28 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“သူတို့မသွားခိုင်းတဲ့နေရာကိုသွားရင် အဆင်မပြေဘူး၊ သွားလို့ဖြစ်လာရင် သူတို့တာဝန်မယူဘူး။ မသွားခိုင်းတဲ့နေရာ သူတို့ကာထား၊ ကန့်သတ်ထားတဲ့နေရာ မသွားရင်ကောင်းတယ်။ မကန့်သတ်ထားတဲ့နေရာ သူတို့ခွင့်ပြုချက်နဲ့ဝင်ရင်တောင်မှ ထိခိုက်မိတာရှိတာပဲ။ ကြားမိသလောက်...

“သူတို့မသွားခိုင်းတဲ့နေရာကိုသွားရင် အဆင်မပြေဘူး၊ သွားလို့ဖြစ်လာရင် သူတို့တာဝန်မယူဘူး။ မသွားခိုင်းတဲ့နေရာ သူတို့ကာထား၊ ကန့်သတ်ထားတဲ့နေရာ မသွားရင်ကောင်းတယ်။ မကန့်သတ်ထားတဲ့နေရာ သူတို့ခွင့်ပြုချက်နဲ့ဝင်ရင်တောင်မှ ထိခိုက်မိတာရှိတာပဲ။ ကြားမိသလောက် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေသွားတဲ့သူ ၁၀ ယောက်လောက်ရှိပြီ” လွိုင်ကော်မြို့ခံ အမျိုးသားတစ်ဦး

စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ လွိုင်ကော်မြို့ လက်ရှိအခြေအနေနှင့် မြို့တွင်ပြန်လည်နေထိုင်ကြသူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့ခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်မြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သည့် တစ်လေးလုံး စစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများက လွိုင်ကော်မြို့၏ဧရိယာတစ်ဝက်ခန့်ကို သိမ်းပိုက်နိုင်ခဲ့သည်။

နယ်မြေများဆုံးရှုံးလိုက်ရသည့် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှတဆင့် လွိုင်ကော်မြို့ကို ၂၀၂၄ ဇွန်လမှစတင်ကာ စစ်ကြောင်းများဖြင့် တန်ပြန်ထိုးစစ်ဆင်လာခဲ့သည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားများ ရပ်တန့်သွားအောင်သာ ရည်ရွယ်၍ တစ်လေးလုံး စစ်ဆင်ရေးကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟုဆိုပြီး ကရင်နီတော်လှန်ရေးတပ်များက လွိုင်ကော်မြို့အတွင်းမှ ပြန်လည်ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီက လွိုင်ကော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်မှာလည်း လက်ရှိတွင် ၇ လခန့် ရှိလာပြီဖြစ်သည်။

တစ်လေးလုံး စစ်ဆင်ရေးကြောင့် လွိုင်ကော်မြို့နေလူဦးရေ၏ ၃ ပုံ၂ ပုံသည် မြို့ကို စွန့်ခွာသွားခဲ့ကြသည်။ လက်ရှိအချိန်ထိတိုင် စစ်ကောင်စီဘက်က လွိုင်ကော်မြို့အတွင်းသို့ ပြန်လည်နေထိုင်ကြရန် ဒေသခံတို့ကို ဖိတ်ခေါ်နေပြီး ဌာနဆိုင်ရာဝန်ထမ်းနှင့် ၎င်းတို့မိသားစုများအပါအဝင် ဒေသခံထက်ဝက်နီးပါး မြို့အတွင်းသို့ ပြန်လည်နေထိုင်နေကြပြီဟု ဒေသခံတို့ထံက သိရသည်။

လက်ရှိ၌ စစ်ကောင်စီက လွိုင်ကော်မြို့အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ပုံမှန်အခြေအနေသို့ ရောက်ရှိရန် ရုန်းကန်နေရဆဲဖြစ်သည်ဟု ဒေသခံများကပြောသည်။ စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ လွိုင်ကော်မြို့လက်ရှိအခြေအနေနှင့် မြို့တွင်ပြန်လည်နေထိုင်ကြသူများ ကြုံတွေ့နေရသည့် အခက်အခဲ၊ စိန်ခေါ်မှုများနှင့်ပတ်သက်ပြီး လွိုင်ကော်မြို့ခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – စစ်ကောင်စီ ပြန်လည်ထိန်းချုပ်လိုက်သည့် လွိုင်ကော်မြို့။ (Photo – MOI)

မေး။ ။ လွိုင်ကော်ကပြန်နေဖို့ လုံခြုံပြီလို့ပြောလို့ရပါလား။ တိုက်ပွဲတွေ မရှိတော့ဘူးလား။

