
လက်ရှိကာလ ရခိုင်ပြည်သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းပျက်စီးနေမှုပတ်သက်ပြီး ရခိုင်ဇီဝ မျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဌကိုရန်နောင်စိုးနှင့် တွေ့ဆုံ မေးမြန်းချက်။
စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ဒေသတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအားလုံး ရပ်နားခဲ့ ရသည်။ ထို့အတူ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသူများသည်လည်း စစ်ဘေးရှောင်နေကြရပြီး ဒေသခံများကို အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း မရှိတော့ပေ။
လက်ရှိကာလတွင် ရခိုင်ပြည်အတွင်း သစ်တောပြုန်းတီးမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးနေမှု အခြေအနေများနှင့်ပတ်သက်ပြီး ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းဥက္ကဌ ကိုရန်နောင်စိုးကို တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဒီကာလမှာ ရခိုင်သဘာဝပတ်ဝန်းကျင်အရေးနဲ့ပတ်သက်ပြီး ဘာတွေလုပ်နေလဲ သိပါရစေ။
ဖြေ။ ။ အခုကတော့ ကျနော်တို့ စစ်ဘေးရှောင်နေရတယ်။ တခြားအလုပ်လုပ်နေတာတွေတော့ ဘာမှ မရှိပါဘူး။ စားဝတ်နေရေးပြေလည်ဖို့အတွက် ဖြစ်သလို ရုန်းကန်းနေရတဲ့ အခြေအနေပါ။
မေး။ ။ စစ်ရေးပဋိပက္ခကြောင့် ရခိုင်ပြည်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ ဘယ်လို အကျိုးသက်ရောက်မှုရှိပါလဲ။
ဖြေ။ ။ စစ်ရေးပဋိပက္ခဖြစ်နေတဲ့အချိန်မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကတော့ ကောင်းကောင်းမလုပ် နိုင်ဘူး။ လုံးဝမလုပ်နိုင်ဘူးဆိုတော့ အကျိုးသက်ရောက်မှုက ကောင်းကျိုးထက်ဆိုးကျိုးက ရှိတယ်လို့ ခန့်မှန်းလို့ ရတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ကျနော်တို့ ကွင်းဆင်းလေ့လာပြီးတော့ လုပ်ရတဲ့အခြေအနေမျိုးမရှိတဲ့ အခါကြတော့ အသေးစိတ်တော့ ပြောဖို့ခက်တယ်။
မေး။ ။ စစ်ပွဲကြားမှာ ရခိုင်သဘာဝပတ်ဝန်းကျင်ပျက်စီးမှု အခြေအနေကို ဘယ်လောက်ထိမြင်နေရပါလဲ။
ဖြေ။ ။ ရခိုင်မှာ သဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုကတော့ ရာခိုင်နှုန်းအားဖြင့်ဆိုရင် အများကြီးရှိမယ်လို့ ခန့်မှန်းရတယ်။ အခုက စစ်ပွဲဖြစ်နေတဲ့ကာလဆိုတော့ ဘယ်သူမှလည်း ဒီဟာတွေကို ထိထိရောက်ရောက် ကိုင်တွယ်ပြီးတော့ မလုပ်နိုင်ဘူး၊ မဖြေရှင်းနိုင်ဘူးဆိုတော့ ဆုံးရှုံးမှုကတော့ ၁၀၀ ရာခိုင်နှုန်းမှာ အနည်းဆုံးမရှိရင် တောင်မှ ၅၀ ရာခိုင်နှုန်းလောက် ဆုံးရှုံးမှုရှိတယ်လို့ ခန့်မှန်းရတယ်။
