ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း အသက်ဘေးမှလွတ်မြောက်ခဲ့သူ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးနှင့် အမေးအဖြေ
အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေထဲက စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်ခဲ့တာ ၂ လကျော် ရှိလာပြီဖြစ်ပါတယ်။
ပဇီကြီးရွာကို ပြီးခဲ့တဲ့ ဧပြီလ ၁၁ ရက်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပဇီကြီးရွာသူရွာသားများသာမက အနီးအနား ပတ်ဝန်းကျင် ရွာတွေက ဒေသခံများ အပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ရပါတယ်။
သေဆုံးသူတွေထဲမှာ ပဇီကြီးရွာသူ မမို့မို့ရဲ့ ခင်ပွန်း၊ ယောက္ခမ ၂ ဦးနဲ့ ယောင်းမဖြစ်သူတို့လည်း ပါဝင်ခဲ့ပြီး မမို့မို့ကိုယ်တိုင်လည်း ဒဏ်ရာရပြီး လက်တဖက် ဖြတ်ခဲ့ရပါတယ်။ အဲဒီလို လေကြောင်းတိုက်ခိုက်မှု ခံခဲရစဉ်အချိန်က မမို့မို့ဟာ ကိုယ်ဝန် ၈ လနဲ့ ကိုယ်ဝန်ဆောင် မိခင်လောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူနဲ့ မိသားစုကိုပါ ဆုံးရှုံးလိုက်ရတဲ့အပြင် လက်တဖက်ပါ ဖြတ်ပစ်လိုက်ရတဲ့ မမို့မို့အနေနဲ့ ပဇီကြီး လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ကို မျက်မြင်ကြုံတွေ့ခဲ့ရပုံနဲ့ ကလေး၂ ယောက်နဲ့အတူ ဘဝကို ဘယ်လို ရှေ့ဆက် ရင်ဆိုင်နေလဲ ဆိုတာကို အခုလိုမေးမြန်းပြောဆိုခဲ့ကြပါတယ်။
မေး။ ။ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကို ဘယ်လိုကြုံတွေ့ခဲ့ရပါလဲ။
ဖြေ။ ။ ကျမက အဲ့ဒီအချိန်မှာ ကိုယ်ဝန်က ၈ လ၊ ၈ လပြည့်လို့ အာထရာဆောင်းရိုက်ပြီး ပြန်လာခါစပဲရှိသေးတယ်၊ အဲ့ဒီဗုံး လာကြဲတာ၊ အဲ့ဒီဟာမှန်တော့ ကိုယ်ကလက်ကြီးပြတ်သွားရုံတင် မကဘူး၊ နောက်ကဟာ (ရဟတ်ယာဉ်) နဲ့တခါ ထပ်လာပစ်တယ်။
ရှေ့က ဗုံးချသွားတာ တခုပဲဆို ကျမယောကျ်ားရဲ့ အကျိုးအပဲ့ (သေဆုံးနေတဲ့ ခန္ဓာကိုယ်) လောက်တော့ ပြန်ရတယ်။ သူတို့က ထပ်လာပြီး လှုပ်လှုပ်မြင်တာ မှန်သမျှ အကုန်ပစ်၊ ကလေးတွေလည်း အကုန်ပစ်ဆိုတော့ အဲ့ဒီမှာ အသေအပျောက်က ပိုများသွားတယ်။