ဖြေ။ ။ ဒီမှာတော့ တိုက်ပွဲတွေဘာတွေတော့ မရှိတော့ပါဘူး မြို့ပေါ်မှာပေါ့နော်။ မြို့ပြင်တွေမှာတော့ တခါ တခါ ကြားတယ်၊ အတိအကျတော့ ဘယ်သိရမလဲ။ မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာတော့ ပုံမှန်လိုလိုရှိတယ်။ တပ်ရှိတဲ့နေရာတိုင်းမှာ လက်နက်ကြီးတွေရှိတယ်။ အကုန်တပ်ထားတယ် အများအား ဖြင့်တော့ အမြောက်တပ်ပေါ့။ အမြောက်တပ်နဲ့ ၅၄ တပ်ပေါ့။

မေး။ ။ စစ်ကောင်စီတပ်ဘက်က ပြန်လာနေလို့ရပြီလို့ ပြောပြီးတဲ့နောက်ပိုင်း လွိုင်ကော်ကို ဒေသခံတွေ ဘယ်လောက်ရာခိုင်နှုန်းလောက် ပြန်လာနေကြပြီလို့ ပြောလို့ရပါလဲ။

ဖြေ။ ။ နေလို့ရတဲ့နေရာတွေ အကုန်လုံးနီးပါးပြန်လာနေကြပြီ။ ၅၀ ရာခိုင်နှုန်းလောက်ရောက်ပြီ။ နှစ်လပိုင်း ကလေးတွေ စာမေးပွဲဖြေပြီးရင်တော့ ၇၀ ရာခိုင်နှုန်းလောက်ရောက်မယ်။ ကျောင်းပိတ်ရင်တော့ တော်တော် များများ ပြန်လာနေကြမှာပါ။ နေလို့ရတဲ့ရပ်ကွက်ဆို စစ်တပ်က ပြန်ပြီးပေးနေတဲ့ရပ်ကွက်တွေပေါ့။ ဘီလူးချောင်း တောင်ဘက်ခြမ်းတော့ ပေးနေတယ်။ နေလို့ အဆင်မပြေသေးတာက နောင်ယားတို့ နာနတ်တောတို့ ဒေါဥခူ ကွက်ဟောင်းတို့၊ ဘာဒိုတို့၊ ဌေးငါးလျားတို့ မြောက်ဘက်တစ်ခြမ်းလုံး နီးပါးပါပဲ ချိကယ်ရော။

မေး။ ။ စစ်ကောင်စီတပ်ဘက်က စစ်ဘေးရှောင်တွေကို ပြန်လာနေဖို့ပြောတော့ ပြန်လာနေတဲ့သူတွေကို ကူညီ ထောက်ပံ့ပေးတာမျိုးတွေ လုပ်ပေးတာရှိပါလား။

ဖြေ။ ။ မရှိသေးဘူး။ ဘာမှကို မရှိသေးတာ။ ငါတို့တောင်မှ ရေဘေးတုန်းကရတဲ့ ဆန်နဲ့ပဲစားသောက်နေရတာ။ ရေတအားကြီးတုန်းက ၃ – ၄ ရပ်ကွက်လောက် ရေမြုပ်တယ်လေ။ သူတို့ကမ့်ထဲမှာ သွားမနေတော့မရဘူးပေါ့။ ရတာက ဘေးနားက နည်းနည်းပါးပါးလာလှူတဲ့ဟာပဲရတယ်။ ကမ့်ထဲမှာနေတဲ့သူတွေကြတော့ မင်းသမီးက လာလှူသွားလိုက် ဟိုကလာလှူသွားလိုက်နဲ့ ပိုက်ဆံတွေ တော်တော်ရတယ်။ ငါတို့က မရဘူး။ ရပ်ကွက်ကပေးတဲ့ ၄၀,၀၀၀ အဲ့ဒါရတယ်။ ဆန် ၃ ပြည်၊ ဆီ ၅၀ သား အဲ့လိုလေးတွေရတယ်။

