1 ဇူလိုင် 2025 /

See today's Peace Related News

Homeအင်တာဗျူး“သူတို့က မီးရှို့လိုက်၊ သတ်လိုက်၊ လူဖမ်းလိုက်လုပ်ပြီး တက်လှိုင်းရွာထဲကို ပြန်၊ပြန်ဝင်သွားကြတာ။ ဘယ်သူမှ အနားမကပ်ရဲဘူး။ ရွာမီးရှို့တာကိုလည်း အဝေးကပဲ ကြည့်နေရတယ်။ သတ်ခံရတဲ့သူတွေထဲမှာ...

“သူတို့က မီးရှို့လိုက်၊ သတ်လိုက်၊ လူဖမ်းလိုက်လုပ်ပြီး တက်လှိုင်းရွာထဲကို ပြန်၊ပြန်ဝင်သွားကြတာ။ ဘယ်သူမှ အနားမကပ်ရဲဘူး။ ရွာမီးရှို့တာကိုလည်း အဝေးကပဲ ကြည့်နေရတယ်။ သတ်ခံရတဲ့သူတွေထဲမှာ တချို့အမျိုးသမီးလေးတွေကို မုဒိမ်းကျင့်ထားတာမျိုးတွေလည်း တွေ့ရတယ်ဆိုပေမယ့် စစ်ကြောင်းဝေ့နေတော့ ရွာကိုဝင် မရှင်းရဲကြသေးဘူးဖြစ်နေတာ” ဘုတလင်ဒေသခံအမျိုးသား

ဘုတလင်နယ်ထဲ စစ်ကောင်စီတပ်စစ်ကြောင်းထိုးဝင်ရောက်နေသည့် လက်ရှိအခြေအနေများနှင့်ပတ်သက်ပြီး ဘုတလင်ဒေသခံအမျိုးသားတစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် အင်အားရာချီခန့်ရှိသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခု အောက်တိုဘာလအတွင်း ကျေးရွာတချို့ကို ဝင်ရောက်ပြီး မီးရှို့ခြင်း၊ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ် နေတာတွေကြောင့် မိသားစုလိုက်အပါအဝင် ဒေသခံ ၁၇ ဦးခန့် သေဆုံးခဲ့ပါသည်။

အောက်တိုဘာ ၁၇ ရက်၊ သီတင်းကျွတ်လပြည့်နေ့တွင် ဘုတလင်မြို့နယ်၊ စီပါရွာကို စစ်ကောင်စီတပ်က ဝင်ရောက်လာပြီး မီးရှို့ခဲ့သည့်အပြင် ရွာခံတချို့ကို သတ်ဖြတ်ခဲ့တာကြောင့် စီပါရွာ၊ ဗန္ဓုလရပ်ကွက်ကုန်စုံဆိုင်နေ မိသားစုခြောက်ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

လက်ရှိတွင်လည်း စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီစစ်ကြောင်းက ဒေသအတွင်း၌ရှိနေသေးတာကြောင့် ဘုတလင်နယ်ထဲ စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်နေသည့် လက်ရှိအခြေအနေအပေါ် ကာကွယ်ရေး တပ်ဖွဲ့များနှင့် နီးစပ်သည့် ဘုတလင်ဒေသခံအမျိုးသားတစ်ဦးကို (လုံခြုံရေးအရ အမည်မဖော်လိုသူ) ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ ဘုတလင်မှာ စစ်အုပ်စုဘက်က ဘယ်အချိန်လောက်ကစပြီး စစ်ကြောင်းထိုးလာတာပါလဲ။ စစ်ကြောင်းထိုးပြီး ဒေသအတွင်းအခြေအနေတွေ ဘယ်လိုရှိနေပါလဲ။