ကလေးတွေဆိုလည်း ဘုရားကုန်းပေါ်တွေရော၊ တောတွေ တောက်လျောက်ထဲရော ပြေးကြတယ်။ အဲ့ဒါတွေကိုလည်း လိုက်ပစ်တယ်။ ကျမကတော့ မောင်လေးနဲ့ ဆိုင်ကယ်နဲ့ပေါ့။ ဆေးခန်းကို တန်းပြေး သွားရတယ်။ အိမ်ကိုလည်း မရောက်လိုက်ဘူး။ မောင်လေး မမကတော့ မခံနိုင်တော့ဘူးဆိုပြီး ကုသတဲ့ဆီကို ပြေးရတာ။
မေး။ ။ အဲ့ဒီတိုက်ခိုက်ခံရမှုကြောင့် မိသားစုဝင်တွေ ဘယ်နှစ်ဦးများ ဆုံးရှုံးခဲ့ရပါလဲ။
ဖြေ။ ။ ယောက္ခမတွေရော ယောင်းမရော၊ ယောင်္ကျားရော ဆိုရင် ၄ ယောက်ပါသွားတယ်။ ကျမကတော့ အဲ့ဒီဗုံးထိပြီး လက်ပြတ်သွားတယ်။
မေး။ ။ အမျိုးသားနဲ့ မိသားစုဝင်တွေရဲ့ အလောင်းကိုရော ပြန်ရခဲ့ပါလား။
ဖြေ။ ။ အမျိုးသားကို အဲ့ဒီအချိန်တုန်းထဲက ရှာလို့လည်း မတွေ့ဘူး။ သူတို့ (ကူညီကယ်ဆယ်ရေး) ကိုလည်း မေးလို့လည်း မရဘူး။ တပိုင်းတစ ဖြစ်သွားလား၊ ဘာလား။ ဘာရယ်လို့ကို မသိရဘူး။ အခုချိန်ထိကတော့ ကိုယ့်ယောင်္ကျားကို ပြန်လာမလားဆိုတဲ့စိတ်နဲ့ပဲ မျှော်နေမိတာပဲ။
မေး။ ။ ဗုံးကြဲခံရတုန်းက ကိုယ်ဝန်အရင့်အမာနဲ့လည်း ဖြစ်တယ်၊ ကိုယ်တိုင်လည်းထိပြီး လက်တဖက်ဖြတ် လိုက်ရတယ်ဆိုတော့ ဗိုက်ထဲကကလေးကိုရော ထိခိုက်သွားတာမျိုး ရှိပါလား။ ကလေးကို ဘယ်လိုမွေးဖွား ခဲ့ရပါလဲ။
ဖြေ။ ။ ဒီလက်ပျောက်ခါနီးကျတော့ ကလေးကလည်း မလှုပ်တော့ဘူး။ လက်ကလည်း၂ ခါ ခွဲစိတ်ခန်း ဝင်ထားရတယ်။ ကလေးကလည်း မေ့ဆေးနဲ့ ထုံဆေးနဲ့ဆိုတော့ ထိတာလား မသိဘူး မလှုပ်တော့ ၈ လ ကျော်ကျော်လေးနဲ့ပဲ ခွဲလိုက်ရတယ်။ ကလေးကိုလည်း အားတင်းပြီးတော့ပဲ ကျမ မွေးခဲ့တယ်။
ကိုယ့်လိုပဲ အမေအဖေ မဲ့သွားသူတွေ၊ ယောက္ခမ မဲ့သွားသူတွေ ယောင်္ကျား မဲ့သွားသူတွေလည်း ရွာမှာလည်း အများကြီးပါပဲ။ ကိုယ်ဝန်သည် မိခင်တိုင်းလည်း ကိုယ်ချင်းစာပြီးတော့ သိကြမှာပါ။ အဲ့ဒီအချိန်တုန်းကတော့ မွေးခါနီးဖွားခါနီးမှာ ကိုယ့်ယောင်္ကျား ကိုယ့်နားရှိတာပဲ ဘယ်မိန်းမ မဆို လိုချင်ကြတာပဲလေ။
ကျမယောင်္ကျားကို တနေ့များ လာမလား လာမလားဆိုပြီး အခုချိန်ထိပါပဲ၊ မနည်းကို အားတင်းရတယ်။ ဆေးရုံရောက်တော့လည်း မျှော်မိတယ်၊ သူများ နောက်က လိုက်လာမလားလို့၊ တရက် တရက် လသာ ကျော်သွားတယ်၊ ယောင်္ကျားက မလာဘူး။ ဆရာမတွေကလည်း ကိုယ့်ကိုကိုယ်အားတင်းဖို့ အမြဲ ပြောပါတယ်။
