27 ဇွန် 2025 /

See today's Peace Related News

Homeအင်တာဗျူး“သတင်းမှန်ထုတ်တဲ့ ဌာနတွေ၊ ပလက်ဖောင်းတွေ လျော့သွားတယ်ဆိုရင်တော့ သတင်းတုသတင်းမှား တွေကတော့ ပိုနေရာယူရောက်လာမယ်။ ပြည်သူတွေထင်ယောင်ထင်မှား ပိုဖြစ်လာနိုင်တာပေါ့။ အဲ့တော့ အဲ့အန္တရာယ်တွေကိုတော့ ကျနော်တို့လွတ်လပ်တဲ့သတင်းမီဒီယာတိုက်တွေ...

“သတင်းမှန်ထုတ်တဲ့ ဌာနတွေ၊ ပလက်ဖောင်းတွေ လျော့သွားတယ်ဆိုရင်တော့ သတင်းတုသတင်းမှား တွေကတော့ ပိုနေရာယူရောက်လာမယ်။ ပြည်သူတွေထင်ယောင်ထင်မှား ပိုဖြစ်လာနိုင်တာပေါ့။ အဲ့တော့ အဲ့အန္တရာယ်တွေကိုတော့ ကျနော်တို့လွတ်လပ်တဲ့သတင်းမီဒီယာတိုက်တွေ သတင်းထောက်တွေကတော့ အတတ်နိုင်ဆုံး သတင်းမှန်တွေဖြည့်ဆည်းပေးပြီးတော့ ကျော်လွှားရမှာပေါ့” ဦးတိုးဇော်လတ် – အတွင်းရေးမှူး/ IPCM (မြန်မာသတင်းမီဒီယာကောင်စီ)

အမေရိကန်အစိုးရ၏ထောက်ပံ့ကူညီမှုများ ရပ်တန့်လိုက်ခြင်းကြောင့် လွတ်လပ်သည့်မြန်မာသတင်းမီဒီယာ လုပ်ငန်းများနှင့် ပြည်သူလူထု သတင်းမှန်ရရှိရေးအတွက် ထိခိုက်မှုများရှိနေသည့်အခြေအနေအပေါ် IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်နှင့် ဆက်သွယ်မေးမြန်းချက်။

အမေရိကန်အစိုးရ၏ ထောက်ပံ့ကူညီမှုများ ရပ်တန့်သွားပြီးနောက် လွတ်လပ်သည့် မြန်မာသတင်းမီဒီယာ လုပ်ငန်းများနှင့် ပြည်သူလူထု သတင်းမှန်ရရှိရေးအပေါ် ထိခိုက်မှုများရှိနေသည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ပြောသည်။

အမေရိကန်အစိုးရ၏ ထောက်ပံ့ကူညီမှုများ ရပ်တန့်လိုက်ခြင်းကြောင့် လွတ်လပ်သည့် မြန်မာသတင်းမီဒီယာများ ဆက်လက်ရှင်သန်ရပ်တည်နိုင်ရန်နှင့် သတင်းလုပ်ငန်းလုပ်ဆောင်ရာတွင် ငွေရေးကြေးရေးအခက်အခဲ၊ ထုတ်လုပ်စရိတ်၊ သတင်းထောက်များ၏လစာနှင့် လုံခြုံရေးအခက်ခဲ စသည့် အခက်ခဲမျိုးစုံနှင့် ကြုံတွေ့နေကြ ရသည်ဟု IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောဆိုသည်။

ထိုသို့လွတ်လပ်သည့်သတင်းဌာနများ ရပ်တန့်မှုသည် ပြည်သူလူထုများ သတင်းမှန်ရရှိရေးအတွက် ထိခိုက်စေမှု ရှိနေသည့် အခြေအနေများနှင့် ပတ်သက်ပြီး IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်ကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ အမေရိကန်အစိုးရရဲ့ထောက်ပံ့ကူညီမှုတွေ ဖြတ်တောက်ခံလိုက်ရပြီးနောက် လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာလုပ်ငန်းတွေမှာ ဘယ်လိုထိခိုက်မှုတွေရှိနေပါလဲ။

