“သိပ်မကြာခင်မှာပဲ စစ်အာဏာရှင်စနစ်က အကြာကြီး ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး။ ပြိုကျပျက်စီး တော့မယ်။ အညာဒေသမှာလည်း အားတင်းထားဖို့နဲ့ ထပ်ပြီးတော့ ကူညီပံ့ပိုးပေးဖို့ ဝိုင်းဝန်းပြီး ဖေးမပေးကြဖို့ ပြောချင်တယ်” ကိုလပြည့် (နိုင်ငံရေးတာဝန်ခံ – PDO/PDA)

0
338
ပုံစာ - အမှတ် ၈ စစ်ကြောင်း (Photo – Social Media)

မြေလတ်ဒေသက အမှတ် ၈ စစ်ကြောင်း လှုပ်ရှားမှုအခြေအနေ၊ စစ်ရေးမျှော်မှန်းချက်တို့ကို သိရှိနိုင်ရန် အမှတ် ၈ စစ်ကြောင်းမှ ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) ၏ နိုင်ငံရေးတာဝန်ခံ ကိုလပြည့်နှင့် ဆက်သွယ်မေးမြန်းချက်။

နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်စနစ်ကို လက်နက်စွဲကိုင်တော်လှန်နေသည့် မကွေးတိုင်း၊ မြေလတ်ဒေသ၌ အာဏာသိမ်းကာလအတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ အတော်တော်များများ ပေါ်ပေါက်လာခဲ့သည်။ ထိုအထဲ တွင် မကွေးတိုင်းအတွင်းလှုပ်ရှားနေသော ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃ ခုပူးပေါင်းပြီး အမှတ် ၈ စစ်ကြောင်းကို ဖွဲ့စည်းခဲ့သည်။

အမှတ် ၈ စစ်ကြောင်း ပေါ်ပေါက်လာပြီးနောက် တိုက်ပွဲများအား ပူးပေါင်းလုပ်ဆောင်ခဲ့ရာတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က ပခုက္ကူခရိုင်၊ ကမ္မမြို့အနားက စစ်ကောင်စီ၏ ရေလာလေးစခန်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့ပြီး ၇ ဦးကို အရှင်ဖမ်းမိခဲ့သလို လက်နက်၊ ခဲယမ်း များလည်း သိမ်းဆည်းရမိကြောင်း သိရသည်။

ယခုလိုမျိုး စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည့် အမှတ် ၈ စစ်ကြောင်း ဖြစ်ပေါ်လာပုံ၊ လက်ရှိ စစ်ရေး လှုပ်ရှားမှုများနှင့် စစ်ရေး မျှော်မှန်းချက်တို့ကို သိရှိနိုင်ရန် အမှတ် ၈ စစ်ကြောင်းတွင် ပါဝင်သည့် ပြည်သူ့ ဒီမိုကရက်တစ်အဖွဲ့ / ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) မှ နိုင်ငံရေးတာဝန်ခံ ကိုလပြည့်ကို ဆက်သွယ်မေးမြန်းထားပါသည်။

ပုံစာ – အမှတ် ၈ စစ်ကြောင်း (Photo – Social Media)

မေး။ ။ ပထမဆုံးအနေနဲ့ အမှတ် ၈ စစ်ကြောင်း ဖြစ်ပေါ်လာပုံ ပြောပြပေးပါ။

ဖြေ။ ။ ၂၀၂၁ နွေဦးတော်လှန်ရေးမှာ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ရေးရည်ရွယ်ချက်နဲ့ ပေါ်ထွက်လာတဲ့ တော်လှန်ရေးအဖွဲ့အစည်းဖြစ်တယ်။ ကျွန်တော်တို့ရန်သူဖြစ်တဲ့ ဖက်ဆစ်အာဏာရှင်စနစ် အမြစ်ဖြတ် တိုက်ဖျက်ရေးမှာ လူတစ်ခုတစ်ဖွဲ့တည်း တိုက်ဖျက်တာထက်စာရင် အခြားသော ကျွန်တော်တို့နဲ့ ရည်ရွယ်ချက်တူတဲ့ လမ်းစဉ်တူတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတိုက်ဖျက်မယ်ဆိုရင် မြန်မြန်တိုက်ဖျက်နိုင်လိမ့် မယ်လို့ ကျွန်တော်တို့တွေက ယုံကြည်တယ်။ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ မဟာမိတ်တွေကို ကျွန်တော်တို့ လိုက်ရှာခဲ့တယ်။ မဟာမိတ်တွေအများကြီး ရှိနိုင်အောင်ကြိုးစားခဲ့တယ်။ တပ်ပေါင်းစုဖွဲ့နိုင်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ကြတယ်။ အဲဒီလို ကြိုးစားမှုရလဒ်အဖြစ် ၂၀၂၃ မှာ ပြည်သူ့တော်လှန်ရေးတပ်ဦး PRF နဲ့ ပေါင်းစုနိုင် ခဲ့တယ်။ ၂၀၂၄ ဇန်နဝါရီလ ၃ ရက်နေ့မှာ နှစ်ဖက်ပေါ့။