ဖြေ။ ။ အောက်တိုဘာ ၄ ရက်နေ့လောက်ကတည်း စဝင်လာတာ။ မုံရွာမြို့ နမခ (အနောက်မြောက်တိုင်း စစ်ဌာနချုပ်) ထဲက ထွက်လာပြီး စစ်ကြောင်းထိုးလာတာ။ အင်အားက ၈၀၊ ၁၀၀ လောက် ပါမယ်။ ပြီးတော့ တက်လှိုင်းရွာမှာ တပ်စွဲတယ်။ လူတွေ ဖမ်းတယ်။ အဲ့ဒီကနေ ရွာရှည်ရွာ၊ စီပါရွာတွေကိုဝင်ပြီး မီးရှို့တယ်။ လူသတ်တယ်။

မေး။ ။ လူတွေဖမ်း၊ အိမ်တွေမီးရှို့၊ ဒေသခံတွေ သတ်ဖြတ်ခံရတဲ့အခြေအနေကို သိသလောက်ပြောပြပါဦး။

ဖြေ။ ။ သူတို့စစ်ကြောင်း ဝင်လာကတည်းက လူတွေဖမ်းထားတာ ၄၀ နဲ့ ၇၀ ကြားရှိတယ်။ ဒေသခံတွေပဲ အခုထိ မလွတ်သေးဘူး။ တက်လှိုင်းရွာကိုတော့ (အောက်တိုဘာ) ၁၆ ရက်နေ့မှာ မီးရှို့တယ်။ ပြီးတော့ သီတင်းကျွတ်လပြည့်နေ့ (အောက်တိုဘာ ၁၇ ရက်) မှာ စီပါရွာကိုဝင်ပြီး မီးရှို့တယ်။ အဲ့ဒီမှာက မနက်ကိုးနာရီ လောက်မှာ တကြိမ်ရှို့တာ၊ ငြိမ်းသွားတော့ နေ့လယ်မှာနောက်တခါ ထပ်ရှို့ကြတယ်ဆိုတော့ နှစ်ကြိမ်ရှို့ခဲ့တာ။

စီပါရွာကို နေရာကသုံးနေရာခွဲပြီး ရှို့တာ။ သတ်ခံရတာတွေကတော့ လက်ရှိသိရသလောက်တော့ ဗန္ဓုလရပ်ကွက်က ကုန်စုံဆိုင်က ၇ နှစ်နဲ့ ၅ နှစ်အောက် ကလေးနှစ်ယောက်ပါတဲ့ မိသားစု ၆ ယောက်။ သူတို့ကတော့ အိမ်ထဲနေနေတာကို တံခါးခေါက် တံခါးဖွင့်ခိုင်းပြီး သတ်သွားတာ။ ကလေးတယောက်ကိုဆို မြေကြီးနဲ့ ရိုက်သတ်သွားတာလို့ ပြောကြတယ်။ ပြီးတော့ မြောက်ကျီရွာက ဒေသခံ ၈ ဦး၊ နောက်ထပ်လည်း သတ်ခံရတာတွေ ရှိသေးတယ်။ ဒါတွေက စာရင်းအတိအကျ မရသေးလို့ အားလုံးပေါင်းဆို ၁၇ ယောက်၊ ၁၈ ယောက် ရှိနေပြီ။

မေး။ ။ မီးရှို့ခဲ့တဲ့ရွာတွေကရော အိမ်တွေဘယ်လောက် ဆုံးရှုံးသွားလဲဆိုတာ သိရပြီလား။

ဖြေ။ ။ အဲ့ဒါတော့ မသိရသေးဘူးဗျ။ စစ်ကြောင်းက မထွက်သေးဘူး။ သူတို့က မီးရှို့လိုက်၊ သတ်လိုက်၊ လူဖမ်းလိုက်လုပ်ပြီး တက်လှိုင်းရွာထဲကို ပြန်၊ပြန်ဝင်သွားကြတာ။ ဘယ်သူမှ အနားမကပ်ရဲဘူး။ ရွာမီးရှို့တာကိုလည်း အဝေးကပဲ ကြည့်နေရတယ်။ သတ်ခံရတဲ့သူတွေထဲမှာ တချို့အမျိုးသမီးလေးတွေကို မုဒိမ်းကျင့်ထားတာမျိုးတွေလည်း တွေ့ရတယ်ဆိုပေမယ့် စစ်ကြောင်းဝေ့နေတော့ ရွာကိုဝင်မရှင်းရဲကြသေးဘူး ဖြစ်နေတာ။