မေး။ ။ ဒီနေ့ ရခိုင်ပြည်မှာ ULA/ AA က ရခိုင်ပြည်က မြို့အများစုကို ထိန်းချုပ်ထားတာမြင်ရတယ်။ ဆိုတော့ ULA/AA ရဲ့ ဘဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်ပြီး ဘာတွေလုပ်နေတာမြင်ရပါလဲ။
ဖြေ။ ။ အခု ကျနော်တို့မြင်တွေ့ရတာကတော့ ULA/AA အနေနဲ့ မြို့ပေါ်မှာတော့ မြို့သန့်ရှင်းရေးတွေ၊ သာယာ လှပရေးအတွက် လုပ်နေတာတွေတော့ တွေ့ရတယ်။ ဒါပေမယ့် ဒီသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာက တော်တော်ကျယ်ပြန့်ပါတယ်။ ဆိုတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး လုပ်ဆောင်တာတွေတော့ မတွေ့ ရသေးဘူး။ နောက်တဖက်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ULA/AA ရဲ့ မူဝါဒက ဘယ်လိုမျိုး ရှိတယ်ဆိုတာလည်း ကျနော်တို့မသိသေးဘူး။
အရင်တုန်းကဆိုရင် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး Statement ထုတ်တာတွေတော့ တွေ့ရတယ်။ ဒါပေမဲ့ အခု ULA/AA ထဲမှာ မူဝါဒတွေ ရှိကောင်းလည်းရှိနိုင်တယ်။ ဒါတွေကိုတော့ ကျနော်တို့ အသေးစိတ်မသိဘူး။ တကယ်လို့ မရှိသေးဘူးဆိုရင်လည်း ဒါတွေကို သေသေချာချာ လုပ်ဆောင်ဖို့အတွက် ပြောချင်တယ်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အဓိကအရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထိထိရောက်ရောက် ဥပဒေ၊ မူဝါဒဆွဲပြီးတော့ လုပ်ပေးစေချင်တယ်။
မေး။ ။ အရင်တုန်းက ရခိုင်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေ အများအပြားတွေ့ရတယ်။ သူတို့တွေဘာကြောင့် အားနည်းသွားတာပလဲ။ ဘယ်လို စိန်ခေါ်မှုတွေရှိပါလဲ။
ဖြေ။ ။ ကျနော်တို့လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ အဓိက ငှက်မျိုးစိတ်တွေ၊ ပင်လယ်လိပ်တွေ၊ ရှားပါးငှက်မျိုးစိတ်တွေကို ကိုယ့်နိုင်တဲ့ဖက်က လုပ်တယ်။ ဒါပေမဲ့ အခုလိုမျိုးကာလကြတော့ ကျနော်တို့ မိတ်ဖက် အဖွဲ့အစည်းတွေ ရှိတယ်။ ပဋိပက္ခတခုဖြစ်လာပြီးဆိုရင် ဒါတွေကို အကုန်လုံး ရပ်ပစ်လိုက်ရတာတွေ ရှိတယ်။ ဆိုတော့ တခြားအဖွဲ့အစည်းတွေလည်း ဒီလိုမျိုး အခက်အခဲ ရှိမယ်ထင်တယ်။
ဒါတွေကြောင့်လည်း ဒီလူတွေက လျှော့နည်းသွားတာလည်း ဖြစ်နိုင်တယ်။ တခြားတဖက်မှာကြတော့ အခုလိုမျိုး အချိန်မှာ သွားရေးလာရေး အဆင်မပြေတဲ့အတွက် လုပ်ချင်ပေးမယ့် မလုပ်နိုင်တဲ့အခက်အခဲတွေ ရှိကောင်းရှိ နိုင်တယ်။ ဒါကြောင့်လည်း လျော့နည်းလာတာဖြစ်တယ်။ ကျနော်တို့လည်း ဒီဟာတွေနဲ့ ပတ်သက်ပြီး အများကြီး လုပ်ချင်တယ်။ ဒါပေမဲ့ အခုအချိန်မှာက မလုပ်နိုင်တဲ့အတွက် စိန်ခေါ်မှုများစွာ ရှိပါတယ်။
