယ်။ အဲ့ဒီလူတွေကိုရော ဘယ်လိုအာမခံချက်ရှိမလဲ၊ ဘယ်လိုလုပ်ပေးမလဲ။ ဒါတွေသည် တော်တော်အရေးကြီးတယ်။ တချို့တွေဆိုရင် CDM ဆရာဆရာမတွေ ပြန်ဝင်ပြီးတော့အလုပ်လုပ်တယ်။ ဒါတွေရော ဘယ်လို လုပ်ပေးနိုင်မလဲ။ ဒီအတိုင်း ဖင်ခါခေါင်းခါဖင်ပုတ်ခေါင်းပုတ် ထွက်သွားရုံတော့မရဘူး။ အဲ့လိုမလုပ်သင့်ဘူးလို့ မြင်တယ်။ အဲ့လိုမျိုးလုပ်ခဲ့မယ် ဆိုရင် နောင်တချိန်မှာ MNDAA သည် နိုင်ငံရေးသမိုင်း လုံးဝသေသွားမယ်။ အခုလည်း တပိုင်းသေနေပြီလို့လည်း ကျနော်တို့မြင်တယ်။

မေး။ ။ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးမှာ MNDAA နဲ့ပူးတွဲပြီး အလုပ်လုပ်ခဲ့တဲ့ CDM ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးပိုင်း၊ လုံခြုံရေးပိုင်းတွေမှာ တာဝန်ယူခဲ့တဲ့လူတွေအနေနဲ့ စစ်ကောင်စီပြန်ဝင်လာမယ့် အခြေအနေမျိုးမှာ ဘယ်လိုလုပ်ဆောင်သင့်ပါလဲ။ ဥပမာ – မြို့ထဲဆက်နေရမှာလား၊ MNDAA ထိန်းချုပ်တဲ့ အခြားဒေသကို လိုက်သွားရမှာလား။

ဖြေ။ ။ ဒါကတော့ ကြားနေရတာကတော့ လိုက်ချင်ရင် သူတို့နောက်လိုက်ပေါ့ ဒီလိုတော့ကြားတယ်။ ဒါပေမယ့် တချို့လူကြတော့ လိုက်လို့အဆင်မပြေဘူးလေ။ ဘာလို့လဲဆိုတော့ ပြည်သူလူထုဆိုတာ အိမ်မဲ့ယာမဲ့ မဟုတ်ဘူးလေ၊ သူတို့ပိုင်ဆိုင်တဲ့ အိုးအိမ်ပစ္စည်းတွေ ဒီမြို့ထဲမှာရှိတယ်လေ။ ဒီဟာတွေထားပစ်ခဲ့ပြီး သွားလို့မှမရတာ။ အားလုံးက ကိုယ့်အိုးကိုယ့်အိမ် ကိုယ့်မိသားစုရှိကြတယ်လေ။ အဲ့လိုမျိုးဆိုရင် လိုက်သွားလို့မှအဆင်မပြေတာ။ ကျနော်တို့လိုချင်တာက အာမခံချက်ဘာပေးထားသလဲ လုပ်ပေးပါ။ ဒီလိုမျိုးလူတွေ ငါတို့ကို ကူညီပေးခဲ့တဲ့ လူတွေကို စကစဘက်ကဒုက္ခမပေးပါနဲ့။ ခေါ်ယူစစ်ဆေးမေးမြန်းတာ ဖမ်းဆီးတာမလုပ်ပါနဲ့၊ ဒါတွေအားလုံးက ကတိကဝတ်နဲ့ အားလုံးရှိထားသင့်တယ်လို့ မြင်တာပေါ့လေ။

မေး။ ။ MNDAA က ပြန်ထွက်သွားမယ်ဆိုတော့ ကျန်းမာရေး၊ ပညာရေးစတဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်တော့မယ့်အခြေအနေမျိုး ပြန်ဖြစ်လာတယ်။ ဒီဟာက MNDAA မဝင်ခင်မှာရှိခဲ့တဲ့ စနစ်တွေအတိုင်း၊ ကြားထဲမှာ ပြန်လည်ထူထောင်ရေးကာလမှာလည်း ပြန်ပြီးတော့အားကောင်းလာခဲ့တဲ့သလို အခု MNDAA က ပြန်ထွက်သွားမယ့်အခြေအနေမှာ ပြည်သူတွေက ဒီအရာတွေကို ဘယ်လိုထပ်ပြီး ရင်ဆိုင်ဖြတ်ကျော်ကြမလဲ။