ပုံစာ – စက်တင်ဘာ ၃၀ ရက်က ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်များဖမ်းဆီးမိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်များ (Photo – YRF)

မေး။ ။ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအုပ်စု တိုက်ပွဲဖြစ်တာမျိုးရော ရှိနေလား။

ဖြေ။ ။ အခုတော့ မဖြစ်သေးဘူး။ ပြီးခဲ့တဲ့လကုန် စက်တင်ဘာလကုန်မှာတော့ ကူတော်ကျေးရွာကို စစ်ကူသွားပြီးပြန်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်တွေက စီပါရွာနားကနေ ချုံခိုကြားဖြတ်တိုက်လိုက်သေးတယ်။ အဲ့ဒီတိုက်ပွဲမှာ ဒီကောင် (စစ်အုပ်စု) တွေ အထိနာတယ်။ သေတာလည်း ၃၀ ကျော်လောက်။

ဒဏ်ရာရနဲ့ စစ်သုံ့ပန်းကလည်း ၅၀ နီးပါးဖမ်းမိခဲ့တော့ အဲ့ဒီမှာသူတို့က စစ်ကြောင်းတစ်ကြောင်းလုံးနီးပါး အထိနာသွားသလိုဖြစ်တော့ အဲ့နောက်ပိုင်းလာမဲတာ။ ဘာမှမဆိုင်တဲ့ ပြည်သူတွေကို လာသတ်တာ။ စစ်အုပ်စုဘက်က ဘုတလင်မြို့ပေါ်နဲ့ ကူတော်ရွာကိုပဲ တပ်စွဲနိုင်တာ။ ကျန်တဲ့နေရာတွေက ကာကွယ်ရေးတပ်တွေ စိုးမိုးထားတော့ သူတို့က ဒါတွေကိုလည်း ပြန်လိုချင်တာမျိုး ရှိနေတယ်။

မေး။ ။ လက်ရှိမှာ စစ်ကောင်စီတပ်စစ်ကြောင်းက ရှိနေသေးတော့ စစ်ရှောင်နေရတဲ့ဒေသခံတွေ အရေအတွက်က ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ စစ်ဘေးရှောင်က များတယ်။ မြောက်ကျီ၊ ရှမ်းတဲ၊ ထတန်း၊ တက်လှိုင်း၊ စီပါ၊ စိုင်ပြင်လေး၊ အဲ့ဒီ ရွာတွေက ရွာ ၁၀ ရွာလောက်က ရှောင်ရတာဆိုတော့ ရှစ်ထောင်ကနေ တစ်သောင်းကြားလောက် ရှိမယ်။ အရင်တုန်းကတော့ စစ်ကြောင်းဝင်ပြီဆို တခြားရွာကို ရှောင်ကြတာမျိုးပေမဲ့ အခုကြ တခြားရွာရှောင်လည်း လေကြောင်း ဗုံးလာကြဲတာမျိုးရှိတော့ မရှောင်တော့ဘဲ ကိုယ်ထူကိုယ်ထပုံစံမျိုးနဲ့ ရှောင်ကြတာမျိုးပေါ့။ လွတ်နိုင်မယ့် နေရာမျိုးကို ကိုယ်လွတ်ရာ ကိုယ်ပြေးရှောင်ကြပေ့ါ။ အခုက ရှောင်နေရတာလည်း ရက်နဲနဲ ကြာလာတော့ စစ်ရှောင်တွေအတွက် ရိက္ခာနဲ့ဆေးဝါး လိုအပ်ချက်ရှိနေတယ်။

ရှမ်းနီအသံ ပေးပို့သည်။