ကျွန်တော်တို့ အဖွဲ့အစည်းကရော ပြည်သူ့တော်လှန်ရေးတပ် PRF အဖွဲ့အစည်းက နိုင်ငံရေး၊ စစ်ရေး ကိုယ်စားလှယ်တွေ ပါဝင်ပြီးတော့ အမှတ် ၈ စစ်ကြောင်းဆိုပြီး စုဖွဲ့ဖြစ်တယ်။ အမှတ် ၈ စစ်ကြောင်းက နှစ်ဖက်အဖွဲ့အစည်းရဲ့ လက်နက်ကိုင် အင်အားစုတွေပါဝင်တဲ့ တပ်ပေါင်းစုစစ်ကြောင်းလို့ ပြောလို့ရတာပေါ့။ ကျွန်တော်တို့နှစ်ဖက်စလုံး ပါဝင်တယ်။ နိုင်ငံရေး၊ စစ်ရေး ရည်ရွယ်ချက်တွေ ပါကြတယ်။ ၂၀၂၄ ဇန်နဝါရီလ ၃ ရက်နေ့ကတည်းက ခြေသံလုံလုံ လှုပ်ရှားခဲ့ကြတယ်။ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့တာ ရှိတယ်။ ရန်သူကို ကြားဖြတ်တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ နောက်ပိုင်းမှာ ကျောင်းသားတော်လှန်ရေးအဖွဲ့ဖြစ်တဲ့ SRF ထပ်မံ ပါဝင်လာတယ်။ ၃ ဖွဲ့ ဖြစ်လာတယ်။

မေး။ ။ အမှတ် ၈ စစ်ကြောင်း လှုပ်ရှားနယ်မြေအကြောင်း ပြောပြပေးပါဦး။ အဲဒီနယ်မြေက ပြည်သူလူထုကရော ဘယ်လိုသဘောထားရှိပါလဲ။

ဖြေ။ ။ အမှတ် ၈ စစ်ကြောင်း လှုပ်ရှားနယ်မြေတွေကတော့ လတ်တလော မကွေးတိုင်းမှာ လှုပ်ရှားဖြစ်တယ်။ ပထမသက်တမ်းမှာရော အခုဒုတိယသက်တမ်းမှာရော ကြားဖြတ်တိုက်ခိုက်တာတွေ ရှိတယ်။ ပခုက္ကူနယ်မှာ တိုက်ခိုက်တာတွေ ရှိတယ်။ ရန်သူကို ကြားဖြတ်တိုက်ခိုက်တယ်။ ရန်သူစခန်းကို ဝင်ရောက်တိုက်ခိုက်တာမျိုးတွေ ကျွန်တော်တို့ လုပ်တယ်။ ပထမကတော့ လိုင်းပေါ်ကြေညာတာမျိုးတွေ မလုပ်ဘူး။ မြေပြင်မှာပဲ ခြေသံလုံလုံ လှုပ်ရှားတယ်။ အခု ၃ ဖွဲ့ ဖြစ်တော့မှ လိုင်းပေါ်မှာ ကြေညာတာဖြစ်တယ်။ ကျွန်တော်တို့ လှုပ်ရှားခဲ့တဲ့ မြိုင်နယ်နဲ့ ပခုက္ကူနယ် တဝိုက်မှာတော့ အမှတ် ၈ စစ်ကြောင်းနဲ့ ပတ်သက်ရင် လူထုကအင်မတန်မှ ချစ်ခင်ကြတယ်။