ဖြေ။ ။ ဒီအကြောင်းကိစ္စပြောမယ်ဆိုရင် တော်တော်ခက်တယ်။ တော်တော်လေးလည်း ရင်နာတယ်။ ဘာလို့လဲဆိုရင် ကျနော်တို့သိထားသလောက် အခုဆိုရင် လားရှိုးမြို့မှာ MNDAA က အခွံပဲ ချန်ထားတယ်။ ကျန်းမာရေးဆိုရင် လားရှိုးပြည်သူ့ဆေးရုံကြီးဆိုတာ စကစပဲပိုင်တာ မဟုတ်ဘူးလေ။ ပြည်သူ့ဆေးရုံထဲမှာ ရှိထားတဲ့ပစ္စည်းတွေဆိုတာ အများပြည်သူပိုင်ပစ္စည်းတွေလို့ ပြောလို့ရတယ်။ အဲ့ဒါကြောင့် ပြည်သူ့ဆေးရုံကြီးလို့ နာမည်တပ်တာကိုး။ အဲ့ဒီမှာ ဘာတွေရှိလဲဆိုတော့ NGO တွေ လှူထားတဲ့ပစ္စည်းတွေရှိတယ်။ ၂၀၁၀-၂၀၁၁ မှာ ဂျပန်တွေလာပြီးတော့ အဆောက်အဦးတွေဆောက်ပေးခဲ့တယ်၊ ဂျပန်နည်းပညာနဲ့လုပ်ထားတဲ့ စက်ပစ္စည်းတွေ သိန်းထောင်ချီ ရာချီတန်တဲ့ပစ္စည်းတွေလည်း လှူထားပေးခဲ့တယ်။ တချို့ဟာတွေဆိုရင် လူနာကဆေးရုံလာတက် တယ်၊ ရောဂါပျောက်ကင်းသွားလို့ တတ်နိုင်သလောက်ပစ္စည်းတွေ ဝယ်လှူသွားတာရှိတယ်။ ပြီးရင် ပုဂ္ဂလိက တစ်ယောက်ယောက်၊ အဖွဲ့အစည်းတစ်ခုခုကပစ္စည်းတွေ လှူထားတာရှိတယ်။ ဒါကို ခြုံငုံပြီးပြောလို့ ပြည်သူ့ဆေးရုံလို့ခေါ်တာ။

အခုဆိုရင် အဲ့လိုမျိုးပစ္စည်းတွေအားလုံးကို MNDAA ဘက်က ပြည်သူကိုမသနားဘဲနဲ့ တော်တော်များများ တင်သွားကြတယ်။ ကျနော်တို့ပြောချင်တာက စစ်ဆေးရုံကဆိုရင်တင်သွားပါ ကိစ္စမရှိဘူး။ သူတို့စစ်သား အချင်းချင်း တိုက်လို့ယူသွားတာပဲ။ အခုဆိုရင် စာသင်ကျောင်းသုံးပစ္စည်းတွေ Printer ပရင်တာ စက်တွေ ကွန်ပျူတာတွေကအစ အားလုံးမသွားတယ်။ နောက်ပြီး မီးကြိုးတွေကအစယူတယ်၊ EPC ထဲမှာဆိုရင် မီတာဘောက်တွေ ထရန်စဖော်မာတွေ ပြီးရင် မီးကြိုးတွေတင်သွားတယ်။ EPC တောင်မှ သူတို့အချင်းချင်း စကားများတယ်။ မြို့ခံတွေကြတော့လည်း အားလုံးမတင်သွားပါနဲ့၊ ထားခဲ့ပေးပါဦးပြောလို့ အဲ့လိုနဲ့စကားများ ကြတာလည်းရှိတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဘာတွေ့ရလဲဆိုရင် MNDAA ထွက်သွားရင် လားရှိုးပြည်သူတွေ တော်တော်ဒုက္ခရောက်မယ်။ ဘာလို့လဲဆိုရင် စကစဆိုတာ ဘယ်သောအခါမှ ပြည်သူလူထုအပေါ် စေတနာ မရှိဘူး။

