TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ တိုက်ပွဲအခြေအနေ၊ အရပ်သားထိခိုက်ဒဏ်ရာရရှိမှု၊ စစ်ဘေးရှောင်များနှင့် မြို့ပေါ်ကျန်ရှိနေသူများ၏ အခက်အခဲနှင့်ပတ်သက်ပြီး သီပေါမြို့ဒေသခံတစ်ဦးနှင့်ဆက်သွယ်မေးမြန်းချက်။
သျှမ်းပြည်၊ သီပေါမြို့အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ- (၂၃)၊ ခြေမြန်တပ်ရင်း ခမရ-(၅၀၃၊ ၅၀၄) တို့ကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဩဂုတ်လ ၁၀ ရက်နေ့မှ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် သီပေါမြို့ပေါ်ကို TNLA က ထိန်းချုပ်ထားနိုင်ကြောင်း ဒေသခံများက ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” ပထမပိုင်းတွင် သီပေါမြို့ပတ်ပတ်လည်ရှိ အရေးပါသည့်တံတားများ မိုင်းခွဲဖျက်ဆီးခံခဲ့ရသည့် အပြင် “၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းသို့ ရောက်ရှိလာသောအခါ နောင်ချို၊ ကျောက်မဲနှင့် လားရှိုးမြို့များ တိုက်ခိုက် သိမ်းပိုက်ခံရပြီးနောက် သီပေါမြို့သည် ကြားညှပ်ကျန်နေပြီး TNLA ပူးပေါင်းတပ်ဖွဲ့က အလုံးစုံ ထိန်းချုပ်နိုင်ရန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေသည်။
အလားတူ သီပေါမြို့နယ်အတွင်းရှိ နောင်ကော်ကြီးအခြေစိုက် စစ်ကောင်စီတပ် ခလရ – (၁၄၇) ကို လည်း ကိုးကန့်တပ်ဖွဲ့ MNDAA က တိုက်ခိုက်သိမ်းပိုက်ထားပြီး နမ့်လန်မြို့ အနီးတဝိုက်သို့ ဆက်လက် အင်အားဖြည့် တင်းနေကြောင်း သိရသည်။
ဩဂုတ်လ ၁၀ ရက်နောက်ပိုင်း စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲ ပြန်လည်ပြင်းထန်လာခဲ့ပြီး တစ်ပတ်အတွင်း လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲခံရခြင်းကြောင့် အရပ်သား ၂၀ ကျော်သေဆုံးပြီး မြို့လူဦးရေထက်ဝက်ကျော်မှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။