အွန်လိုင်းမှာက အခုမှ သိကြတာပေါ့။ လူထုက ချစ်စနိုးနဲ့ အမှတ် ၈ စစ်ကြောင်းကို ကြယ်နီစစ်ကြောင်း၊ ပင်နီ စစ်ကြောင်းလို့ ခေါ်ကြတယ်။ ကျွန်တော်တို့က ဦးထုပ်ဆောင်းရင် ကြယ်နီဆောင်းလို့လေ။ ကျွန်တော်တို့ စစ်ကြောင်းကိုမြင်ရင် လူထုက အားတက်တယ်။ ဖေးမကြတယ်။ လှူကြတန်းကြတယ်။ အမှတ် ၈ စစ်ကြောင်း ကလည်း မြေပြင်မှာနေရင် လူထုအပေါ်မှာ အများကြီး အခြေခံတယ်။ စည်းကမ်းသေဝပ်တဲ့ စစ်ကြောင်းတစ်ခု အနေနဲ့ရှိတယ်။ လူထုကလည်း အမှတ် ၈ စစ်ကြောင်းကို အင်မတန်မှ ထောက်ခံပါတယ်။ ချစ်ခင်ကြပါတယ်။ ကြိုဆိုပါတယ်လို့ ပြောရမယ်။

မေး။ ။ နယ်မြေခံ MOD လက်အောက်ခံတပ်ရင်းတွေနဲ့ ဆက်ဆံရေးကရော ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ နယ်မြေခံ MOD လက်အောက်ခံ တပ်ရင်းတွေနဲ့ ကျွန်တော်တို့ ဆက်ဆံရေးက အင်မတန်မှ အဆင်ပြေ ပါတယ်။ စုပေါင်းလုပ်တယ်လို့ ပြောလို့ရတယ်။ ပထမသက်တမ်းမှာဆိုရင် ကျွန်တော်တို့ မြိုင်မြို့ပေါ်ကို တက်ပြီး ရန်သူစခန်းကို ဝင်ပစ်တာမျိုးတွေ ရှိတယ်ဆိုတော့ နယ်မြေခံ MOD တပ်ရင်းတွေပါတယ်။ နယ်မြေခံတပ်ရင်း တပ်ဖွဲ့တွေနဲ့ အမှတ် ၈ စစ်ကြောင်း ပူးပေါင်းပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ လှုပ်ရှားနေတယ်လို့ ပြောလို့ရမယ်။ နယ်မြေခံတပ်ရင်းတွေနဲ့ ကျွန်တော်တို့တွေ ပူးတွဲပြီး လှုပ်ရှားနေတယ်လို့ ပြောလို့ရတယ်။ အခုအချိန်ထိလည်း အဆင်ပြေပြေနဲ့ လှုပ်ရှားနေတယ်လို့ ပြောလို့ရပါတယ်။

မေး။ ။ ကိုလပြည့်တို့ အမှတ် ၈ စစ်ကြောင်းအနေနဲ့ ရေလာလေးစခန်းက ဘယ်နှခုမြောက်သိမ်းနိုင်ခဲ့တဲ့ စခန်းဖြစ်မလဲ။ အရင်ကရော စခန်းသိမ်းတာတွေ လုပ်ဆောင်ခဲ့ဖူးလား။ ဘာကွာခြားချက်တွေ ရှိပါလဲ။