မေး။ ။ ကလေး၂ ယောက်နဲ့ ရှေ့ကို ရင်ဆိုင်ဖို့ မိခင်တယောက်အနေနဲ့ ဘယ်လိုများ အားတင်းထားပါလဲ။
ဖြေ။ ။ သားအတွက် အများကြီး အားတင်းထားတယ်။ ကျမလက်ရှိတုန်းကလည်း ကိုယ်ကတောင်သူ မဟုတ်တော့ ကောက်စိုက်ပြီးနေလည်း စားရတယ်။ အခုလက်တဖက် မရှိတော့လည်း ကျမစိတ်က အားမလျော့ပါဘူး။ ကျမသား၂ယောက်ကို လုပ်ကျွေးသွားမယ်၊ အဲ့လိုစိတ်မျိုးနဲ့တော့ အားတင်းထားပါတယ်။
မေး။ ။ ပဇီကြီးရွာ ဗုံးကြဲခံခဲ့ရတာ ၂ လ ကျော်လာပြီဆိုတော့ အဲ့ဒါနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘယ်လိုခံစားချက် ရှိနေပါလဲ။
ဖြေ။ ။ အခုချိန်မှာ ကျမကို ညည်းဘာဖြစ်ချင်လဲလို့ မေးရင် အဲ့ဒီပစ်သွားသူ (ရဟတ်ယာဉ်နဲ့ ဗုံးကြဲသွားသူ)ရဲ့ မျက်နှာကို မြင်ချင်တယ်။ ဒီလို လုပ်သွားတဲ့ အခြေအနေတွေမှာ ဘယ်လိုများ နေလဲပေါ့။ လူစိတ်များ ရှိလားလို့ မေးချင်တယ်။ မြန်မာလူမျိုးများ ဟုတ်သလားပေါ့၊ သူ့မှာ မိသားစုများ မရှိလို့ ဒီလိုများ လုပ်တာလားဆိုပြီး အဲ့ဒီလူကို မေးချင်တာတွေ ရင်ထဲမှာ အများကြီးပဲ ရှိတယ်။
ဒီလိုအဖြစ်ဆိုးမျိုးကတော့ ဘယ်ဆီမှကို မကြုံပါရစေနဲ့လို့ ဆုတောင်းတယ်။ ဆုတောင်းသာ ဆုတောင်းနေရတယ် ကိုယ့်ကိုကိုယ်လည်း ဘယ်အချိန် ဘာဖြစ်မလဲဆိုတဲ့ စိတ်ကြီးကတော့ အမြဲတမ်းတွေးနေရတယ် နေ့ရော ညရော။ ဒါက ကျမတယောက်ထဲ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်ကို ကြုံလိုက်ရတဲ့ တရွာလုံးလိုလို တွေးနေကြရတာပါပဲ။ ကလေးနဲ့မို့လို့သာ ကိုယ့်စိတ်ကို ဖြေနေရတယ်။ တခါတလေ သေသွားရင်အေးမလားဆိုတဲ့ စိတ်ကတော့ အမြဲတမ်း တွေးမိတယ်။
ဒါပေမယ့် ကလေးနဲ့ဆိုတဲ့ အခါကျတော့လည်း ပြန်ဖြေပါတယ်။ သေဆုံးသွားတဲ့ သူတွေအတွက်လည်း နာကျင်ရတယ်။ ရွာလေးကလည်း ကျဉ်းကျဉ်းလေးဆိုတော့ ဆွေးမျိုးတွေလိုပဲ အကုန်လုံးက ကိုယ့်မိသားစု တွေလိုပါပဲ။ သေဆုံးသူတွေ အတွက်လည်း တော်တော်နာကျင်ရပါတယ်။ အခုချိန်ထိလည်း မေ့မေ့ပျောက်ပျောက် ဆိုပြီး ဖျောက်လို့ မရပါဘူး။ တရက်မှလည်း မေ့လို့ မရပါဘူး။
ရှမ်းနီအသံ ပေးပို့သည်။