ထို့အခြေအနေများကြောင့် သီပေါမြို့ လက်ရှိတိုက်ပွဲအခြေအနေ၊ အရပ်သား ထိခိုက်ဒဏ်ရာရရှိမှု၊ စစ်ဘေးရှောင်များနှင့် မြို့ပေါ်ကျန်ရှိနေသူများ၏ အခက်အခဲနှင့် ပတ်သက်ပြီး သီပေါမြို့ဒေသခံတစ်ဦးကို ဆက်သွယ်မေးမြန်းခဲ့ပါသည်။
မေး ။ ။ လက်ရှိ သီပေါမြို့ရဲ့တိုက်ပွဲအခြေအနေက ဘယ်လိုရှိနေလဲ။ ဒေသခံတွေရော ဘယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်နေတာရှိပါလဲ။
ဖြေ ။ ။ အခုက စစ်ကောင်စီတပ်က မြို့ပြင်နဲ့ နဲနဲဝေးတဲ့နေရာမှာ ရောက်နေတယ်လို့ ပြောလို့ရတယ်။ အဲ့ဘက်မှာ TNLA နဲ့ အပြန်အလှန် ပစ်နေကြတယ်။ လက်နက်ကြီးနဲ့လည်း မြို့ထဲဘက်ကို ပစ်လာတာရှိတယ်။ ဗမာစစ်သားတွေက မိုးတေဘက်သွားတဲ့ ၅၀၄ တပ်ဘက်မှာ ရောက်နေတာ။ ရှေ့ရက်ကဆိုရင် အဲ့ဘက်တွေ လေယာဉ်လာတယ်။
မြို့လယ်ရပ်၊ နာရီစင်နဲ့ ဇာတ်စုရပ်တွေဘက်မှာ လက်နက်ကြီးကျတယ်၊ တုံဆင့်ဘက်ဆိုရင် လေကြောင်းဗုံးကြဲ ခံရတယ်။ သီပေါကတော့ နောင်ပိန်ဘက်ကို စစ်ဘေးရှောင်တာများတယ်။ မြို့ဟောင်းဘက်မှာ လေယာဉ်ဗုံးကြဲလို့ ၄ ယောက် သေတယ်။ တိမ်တောင်ဘက်ကိုလည်း လေကြောင်းနဲ့ ဗုံးကြဲတယ်။ ပြီးခဲ့တဲ့ ရက်တွေကတော့ လေယာဉ်နဲ့ ဗုံးလာကြဲတာ၊ တကယ်ပြန်နေမယ်ဆိုရင်လည်း စစ်ကောင်စီတပ်က အင်အားဖြည့် နေတုန်းပဲ။ ရဟတ်ယာဉ်နဲ့လာပြီး လေထီးနဲ့ လက်နက်တွေ၊ ရိက္ခာတွေ ထပ်လာချပေးနေတုန်းပဲ။
TNLA က မြို့ထဲကိုပဲထိန်းချုပ်ပြီး နေရာယူနိုင်သေးတာ။ မြို့ပြင်က ၅၀၃/၅၀၄ တပ်နဲ့ ခလရ- (၂၃) ကို မသိမ်းနိုင် သေးဘူး။ လက်နက်ကြီးရော လေယာဉ်နဲ့ ပစ်တာရောဆိုရင် ဆုံးတာ အယောက် ၂၀ ကျော် ရှိပြီ။ ရဲစခန်းနဲ့ ထောင်ကြီးနားကတော့ ပိုပြင်းတာ။ မိုးတေဘက်ထွက်သွားတဲ့ တုံဆင့်ဘက်လည်း တိုက်ပွဲပြင်းတယ်။ ဩဂုတ် ၁၁၊ ၁၂ ရက်နေ့ နောက်ပိုင်း တိုက်ပွဲပြင်းတယ်။ TNLA တွေ သီပေါမြို့ထဲ မထိန်းနိုင်ခင် သီပေါတံတားကြီးဘက်မှာ တိုက်ပွဲ အရင်ဖြစ်တာ။
မေး ။ ။ အခု တိုက်ပွဲကြောင့် သီပေါမြို့ပေါ်ကျန်နေသူတွေ ဘယ်လောက်အထိရှိသေးလဲ၊ ဘာအခက်အခဲတွေ ကြုံနေကြရလဲ။