ဖြေ။ ။ ဒီဇင်ဘာ ၁၁ ရက်မှာ ရန်သူရဲ့အထိုင်စခန်းတစ်ခုကို ဝင်သိမ်းနိုင်ခဲ့တယ်။ ရန်သူထိုင်ထားတဲ့ အထိုင်စခန်းတစ်ခု ဖြစ်တယ်။ ပြည်သူ့စစ်တွေရယ် စစ်တပ်က စစ်သားတွေပူးပေါင်းပြီး ထိုင်ထားတဲ့ အထိုင်စခန်း တစ်ခုဖြစ်တယ်။ ပြည်သူ့စစ်အထိုင်စခန်းက ဘေးပတ်ချာလည်က ရွာတွေကိုမီးရှို့တယ်။ လုယက်ရိုက်နှက် တာမျိုးတွေ ရှိတယ်။ လမ်းတွေပေါ်မှာတက်ပြီး ကားတွေပေါ် ပေါ်တာဆွဲတာမျိုးတွေ ဆက်ကြေး ကောက်တာမျိုးတွေ နည်းအမျိုးမျိုးနဲ့ နှိပ်စက်နေတာမျိုးတွေ ရှိတယ်။ အလုပ်လုပ်နေတာ ကြာပါပြီ။ အဲဒီစခန်းရဲ့ ဒဏ်ကို ပြည်သူလူထုကလည်း ခံနေရာတာ နှစ်ချီနေပြီ။ ကျွန်တော်တို့ အမှတ် ၈ စစ်ကြောင်းကိုလည်း လူထုက ဝင်တိုက်ပေးဖို့ ပြောတယ်။ ပြည်သူလူထုရဲ့ တောင်းဆိုချက်ကြောင့် ဝင်ရောက်ပြီး တိုက်ခိုက်ခဲ့ရတယ်။ အဲဒီရွာက ပြည်သူ့စစ်တွေထိုင်တာ တပ်မ ၁၀၁ က စစ်သားတွေလည်း ပါတယ်။ ညောင်ရှစ်ပင် အထိုင်စခန်းတစ်ခု ရှိသေးတယ်။ အဲဒီစခန်းတွေက ပြည်သူလူထုတွေကို နည်းမျိုးစုံဒုက္ခပေးနေတာပေါ့။

ကံမကနေ ပခုက္ကူကိုသွားတဲ့ လမ်းဘေးမှာရှိတဲ့ရွာ ဖြစ်တယ်။ ဖြတ်သန်းလာတဲ့ခရီးသည်တွေ ကုန်ကားတွေ အကုန်လုံးကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ညှဉ်းပန်းနေတာမျိုးတွေရှိတယ်။ တော်လှန်ရေးအဖွဲ့အစည်းတွေ အနေနဲ့ကတော့ ဒါမျိုးကို အကြာကြီးထားလို့မရဘူး။ ကျွန်တော်တို့က ဝင်ရောက်တိုက်ခိုက်ရတာပါ။ စခန်းသိမ်း တိုက်ပွဲဆိုလို့ကတော့ ဒီတစ်ပွဲထဲ ကျွန်တော်တို့ ရှိပါဦးမယ်။ ရှေ့ပိုင်းမှာတော့ ကျွန်တော်တို့ အမှတ် ၈ စစ်ကြောင်း သည် ပထမသက်တမ်း၊ ဒုတိယ သက်တမ်း ရှိမယ်။ ပထမသက်တမ်း ပြီးတဲ့အချိန် ကြားထဲမှာ ခဏနားတဲ့အချိန် ရှိမယ်။ နားတဲ့ကြားကာလမှာတော့ ကျွန်တော်တို့တွေ သိမ်းပိုက်ခဲ့တာတော့ ရှိတယ်။ အမှတ် ၈ အနေနဲ့တော့ မဟုတ်တော့ဘူး။ အမှတ် ၈ စစ်ကြောင်းက ရဲဘော်တွေပဲ ပြန်ပါနေတယ်။ ကျွန်တော်တို့အဖွဲ့ရယ် ပြည်သူ့ တော်လှန်ရေးတပ်ဦးက ရဲဘော်တွေရယ် အားလုံးပေါင်းပြီးတော့ ဒီအမှတ် ၈ စစ်ကြောင်းရဲ့ ပထမသက်တမ်းက ပေါင်းစည်းမှုတွေ နောက်ဆက်တွဲရလဒ်တွေ ပြောလို့ရတာပေါ့။ အမှတ် ၈ အနေနဲ့ကတော့ စခန်းသိမ်းတယ်ဆိုရင် အခု ဒုတိယသက်တမ်းမှာ တစ်ပွဲပဲ ရှိဦးမယ်။ ပထမနဲ့ ဒုတိယကြားမှာ သိမ်းခဲ့တာတော့ ၃ ခုလောက်ရှိမယ်။

မေး။ ။ အညာဒေသမှာ EAO တွေရဲ့ အကူအညီမပါဘဲ စခန်းသိမ်းတာတွေ လုပ်နိုင်ခဲ့တာက ဘာကြောင့်လို့ ယူဆပါလဲ။ ထပ်ပြီးတော့ရော နောက်ထပ် စခန်းသိမ်းတိုက်ပွဲတွေ မြင်ရဖို့ရှိလား။ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေပါလဲ။

