30 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“ဟားခါး -ထန်တလန်ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့တော့ရပေမယ့် လွတ်လွတ်လပ်လပ်နဲ့သွားလာဖို့က လုံခြုံရေးအရ သတိထားနေရဦးမှာဖြစ်ပါတယ်” ဆလိုင်းထက်နီ - CNF/CNA...

“ဟားခါး -ထန်တလန်ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့တော့ရပေမယ့် လွတ်လွတ်လပ်လပ်နဲ့သွားလာဖို့က လုံခြုံရေးအရ သတိထားနေရဦးမှာဖြစ်ပါတယ်” ဆလိုင်းထက်နီ – CNF/CNA ပြောရေးဆိုခွင့်ရှိသူ

ချင်းပြည်အစိုးရတပ်ဖွဲ့၏ Jericho စစ်ဆင်ရေး၊ လတ်တလောစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ချင်းအမျိုးသား တပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီနှင့် ဆက်သွယ်မေးမြန်းချက်။

မကြာသေးခင်ရက်ပိုင်းက ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်ကောင်စီ/ချင်းပြည်အစိုးရပူးပေါင်းတပ်ဖွဲ့များက Jericho စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြပြီး စစ်ရေးအရအချက်အချာကျတဲ့ စခန်း ၄ ခုကို သိမ်းပိုက်နိုင်ခဲ့ကြသည်။

ချင်းပြည်အစိုးရတပ်ဖွဲ့၏ Jericho စစ်ဆင်ရေးအခြေအနေ၊ လတ်တလောစစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ချင်းပြည်အစိုးရပူးပေါင်းတပ်တွေက ဟားခါး – ထန်တလန်ကြား စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တဲ့ အခြေအနေကို ပြောပေးလို့ရပါလား။ ဘယ်လို သိမ်းနိုင်ခဲ့တာလဲခင်ဗျာ။

ဖြေ။ ။ ကျနော်တို့ ဒီစခန်းက ၄ ခုလို့ ပြောရမှာပေါ့နော်၊ သိမ်းပိုက်ရရှိခဲ့တာပါ။ ဒီစစ်ဆင်ရေးက နိုဝင်ဘာလ ၂၂ ရက်ကနေ စတင်တဲ့စစ်ဆင်ရေး ဖြစ်တယ်။ ဒီနေ့အထိ တိုက်ပွဲတွေ ဖြစ်နေတယ်။ အဓိကက ဟားခါးမြို့နယ်ထဲက စခန်း ၂ ခုရယ်၊ ထန်တလန်မြို့နယ်ဘက်က စခန်းငယ် ၂ ရယ်၊ အားလုံးပေါင်း ၄ ခုကို ကျနော်တို့ သိမ်းဆည်းနိုင်ခဲ့တယ်။ အဓိက သူတို့ဘက်က ဂျက်ဖိုက်တာကိုအားကိုးပြီးတော့မှ ကျနော်တို့ကို တိုက်ခိုက်နေတာဖြစ်တယ်။

မေး။ ။ လတ်တလော သိမ်းပိုက်ရရှိထားတဲ့ စခန်းနာမည်တွေ ပြောပြပေးလို့ရမလားဗျ။

ဖြေ။ ။ နာမည်က Kiamtlang / Ruavazung စခန်းရယ်၊ တံတားစောင့်တဲ့စခန်းဖြစ်တဲ့ သီမြစ်ချောင်စခန်းရယ်၊ ပွိုင့် – ၃ စခန်းရယ်၊ ပြီးတော့ Umpu Puaknak စခန်းတို့ကို သိမ်းလိုက်တာဖြစ်တယ်။

မေး။ ။ ဟားခါး – ထန်တလန်ကြားက တိုက်ပွဲတွေမှာ စစ်ဆင်ရေးကို Jericho လို့ အမည်ပေးထားတယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ပြောပြပေးလို့ရပါလားခင်ဗျာ။