ဖြေ ။ ။ မြို့ထဲ ကျန်တာကတော့ အိမ်စောင့်တဲ့လူတွေနဲ့ သက်ကြီးပိုင်းတွေ အများစုကျန်တာ။ တချို့ကလည်း ဟိုလမ်းပိတ်တယ်၊ ဒီလမ်းပိတ်တယ်ကြားပြီးတော့ အပြင်မထွက်ရဲကြတာရှိတယ်။ ကျောက်မဲ၊ လားရှိုးဘက် စစ်အရင်ဖြစ်တော့ သီပေါကလူတွေလည်း ကြိုရှောင်ထားကြတာရှိတယ်။ သီပေါတံတားကြီးဘက် အိမ်တွေတော့ မြို့ထဲက ဘိုးတော်ကျောင်းဘက်မှာ ညလာအိပ်ကြတယ်။ ညဘက်ဆို အိမ်တွေဖောက်ခံရတာလည်း ရှိတယ်။
စစ်ဘေးရှောင်သွားကြတာကတော့ အများစုပါ။
ပန်းတိမ်တောင်၊ ရွှေကျောင်း၊ တောင်မြို့ ဒီဘက်တွေတော့ ဘာမှသိပ်မဖြစ်လို့ ရပ်ကွက်ထဲ လူနေသေးတယ်။ တုံဆင့်ဘက်ကတော့ ရပ်ကွက်ထဲ လက်နက်ကြီးကျလို့ တော်တော်များများ ပြေးရတယ်။ အခုက တိုက်ပွဲကြားထဲ ကိုယ်ဝန်သည်မိခင်တွေ တော်တော်ဒုက္ခရောက်တယ်။ အရင်က ကျောက်မဲကနေ သီပေါ၊ နမ့်လန်ဘက် လှေနဲ့လာ ပြီး ကလေးမီးဖွားတာရှိတယ်။ အခုကြတော့ နမ့်လန်လည်း အခြေအနေမကောင်းတော့ ဆေးရုံလည်းပိတ်ပြီး ဆရာဝန်လည်း မရှိတော့ဘူး။ သီပေါမြို့ပေါ်မှာတော့ နယ်စည်းမခြားပရဟိတအဖွဲ့က လုပ်ထားပေးတဲ့ ကလေးမီးဖွားဂေဟာပဲ ရှိတော့တယ်။
အခုတော့ အဲ့မှာပဲ ကလေးမွေးလို့ရတော့တယ်၊ အခက်အခဲတော့ ဖြစ်တာပေါ့။ စစ်ဖြစ်နေတော့ ကလေးမွေးပြီးတဲ့ လူလည်း ထပ်ပြေးရမှာလား၊ ကိုယ်ဝန်သည်ကလည်း ကလေးမွေးမှာလား အဲ့လိုရှိတာပေါ့။ မြို့ထဲ လက်နက်ကြီး ပေါက်ကွဲသံကြားလို့ ကိုယ်ဝန်သည်မိခင်က စိုးရိမ်ကြောက်လန့်ပြီး ဗိုက်စောစောနာလာတာ ရှိတယ်။ ကြောက်လို့ စိုးရိမ်လို့ ကလေးစောစောမွေးမယ့် လက္ခဏာဖြစ်မယ်ဆိုပြီးတော့လည်း ဆရာဝန်တွေ မရှောင်ရခင်က ပြောထား တယ်။ ကိုယ်ဝန်သည်မိခင်တွေကိုလည်း ဘေးလွတ်ကင်းရာ စစ်ဘေးရှောင်ထားခိုင်းတယ်လို့ ပြောတယ်။
မေး ။ ။ သီပေါထောင်လည်း တိုက်ပွဲအတွင်းမှာပွင့်သွားတယ်လို့ ပြောကြတယ်၊ အဲ့ဒါက ဘယ်လိုအခြေအနေရှိပါလဲ။
ဖြေ ။ ။ ထောင်ကတော့ ၁၀ ရက်နေ့ကတည်းက ပွင့်သွားပြီလို့ပြောတယ်။ စစ်ကောင်စီဘက်က ဖွင့်ပေးတာ တော့ မဟုတ်ဘူး၊ TNLA နဲ့ PDF ဘက်က ဖွင့်ပေးတယ်ပြောရမှာ။ ထောင်သားရော အချုပ်သားရော၊ နိုင်ငံရေး အကျဉ်းသားတွေကို ဆန်တစ်အိတ်စီပေးပြီး ပြန်လွှတ်ပေးတယ်လို့ပြောတယ်။ ဆွေမျိုးတွေသိပြီး လာကြိုသွားတာ အနည်းစုပဲ။ အမှုမျိုးစုံနဲ့ ထောင်ကျနေတဲ့သူတွေလည်း လွတ်လာတယ်၊ ကားလည်းမရှိတော့ သူ့လမ်းကိုယ့်လမ်း ပြန်သွားကြတယ်။