ဖြေ။ ။ EAO တွေ မပါဘဲ စခန်းသိမ်းတိုက်ပွဲတွေ လုပ်နိုင်ခဲ့ကြတာတော့ ကျွန်တော်ယူဆချက်ကတော့ ၃ နှစ် တာ ဖြတ်သန်းခဲ့တယ်။ နိုင်ငံရေးအတွေ့အကြုံ စစ်ရေးအတွေ့အကြုံ ပြည့်ဝလာတယ်လို့ ယူဆရတယ်။ အဲဒါကြောင့်လည်း ပါတယ်။ အရင်တုန်းကလို တစုတဖွဲ့တည်း လုပ်ကြတာမဟုတ်ဘူး။ တပ်ပေါင်းစု သက်တမ်းနဲ့ လုပ်ကြတယ်။ တပ်ပေါင်းစုနေရာမှာ တကယ်ကို ကျွန်တော်တို့စကားတွေ အများကြီး ပြောထားကြတယ်။ အများကြီး ရဲဘော်ရဲဘက် စိတ်ဓာတ်ပေါက်အောင် လုပ်ခဲ့ကြတယ်။ စုဖွဲ့မှုကို တကယ်ကို အင်တိုက်အားတိုက် လုပ်ခဲ့ကြတယ်။ စုဖွဲ့မှု တပ်ပေါင်းစုဆိုတဲ့နေရာမှာ လုပ်နိုင်ခဲ့လို့သာ အညာဒေသမှာ စခန်းသိမ်းတိုက်ပွဲ လုပ်နိုင် တယ်လို့ ကျွန်တော်က ယူဆတယ်။ အရေးကြီးတာက စုပေါင်းစွမ်းအားပေါ့။ စုပေါင်းစွမ်းအားကြောင့် စခန်းသိမ်းတိုက်ပွဲ လုပ်နိုင်တယ်လို့ ကျွန်တော်က အဓိကအနေနဲ့ ယူဆတယ်။

မေး။ ။ PAO/PDA အနေနဲ့ရော လတ်တလောမှာ ဘာတွေ လုပ်ဆောင်နေတာရှိပါလဲ။

ဖြေ။ ။ နောက်ပိုင်းမှာတော့ နောက်ထပ်စခန်းသိမ်းတွေ မြင်ရဖို့ရှိနိုင်ပါတယ်။ ကျွန်တော်တို့လည်း နောက်ထပ် ကြိုးစားမှုတွေ ရှိနေပါသေးတယ်။ နောက်လည်း အများကြီး မြင်ရဦးမယ်။ စခန်းသိမ်း တိုက်ပွဲတွေ။ စိန်ခေါ်မှုတွေ ကတော့ အညာဒေသက ပြည်မမှာဖြစ်တာကြောင့်မို့လို့ လက်နက်ခဲယမ်း လိုအပ်ချက်တွေက တော်တော်မြင့် မြင့်မားမား ရှိတယ်။ လက်နက်ခဲယမ်းရောက်ဖို့က အညာဒေသကိုခက်တယ်။ ရောက်ဖို့ကလည်း စရိတ်အင်မတန်မှ ကြီးတယ်။ အလှူငွေကလည်း အညာဒေသမှာ ရတာနည်းတယ်။ EAO နယ်မြေထက်စာရင် အညာဒေသမှာ ရတာ နည်းတယ်။ EAO နယ်မြေမှာ ၄၅၀၀ လောက်နဲ့ဝယ်ရရင် အညာဒေသမှာ တစ်သောင်းလောက်နဲ့ ဝယ်ရတယ်။ ထွက်ငွေက များတယ်။ ကျည်တစ်ထောင်ကို တစ်သောင်းလောက်ပေးဝယ်ရတဲ့ အတိုင်းအတာ ရှိတယ်။ လိုသလောက်ရလားဆို မရဘူး။ လက်နက်ခဲယမ်း လိုအပ်ချက်ကရှိတယ်။