သူပြန်ဝင်လာတဲ့အချိန် ဆေး (၃) လုံးရှိရင် (၃) လုံးစာပဲ သူကုပေးမှာ၊ အဲ့ဒါကုန်ရင် သူကစိတ်မဝင်စားတော့ဘူး။ ရိုးရိုးဓာတ်မှန်ရိုက်စက်ရှိရင် အဲဒါနဲ့ပဲရိုက်မယ်၊ အရေးကြီးတဲ့ တီဗီဓာတ်မှန်လိုမျိုး သူမရိုက်ပေးနိုင်တော့ဘူး။ စက်မရှိတော့တဲ့အတွက်ကြောင့် ရှိတဲ့ဟာလောက်ပဲ သူကသုံးမှာ၊ သူထပ်ဝယ်ပြီးတော့ ပြည်သူတွေကို လာလုပ်ပေးဖို့ဆိုတာ သူ့မှာစေတနာမရှိဘူး။ ဟိုတုန်းကလည်း မရှိဘူး၊ နောက်နောင်လည်း ပိုပြီးတော့ ရှိမှာ မဟုတ်ဘူး။ အဲ့ဒီအတွက်ကြောင့် တဘက်မှာလည်း စေတနာမရှိသလို တဘက်ကလည်း ရှိတဲ့ပစ္စည်းတွေ အားလုံးကိုသယ်ထုတ်သွားတော့ ပြည်သူတွေ နောက်နောင်ဆိုရင် ကျန်းမာရေးပိုင်း တော်တော်ဒုက္ခရောက် လိမ့်မယ်။ MNDAA အနေနဲ့လည်း ဒါတွေကို လုံးဝမလုပ်သင့်ဘူး၊ သူတိုက်တာက စကစကိုတိုက်တာလေ ပြည်သူကိုမတိုက်ဘူးလို့ သူခံယူထားတယ်လေ။ ပြည်သူသည် သူ့ရဲ့ရန်သူမဟုတ်ဘူးလို့ သူခံယူထားတယ်လေ၊ သို့သော် အခုကြတော့ ပြည်သူပိုင်ပစ္စည်းကိုအားလုံး မ,ယူသွားတယ်ဆိုတော့ ပြည်သူကို စေတနာမရှိဘူးလားလို့ မေးချင်တယ်။

မေး။ ။ လားရှိုးမြို့ကနေ MNDAA ဆုတ်ခွာသွားရမယ်ဆိုတော့ ရှေ့လျှောက် သျှမ်းပြည်မြောက်ပိုင်းရဲ့ နိုင်ငံရေး၊ စစ်ရေးမျက်နှာစာ ဘယ်လိုရှိလာနိုင်လဲ။

ဖြေ ။ ။ ကျနော့်အမြင်ကိုပြောရမယ်ဆိုရင် အောက်ပြည်အောက်ရွာမှာ ဘယ်တုန်းကမှ လက်နက်ကိုင် မရှိခဲ့ဖူးဘူး။ အာဏာသိမ်းပြီး (၄) နှစ်ကျော် ကာလအတွင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း စင်ပြိုင်အစိုးရ NUG ဆိုတာလည်း ပေါ်လာတယ်။ ပြီးရင် PDF ဆိုတာလည်း ပေါ်လာတယ်။ သူတို့ပေါ်လာပြီး နောက်ပိုင်းမှာ တသက်နဲ့တကိုယ် မထင်မှတ်ထားတဲ့တိုက်ပွဲတွေ ဖြစ်လာတယ်။ မထင်မှတ်တဲ့နေရာမှာလည်း တိုက်ပွဲ ဖြစ်လာတတ်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အစိုးရဆိုတာ ကိုယ်သတ်မှတ်သည်ဖြစ်စေ မသတ်မှတ်သည်ဖြစ်စေ မင်းအောင်လှိုင်ရဲ့ စကစပေါ့။ သို့သော် သူ့ရဲ့ဘေးမှာ စင်ပြိုင်အစိုးရဆိုပြီးတော့ NUG ကလည်း တက်လာတယ်။ အဲ့ဒီအစိုးရ (၂) ခုကို နိုင်ငံခြားနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အိန္ဒိယတို့ ထိုင်းတို့လို အာဆီယံကအစပေါ့၊ UN က အစ တရုတ်၊ အမေရိကန် စသဖြင့် ဂရုတစိုက်ကြည့်နေမှာပဲလေ ဘယ်လိုဖြစ်လာမလဲ။ အဲ့လို ကြည့်နေရင်းနဲ့ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ဘူးပေါ်သလိုပေါ်လာတယ်။