အဲ့တုန်းကတည်းက မြို့ထဲမှာ ဆိုင်တွေ၊ အိမ်တွေ အကုန်ပိတ်ကုန်ပြီ။ အခုကတော့ ဖုန်းလိုင်းတွေလည်း ပြတ်ကုန်ပြီ။ ထောင်ကနေ လွတ်လာတဲ့တချို့ကတော့ ဘယ်မှသွားစရာရှိမှာ မဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ ဖုန်းလိုင်းလည်းမရှိတော့ ဆက်သွယ်လို့ မရဘူး၊ လိုင်းကားလည်း မရှိဘူးလေ။ အဲ့လိုလူဆိုရင်တော့ သီပေါ ပတ်ဝန်းကျင်မှာပဲ ရှိဦးမှာ။
နမ့်လန်ဘက်မှာတော့ လားရှိုးဘက်ကလာတဲ့ စစ်ရှောင်တွေ ကြားထဲမှာ သူခိုးဖမ်းမိတာ၊ ဒေသခံတွေဝိုင်းဖမ်းတာ တစ်ရက်တည်းကို ၃၀ ကျော်ရှိတယ်။ အစပိုင်း ၂ ယောက်ကို အရင်ဖမ်းမိတာ၊ ထပ်စစ်တော့ ၃၀ ကျော်အထိ ကွင်းဆက်ဖမ်းမိတာ။ သူခိုးတွေက အုပ်စုလိုက်လာတတ်တော့ အိမ်စောင့်ကျန်ခဲ့သူဆိုရင် ဘာမှမတတ်နိုင်ဘူး။ အဲ့ဒါကြောင့် လူကြီးတွေက ဘယ်ကိုမှမပြေးချင်ကြတာ နောက်ဆံတင်းကြတာပေါ့။
မေး ။ ။ တိုက်ပွဲပြင်းထန်တာက ဘယ်နားတွေလဲ၊ တိုက်ပွဲကြား ထိခိုက်သေဆုံးတာရော ဘယ်လောက်ထိ ရှိလာပြီလဲ။
ဖြေ ။ ။ မြို့လယ်ရပ်၊ ဇာတ်စုရပ်နဲ့ တုံဆင့်ဘက်မှာ တိုက်ပွဲပြင်းတာ။ တာပုတ်၊ ဇာတ်စုရပ်နဲ့ တဆက်တည်း ထောင်ကြီး၊ ရဲစခန်း၊ လဝကရုံးတွေက နီးနီးလေး ကပ်လျက်ပဲရှိတာ။ ဩဂုတ် ၁၀ ရက်နေ့က ထောင်ကြီးနဲ့ ရဲစခန်း ကိုရပြီးတော့ TNLA စစ်သားအင်အား ၂၀၀ လောက်က ဘော်လုံးကွင်းဘက် မြို့ထဲ လမ်းလျှောက် တက်လာတာ။ ထောင်ဖွင့်ပြီးတဲ့နောက်ပိုင်း ခဏလေးပဲ လူစည်တတ်တဲ့ နာရီစင်ဘက် မြန်မာ့ရှေ့ဆောင်ဘဏ်နား လေယာဉ်နဲ့ ဗုံးလာကြဲသွားတယ်။ အဲ့နောက်ပိုင်း မြို့ထဲလူတော်တော်များများ မနေရဲတော့ဘဲ ထပ်ပြီးထွက်ပြေးကြတယ်။
သီပေါကတော့ လေယာဉ်ပျံနဲ့ ဗုံးလာကြဲတာ၊ လက်နက်ကြီးရော သေနတ်သံရော အဆက်မပြတ် ကြားရတယ်။ သေတာလည်း နေ့တိုင်းရှိနေတယ်၊ မြို့ဟောင်းထဲ လူထိခိုက်တာများတယ်။ တချို့လည်း မထွက်ပြေးနိုင်ကြ သေးဘူး။ တိုက်ပွဲဖြစ်နေတာ မြို့ထဲ မန်မိုင်၊ ကျောင်းစု၊ တုံဆင့်နဲ့ စစ်တပ် ခလရ-၂၃ နား ပြင်းတယ်။ ဩဂုတ် ၁၀ ရက်နေ့နောက်ပိုင်း လေးငါးရက်လောက်ကို လေယာဉ်နဲ့ နေ့ခင်းတစ်ပိုင်းလုံး ပြီးတော့တစ်ညလုံးပဲ ဗုံးလာကြဲတာ။ တုံဆင့်ဘက်က နားခဲဘက်ကို စစ်ဘေးရှောင်တယ်။