ကျွန်တော်တို့ တစ်ဖွဲ့တည်းမဟုတ်ဘူး။ မဟာမိတ်အဖွဲ့တွေမှာလည်း ဒီပြသာနာကို ရင်ဆိုင်နေရတယ်။ ဘဏ္ဍာရေးနဲ့ လက်နက်ခဲယမ်း အကျပ်အတည်း ဒီစိန်ခေါ်မှုတွေက ရှိနေသေးတယ်။ အဲဒီအကျပ်အတည်းကို ရောက်အောင် ကျော်လွှားပြီးတော့ စခန်းသိမ်းတိုက်ပွဲတွေ လုပ်သွားဖို့ ရှိပါတယ်။ အများကြီးလည်း ထပ်ပြီး မြင်ရဦးမှာ။ အမှတ် ၈ စစ်ကြောင်းကို ပိုပြီးတော့ ကောင်းမွန်တဲ့ စစ်ကြောင်းဖြစ်ဖို့ ပိုပြီးအားကောင်းတဲ့ အစုအဖွဲ့ တစ်ခုဖြစ်လာဖို့ ရန်သူကိုထိုးနှက်နိုင်တဲ့ တပ်ပေါင်းစုတစ်ခု ဖြစ်လာနိုင်ဖို့ တည်ဆောက်နေတယ်။ အမှတ် ၈ စစ်ကြောင်းမှာ တခြားအဖွဲ့တွေ ထပ်မံပါဝင်လာအောင် အဖွဲ့အစည်းအနေနဲ့ ကြိုးစားနေတာရှိတယ်။ မဟာမိတ် တွေထပ်ပြီးစုနေတာ ရှိတယ်။ ထပ်ပြီး မဟာမိတ်တွေကို ရှာဖွေနေတယ်။ ရန်သူနဲ့စခန်းတွေကို တိုက်ခိုက်ဖို့ ခြေသံလုံလုံနဲ့ လှုပ်ရှားနေတယ်။

မေး။ ။ အညာဒေသ စခန်းသိမ်းတိုက်ပွဲတွေနဲ့ ပတ်သက်လို့ ပြည်သူလူထုကို ဘယ်လို တိုက်တွန်းတောင်းဆိုချင်ပါလဲ။

ဖြေ။ ။ ၃ နှစ်တာအတွင်း ကျွန်တော်တို့ရဲ့အတွေ့အကြုံတွေက ရင့်သန်လာတာမျိုးရှိတယ်။ အမှားတွေကို ကျွန်တော်တို့ သင်ခန်းစာယူတယ်။ ပြင်ဆင်စရာရှိတာ ပြင်ဆင်တယ်။ အောင်ပွဲတွေ ရလာတာမျိုးတွေ ရှိတယ်။ ထပ်ပြီးတော့ အောင်ပွဲတွေ ရလာဖို့လည်း ရှိနေတယ်။ သိပ်မကြာခင်မှာပဲ စစ်အာဏာရှင်စနစ်က အကြာကြီး ရပ်တည်နိုင်မှာ မဟုတ်တော့ဘူး။ ပြိုကျ ပျက်စီးတော့မယ်။ အညာဒေသမှာလည်း အားတင်းထားဖို့နဲ့ ထပ်ပြီးတော့ ကူညီပံ့ပိုးပေးဖို့ ဝိုင်းဝန်းပြီး ဖေးမပေးကြဖို့ ပြောချင်တယ်။ ကျွန်တော်တို့အဖွဲ့အစည်းသည် လူထုကို အားပြုထား တာဖြစ်တော့ လူထုက မကူညီဘူးဆိုရင် ရှေ့ဆက်သွားပြီးတော့ အားနည်းတဲ့ အနေအထားမှာ ဖြစ်လာမယ်။

အညာဒေသအနေနဲ့ ကျွန်တော်တို့က ကြိုးစားနေတယ်။ ကြိုးစားနေတဲ့အတွက် ကျွန်တော်တို့ကို ကူညီပံ့ပိုးပေးဖို့ တောင်းဆိုချင်တယ်။ တဖက်မှာလည်း ကျွန်တော်တို့တွေ ကြိုးစားမှုနဲ့တဖြည်းဖြည်း အရာထင်လာတာ ဖြစ်တာကြောင့် အောင်ပွဲတွေလည်း နောက်လည်း ထပ်ရလာမှာဖြစ်လို့ အညာဒေသကလူထုကို အားတင်းထား စေချင်တယ်။ ယုံကြည်ချက် ပြင်းပြင်းထန်ထန် ထားစေချင်တယ်။ စစ်အာဏာရှင်စနစ်ကို သေချာပေါက် ငါတို့တွေ နိုင်ကို နိုင်ရမယ်။ ဖြိုဖျက်နိုင်ရမယ်ဆိုတာမျိုး ယုံကြည်ချက် ထားစေချင်တယ်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here