မေး။ ။ ရခိုင်ပြည်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေက ဘယ်လောက် အရေးပါပါလဲ။ ဆိုးကျိုး၊ ကောင်းကျိုးတွေကို ရှင်းပြပေးပါ။
ဖြေ။ ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးမှာ တော်တော်ကျယ်ပြန့်တယ်။ ဥပမာ – သစ်တောပါမယ်၊ တော တောင်ရေမြေသဘာဝ အကုန်လုံးပေါ့။ သစ်တောပြုန်းတီးလာရင်လည်း သစ်တောတွေမှီခိုတဲ့ တောရိုင်းတိရစ္ဆာန် တွေရှိမယ်၊ လူသားတွေ ရှိမယ်။ ဒါတွေအကုန်လုံး Eco system ကွင်းဆက်သွားတာ။ တစ်ခုပျက်စီးရင် နောက်တစ်ခုလည်း ထပ်ပြီးတော့ပျက်စီးတာပဲ။ ဆိုတော့ နောက်ဆုံးလူသားတွေအတွက် တကယ့်အရေးကြီးတဲ့ သဘာဝသံယံဇာတ အရင်းအမြစ်တွေ ဆုံးရှုံးသွားတယ်ဆိုရင် ဒါက အခုကာလမပြောနဲ့ နောက်ထပ်နှစ်ပေါင်းများ စွာလည်း ဒီဒဏ်တွေခံလာရမယ်။ ဒါက တကယ့်ဆိုးကျိုးပါ။
သစ်တောတွေပြုန်းတီးလာရင် ပြီးခဲ့တဲ့ မိုးဦးကာလမှာ ရေကြီးတဲ့ပုံစံမျိုးတွေ ကြည့်ပြီးတော့ သိရတာပေါ့။ မိုးရေချိန်တွေ ထိန်းသိမ်းမယ့်သစ်တောတွေ မရှိတော့ဘူး။ ဒါက သဘာဝ ပတ်ဝန်းကျင် ဆိုးကျိုးတွေဖြစ်တယ်။ ဒီတစ်ခုတည်း မဟုတ်ပါဘူး။ ကျနော်တို့ တခြားဖက်မှာ ဒီရေတောတွေ ဆုံးရှုံးသွားရင်လည်း ပင်လယ်က မုန်တိုင်းတွေလာတဲ့အခါ ဒီရေလှိုင်းတွေကို ကာကွယ်ဖို့အတွက် ဘာမှ မရှိတော့ဘူးဆိုတော့ ဒါက လူသားတွေအတွက် ကြီးမားတဲ့အန္တရာယ်တွေ၊ ဆိုးကျိုးသက်ရောက်မှုတွေကို အများ ကြီး ခံစားရမယ်။
မေး။ ။ ရခိုင်ပြည် သဘာဝပတ်ဝန်းကျင်အရေးနဲ့ ပတ်သက်လို့ နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်လဲ။
ဖြေ။ ။ လက်ရှိ ကျနော်တို့ ရခိုင်မှာဆိုရင် ULA/AA အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုယ်တွယ်ရမယ့် အစိတ် အပိုင်း ဖြစ်တယ်။ သစ်တောပြုန်းတီးမှုက လူသားတွေ လောဘတက်ပြီးတော့ မတော်မတရား မှောင်ခိုခိုးသွင်း တာတွေ၊ နိုင်ငံခြားကို ခိုးပို့တာတွေကိုတော့ ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်တယ်။
ဥပမာ- တခြားတဖက်မှာ ကြည့်မယ်ဆိုရင် သစ်တောပြုန်းတီးမှုကတော့ ကျနော်တို့လူတွေက နေ့စဉ်နေ့တိုင်း သဘာဝတရားကို တိုက်ရိုက်မှီခိုရတာတွေ ရှိတယ်။ အခုထမင်းချက်ဖို့ ထင်းလိုနေပြီ၊ ထင်းမရှိလို့ မရဘူး။ ထင်းခုတ်ရတယ်ပေါ့။ ဒါတွေကတော့ တနိုင်တပိုင် မိသားစုအတွက် ရှာဖွေပြီးတော့ စားသောက်ကြတာ။ ဒါတွေကိုတော့ သိပ်မပြောလိုပါဘူး။ တကယ့် ကြီးကြီးမားမား စီးပွားဖြစ်လုပ်တာတွေကိုတော့ ULA/AA အစိုးရအနေနဲ့ ဥပဒေ မူဝါဒတွေချပြီးတော့ ထိထိရောက်ရောက်လုပ်ဖို့ လိုအပ်တယ်လို့ပဲ ပြောချင်ပါတယ်။
မေး။ ။ အခုလို အချိန်ပေးဖြေကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အောင်ထိန် (DMG) ပေးပို့သည်။