ဘယ်လိုပေါ်လာလဲဆိုတော့ အာဏာရှင်အကြီးနဲ့ အာဏာရှင်အသေးအမွှားတွေ အစိတ်စိတ်အမွှာမွှာ ဖြစ်လာ တယ်လေ။ NUG သည် စင်ပြိုင်အစိုးရလို့သာ ပြောတာလေ၊ တခြား တိုင်းရင်းသားလက်နက်ကိုင်တွေကို စုဖွဲ့ဖို့ စည်းရုံးနိုင်ဖို့ မပြောနဲ့ဦး၊ သူ့ရဲ့ လက်အောက်မှာ မွေးထုတ်လာနိုင်တဲ့ PDF တွေဆိုတာ သူ့အောက်မှာ နေတာ ရှိသလို မရှိတာလည်း အများကြီး ဖြစ်လာတယ်။ ပြောမယ်ဆို သူ့ရဲ့ဩဇာကိုမခံတဲ့ဟာပေါ့။ ဒီဟာကို အခြားနိုင်ငံ ကလည်း ကြည့်နေမှာပဲ။ အချင်းချင်း ရန်ဖြစ်တယ်၊ လုတယ်။ တချို့ကြတော့ နိုင်ငံခြားမှာနေတယ်၊ ခွက်ခေါက်တယ်၊ အိတ်ထောင်ထဲထည့်တယ်၊ ရန်ပုံငွေလိုလို ဘာလိုလိုနဲ့။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ပြန်ကြည့်ရင်လည်း တော်လှန်ရေး အအောင်မြင်ဆုံးက ကျနော်တို့သျှမ်းမြောက်ပဲလို့ ပြောလို့ရတယ်။ “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းနဲ့ ဒုတိယလှိုင်းလိုပေါ့။ ပြောတုန်းကတော့ နေပြည်တော်အထိ၊ ရန်ကုန်အထိ သိမ်းမယ်၊ အာဏာရှင်ကို အမြစ်ဖြတ်မယ် အမြစ်ဆွဲလှန်ပစ်မယ်။ အဲ့လိုပြောပြီး တိုက်လိုက်တယ်။

မြန်မာတစ်နိုင်ငံလုံး မပြောသေးနဲ့ သျှမ်းပြည်တစ်ပြည်လုံး မပြောသေးနဲ့၊ သျှမ်းမြောက်မှာတောင်မှ မူဆယ်လို ကျန်တယ်၊ နမ့်လန်၊ မိုင်းရယ်၊ တန့်ယန်းတို့ ကျန်သေးတယ်။ သို့သော် သျှမ်းအဖွဲ့ကို မောင်းထုတ်တဲ့ဟာတွေ လည်းရှိတယ်၊ သျှမ်းတွေ ထွက်ပြေးရတယ်၊ ကားပေါ်တက်ရတယ်။ ပြီးတော့ ကိုးကန့်နဲ့ ပလောင်နဲ့လည်း တည့်ကြလားဆိုတော့ ရိုက်ပွဲတွေ ရန်ပွဲတွေ ကွတ်ခိုင်မှာလိုမျိုးဆို ရုပ်ပျက် ဆင်းပျက်သေတဲ့အထိ ရိုက်သတ် ကြတယ်၊ ဖြစ်သွားတာ မကြာသေးပါဘူး။ ကချင်နဲ့ ပလောင်နဲ့လည်း ရန်ဖြစ် ကြတယ်။ ဒီလိုမျိုးပုံစံဆိုရင် တခြား အိမ်နီးနားချင်းနိုင်ငံတွေလည်း ဘာမြင်မလဲဆိုတော့ NUG လည်း မထိန်းနိုင် ဘူး၊ မင်းအောင်လှိုင် ပြိုကျသွား ရင်လည်း မြန်မာနိုင်ငံမှာစစ်ပွဲက ငြိမ်းသွားနိုင်မလားဆိုတော့လည်း ဒီပုံစံနဲ့ ပိုဆိုးလာနိုင်တယ်ဆိုတာ မြင်သွား ပြီလေ။ အခုဆိုရင် ထိုင်းကိုလည်း မင်းအောင်လှိုင်က အစည်းအဝေး သွားတက်တယ်။ ဒီပုံစံနဲ့သာ ဆက်သွားမယ် ဆိုရင် အာဆီယံအထိ သူဝင်လို့ရသွားနိုင်တယ်။