မေး။ ။ အခုရော ဘီလူးချောင်းရေကျသွားပြီလား အိမ်တွေမှာပြန်နေလို့ရပြီလား။

ဖြေ။ ။ အိမ်ပြန်လာနေတာ တပါတ်လောက်ပဲရှိဦးမယ်။ ရေကျပြီဆိုတော့ နေလို့ရပြီ။ မနေရင်လည်း သူခိုးတွေ တအားများတယ်ရော၊ သူခိုးတွေ တအားပေါတယ်။ နေရာတိုင်းမှာ သူခိုးရှိတယ်။ ပစ္စည်းတွေ ကုန်ပြီပေါ့။ မီးကြိုး ဆို ဘယ်နှစ်ခေါက်ရှိပြီလဲမသိဘူး၊ တခါဝယ်ရင် နှစ်သိန်း နှစ်သိန်းနဲ့ မဝယ်နိုင်တော့ဘူး။ အခုက မီးလည်း မလာသေးတော့ မဝယ်သေးဘူး။ ရေတွေက အကုန်မခမ်းသေးတော့ ထရန်စဖာတွေက ရေမြုပ်နေသေးတယ်။ ရေအကုန်ကျသွားရင်တော့ ပြန်ရမှာပါ စောင့်ရဦးမယ်။

မေး။ ။ နေအိမ်တွေပျက်စီးသွားတဲ့သူတွေ၊ နေဖို့အိမ်တွေ မရှိတော့တဲ့သူတွေရော ဘယ်လိုနေနေကြပါလဲ။

ဖြေ။ ။ အိမ်မရှိတဲ့သူ နေလို့မရတဲ့သူတွေကြတော့လည်း အမျိုးမရှိရင်အိမ်ငှားနေရတယ်။ အမျိုးရှိတော့ အမျိုး အိမ်မှာနေတယ်။ တော်တော်များများ ပြန်လာကြပြီလားဆိုတော့ လုပ်ငန်းအကြီးအကျယ်ရှိတဲ့ သူဌေးတွေ ကတော့ ဘယ်ပြန်လာကြမတုန်း။ ကျန်တဲ့ အလယ်လတ်တန်းစားအကုန်နီးပါး ပြန်ရောက်မယ်ဗျာ။ လုပ်ငန်းကြီး တွေရှိတဲ့သူတွေကတော့ တမြို့တရွာမှာ အခြေတည်လိုက်တာပေါ့။

မေး။ ။ အခုရော လွိုင်ကော်မှာ ဘာစီးပွားရေးတွေ၊ အလုပ်ကိုင်တွေ လုပ်ကိုင်စားသောက်နေကြတာပါလဲ။

ဖြေ။ ။ ဘာလုပ်စားကြမလဲဆိုတော့ ရောင်းကြမယ်၊ဝယ်ကြမယ်။ ပြောင်းစိုက်တဲ့သူ စိုက်ကြမယ်။ ဈေးရောင်း တဲ့သူ ရောင်းကြမယ်။ ကျနော်တို့လို ဘာမှမလုပ်တတ်တဲ့သူကတော့ အိမ်မှာထိုင်ပြီးတော့ ဆိုင်ဖွင့်လုပ်စားတတ် သလိုပေါ့။ အရင်ကတည်းက သိပ်ပြီးမပြေလည်ကြတဲ့သူတွေကတော့ ပျက်စီးသွားတဲ့အိုးအိမ်တွေမှာ လိုက်ပြီး တော့ သံတိုသံစတွေလိုက်ကောက်ပြီးတော့ ရောင်းကြတယ်။ အဲတော့ မိုင်းနင်းမိပြီး ခြေထောက်ပြတ်တဲ့သူပြတ် အဲ့လိုဖြစ်ကြတယ်။ ဒီမှာကအရင်လိုပဲ အရင်ဒုတိယတခေါက် စစ်မရှောင်ခင်ပုံစံမျိုးပေါ့ တော်တော်များများ ပြန်ရောက်ပြီ။ ကိုယ့်ဟာနဲ့ကိုယ် လည်ပတ်နေကြတယ်။

အရင်လိုတော့ ဘယ်လိုအဆင်ပြေတော့မလဲ။ အလုပ်အကိုင်လည်း အရမ်းရှားပါးသွားပြီ။ ရှိတဲ့အလုပ်လေး လုပ်ကြတယ်။ နေ့စားလုပ်ကြတယ်။ ပန်းရံလုပ်တယ်။ လက်သမားလုပ်တယ်။ သန့်ရှင်းရေး လုပ်ကြတယ်။ ခပ်များများကအဲ့လိုပဲ အရောင်းအဝယ်လည်းရှိပေမယ့် ကြီးကြီးမားမားမရှိတော့ဘူး။ အလုပ်ရှိရင်တော့ တစ်ရက်ကို တစ်သောင်းလောက်ပဲရတယ်။ ကျွမ်းကျင်လုပ်သားတွေကြတော့ နှစ်သောင်းအများဆုံးပေါ့။ ကြက်ဥတစ်လုံး ၅၀၀၊ ဓာတ်ဆီတစ်လီတာကို ၃,၈၀၀၊ ခရမ်းချဉ်သီးတစ်ပိဿာကို ၁သောင်းဆိုတော့ ဘာနဲ့ သွားစားကြတော့မလဲ။

