30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“အခုဒရုန်းနဲ့ပါဆိုတော့ ပြည်သူတွေက ပိုထိတ်လန့်တယ်။ အရင်ကမှ လေယာဉ်ဆိုတာ သူ့ဟာဟာနဲ့သူ အကန့်အသတ်ဖြစ်သေးတယ်။ အခုကဒရုန်းက အချိန်မရွေး၊ နေရာမရွေး ဆိုတော့ စစ်ဘေးရှောင်တွေကလည်း...

“အခုဒရုန်းနဲ့ပါဆိုတော့ ပြည်သူတွေက ပိုထိတ်လန့်တယ်။ အရင်ကမှ လေယာဉ်ဆိုတာ သူ့ဟာဟာနဲ့သူ အကန့်အသတ်ဖြစ်သေးတယ်။ အခုကဒရုန်းက အချိန်မရွေး၊ နေရာမရွေး ဆိုတော့ စစ်ဘေးရှောင်တွေကလည်း လာပစ်မှာလာထိမှာ အရမ်းကြောက်နေကြတယ်” ကျွန်းလှဒေသခံအမျိုးသားတစ်ဦး

စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းစစ်ကြောင်းက စစ်ကြောင်းထိုးလာစဉ် ဒရုန်းများနှင့်ပါဗုံးသီးချတိုက်ခိုက် ခံနေရသည့်အခြေအနေနှင့်ပတ်သက်ပြီး ကျွန်းလှဒေသခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ်များကို စစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းတို့က စစ်ကြောင်းထိုးနေစဉ်အတွင်း ဒရုန်းများနှင့်ပါ ဗုံးသီးချတိုက်ခိုက်နေတာကြောင့် အဆိုပါမြို့နယ်အတွင်းက ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

ကျွန်းလှမြို့နှင့် ကန့်ဘလူမြိုနယ်တို့သည် စစ်ကောင်စီအုပ်စုဘက်တော်သား ဘုန်းကြီးဦးဝါသဝလက်အောက်ခံ ပျူစောထီးခေါ် ပြည်သူစစ်များ အခိုင်အမာခြေကုပ်ယူတပ်စွဲထားသောကြောင့် ပျူစောထီးအားကောင်းသော နေရာဒေသထဲတွင် ပါဝင်နေသည်။

ဒေသတွင်း လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး ကျွန်းလှဒေသခံ အမျိုးသားတစ်ဦးဖြစ်သည့် ကိုမောင်ကြီး (အမည်လွှဲ) ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ကျွန်းလှနဲ့ ကန့်ဘလူမြို့နယ်အတွင်း လက်ရှိအခြေအနေတွေ ဘယ်လိုရှိပါလဲ။

ဖြေ။ ။ လက်ရှိမှာတော့ ကျွန်းလှမြို့နယ်မြောက်ခြမ်းရွာတွေကို စစ်အုပ်စုနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တွေ စစ်ကြောင်းထိုးနေတယ်။ အင်အားက နှစ်ရာလောက်ရှိမယ်။ ကန့်ဘလူမြို့ အမှတ် – ၆၀၀၆ တင့်ကား တပ်ရင်းကနေလာကြတာ။ မနေ့က မနက်ပိုင်းကစပြီး မြောက်ခြမ်းကို စစ်ကြောင်းထိုး၊ ဗုံးသီးတွေချနေလို့ ပြည်သူတွေလည်း ပြေးရပြီ။ ပြီးခဲ့တဲ့ရက်တွေကတော့ အနောက်ခြမ်း(ကျွန်းလှ) သဖန်းဆိပ်ဆည် အနောက်ဘက် ဘေးနားရွာတွေကို စစ်ကြောင်းထိုးလို့ လေကြောင်းပစ်လို့ ပြည်သူအမျိုးသားတစ်ဦးထိပြီး သေခဲ့သေးတယ်။

မနေ့ကလည်း တကုန်း၊ ကုက္ကိုကုန်းရွာနားကို တံတားဦးဘက်ကတက်လာတဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးသီးနှစ်လုံး ချသွားသေးတယ်။ နိုဝင်ဘာ ၁၈ ရက်ကတော့ ရွှေဘို – မြစ်ကြီးနား လမ်းပိုင်းက တောင်ခြမ်း(ကန့်ဘလူ)ကို ဒရုန်းနဲ့ဗုံးကြဲလို့ ခရီးသွားကားပေါ်က ဘုန်းကြီးတစ်ပါး၊ အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက် သေဆုံးခဲ့တယ်။ ဒဏ်ရာရတဲ့သူတွေလည်း ဆယ်ဦးကျော်တယ်။ ဒါတွေက ဒီရက်ပိုင်းဖြစ်နေတဲ့ဟာတွေပေါ့။

ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းလေ့ကျင့်ရေးလုပ်ဆောင်နေပုံ (Photo – စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်)