ဖြေ။ ။ ကြီးတဲ့သတင်းဌာနတွေက အစိတ်အပိုင်းတစ်ခု ထိခိုက်တယ်။ သေးတဲ့သတင်းဌာနတွေက တစ်ခုလုံး နီးနီးထိခိုက်တယ်။ ထိခိုက်မှုကတော့ တစ်ခုနဲ့တစ်ခု အကြီးအသေးပေါ် မူတည်တာပေါ့လေ။ ဒါပေမဲ့ အထိခိုက်ဆုံး ကတော့ ကျနော်တို့ပြည်သူတွေ။ အထူးသဖြင့် VOA တို့ RFA တို့က ရပ်သွားတော့ သူတို့မှာ သူတို့ရဲ့ပရိတ်သတ်က နှစ်ခုပေါင်း ၃၃ သန်းလောက် ရှိပါတယ်။ VOA မှာ ၁၉ သန်း၊ RFA မှာ ၁၄ သန်း လောက်ရှိတော့ အဲ့လူတွေက သတင်းသိပိုင်ခွင့်၊ သတင်းရပိုင်ခွင့် အများကြီးထိခိုက်သွားပါတယ်ဗျ။

မေး။ ။ လွတ်လပ်တဲ့မြန်မာသတင်းမီဒီယာတွေမှာ ဘယ်လိုအခက်ခဲတွေကြုံနေရပြီး၊ လတ်တလောမှာလည်း ဒီအခက်ခဲတွေကို ဘယ်လိုဖြေရှင်းနေကြပါလဲရှင့်။

ဖြေ။ ။ အခက်အခဲတွေကတော့ အများကြီးပဲလေ။ အခက်အခဲမျိုးစုံပေါ့ဗျ။ အဲ့ထဲမှာမှ ရပ်တည်ဖို့ အထူးသဖြင့် သတင်းလုပ်ငန်းလုပ်ဖို့ ငွေရေးကြေးရေးအခက်အခဲ၊ လုံခြုံရေးအခက်အခဲ အခက်အခဲမျိုးစုံ ရှိပါတယ်။ အဲ့ထဲမှာမှ အခုနောက်ဆုံးကြုံတွေ့နေရတာတော့ ကျနော်ထင်တာတော့ အခုဆက်လက်ရပ်တည်ဖို့ သတင်းထုတ်လုပ်တဲ့ အခါ ထုတ်လုပ်စရိတ်ပေးနိုင်ဖို့ သတင်းထောက်တွေလစာပေးနိုင်ဖို့ အခက်ခဲတွေကြုံနေပါတယ်။ အဲ့ဒါတွေကို ဘယ်လိုလုပ်နေလဲဆိုတော့ အတတ်နိုင်ဆုံးတော့ လူနည်းနည်းနဲ့ကြဲကြဲ ဝိုင်းပြီးတော့ ပေါင်းပြီးတော့ လုပ်နိုင်အောင် ကြိုးစားနေပါတယ်။ တချို့လည်းလုပ်နေပါပြီ။

ဒါပေမဲ့ ဘယ်လောက်ထိလုပ်နိုင်လဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့နော်။ ကျနော်ထင်ပါတယ် အခုလို ဖြတ်တောက်မှုက သတင်းအရေအတွက်ရော၊ သတင်းအရည်အသွေးပေါ် အများကြီးထိခိုက်သွားနိုင်ပါတယ်ဗျ။ နောက်တခါ သတင်းထောက်တွေကိုယ်တိုင် ရပ်တည်ဖို့ခက်ခဲတဲ့အခြေအနေတွေ အများကြီးရှိပါတယ်။ ဒါတွေကိုတော့ နည်းမျိုးစုံနဲ့ ဘယ်လိုကျော်လွှားမလဲ။ အခုလို အရေးကြီးတဲ့အချိန်မှာ သတင်းတွေမရှိရင် မြန်မာပြည်ဟာ အထူးသဖြင့်တော့ သတင်းတု၊ သတင်းမှားတွေနဲ့ ဝါဒဖြန့်ချိမှုတွေ ပိုလွှမ်းမိုးသွားမှာစိုးရိမ်လို့ သတင်းထောက်တွေက မရှိရှိတဲ့ကြားကတော့ အတတ်နိုင်ဆုံးရအောင် ဒီအခက်ခဲကိုကျော်ဖြတ်ဖို့ ကြိုးစားနေပါတယ်ခင်ဗျ။