အဲ့ဒါကို တိုင်းရင်းသားလက်နက်ကိုင်တွေကိုရော၊ PDF တွေကိုရော၊ NUG ကိုရော တော်လှန်ရေးမှာ အစစ အရာရာ ယိုယွင်းပြီးတော့ ထောင့်မစေ့တဲ့အရာတွေ အများကြီးရှိတယ်၊ မညီညွတ်တာတွေ အများကြီးရှိတယ်။ ပြီးရင် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်း၊ ဒုတိယလှိုင်းမှာ မရိုးသားမှုတွေ အများကြီးရှိတယ်။ တကယ်တမ်းသာ ရိုးသားခဲ့မယ်ဆိုရင် သျှမ်းပြည်အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းအားလုံးမှာ ‘ဝ’ ရှိတယ်၊ သျှမ်း ရှိတယ်၊ RCSS ရှိတယ်၊ SSPP ရှိတယ်၊ ပလောင်၊ ကိုးကန့်၊ ပအိုဝ်း၊ လားဟူ အားလုံးပူးပေါင်းပြီးတော့ တကယ်တမ်း တိုက်ခိုက်မယ်ဆိုရင် PDF တွေတောင် တက်စရာမလိုဘူး။ PDF တွေ မြေပြန့်မှာပဲတိုက်ရင်တောင်ရတယ်။ သျှမ်းပြည်မှာနဂိုရှိတဲ့ လက်နက်ကိုင်တွေနဲ့ပဲ တိုက်ရင်တောင်အားလုံးနိုင်တယ်။ မရိုးသားခဲ့လို့၊ တဖွဲ့နဲ့တဖွဲ့ မရိုးသားလို့ နှစ်ပေါင်း (၇၀) ကျော် လိမ်ဖယ်လိမ်ဖယ်နဲ့ အခန့်မသင့်ရင် ဒီလိုပဲဆက်ဖြစ်သွားနိုင်တယ်။

မေး။ ။ အခြားဖြည့်စွက်ချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ လက်နက်ကိုင်အားလုံးပေါင်းပြီးတော့ စစ်ကောင်စီကို နိုင်ချင်တယ်ဆိုရင် ဒီနည်းနဲ့မသုံးပါနဲ့။ ဒီနည်းနဲ့သာ သွားနေမယ်ဆိုရင်တော့ ဘယ်တော့မှမနိုင်ဘူး၊ ဘာလို့လဲဆိုတော့ အားလုံးသည် မရိုးသားကြဘူး။ လောဘဇောတွေနဲ့ပဲ လုပ်တယ်။ တစ်နိုင်ငံလုံးကို ခြုံပြီးတော့ စဉ်းစားပါ။ ကိုယ့်ပြည်နယ် ရရှိရေး၊ ကိုယ့်အထူးဒေသ ခိုင်မြဲရေး ကိုယ့်ရဲ့အာဏာ တည်မြဲရေး ကိုယ့်စီးပွားရေး အောင်မြင်ရေး ဒီဟာကြီးကိုပဲ ရှေ့တန်းတင်သွားမယ်ဆိုရင်တော့ ဒီလိုပဲ လိမ်ဖယ်လိမ်ဖယ်ဆက်သွားနေမယ်လို့ ဖြည့်စွက်ပြောချင်ပါတယ်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။