မေး။ ။ စစ်ကြောင်းထိုးပြီး ရွာကနေအိမ်တွေမီးရှို့ခဲ့တာရောရှိပါသေးလား။

ဖြေ။ ။ ဒီဘက်တော့ လောလောဆယ်မရှို့သေးဘူး။ ၁၆ ရက်နဲ့ ၁၇ ရက်ကတော့ ရေဦးနဲ့ တန့်ဆည်ဘက်က ရွာရှစ်ရွာလောက်က အိမ်ခြေဆို ၂၅၀ကျော်လောက်ရှိမယ် အဲ့ဒီအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်။ နောက်ပြီး အဲ့ဒီဘက်က အမျိုးသမီးတစ်ဦးကိုလည်း အရှင်လတ်လတ် မီးရှို့သွားတယ်လို့သိရတယ်။

မေး။ ။ လက်ရှိမှာ စစ်ဘေးရှောင်အရေအတွက်ရော ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ လွှတ်တိုက်၊ တကုန်း၊ ကံပေါက်၊ ကုက္ကိုကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ ဘအင်းသရက်တော၊ တောင်ယာဆိပ်၊ မြင်သာဦး၊ လွှတ်တိုက်၊ မတောင် အဲ့ရွာတွေက ရှောင်နေကြရတာ ငါးထောင်နဲ့ ခြောက်ထောင် ကျော်လောက် ရှိမယ်။

မေး။ ။ အရင်က ရွာတွေကိုစစ်ကြောင်းထိုး၊ လေကြောင်းတိုက်တာမျိုးပဲ ရှိခဲ့တာများတော့ အခုဒရုန်းနဲ့ပါ အသုံးပြု တိုက်ခိုက်လာတာဆိုတော့ ဒီပေါ်မှာဘယ်လိုထင်ပါလဲ။

ဖြေ။ ။ ဝါသဝက သူ့လူတွေကို ဒရုန်းသင်တန်းပေးနေတာကြာပြီ။ သူတို့ဘက်မှာ ဒရုန်းအထူးတပ်ဆိုလား တောင်ရှိတယ်လို့ ကြားတယ်။ အခုတော့ ဒရုန်းတွေသုံးပြီး ဗုံးကြဲတိုက်လာပြီပေါ့။ ရွှေဘို – မြစ်ကြီးနား လမ်းပိုင်း က ခရီးသည်တင်ကားတိုက်ခံရတာဆို ကျီကျင်းရွာ အနောက်မြောက်ဘက် ခြောက်မိုင်ခန့်အကွာက ဇီးကုန်းမြို့ သကြားစက်နားက ထန်းတပင်ရွာမှာ အခြေစိုက်တဲ့စစ်အုပ်စု (စစ်ကောင်စီနဲ့ပျူစောထီးတပ်ဖွဲ့ဝင်များ) လက်ချက် ဖြစ်နိုင်တယ်လို့ ကျနော်တို့က ခန့်မှန်းကြတယ်။

ဒရုန်းကလည်း ပန်ကာခြောက်လက်တပ်ထားတဲ့ ဒရုန်းဖြစ်နေတယ်။ တိုက်တာကလည်း တစ်ကြိမ်ထဲ မဟုတ်ဘူး နှစ်ကြိမ်ဆက်တိုက်ဆိုတော့လေ။ ဆိုတော့ အခုဒရုန်းနဲ့ပါဆိုတော့ ပြည်သူတွေက ပိုထိတ်လန့်တယ်။ အရင်ကမှ လေယာဉ်ဆိုတာ သူ့ဟာဟာနဲ့သူ အကန့်အသတ်ဖြစ်သေးတယ်။ အခုကဒရုန်းက အချိန်မရွေး၊ နေရာမရွေး ဆိုတော့ စစ်ဘေးရှောင်တွေကလည်း လာပစ်မှာလာထိမှာ အရမ်းကြောက်နေကြတယ်။ ရှေ့မှာလည်း လူတွေ သေထားကြတာဆိုတော့။

မေး။ ။ လေကြောင်းအပြင်၊ ဒရုန်းရန်က ကာကွယ်ဖို့အတွက်ကိုရော ဒေသခံတွေအတွက် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က လုပ်ပေးနိုင်တာမျိုးရောရှိပါလား။

ဖြေ။ ။ လုပ်နိုင်တာကတော့ တော်လှန်ရေးတပ်တွေဘက်က သတိပေးချက်တွေကို ပြည်သူတွေက မပြတ် နားစွင့်နေဖို့ လိုပါတယ်။ စစ်ကြောင်းလာတာတို့၊ လေကြောင်းလာတာတို့ဆို သတိပေး၊ အချက်ပြနေကြရှိတယ်။ အခုက ဒရုန်းကာကွယ်ရေးအတွက် ဖြန့်ဝေတဲ့အချက်အလက်တွေကို သေချာကြည့်ပြီး ပုန်းခိုကျင်းတွေ မဖြစ်မနေ တူးကြဖို့က အရင်ဆုံး လုပ်နိုင်တာပါပဲ။ မတူးမနေရ ဆိုတာမျိုး စီမံချက်ချရပါမယ်။

ရှမ်းနီအသံ ပေးပို့သည်။