မေး။ ။ မိုင်းနင်းမိတဲ့သူတွေရှိတယ်ဆိုတော့ စစ်ကောင်စီတပ်က မိုင်းရှင်းလင်းရေးတွေမလုပ်ပေးဘူးလား။ မိုင်းနင်းမိတဲ့သူအရေအတွက် ဘယ်လောက်ရှိပြီလို့သိထားပါလဲ။ ဘယ်လိုလူတွေ အများဆုံးနင်းမိတာပါလဲ။

ဖြေ။ ။ ရှင်းပေးတယ်။ ဒါပေမယ့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ကပြောင်းနေတော့ တစ်ဖွဲ့ထောင်ခဲ့တဲ့ဟာကို နောက်တစ်ဖွဲ့က မသိဘူး အဲ့လိုမျိုး။ သူတို့စက်နဲ့ သူတို့စမ်းမိသလောက် စမ်းတယ်၊ ရှာတယ်။ ကျန်ခဲ့တဲ့ဟာလည်း ကျန်ခဲ့မှာပေါ့။ လူနေရင်တော့ ရှင်းပေးတယ်လေ။ လူနေမယ်ဆိုရင်တော့ ဒီနေရာဒီဒေသမှာ သူတို့ထောင်ထားတာရှိရင် လိုက် ရှင်းပေးတယ်။ မရှိဘူးဆိုရင် ပေးနေလိုက်တယ် ဒီအတိုင်း။ သူတို့မသွားခိုင်းတဲ့ နေရာကိုသွားရင် အဆင်မပြေဘူး၊ သွားလို့ဖြစ်လာရင် သူတို့တာဝန်မယူဘူး။ မသွားခိုင်းတဲ့နေရာ သူတို့ကာထား၊ ကန့်သတ်ထားတဲ့နေရာ မသွားရင် ကောင်းတယ်။ မကန့်သတ်ထားတဲ့နေရာ သူတို့ခွင့်ပြုချက်နဲ့ ဝင်ရင်တောင်မှ ထိခိုက်မိတာရှိတာပဲ။ ကြားမိ သလောက် မိုင်းနင်းမိပြီး ပွဲချင်းပြီးသေသွားတဲ့သူ ၁၀ ယောက်လောက်ရှိပြီ။ အားလုံးက ယောက်ကျားတွေပဲ။

မေး။ ။ ကျန်းမားရေးနဲ့ပတ်သက်လို့ရော ဆေးရုံတွေဆေးခန်းတွေက ပုံမှန်ပြန်ဖွင့်ပေးနေပြီလား။

ဖြေ။ ။ ဆေးရုံကြီးတော့ရှိတယ် ဆေးရုံမှာသွားပြပေါ့။ ဆေးခန်းလေးတွေလည်း ရှိတယ်။ ဒါပေမယ့် ဆရာဝန် တွေ ရှိလားမရှိလားဆိုတာတော့ မသိဘူး။ ဆေးရုံတခါသွားပြသေးတယ် အဆင်ပြေပါတယ်။ ဟိုလို ကြီးကြီးမားမားဖြစ်ရင်တော့ ဘယ်အဆင်ပြေမလဲ၊ ဘယ်လွယ်မှာလဲ အသေးအမွှားလောက်ပဲရမယ်ပေါ့။

မေး။ ။ လွိုင်ကော်ကို ကုန်စည်တွေဝင်တဲ့ ဆီဆိုင် – လွိုင်ကော်လမ်းအခြေအနေကရော ဘယ်လိုရှိပါလဲ။ ပုံမှန်အတိုင်း သွားလာနေကြပြီလား။

ဖြေ။ ။ အဲ့ဒီတစ်လမ်းပဲ ရှိတော့တယ်ရော၊ အဲလမ်းမှမရှိရင်တော့ လွိုင်ကော်ကပြည်သူတွေ ငတ်ပြတ်ကုန်မှာ ပေါ့။ အဲ့ဒီလမ်းတော့ ဖွင့်ထားတယ် လောလောဆယ်။ အဲ့ဒီလမ်း တခေါက်ပိတ်မလိုလိုဖြစ်သွားတော့ ကုန်ဈေးနှုန်းတွေ ထိုးတက်ပစ်တာ။ ပိတ်လို့တော့ မဖြစ်ဘူး။ ပိတ်ရင်တော့ သဘောက ဒီမှာလုပ်စားနေတဲ့သူတွေ အတွက် တအားကျပ်တည်းသွားမှာ။

NMG ပေးပို့သည်။