တချို့လည်း ဘော်ကြို ဘုန်းကြီးကျောင်းကို ရှောင်ကြတာရှိတယ်။ တစ်မြို့လုံးနီးပါးပဲ စစ်ရှောင်ကြတာ၊ မြို့ဟောင်းဘက် ထွက်မပြေးနိုင်တဲ့လူတော့ လက်နက်ထိပြီးတော့ ဒဏ်ရာရတာ သေတာရှိတယ်။ တုံဆင့်ဘက်က မသန်စွမ်းရှိတဲ့ အိမ်တွေဆိုရင် တချို့ကပစ္စည်းတွေ အရင်သယ်ထုတ်သွားပြီး လူကို နောက်မှလာကယ်မယ်ပေါ့၊ ပြန်လာတော့ မြို့ထဲ ဝင်လို့မရတော့တာလည်း ရှိတယ်။ အခု အိမ်မှာကျန်ခဲ့တဲ့ မသန်စွမ်းမိဘတွေက သေလားရှင်လား မသိနိုင်တော့ဘူး။
ထိခိုက်သေဆုံးတာကတော့ အရပ်သား ၂၀ လောက်တော့ရှိတယ်။ မြို့တွင်းထဲလည်း တကယ်သွားလာလို့ မရသေးတော့လေ၊ အိမ်ထဲမှာဆုံးနေပြီး ပုပ်ပွနေတာတွေလည်း ရှိတယ်။ ဒဏ်ရာရတာကတော့ ၅၀ ကျော် ရှိမယ်။ ဆုံးသွားတဲ့လူတွေရဲ့ အလောင်းတွေဆိုလည်း သွားမကောက်နိုင်တော့ အိမ်ထဲမှာပဲ ပုပ်ပွနံစော်ပြီး ဒီအတိုင်း ထားရတာ။ နမ္မတူမြစ်နဲ့ နီးတဲ့အိမ်နားဆိုရင် စစ်သားအလောင်းတွေကို မြစ်ထဲပစ်ချရတယ်လို့ မြင်ခဲ့တဲ့လူတွေက ပြောပြတာ။
မေး ။ ။ သီပေါမြို့အနေနဲ့ အရင်စစ်ဆင်ရေး ပထမပိုင်းကတည်းက မြို့ပတ်ပတ်လည်မှာရှိတဲ့ တံတားတွေ အားလုံးနီးပါး ချိုးခံလိုက်ရတော့ အခုတခေါက်စစ်ထပ်ဖြစ်တာ စစ်ဘေးရှောင်ဖို့ ဘယ်လိုအခက်အခဲရှိကြလဲ။
ဖြေ ။ ။ အခက်အခဲကတော့ စစ်မဖြစ်ခင်ရက်ပိုင်းက ဘော်ကြိုကနေလှေစီးပြီး တာလုံဘက်လာကြတယ်။ ကားတွေဆိုရင် စက်လှေနဲ့ကမ်းကူးပြီး နမ့်လန်ဘက်ကို စစ်ရှောင်ကြတယ်။ အဲ့တုန်းက ကျောက်မဲမှာလည်း တိုက်ပွဲပြင်းထန်နေတော့ အဲ့ဘက်မသွားရဲဘူး။ အဲ့ကနေမှ တခြားမြို့ရွာ ဆက်သွားကြတယ်။ မြို့ဟောင်းဘက်က လူတွေတော့ ကုန်းသာဘက်ကို ပြေးကြတယ်။ တချို့လဲ ဘော်ကြိုဘက်အနေ လှေနဲ့တဆင့်၊ နမ့်ဟူးနွဲ့နားလေး ကနေတဆင့် နမ့်လန်ဘက်ကိုလာတယ်။