မေး။ ။ ရှေ့ဆက်အလားအလာကရော ဘယ်လိုရှိလာနိုင်ပါလဲ။

ဖြေ။ ။ ရှေ့ဆက်အလားအလာကတော့ ဒီလိုပါပဲ။ ကျနော်ထင်တာတော့ ဘယ်သူမှ လုံးဝထိုးရပ်သွားမှာ မဟုတ်ပါ ဘူ။ ဒီလိုကြုံလာတာ ကျနော်တို့ဆို နှစ် ၃၀ လောက်ရှိပါပြီ။ တက်လိုက် ကျလိုက်ပေါ့ဗျ။ အခြေအနေ တွေက ကောင်းလိုက်၊ မကောင်းလိုက်။ ဒီဟာတွေကလည်း အခုမှတွေ့ကြုံရတာ မဟုတ်ပါဘူး။ အရင်ကတည်း ဒီလိုပဲ ဒုက္ခတွေဖြတ်ကျော်လာခဲ့တာပဲလေး။ အဲ့လိုနဲ့ပဲ အနှစ် ၃၀ ကျော်လာပြီ ရပ်တည်လာတာ မီဒီယာတွေ ကတော့ ကျနော်ထင်ပါတယ် လွယ်တော့မလွယ်ဘူး။

ဒါပေမဲ့ ဒီအခက်အခဲလည်း ကျော်လွှားနိုင်မယ်လို့ထင်ပါတယ်။ ဒါပေမဲ့ အချိန်တခုတော့ယူရမှာပေါ့နော်။ ပုံစံသစ်မှာ ဘယ်လိုမျိုးဆက်သွားမလဲ။ တခြား ဝင်ငွေရပေါက်ရလမ်းတွေ အထူးသဖြင့် ဒစ်ဂျစ်တယ် ပလက်ဖောင်းပေါ့နော်။ ဥပမာ Facebook တို့ YouTube တို့ ကနေပြီးတော့ ဝင်ငွေဘယ်လိုရှာမလဲ။ အဲ့လို နည်းလမ်းတွေပါ။ တခြား ဝင်ငွေရပေါက်ရနည်းတွေနဲ့ ဆက်ပြီးတော့ ရပ်တည်နိုင်အောင် နည်းနည်းနဲ့ကြဲကြဲ ဝိုင်းပြီးလုပ်နိုင်အောင်တော့ နည်းမျိုးစုံ နည်းလမ်းရှာဖွေနေပါတယ်။ ကျနော်ထင်ပါတယ် ဒီအကျပ်အတည်း ကလည်း ယာယီပါ၊ ခဏလေး ဒီဟာကိုကျော်လွှားနိုင်မယ် ထင်ပါတယ်ဗျ။

မေး။ ။ တဖက်မှာရော ဝါဒဖြန့်မီဒီယာတွေက ပိုပြီးအားကောင်းလာနိုင်တဲ့အနေထားမျိုးတွေ ရှိလာနိုင်လားရှင့်။

ဖြေ။ ။ ရှိပါတယ်။ အထူးသဖြင့် တရုတ်နဲ့ ရုရှားတို့ဆိုတာ သူတို့က သတင်းတု၊သတင်းမှား သတင်းကို သူတို့က စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ လက်နက်တခုအနေနဲ့ အသုံးပြုနေတာပါ။ ရုရှားတို့တရုတ်တို့ဆိုတဲ့ အာဏာရှင်တွေ ဆိုတာ အထူးသဖြင့်တော့ သတင်းတုသတင်းမှားနဲ့ ဝါဒဖြန့်ချိမှုတွေကို လက်တုံ့ပြန်ဖို့ အကောင်းဆုံးကတော့ သတင်းမှန်ထုတ်ပေးခြင်းပါပဲ။

အဲ့တော့ သတင်းမှန်ထုတ်တဲ့ ဌာနတွေ၊ ပလက်ဖောင်းတွေ လျော့သွားတယ်ဆိုရင်တော့ သတင်းတုသတင်းမှား တွေကတော့ ပိုနေရာယူရောက်လာမယ်။ ပြည်သူတွေ ထင်ယောင်ထင်မှားပိုဖြစ်လာနိုင်တာပေါ့။ အဲ့တော့ အဲ့အန္တရာယ်တွေကိုတော့ ကျနော်တို့လွတ်လပ်တဲ့သတင်းမီဒီယာတိုက်တွေ သတင်းထောက်တွေကတော့ အတတ်နိုင်ဆုံး သတင်းမှန်တွေဖြည့်ဆည်းပေးပြီးတော့ ကျော်လွှားရမှာပေါ့။

NMG ပေးပို့သည်။