ဖြေ။ ။ အဲဒီစစ်ဆင်ရေး နာမည်ကတော့ Jericho စစ်ဆင်ရေးလို့ အမည်ပေးထားတာဖြစ်ပါတယ်။ Jericho စစ်ဆင်ရေးက ခရစ်ယာန်ဘာသာကျမ်းစာအရ အရင်ကစစ်ဆင်ရေးတခုမှာ အဲဒီ Jericho မြို့ကို ဘုရားကပေးလို့ သိမ်းနိုင်တဲ့ဟာကို ကျနော်တို့က ပြန်ပြီးတော့မှည့်ထားတာ ဖြစ်ပါတယ်။

မေး။ ။ ဟားခါး -ထန်တလန်ကြားက သိမ်းနိုင်ခဲ့တဲ့ စစ်စခန်းတွေဟာ ဘယ်လိုအချက်အချာကျတဲ့ အနေအထားမှာ ရှိပါလဲ။

ဖြေ။ ။ စခန်းတွေကတော့ ဟားခါးနဲ့ ထန်တလန်ကြားကဖြစ်ပြီးတော့ ဟားခါးဗျူဟာကုန်းနဲ့ နီးတယ်ဆိုတော့ အမြဲတမ်း ထန်တလန်ကို စစ်ကူပို့နိုင်တဲ့ လမ်းကြောင်းကြီးပေါ်မှာ ရှိနေတဲ့ဟာဖြစ်တယ်။ နောက်ပြီးတော့ ဟားခါး – ထန်တလန်နဲ့ကို အဲဒီကြားကလမ်းကြောင်းတွေကို ကျနော်တို့ထိန်းနိုင်ပြီးဆိုရင်တော့ အဲဒီနေရာတွေမှာ ကုန်းကြောင်းအရ ပြည်သူလူထုအတွက် သွားလာမှုတွေ အဆင်ပြေသွားအောင်က အဓိကကျသလို၊ ပြီးတော့ ဟားခါးဗျူဟာအတွက် စစ်ရေးအရ ဗျူဟာကျသလို၊ ကျနော်တို့ ချင်းပြည်အစိုးရ ပူးပေါင်းတပ်ဖွဲ့တွေ အတွက်လည်း အင်မတန်မှ စစ်ရေးအရ အဓိကကျတဲ့ လမ်းကြောင်းကြီးပေါ်မှာရှိတဲ့ စခန်းတွေ ဖြစ်ပါတယ်။

မေး။ ။ စစ်ကောင်စီဘက်က စစ်အရာရှိကြီးတွေအပါအဝင် ထိခိုက်သေဆုံးမှုများပြားတယ်လို့ သိရပါတယ်။ အဲဒီအခြေအနေလည်း သိချင်ပါတယ်။

ဖြေ။ ။ နောက်ပြီး စစ်ကောင်စီဘက်က ဒုတိယဗိုလ်မှူးကြီးအဆင့် တပ်ရင်းမှူး ၂ ဦးရယ်၊ တပ်အရာရှိ ၃ ယောက်ရယ်၊ ပြီးတော့ ရဲအရာရှိ ၂ ဦးရယ် သူတို့ဘက်က ကျဆုံးတယ်။ ပြီးတော့ သူတို့ရဲဘော်တွေက ၃၀ ခန့်တော့ အကျအဆုံးရှိတယ်။ လက်နက်ကြီး လက်နက်ငယ် ၅၁ လက် သိမ်းဆည်းရရှိခဲ့တယ်။

မေး။ ။ စစ်သုံ့ပန်းဖမ်းဆီးရမိမှု အခြေအနေကိုလည်း ပြောပေးပါဦးခင်ဗျာ။

ဖြေ။ ။ စစ်သုံ့ပန်းက အားလုံးက ၁၉ ယောက်ပေါ့နော်။ အဲဒီမတိုင်ခင်မှာ ဒဏ်ရာရထားတဲ့တစ်ယောက်ကို ဖမ်းဆီးရမိတာ ရှိသေးတယ်။ ဒဏ်ရာရပြီးတော့ ထားခဲ့တဲ့ရဲဘော် ၁ ဦးလည်းဖြစ်တယ်။ အားလုံးက ၂၀ ဖမ်းဆီးရမိခဲ့တယ်။