မြို့ထဲကို လူကြိုချင်တယ်ဆိုလည်း TNLA က ကားပေးမဝင်ဘူး၊ ဘော်ကြိုကနေ ဆိုင်ကယ်ငှားပြီး မြို့ထဲ ပေးဝင်တယ်။ ဘော်ကြိုမှာ တားထားတာရှိတယ်၊ နောက်ပြီး နမ့်ဟူးနွဲ့ ဂေါ်ဒန်ကျောက်စခန်းနားလည်း တနေရာ ဂိတ်တားထားတာရှိတယ်။ ဒီနောက်ပိုင်း သီပေါတံတားကြီးမှာ စစ်ကောင်စီတပ်လည်းမရှိတော့ တံတားကြီး ဘက်ကနေထွက်ပြီး နမ့်လန်သွားတဲ့ လူတွေလည်းရှိတယ်။ ဆွတ်လန်းမှာတော့ MNDAA ဂိတ်ဖြတ်ရင် မိန်းကလေး တွေကို မဖွယ်မရာလုပ်တာလည်း ရှိတယ်။
စစ်ဘေးရှောင်မယ်ဆိုရင် အမျိုးသားနဲ့အတူလာကြဖို့ အဖော်နဲ့လာကြဖို့ ပြောချင်တယ်။ အခြေအနေ မကောင်းတဲ့ မြို့လယ်ရပ်၊ ဇာတ်စုရပ်ကနေ နောင်ကတ်ဘက် အရင်ထွက်လာရတယ်။ ရွှေကျောင်းတွေဘက်မှာ ရောက်နေ ကြတာများတယ်။ အဲ့က ဘုန်းကြီးကျောင်းတွေမှာ တစ်ညအိပ်ပြီးမှ နောင်ပိန်ဘက် ထွက်လာရတာရှိတယ်။
နမ့်လန်ကနေလည်း လက်နက်ကြီးတွေ နေ့တိုင်းပစ်တာရှိတယ်။
နောင်ကော်ကြီးက ခလရ – ၁၄၇ တပ်ကို ပစ်ကူတာ။ နမ့်လန်မြို့ပတ်လည်မှာတော့ SSPP တပ်ဖွဲ့တွေ နေရာယူ ထားတာရှိတယ်။ သတင်းထွက်တာတော့ နမ့်လန်မြို့ကို SSPP မဝင်ရင် ကိုးကန့်တပ်ကဝင်မယ်ဆိုတော့ ပြည်သူတွေက ကြောက်လန့်ပြီး ထပ်ပြေးကြတယ်။ အဲ့နောက်ပိုင်း စစ်ကောင်စီတပ်ဘက်က ခိုလမ်ကနေ နမ့်လန်ကို စစ်ကား ၁၁ စီးနဲ့ အင်အားဖြည့်လာတယ်။
မေး ။ ။ တိုက်ပွဲပြင်းထန်ပြီး ပြန်ငြိမ်နေတဲ့အပေါ်မှာ ဘယ်လိုစိုးရိမ်မှုတွေရှိလဲ။ ထိခိုက်ပျက်စီးမှုတွေက ဘယ်လောက်အထိ များနေပါလဲ။
ဖြေ ။ ။ စိုးရိမ်တာကတော့ လေယာဉ်နဲ့ဗုံးထပ်လာကြဲမှာပေါ့။ တကယ်ပြန်နေဖို့လဲ မရဲသေးဘူး။ TNLA တွေလည်း မြို့ထဲနေလို့ ဗုံးကြဲခံရလည်း အရပ်သားတွေရဲ့ အိုးအိမ်နဲ့အသက်ပဲ ဆုံးရှုံးရတာ။ အခုကတော့ ဘာအလုပ်မှ လုပ်မရတော့ ရှိတာလေးနဲ့ပဲ ခြစ်ကုတ်စားသောက်ရတာ။ တချို့လည်း ရှောင်လို့မရတာတွေ ရှိတယ်၊ အခက်အခဲ မျိုးစုံဖြစ်တာပေါ့။ မြို့ပြင်မထွက်နိုင်တဲ့လူတွေ လေးပုံတစ်ပုံလောက် မြို့ထဲကျန်နေတာရှိမယ်။ စားဖို့သောက်ဖို့ ကျန်းမာရေးကအစ အကုန်ခက်ခဲနေတာ အခုက။
မေး။ ။ အခုလိုအချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။