မေး။ ။ ချင်းတော်လှန်ရေးပူးပေါင်းတပ်ရဲ့ ထိခိုက်ကျဆုံးမှုအခြေအနေလည်း သိချင်ပါတယ်ခင်ဗျာ။

ဖြေ။ ။ ကျနော်တို့မှာ ရဲဘော် ၁၅ ယောက်၊ ၁၆ ယောက်တော့ ထိခိုက်ဒဏ်ရာရရှိမှု ရှိတယ်။ ပြီးတော့ ၃ ဦး၊ ၄ ဦးတော့ ရဲဘော်ကျဆုံးမှု ရှိပါတယ်။

မေး။ ။ ဟားခါး- ထန်တလန်ကြားမှာ စစ်ကောင်စီစခန်းတွေက ဘယ်လောက်ကျန်ရှိပါသေးလဲ။ အဲဒီမှာ အခြေအနေက ဘယ်လိုရှိနေသေးပါလဲခင်ဗျာ။

ဖြေ။ ။ စခန်းငယ် ၂ ခုကတော့ ဥသုတ်ဖျား စခန်းနဲ့ C – 3 စခန်းကတော့ ရှိသေးတယ်။ ဒါပေမယ့် အဲဒါက လမ်းမကြီးနဲ့ တော်တော်ဝေးပါတယ်။ ကြားထဲမှာတော့ အဓိကက အဲဒီစခန်းငယ် ၂ ခုတော့ ရှိသေးတယ်ပေါ့။ လွတ်လွတ်လပ်လပ်နဲ့တော့ သွားလာလို့ မရသေးဘူး။ လွတ်လွတ်လပ်လပ်နဲ့တော့ သွားလာလို့မရသေးဘူး။

မေး။ ။ ဒီလိုဆိုရင် ဟားခါး -ထန်တလန်ကြားကို ချင်းပူးပေါင်းတပ်တွေရဲ့ ထိန်းချုပ်နိုင်မှုအခြေအနေက ဘယ်လို ရှိပါလဲ။

ဖြေ။ ။ ဟားခါး -ထန်တလန်ကြားထဲက နေရာအများစုကို ချင်းလဲန်းကောင်စီပူးပေါင်းတပ်က ထိန်းချုပ်ထား နိုင်ပြီလို့ ပြောလို့တော့ရပေမယ့် လွတ်လွတ်လပ်လပ်နဲ့သွားလာဖို့က လုံခြုံရေးအရ သတိထားနေရဦးမှာ ဖြစ်ပါတယ်။

မေး။ ။ လတ်တလော ထန်တလန်မြို့ပေါ်ကတိုက်ပွဲတွေက ဘယ်လိုရှိနေပါသလဲခင်ဗျာ။

ဖြေ။ ။ ထန်တလန်မြို့က စစ်ရေးအခြေအနေကတော့ လောလောဆယ်မှာ ငြိမ်နေတဲ့အနေအထားမှာ ရှိတယ်။ အဲဒီမှာတပ်စွဲပြီးတော့ နှစ်ဖက်စောင့်ကြည့်ရတဲ့ အနေအထားမှာရှိတယ်။

မေး။ ။ ဖြည့်စွက်ပြောကြားချင်တာရှိရင် ပြောပေးပါခင်ဗျာ။

ဖြေ။ ။ ကျနော်တို့ကတော့ ပြည်သူတွေရဲ့ပံ့ပိုးမှုနဲ့ ဒီတော်လှန်ရေး၊ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတာ ဖြစ်တယ်။ အမြဲတမ်း ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှု အမြဲတမ်းလိုအပ်နေပါတယ်။ အဲဒါကို ကျနော်တို့ဟာ ပြည်သူတွေနဲ့ လက်တွဲပြီးတော့ ဆက်လက်တိုက်ပွဲဝင်သွားမှာပါလို့ ပြောကြားချင်ပါတယ်။

KMG ပေးပို့သည်။